အစွယ်ပျောက်သွားလို့ လိုက်ရှာနေတဲ့မြွေ

alinsettNovember 9, 20161min1212

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 
”အစွယ်ပျောက်သွားလို့ လိုက်ရှာနေတဲ့မြွေ”

***************************

မိုးမှုန်အစက်အပြောက်တို့ ရီဝေဝဲရစ်သော မနက်ခင်းတစ်ခုမှာ
ငါ ပြန်လည် နိုးထချင်ပါသည်။

ဖြစ်နိုင်လျှင် ငါ့အား လက်တို့ ဝှေ့ဝှေ့သွဲ့သွဲ့ ယိမ်းနွဲ့ကာ ပြကြပါ။ အဲသည် သင်္ကေတသည် မည်သည့်အဓိပ္ပာယ်ဖြင့် ဖြစ်နေပါစေဦး. . .

ငါ့ခံယူချက်ဖြင့် ငါ. . .ငါ့အား ချစ်မြတ်တွယ်တာစွာ လှမ်းကြို ခေါ်လင့်သည်ဟု ယုံကြည်ပြီး သင်တို့အနားသို့ . . .ငါ လာပါမည်။

သင်တို့အနီထံပါးတွင် သင်တို့၏ အသုံးအဆောင်တစ်ခုကဲ့သို့ အဆင်သင့်ဖြစ်စွာ ရှိနေချင်သည်။

တကယ်တမ်းမှာတော့ အသုံးအဆောင်တစ်ခုစီတိုင်းသည် သုံးမည့်သူနှင့် သုံးမည့်အကြောင်းအရာတို့ကြား ငွားစွင့်စွာ ပွင့်နေသော ပန်းတစ်ပွင်းချင်းစီသာ ဖြစ်၍ မြင်တတ်သူတို့ ကြည့်ရှုခြင်းသာ လိုအပ်ပါ၏။ ငါသည်လည်း သုံးမည့်သူ မရှိသော အသုံးအဆောင်တစ်ခုနည်းတူ သံချေးအထပ်ထပ် တက်ကာ မှုန်မှိုင်းဟောင်းမြေ့သွားဖို့ရာ ကြောက်ရွံ့မိ။

ငါသည် ချိ ုမြိန်ဖွယ်ရာ ကြိုက်သူတို့အတွက်တော့ဖြင့် တည်ရှိနေခြင်း မဟုတ်။

ကိုယ်တိုင်က ဆားတစ်ပွင့် ဖြစ်နေသောအခါ
အငံကြိုက်သူတို့အား ပြောပြချင်သော စကားတို့မှာ ငါ့ ရင်နှင့်မဆံ့ . . .
ငါ လျှောက်သော လမ်းတို့မည်သည် တမ်း,တစ်တ,တ မှန်းဆ တဝေဝါးဝါး. . . ပြာလွင်ကြည်လဲ့စွာသော မိုးကောင်းကင်အောက်မှာပင် ဖြစ်လင့်ကစား ငါ့တစ်ယောက်စာ ကွက်၍ မိုးတို့ သည်းထန်. . .
ငြိမ်သက်ငြိမ့်ညောင်းလှသော ပင်လယ်ရေ အေးမြမြပေါ်မှာပင် ဖြစ်လင့်ကစား တပါးသူတို့အတွက် တည်ငြိမ်သလောက်. . .
ထိုထိုဤဤ ပင်လယ်တို့က
ငါ့အတွက် သီးသန့်တစ်နေရာစာ ကွက်၍ လှိုင်းလေဝုန်းဒိုင်းတို့ စီမံ ပြင်းထန်ပေးခဲ့. . .
ငါ့ အရေပြားတို့ ကြမ်းရှအက်ကွဲ. . .
ထို့နောက် ငါ့အရေပြားတို့ မာထန်နက်နဲ. . .
ထို့နောက် ငါ့ အရိပ်ကပင်လျှင် ငါ့ကိုယ်နှင့်ထပ်တူ သန်စွမ်းခိုင်ခံ့ . . .
ငါကိုယ်တိုင် ခံတွင်းပိတ်ထားလျှင်ပင် စိတ်ဖြင့် မျိုချခိုင်း၍ သောက်ခဲ့ရသော အဆိပ်ခွက်တို့က သက်ရောက်လွန့်လူး. . .
ဆူးအခက်ခက်တို့ခြံရံ ငင်ရစ်ခံထားရတဲ့ကြားက. . .
ထို့အပြင်. . .အသားစိုင်ထဲ ထိုးဖောက်ဝင်ရောက်ကာ ပက်စက်စွာ ကုတ်ခြစ်ခံရသဖြင့် သွေးအလိမ်းလိမ်း ဒဏ်ရာများနှင့် တွန့်လိပ်ခေါက်ခွေ…
သေအံ့မူးမူးဆိုပေမဲ့ ကိုင်ထားတဲ့အလံ လှဲချမပေးချင်တဲ့ စစ်သူကြီးရဲ့ ခံယူချက်မျိုးနဲ့ . . .
ကိုယ့်အစွယ်ကို ဖျတ်ခနဲ ထုတ်ပြမာန်ဖီနေမိတဲ့ မြွေတစ်ကောင်လို. . .

နောက်ဆုံးမှာတော့
ခမ်းနားထည်ဝါလှစွာသော နာကျင်မှုများစွာကို ခြုံလွှာတစ်ခုလို ခြုံပစ်လိုက်ရရင်း. . .

သွေးစက်/သွေးနက်တို့တဖျောက်ဖျောက်. . .
မြေပြင်ပေါ် ကျသွားသံကိုပင် ကြေးစည်သံ. . .ရေအိုးခွဲသံ ဘဝကူးကောင်းရာကောင်းကြောင်း ရွတ်ဆိုသည့်တရားတော်သံအလား. . .
ထင်ယောင်မှတ်သားရင်း. . .
ကြယ်အကြွေတွေပုံရိပ်ကို ငွေချည်ထိုးထားတဲ့ . . အနက်ရောင် ပုဝါတစ်စ. . .
ကိုယ့်အာရုံ ငါးပါးလုံးအပေါ် အုပ်လွှမ်းချ ခံလိုက်ရသလိုလို. . . .

မိုးမှုန်အစက်အပြောက်တို့ ရီဝေဝဲရစ်သော မနက်ခင်းတစ်ခုမှာ
ငါ ပြန်လည် နိုးထချင်ပါသည်။

***************************

သင့်အေးရိပ်

နိုဝင်ဘာ ၉ – ၂၀၁၆

 

09-12-46-p_curtus

 

 

 

 

 

 

 

 

 

 

 

 

 

 

2 comments

Leave a Reply