ဆောင်းရာသီမှာ ဂျပန် နိုင်ငံကို သွားရောက်လည်ပတ်သင့် တဲ့ အကြောင်းရင်း (၆) ခု

Mon LayNovember 9, 20162min1001

ခရီးသွားကျွမ်းကျင်သူတွေက ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်ဖို့ အကောင်းဆုံးအချိန် ဟာ နွေရာသီ နဲ့ ဆောင်းဦးရာသီ လို့ သင့်ကို ပြောကြပါလိမ့်မယ်။ အမှန်တကယ် ခရီးသွားဖို့ စိတ်အားထက်သန်သူတွေ ကတော့ ဆောင်းရာသီ ရဲ့ အချမ်းဒဏ်ကနေ လွတ်မြောက်ဖို့ အတွက် ဂျပန် အပါအဝင် အရှေ့ဖျားဒေသ တွေကို သွားရောက်နေကြပါတယ်။ ဂျပန်နိုင်ငံက ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲကို ၁၉၇၂ ခုနှစ် နှင့် ၁၉၉၈ ခုနှစ်တွေမှာ အိမ်ရှင် နိုင်ငံအဖြစ် ကျင်းပခဲ့ပါတယ်။ ဆောင်းရာသီ မှာ ဂျပန် နိုင်ငံကို ဘာလို့ သွားရောက် လည်ပတ်သင့်တဲ့ အကြောင်းရင်း ၆ ခု ကို ဖော်ပြပါ့မယ်။

၁။ Fuji-Q Highland မှာ စကိတ်စီးနိုင်ခြင်း

fujiqhighland

နွေဦးရာသီ နဲ့ နွေရာသီ မှာ ဂျပန်နိုင်ငံရဲ့ Fuji-Q Highland ဟာ  စိတ်လှုပ်ရှားဖို့ အမတန် ကောင်းတဲ့ roller coasters တွေကြောင့် လူသိများပါတယ်။ ဆောင်းရာသီ မှာတော့ Fuji-Q Highland အပန်းဖြေ ဥယျာဉ် ဟာ သင့်ရဲ့ အိမ်မက် ထဲက အံ့ဖွယ်ကမ္ဘာကြီး အဖြစ် ပြောင်းလဲသွားပါတယ်။ အဲဒီမှာ ကစားနည်းတွေ အများကြီး ကစား နိုင်ပြီး ၃.၈ ဧက ကျယ်တဲ့ ဂျပန်နိုင်ငံရဲ့ အကြီးဆုံး လဟာပြင် ရေခဲပြင် စကိတ်ကွင်း လည်း ရှိပါတယ်။ သင် စကိတ်စီး မကျွမ်းကျင်ဘူး ဆိုရင်လည်း ကစားကွင်း က ဝန်ထမ်းတွေ က စကိတ်စီး နည်းတွေ နေ့တိုင်း အခမဲ့ သင်ပေးနေတာမို့ စိတ်ပူစရာမလိုပါဘူး။ ဒီစကိတ်ကွင်း ဟာ ရင်သပ်ရှုမောဖွယ် ဖူဂျီတောင် ကြီး ရဲ့ နှင်းဖုံး နေတဲ့ တောင်ထိပ် အလှ ကို ကြည့်ရှု ခံစား ဖို့ အကောင်းဆုံး နေရာဆိုတာ အထူးပြောနေဖို့ မလိုတော့ပါဘူး။

၂။ Tateyama Kurobe Alpine Route မှာ ခရီးကြမ်း သွားနိုင်ခြင်း။

Tourists walk along snow corridor on Tateyama Kurobe Alpine Route

ဂျပန်နိုင်ငံရဲ့ အမိုး (Roof of Japan) လို့ လူသိများကြတဲ့ ဆွဲဆောင်မှုရှိပြီး လှပတဲ့ Tateyama Kurobe Alpine လမ်းကြမ်း ဟာ တောင်တက်သမား တိုင်း အတွက် လက်မလွတ်သင့်တဲ့ ခြေလျင်ခရီးကြမ်း ဖြစ်ပါတယ်။  Tateyama Kurobe Alpine Route ကို ဘတ်စ်ကား နဲ့ ဒါမှမဟုတ် (ပင်လယ်ရေပြင် အထက်အမြင့် ၂၄၀ဝ မီတာကနေ)ကေဘယ်ကား (Cable Car)နဲ့ စတဲ့ ယာဉ်မျိုးစုံ စီးပြီး မှ ရောက်နိုင်ပါတယ်။ လမ်းတစ်လျှောက်မှာ Japan Alps တောင်တန်း တွေ ထဲက Mt. Tateyama တောင် ရဲ့ လှပတဲ့ ရှုခင်း တွေကို ကြည့်ရှုခံစား သွားလို့ရပါသေးတယ်။ သင် သွာရောက်လည်ပတ်မယ့် အချိန်ကာလ ပေါ် မူတည်ပြီး အဝတ်အစား ရွေးချယ် ဝတ်သွားပါ။ အကယ်၍ ဆောင်းရာသီ (နိုဝင်ဘာလ) မှာ သွားမယ်ဆိုရင် လက်အိတ်တွေ၊ ရေနွေး အိတ်တွေ၊ လည်စည်း၊ ခေါင်းစည်း တွေ၊ ဦးထုပ်တွေ၊ လည်ပတ်တွေ နဲ့ နေကာမျက်မှန် ယူသွားပြီး နွေးနွေးထွေးထွေး ဝတ်သွားပါ။ သင့် ဘေးပတ်ဝန်းကျင် မှာ မြင်နေရတဲ့ ၁၃ မီတာ မြင့်တဲ့ ရေခဲ နံရံ တွေ ကြားမှာ လမ်းလျှောက်ရင်း ကျယ်ပြန့်တဲ့ နှင်းတွေ ဖုံးနေတဲ့ ရှုခင်းတွေကို တစ်ဝကြီး ခံစားလိုက်ပါ။

၃။ Takaragawa Onsen, Gunma မှာ အပန်းဖြေ အနားယူနိုင်ခြင်း။

Small river with snow

ချမ်းအေးတဲ့ ဆောင်းရာသီနေ့တစ်နေ့မှာ စွန်းမိုက်တဲ့ ရေစီးသံ တသွင်သွင်နဲ့ Takaragawa ရေပူစမ်းကို သွားရတာ လောက် ကောင်းတာ မရှိပါဘူး။ ဒီရေပူစမ်း ဟာ ဒေသခံပြည်သူတွေ သာမက နိုင်ငံခြားသား ခရီးသွားတွေ ပါ နှစ်ခြိုက်ကြတဲ့ ဂျပန် နိုင်ငံမှာ ရှိတဲ့ အကြီးဆုံး လဟာပြင် ရေချိုးကန် ကြီး ပါဘဲ။ ဒီ Takaragawa Onsen ဟာ ယောက်ယက်ခက် လှုပ်ရှားသွားလာနေတဲ့ မြို့ပြ လူနေမှု ဘဝ ကနေ အကောင်းဆုံး လွတ်မြောက်နို်င်တဲ့  နေရာ လေးပါ။ ဒီနေရာလေး ဟာ မြို့ပြနဲ့  ဝေးတဲ့ တည်နေရာ ၊ မြစ်ဘေးက ရေပူစမ်းချောင်းလေးတွေ ကြောင့် နာမည်ကျော်ကြားပါတယ်။ ၎င်းရဲ့ နူးညံ့ တဲ့ ရေနွေးနွေးလေး မှာ ကျားမ မရွေး အတူ တကွ ရေချိုးနိုင်တဲ့ အတွက်ကြောင့်  သင့်ကြင်ဖော်နဲ့ တစ်ကွဲတစ်ပြား စီ ရေချိုးစရာ မလိုတော့တဲ့ အချက်က လည်း အကြီးမားဆုံး ဆွဲဆောင်မှု တစ်ခုပါဘဲ။ နေ့ခင်းဘက် လာရောက် လည်ပတ်သူတွေက ငွေ ၁၅၀ဝ ယွမ် နဲ့ ရေပူစမ်းတွေမှာ ရေချိုးနိုင်ပြီး ညအိပ်တည်းခို ချင်ရင် လည်း ရိုးရာ တည်းခိုဆောင် (tatamis နဲ့ futons) တွေလည်း ရှိပါတယ်။ နှင်းလျှောစီးတာနဲ့ အခြား ဆောင်းရာသီ ကစားနည်းမျိုးစုံ စိတ်အေးလက်အေး ကစားရင်း တည်းခိုနိုင်တဲ့ အပန်းဖြေစံအိမ် တော်တော်များများ (Minakami Kogen Fujiwara Ski Resort, Okutone Snow Park, Hodaigi Ski Resort) နဲ့ လည်း နီးတာကြောင့် ရေပူစမ်းမှာ အကြောဖြေ အနားမယူခင် တစ်ရက်လောက် နှင်းလျှောစီးနိုင်ပါသေးတယ်။

၄။ Nagano က Jigokudani မျောက်ရိုင်း ပန်းခြံ ကို လေ့လာနိုင်ခြင်း

japan-hot-spring-monkey-ape-jigokudan-cultural-compressor

ထင်ရှားတဲ့ ပါးစောင်အိတ်များပါရှိပြီး အမြီးတိုတဲ့ ကမ္ဘာကျော် ဘာဘရီမျောက် ၂၀ဝ နီးပါး ရဲ့ အိမ်ဟာ Yokoyu မြစ်ရဲ့ ချိုင့်ဝှမ်း မှာ ရှိပါတယ်။ အဲဒီမျောက်  တွေဟာ ကျောက်ဆောင်တွေ အနား ဆော့ကစားရတာ နဲ့ မြေကြီးထဲက ထွက် လာတဲ့ ရေပူစမ်း နွေးနွေးလေးမှာ  ရေချိုးရတာ ကြိုက်နှစ်သက် တာကြောင့်  ကြမ်းတမ်းတဲ့ ရာသီဥတု ကို အံတုပြီး ဒီနေရာမှာ ကျက်စားနေထိုင်ကြ တာဘဲဖြစ်တယ်။ လူတော်တော်များများ ဟာ Jigokudani မျောက်ရိုင်း ပန်းခြံကို မျောက်တွေရဲ့ နိဗ္ဗာန်ဘုံ လို့ တင်စားကြပါတယ်။ ခရီးသွားတွေ ဟာ ဒီပန်းခြံလေး မှာ ပျော်ရွှင်နေတဲ့ မျောက်လေးတွေကို နီးနီးကပ်ကပ် ကြည့်ရှုရင်း ထူးခြားပြီး အပန်းပြေ နိုင်တဲ့ အခွင့်အရေးမျိုး ကို လည်း ရနိုင်ပါသေးတယ်နော်။ ပန်းခြံထဲကို မဝင်ခင် စွန်းမိုက်တဲ့ ရေနွေးငွေ့ တွေ မြေကြီးထဲက ထွက်တာကို ကြည့်နိုင်တဲ့ Jigokudani Steam Vents ကို အရင် ဝင်ကြည့်လိုက်ပါ။ မြစ်တစ်လျှောက်မှာ ဇိမ်ကျကျ ရေချိုးနိုင်တဲ့ ဂျပန်ရိုးရာ အိမ်လေးတွေနဲ့တွဲထားတဲ့ ရေပူစမ်းတွေလည်း ရှိပါတယ်။ ဒီ မျောက် ဥယျာဉ်လေး ကို သွားချင်ရင်တော့ ဝင်ကြေး လူကြီး ၅၀ဝ ယွမ်၊ ကလေး ၂၅ဝ ယွမ် ပေးရပါတယ်။

၅။ Sapporo နှင်း ပွဲတော် မှာ ဆောင်းရာသီကို ဆင်နွှဲနိုင်ခြင်း

sapporosnowfestival

Sapporo နှင်း ပွဲတော် ဟာ ဂျပန်နိုင်ငံ ရဲ့ ဆောင်းရာသီကို အပြည့်အဝ ဆင်နွှဲနိုင်တာကြောင့် စွန်း ပျော်ဖို့ကောင်းတဲ့ ပွဲတော်လေးဖြစ် ပါတယ်။ ဒေသခံ အထက်တန်း ကျောင်းသားလေး တွေ ပြုလုပ်ထားတဲ့ နှင်းရုပ်တု ၆ ရုပ် နဲ့ စတင်ခဲ့တဲ့ ဒီ ပွဲတော် ဟာ အား လုံး မျှော်လင့်ထား တာတက် ကျော်လွန်ပြီး နိုင်ငံအမြောက်အများ က ကမ္ဘာလှည့်ခရီးသည်  ၂သန်း ခန့် နှစ်စဉ် လာရောက် ဆင်နွှဲကြတဲ့ အထိ တဖြည်းဖြည်း ကြီးထွားလာခဲ့ပါတယ်။ Central Sapporo ( အထူးသဖြင့် Odori Park, Susukino နဲ့  Tsudome) ကို လာရောက် လည်ပတ်ကြသူတွေဟာ နှင်းရုပ်တု နဲ့ ရေခဲ ပန်းပု ပေါင်း ရာကျော်၊ ဂီတ ဖျော်ဖြေရေးပွဲတွေ ကို ကြည့်ရှု ခံစားနိုင်ပါတယ်။ ဒါ့အပြင် ရှည်လျားတဲ့ နှင်းလျှော (ဒါမှမဟုတ်) ရေခဲ လျှောတွေကို စီးရင်း ကြီးမားလှတဲ့ နှင်းဝင်္ကပါပတ်လမ်း တွေမှာ ကစားနိုင် ပါသေး တယ်နော်။ နှစ်စဉ် ပွဲတော်ရက်ဟာ မသိမသာ ပြောင်းလဲလေ့ရှိပေမယ့် အမြဲတမ်း ဖေဖော်ဝါရီလ အစ မှာ ကျင်းပလေ့ရှိပါတယ်။ ပွဲတော်ရက် ကို အသေးစိတ် သိချင်ရင်တော့ Sapporo နှင်းပွဲတော် ရဲ့ ဝက်ဘ်ဆိုက် ကို ဝင်ကြည့်နိုင်ပါတယ်။

၆။ Omizutori ပွဲတော်မှာ မကောင်းမှု ဒုစရိုက်တွေကို ဆေးကြောနိုင်ခြင်း

wakakusa-yamayaki-compressor

Omizutori ပွဲတော်ဟာ ဂျပန်လူမျိုးတွေရဲ့ ဗုဒ္ဓဘာသာ ပွဲတော်ဖြစ်ပြီး Nara မြို့, Todai-ji, Nigatsu-do ဘုရားကျောင်း မှာ ကျင်းပလေ့ရှိပါတယ်။ ပွဲတော်ရဲ့ သမိုင်းကြောင်း ကတော့ သင် ဘယ်သူ့ကို မေးလဲ ဆိုတာပေါ်မူတည်ပြီး ကွဲပြားသွားပါတယ်။ လူပြောများတဲ့ ပုံပြင်ကတော့ Jitchu အမည်ရတဲ့ ဘုန်းကြီးတစ်ပါးဟာ ကွမ်ရင်မယ်တော် ကို ဝတ်ပြုဆုတောင်းဖို့ နဲ့ အပြစ်ဝန်ခံဖို့ အတွက် ဒီပွဲတော် ကို စတင် ခဲ့တယ်လို့ ဆိုကြတယ်။ Jitchu ဟာ နတ်ပေါင်း ၁၃၇၀ဝ ကို ဒီပွဲတော်ကို လာရောက်ဖို့ ဖိတ်ခေါ်ခဲ့ပြီး အဲဒီ နတ်တွေထဲက နတ် တစ်ပါး ဟာ Onyu မြစ်မှာ ငါးဖမ်းနေတဲ့ အတွက် ပွဲတော်ကို လာဖို့ နောက်ကျခဲ့ပါတယ်။ နောက်ကျတဲ့ နတ်ဟာ သူ နောက်ကျတာကို တောင်းပန်ဖို့ အတွက် ကျန်တဲ့ နတ်တွေကို Onyu မြစ်ထဲက အမွှေးနံ့သာတွေ ခတ်ထားတဲ့ ရေ ကို ဆက်သခဲ့ပါတယ်။ အဲဒီရေဟာ နောက်ကျတဲ့ နတ် ရပ်နေတဲ့နေရာမှာတင် ပန်းထွက်လာပါတယ်။ ယနေ့ခေတ်မှာတော့ ပွဲတော်ရက်ရဲ့ ညတိုင်း Todaiji ဘုရားကျောင်း ရဲ့ အပြင်ဘက် ရင်ပြင် မှာ သစ်သားနဲ့ ချည်း ပြုလုပ်ထားတဲ့ မီးတိုင်တွေကို ထွန်းညှိပြီး ဒီယုံကြည်သက်ဝင်မှု ပွဲတော် ကို ကျင်းပကြတယ်။ မီးတိုင်တွေ လောင်ကျွမ်းပြီး မီးကျီးခဲ တွေကျလာတယ်။ ဒီမီးထွန်းညှိတာကို ကြည့်ရှုခြင်းဖြင့် ကြည့်တဲ့သူတွေကို ကံကောင်းစေတယ်လို့ ယုံကြည်ကြပါတယ်။ နောက်နှစ်တွေ မှာ လူတွေဟာ သာမန်ညတွေထက် အနည်းငယ် ပိုခမ်းနား အောင် မီးထွန်းညှိဖို့ အတွက် သီးသန့် တစ်ရက် သတ်မှတ်ကြလိမ့်မယ်။ အဲဒီရက်မှာ မီးတိုင်တွေဟာ တစ်နာရီနီးပါး ကြာအောင် လောင်ကျွမ်းကြလိမ့်မယ်။ သန်းခေါင်ယံ အကျော်မှာတော့ (Renhyoshu လို့ခေါ်တဲ့) သတ်မှတ်ထားတဲ့ ဘုန်းတော်ကြီး ၁၁ ပါး ဟာ ဘုံကျောင်းထဲက ရေတွင်း (အပေါ်မှာ ရှင်းပြခဲ့တဲ့ နောက်ကျတဲ့ နတ် ရေဆက်သခဲ့တဲ့ နေရာ) ကနေ တန်ခိုးရေ ကို ငင်ကြပါတယ်။ ဒီတန်ခိုးရေ ဟာ  အနာရောဂါ ပျောက်ကင်းစေနိုင်ပြီး ကျူးလွန်ခဲ့တဲ့ အပြစ်တွေကို ဆေးကြောပေးနိုင်တယ် လို့ ယုံကြည်ကြပါတယ်။

One comment

  • Shar Thet Man

    October 27, 2017 at 10:36 am

    မကြာခင်ဆောင်းရာသီရောက်တော့မယ်ကွယ်

Leave a Reply