ဗိုလ်ချုပ်မှူးကြီးနှင့် ဒု ဗိုလ်ချုပ်မှူးကြီး စစ်ရာထူးက အနားယ

cobraAugust 30, 20101min1084

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်းတို့ တပ်မတော် ရာထူးများမှ အနားယူ လိုက်ပြီ ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်သည်။
၎င်းတို့နေရာတွင် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်၊ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ပူးတွဲ ညှိနှိုင်းရေးကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ကို ခန့်အပ်လိုက်ကြောင်း နေပြည်တော်နှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် ၆၅ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် စစ်ရေးပြ တပ်မတော်သားများကို လက်ဝှေ့ယမ်း နှုတ်ဆက် နေသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ဓာတ်ပုံ – Getty Images)

အဓိက ကျသည့် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီကို ဖျက်သိမ်းခြင်း ရှိမရှိကိုမူ မသိရသေးပေ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးမှာမူ ရွေးကောက်ပွဲ အပြီး တက်လာမည့် သမ္မတကို အာဏာလွှဲအပ်ပြီး ၂၀၁၁ ခုနှစ် မတ်လ ဘတ်ဂျက် အကုန်တွင် အနားယူမည် ဟုလည်း ၎င်းက ဆိုသည်။
ဗိုလ်ချုပ်ကြီး သူရရွှေမန်းလည်း စစ်တပ် ရာထူးမှ အနားယူကြောင်း သတင်း ထွက်ပေါ် နေသည်။ ၎င်းကို လာမည့် အနာဂတ် မြန်မာနိုင်ငံ၏ သမ္မတအဖြစ် ရာထားသည်ဟု စစ်တပ် အတွင်း ပြောဆိုနေ ကြသည်။

ထို့အတူ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့်ဦး နှင့် ဝန်ကြီးချုပ် ဦးသိန်းစိန်တို့ နေပြည်တော်ရှိ မဲဆန္ဒ နယ်များမှ ဝင်ရောက် အရွေးခံမည်ဟု နေပြည်တော်နှင့် နီးစပ်သူက ဆိုသည်။

“သူတို့သုံးယောက် နေပြည်တော်ကနေ ဝင်မယ်၊ အခုပုံစံ အတိုင်းဆို ဗိုလ်ချုပ်ကြီးရွှေမန်းက သမ္မတ ဖြစ်ဖို့ သေချာသလောက်ပဲ”ဟု ၎င်းက ပြောသည်။
နေပြည်တော်ခရိုင်တွင် ဇေယျာ သီရိ၊ ဇမ္မူ သီရိ၊ ဒက္ခိဏ သီရိ၊ ဥတ္တရ သီရိ၊ ပုဗ္ဖသီရိ၊ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း စသည့် မြို့နယ် များကို ပြည်ထောင်စု နယ်မြေဟု မကြာသေးမီက ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ယနေ့တွင် စစ်တိုင်းမှူးများကိုလည်း စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ) များနှင့် တခြားသော စစ်ဘက်ရာထူးကြီးများကို ပြောင်းလဲ လိုက်ကြောင်း၊ ကစထ မှူး များမှာ နေရာအပြောင်းအလဲမရှိဘဲ မူလတာဝန်ယူခဲ့သည့် ဒေသများတွင်သာ တာဝန်ယူရမည် ဖြစ် သည်။
ထို့အတူ ဗိုလ်ချုပ်ဝေလွင်သည် စစ်ထောက်ချုပ်၊ စစ်ရေးချုပ် အဖြစ် ဗိုလ်ချုပ်သောင်းအေး၊ ဗိုလ်ချုပ်ဝင်းမြင့်မှာ စစ်ရာထူးခန့်ချုပ် စစ်ဥပဒေချုပ် အဖြစ် ဗိုလ်ချုပ်ရာပြည့် တို့ကို ခန့်အပ်လိုက်ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ(ကြံ့ဖွံ့ပါတီ)ဝင် ဝန်ကြီးများကို နေပြည်တော်ရှိ ၎င်းတို့၏ နေအိမ်များမှ ဖယ်ရှား ခိုင်းသည့် အတွက် ယခုအခါ ဝန်ကြီးများ ရန်ကုန်မြို့သို့ ရောက်ရှိနေကြောင်း သိရသည်။

ထို့အပြင် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေက ကြားဖြတ်အစိုးရကို ဦးဆောင်မည်ဖြစ်ကြောင်း အတည်မပြုနိုင်သည့် သတင်းများလည်း ထွက်ပေါ်နေသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်နေ့က စစ်အစိုးရ ခေါင်းဆောင်များဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင် အေး၊ ဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့်ဦး နှင့် ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း အပါအဝင် ဝန်ကြီးချုပ် ဦးသိန်းစိန် တို့က ဦးဆောင်ပြီး နေပြည်တော်တွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အရေးပေါ် အစည်းအဝေးတရပ် ခေါ်ယူခဲ့ရာ ထိုအစည်းအဝေးမှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း စစ်တပ်နှင့် နီးစပ်သူများက ပြောသည်။
ထိုအစည်းအဝေးနှင့် ပတ်သက်၍ အစိုးရ သတင်းစာများတွင်မူ အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေး အဖွဲ့၏ (၂/၂၀၁၀) ညှိနှိုင်း အစည်းအဝေးဟု ဖော်ပြထားသည်။

4 comments

  • winkyawaung

    August 30, 2010 at 7:34 am

    ၂၀၁၁ ခု၊မတ်လကုန်မှာ ဘုရင်ကြီးနှစ်ပါးက တစ်ကယ် အာဏာလွှဲကြတော့မယ်ဆိုပါ့လား?။ ကိုယ့်သမိုင်းကို ရေးကြရတာပါ။ တစ်ချို့က လူမသေခင်က နာမည်သေနေကြပါတယ်။ တစ်ချို့ကြပြန်တော့ လူသာသေသွားကြတာ နာမည်က ယနေ့အထိ မသေကြသေးတဲ့ ကမ္ဘာကျော်ခေါင်းဆောင်ကြီးတွေ…ယနေ့အထိဘယ်သူကမှ မမေ့နိုင်ကြပါဘူးနော်…။

  • kai

    August 30, 2010 at 8:03 am

    ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဗိုလ်ချုပ်ကြီးအများစု ရာထူးနှုတ်ထွက်ရာမှာ မပါ
    2010-08-29

    စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ စစ်ဘက်ရာထူးကနေ နှုတ်ထွက် သွားကြပြီ ဆိုတဲ့သတင်းတွေ မမှန်ကန်ဘူးလို့ နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတွေက RFA ကို ဒီကနေ့ ပြောပါတယ်။

  • etone

    August 31, 2010 at 5:10 am

    အလကားဟာတွေ စောက်လုပ်စောက်ကိုင်မရှိတိုင်း ရွေးကောက်ပွဲ ပဲ အသံဟစ်နေတယ် ။ အရင်ကလည်း အပြတ်အသတ်ရုံးပြီးတာကို အရှက်မရှိနောက်တခါ ထပ်ရွေးသေးတယ် ။

  • Yin Nyine Nway

    August 31, 2010 at 8:10 am

    ဟာမဟုတ်ပြန်ဘူးလား…
    လုပ်ပြန်ပြီ
    ကလိန်ကကျစ်တွေ
    ဘာတွေ မှန်းမသိဘူး
    အနားယူပြီးလည်း ရွေးကောက်ပွဲ ဝင်အုန်းမှာ နေမှာပေါ့

Leave a Reply