ဒေါနမြေလွမ်းချင်း

Mon LayNovember 5, 20161min1172

လတ်တလောမှာ ခရီးသွားတွေအကြား ရေပန်းစားနေတဲ့ဒေသလေးကတော့ ကရင်ပြည်နယ်တောင်ပိုင်းဒေသတွေပဲ ဖြစ်ပါတယ်။ သံလှေခါးပေါ်ကနေ စီးမြင်နေရတဲ့ တောင်ပေါ်ရှုခင်းစိမ်းစိမ်းတွေနဲ့ ဓာတ်ပုံလှလှတွေဟာ လူမှုကွန်ယက်စာမျက်နှာတွေမှာ ပျံ့နှံ့လို့နေပါတယ်။ တောင်တွေ၊ ဂူတွေ၊ ရှေးဟောင်းဘုရားတွေ၊ ရေတံခွန်တွေစတဲ့ သဘာဝအလှတရားတွေနဲ့လှပနေတဲ့ ကရင်ပြည်နယ်ဟာ ဒီနှစ်ပိုင်းတွေမှာ ခရီးသွားတွေရဲ့စိတ်ဝင်စားလည်ပတ်ဖွယ်ဒေသတစ်ခု ဖြစ် လာခဲ့ပါတယ်။ ကရင်ပြည်နယ်ဟာ မြို့ပြနဲ့အရမ်းအလှမ်းမဝေးတာကြောင့် နေ့ချင်းပြန်ခရီးသွားနိုင်သလို ရက်တိုခရီးသွားတွေသွားလာရင်းနဲ့ ကရင်ပြည်နယ်တစ်လျှောက်ကို အချိန်တိုအတွင်းလည်ပတ်နိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ခြေလျင်ခရီးနဲ့စွန့်စားခရီးကို စိတ်ဝင်စားသူတွေအတွက် ကရင်ပြည်နယ်မှာရှိတဲ့ တောင်ဝိုင်းတောင်အကြောင်းလေး ပြောပြချင်ပါတယ်။

Sadan Cave

တောင်ဝိုင်းတောင်ကိုရောက်ရှိဖို့အတွက် ဘားအံမြို့ကနေပြီးတော့ တောင်ရှိတဲ့စံပံနုံရွာကိုရောက်အောင် လိုက်ထရက်ကားလေးတွေပြောင်းစီးရပြီး (၄၅)မိနစ်လောက် ကားစီးရပါတယ်။ တောင်တက်ရမယ့်ရွာကို ရောက်ရှိဖို့အတွက် လမ်းခရီးတစ်လျှောက်က အတော်လေးကြမ်းပေမယ့် ဘေးဘီဝဲယာမှာမြင်ရတဲ့ စိမ်းမှိုင့်နေတဲ့တောင်တွေ၊ စိမ်းစိုနေတဲ့မြက်ပင်ရှည်တွေနဲ့ ရှုခင်းတွေဟာ အမြင်အေးလှပါတယ်။ တိမ်မြူတွေအုပ်ဆိုင်းနေတဲ့ တောင်ဝိုင်းတောင်ထိပ်ကိုရောက်ရှိဖို့အတွက် တောတွင်းလျှောက်လမ်းတွေ၊ စိမ်းစိုအုပ်ဆိုင်းနေတဲ့ သစ်ပင်နွယ်ပင်တွေနဲ့မြေနုလမ်း၊ ကျောက်သားတွေပေါ်ဖြတ်လျှောက်ရင်း သွားရပါတယ်။ တောင်တက်တဲ့လမ်းတစ်လျှောက်က ရှုခင်းတွေဟာစိမ်းစိုလှပပေမယ့် တောင်ကမတ်စောက်လှသလို တောက်တက်လမ်းတွေကတော့ ကျဉ်းမြောင်းပါတယ်။ လတ်တလောမှာတော့ ဒေသခံအဘတစ်ယောက်က တောင်တက်လမ်းတချို့ကို လမ်းဖောက်ပြီးပြုပြင်ပေးနေတာကို တွေ့ရပါတယ်။ တောင်တက်လမ်းတချို့မှာ လှေကားထစ်ပုံဖော်ထားပေမယ့် တချို့နေရာမှာတော့ ဒီအတိုင်းမြေ၊ ကျောက်သားတွေကိုတက်ရပြီးတော့ အတက်ရောအဆင်းရော ဒီတစ်လမ်းထဲပဲ ရှိပါတယ်။

Mount Taungwine

တောင်ထိပ်ကိုရောက်ရှိဖို့အတွက် ပုံမှန်အတိုင်းတက်မယ်ဆိုရင် (၄၅)မိနစ်လောက်ပဲကြာမှာဖြစ်ပေမယ့် နားနားနေနေ အေးဆေးတက်မယ်ဆိုရင်တော့ နှစ်နာရီလောက်ထိ ကြာနိုင်ပါတယ်။  တောင်တက်လမ်းရဲ့တစ်ဖက်မှာကတော့ ချောက်၊ တစ်ဖက်မှာကတော့ ကျောက်ထွင်းနံရံတွေပါ။ စွန့်စားခရီးကို သွားလာရတာနှစ်သက်သူတွေနဲ့ ခြေလျင်တောင်တက်ရတာ နှစ်ခြိုက်သူတွေအတွက်တော့ ရင်သပ်ရှုမောဖွယ်အတိနဲ့ အတော်လေးသဘောတွေ့စေမယ့် ခရီးစဉ်ပါပဲ။ ဒါပေမယ့် ခြေလျင်တောင်တက်ခရီးအတွေ့ကြုံမရှိတဲ့သူတွေ၊ အမြင့်ကြောက်သူတွေနဲ့ ပုံမှန်ခြေလျင်လျှောက်တာနည်းသူတွေအတွက်တော့ ခက်ခဲပင်ပန်းနိုင်ပါတယ်။ ပြီးရင် ပိတ်ရက်တွေမှာ ခရီးသွားများတဲ့အတွက် Tour ခရီးစဉ်တွေအများကြီးနဲ့ ကြုံနိုင်တာမို့ အေးဆေးတောင်တက်ချင်ပြီး ဓာတ်ပုံရိုက်ချင်သူတွေအတွက် ကြားရက်တွေမှာသွားရင် ပိုအဆင်ပြေနိုင်ပါတယ်။ တောင်ပေါ်တက်ရင်း တောင်ဝိုင်းတောင်ထိပ်ကို ရောက်ဖို့သံလှေကားနှစ်ဆင့်ကို တက်ရပါတယ်။ သံလှေကားကကျဉ်းပြီး လုပ်ထားတာကြာပြီဖြစ်တဲ့အတွက် ယိုင်နဲ့နဲ့နိုင်သလို လှေကားအကျယ်ကနှစ်ပေလောက်ပဲရှိပြီး တချို့နေရာမှာလက်ကိုင်တန်းတွေ ပြုတ်နေပါတယ်။ အဲဒီမှာအတက်အဆင်းလူတွေနဲ့မို့လို့ လှပတဲ့ပုံကောင်းတစ်ပုံရရှိဖို့ဆိုတာလည်း မလွယ်လှပါဘူး။ လူပေါင်းများစွာရဲ့အလေးချိန်ကို လှေကားငယ်ကခံနိုင်ရည်ရှိမရှိနဲ့ နောက်ပိုင်းခရီးသွားများလာရင် ဒါတွေကိုဘယ်လိုပြုပြင်ထိန်းသိမ်းမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ ဒါပေမယ့် တောင်ပေါ်ရောက်သွားရင်တော့ တောင်အောက်ပြန်မဆင်းချင်လောက်အောင်ကို မြင်တွေ့ရတဲ့ရှုခင်းတွေက ဆွဲဆောင်မှုအားကောင်းလှပါတယ်။ ဒါပေမယ့် အများအားဖြင့်တော့ တောင်ပေါ်မှာလူတွေများလို့ ဘုရားဖူး၊ ဓာတ်ပုံရိုက် ခဏလောက်အမောဖြေပြီး ပြန်ဆင်းကြပါတယ်။ အဆင်းကတော့ အတက်လောက်မမောတော့ပေမယ့် လမ်းတွေမှာချော်ကျနိုင်တာကို သတိပြုဆင်းရင်း နာရီဝက်ကျော်လောက်နဲ့တင် တောင်အောက်ကို ပြန်ရောက်နိုင်ပါတယ်။

ChitthuMyine Amusement

အဲဒီနေရာဟာ နယ်မြေသစ်ဖြစ်တဲ့အတွက် ခရီးသွားအများစုစိတ်ဝင်စားကြပေမယ့် လက်ရှိမှာသွားမယ်ဆိုရင်တော့ လမ်းကြမ်းတဲ့အတွက် အတော်လေးသတိပြုစရာတွေရှိနေပါတယ်။ ဒါကြောင့် လက်ရှိမှာသွားရောက်လိုသူတွေအတွက် သတိပြုစေချင်သလို နောက်ပိုင်းမှာလမ်းတွေပြုပြင်ပြီး ခရီးသွားနယ်မြေအဖြစ် လိုအပ်ချက်တွေကို အဆင့်မြှင့်တင်ပြီးမှ သွားမယ်ဆိုရင်လည်း နောက်မကျနိုင်ပါဘူးလို့ ပြောချင်ပါတယ်။ တောင်ပေါ်ကဆင်းလာပြီးရင်တော့ ခုနကတောင်ခြေမှာပို့ခဲ့တဲ့ အသွားပြန်ငှားခဲ့တဲ့ကားတွေနဲ့အတူ ဘားအံမြို့ပေါ်ကိုပြန်လာရင်း နေ့လည်စာစားပြီး ဟိုတယ်မှာအေးဆေးအနားယူနိုင်သလို မပင်ပန်းသေးရင်တော့ အနီးတဝိုက်မှာရှိတဲ့ ဘုရားတွေသွားဖူးနိုင်ပါသေးတယ်။ ညနေဘက်နေစောင်းရင် မကြာသေးမီကမှဖွင့်လှစ်ထားတဲ့ ချစ်သူမြိုင်အပန်းဖြေစခန်းမှာ တစ်ယောက်ကို ငါးထောင်ကျပ်ပေးရတဲ့ စပိဘုတ်စီးနိုင်ပါတယ်။ တောင်တန်းတွေပတ်ချာလည်ဝိုင်းထားတဲ့ ရေထဲမှာ စပိဘုတ်စီးရတဲ့အရသာဟာ စိတ်လွတ်လပ်ပြီး တောင်တန်းတွေကြားထဲက နေမြင်တွေ့နေရတဲ့ရှုခင်းတွေကတော့ ပြောပြလို့မတက်လောက်အောင် လှပလွန်းတဲ့အတွက် စီးဖြစ်အောင်စီးကြည့်ပါလို့ ပြောချင်ပါတယ်။ ပြီးရင်တော့ ဘုရင့်ညီဂူဆီသွားကာ ဘုရားဖူးပြီး ရေပူစမ်းမှာရေဝင်ချိုးလိုက်ပါ။ ရေပူစမ်းမှာရေချိုးလိုက်ခြင်းဖြင့် တစ်နေ့တာညောင်းညာထားသမျှ ပင်ပန်းခဲ့သမျှတွေကို အနားယူဖြေဖျောက်နိုင်မှာပါ။ ဒါဆိုရင်တော့ သင့်ရဲ့ဘားအံခြေလျင်တောင်တက်ခရီးစဉ်လေးဟာ စိတ်ကျေနပ်ဖွယ်အတိနဲ့ ခရီးစဉ်တစ်ခုဖြစ်သွားမှာ ဧကန်ပါပဲ။

2 comments

  • Thint Aye Yeik

    November 8, 2016 at 6:53 am

    တောင်ဝိုင်းတောင်ကို မရောက်ဖူးသေးဘူး။
    သွားအုန်းမှ

  • သျှားသက်မာန်

    November 8, 2016 at 11:10 am

    အတော်တက်ရတယ်အကိုရေ…………..လမ်းလျှောက်နေကြဆိုရင်တော့သွားပေါ့

Leave a Reply