“သွားရင်းလာရင်း ကြားမိသမျှ”

Minn ZinAugust 30, 20101min751

တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလိုပင် နေရာဒေသအလိုက် ကိုယ့်အမှတ်အသားနှင့်ကိုယ် ပေးထားသော နာမည်များရှိလေသည်။ ကျွန်တော်သည်နေ့စဉ်နှင့်အမျှ ဘတ်စ်ကားစီးကာ သွားလာနေရသောကြောင့် ဘတ်စကားပေါ်မှ ကြားသိရသမျှ သူတို့၏နာမည်ပေးပုံများကို တင်ပြလိုက်ရပေသည်။ ရန်ကုန်တွင် ဘတ်စ်ကားစီးနေသော်လည်း သတိမထားမိသောသူများ ရန်ကုန်သို့လာရန်ရှိသော အခြားသောမြို့များမှ သူငယ်ချင်းများအတွက်လည်း ဗဟုသုတရရန်အလို့ငှာတင် ပြပေးလိုက်ရပါတယ် ခင်ဗျာ။ သို့သော် ကျွန်တော်အများဆုံးသွားဖြစ်သော ရွှေပြည်သာ တစ်ကြောမှ လိုင်းကားများကိုသာ အဓိကရေးပေးသွားမှာပါ။ ကျွန်တော်ရန်ကုန်ကိုရောက်စက ၂၀၀ရ ခုနှစ်ပေါ့။ မှတ်မှတ်ရရ ရှိစေတဲ့ ပထမဆုံး ဘတ်စ်ကားကတော့ “ရွှေအင်းဝ” လို့ခေါ်တဲ့ ရွှေပြည်သာနဲ့ ဆူးလေ နဲ့ကိုအဓိကပြေးဆွဲပေးနေတဲ့ကားလိုင်းပါ။ ကျွန်တော်အများဆုံးသွားဖြစ်တာကလဲ ရွှေပြည်သာဖြစ်တဲ့အတွက် “ရွှေအင်းဝ” ဆိုတဲ့ကားဟာ ကျွန်တော့်အတွက်တော့ မိတ်ဆွေကောင်းတစ်ယောက်လိုပင်။ ရွှေပြည်သာသို့ပြေးဆွဲနေသော ၄၅ မထသကားများ ရှိသော်လည်း နှေးသည် ဟုဆိုကာ ရွှေအင်းဝ ကိုပဲအစဉ်တစိုက်စီးနင်းခဲ့လေသည်။ တစ်နေ့တော့ ကားစောင့်ရတာ ကြာသဖြင့် ၄၅ ကိုပဲစီးသွားလိုက်လေသည်။ အင်းစိ်န်ရောက်ခါနီးတွင် ၄၅ ပေါ်မှ စပါယ်က “ဆရာရေ နောက်မှာ အင်းခွေးတစ်ကောင်ပါလာတယ်.. နင်းထား..” ဆိုသဖြင့် ဘာလဲဟ ဟုနောက်လှည့်ကြည့်လိုက်တော့ ရွှေအင်းဝ ကားတစ်စီးမှာ နောက်မှ လိုက်လာခြင်းပင်ဖြစ်သည်။ သည်တော့မှ ဪ..ငါ့ဘော်ဒါကြီးကိုနာမည်ပေးထားတာ အင်းခွေးကိုးးးဟုသိလိုက်ရလေသည်။ အင်းစိန်မှတ်တိုင်သို့ ရောက်သော အခါတွင်လည်း ၄၅ကားမှာသူ၏ သမိုင်းပေးတာဝန်အတိုင်း မှတ်တိုင်တွင်ထိုင်ကာ တရားထူးမရမချင်းငါမရွေ့ ဟုအဓိဌာန်ဝင်ထားသလားမှတ်ရအောင်ပင် လုံးဝမရွေ့ပဲ လူစောင့်တင်နေလေသည်။ အဲသည်အချိန်မှာ ရွှေအင်းဝက ကျော်တက်ရင်းအော်သွားသည်က.. “ဟေ့ကောင်…ကျောက်သင်္ဘော”တဲ့… ဪ..သူ့နာမည်နဲ့သူတော့ မှန်လိုက်လေခြင်းလို့။ ဒီလိုနဲ့ အင်းစိန်ကနေဆက်ထွက်လာလိုက်တာ ဖော့ကန်ဈေးကျော်တော့ ၄၅ ပေါ်က စပါယ်ယာကအော်ပြန်သည်.. “ဆရာရေ ရှေ့မှာ ဘူကောင်ရှိတယ် လိုက်ရင်လိုက် မလိုက်ရင်လဲခွာထား”တဲ့… ဒါနဲ့လှမ်းကြည့်လိုက်တော့ ၂၂၆ ယာဉ်လိုင်းဖြစ်နေတာကိုတွေ့ရလေသည်။ ၂၂၆ကို ပေါင်းကြည့်လိုက်တော့ ၁ဝ ဟုတ်သားဟ တစ်ကယ့်ဘူကောင်ပဲ ဟုကိုယ့်ဖာသာသဘောကျကာ ပြုံးမိလေသည်။ သည်လိုနဲ့ပဲ လတွေ တစ်လပြီးတစ်လကုန်ဆုံးကာ ၂၀၀၈ နှစ်ဆန်းပိုင်းရောက်တော့ ၄၈အထူး ဆိုသောကားတွေ ပေါ်လာ လေသည်။ ခရီးသည်များက ကောင်းတယ်မြန်တယ်လို့ ပြောပေမယ့်လည်း ရွှေပြည်သာထိမရောက်၍ စိတ်မဝင်စားခဲ့ပေ။ နောက်တစ်ချက်က ဘယ်စီးစီး ၂၀ဝဖြစ်သည့်အပြင် တစ်မှတ်တိုင်လဲ ၂၀ဝ ပဲဟုဆိုသဖြင့် စိတ်ထဲတွင် သိပ်တော့သဘောမကျလှ။ သို့သော်နောက်ပိုင်းတွင် ၄၈အထူးမှာ ရွှေပြည်သာကွေ့ကိုဖြတ်ကာ သာဓုကန်၊ လှော်ကားဘက်မှ ကွန်ပျူတာ တက္ကသိုလ် အထိပြေးဆွဲသည် ဟုဆိုသောကြောင့် စီးကြည့်သောအခါ ရွှေအင်းဝနှင့်အကွာကြီးကွာသည်ကို တွေ့လိုက်ရလေသည်။ ကားအခြေအနေကောင်းခြင်း ထိုင်ခုံအရှိအတိုင်းလူတင်ခြင်း (စဆွဲတုန်းကပြောပါတယ်..) မြန်ဆန်ခြင်းတို့ကြောင့် ၄၈အထူး ကွန်ပျူတာကားမှာလည်း ကျွန်တော်၏ မိတ်ဆွေသစ်ဖြစ်လာခဲ့လေသည်။ သည်လိုနဲ့ပဲ ၄၈ အထူးကိုစီးလာလိုက်တာ ၂၀၀၉ နှစ်လယ်လောက်အရောက်တွင် ပါရမီမှ တရုတ်နိုင်ငံမှကားများကိုတင်သွင်းကာ ပါရမီ ၁၇ရ ဆို၍ ရွှေပြည်သာသို့ပြေးဆွဲလေသည်။ ရွှေအင်းဝ၏ လမ်းကြောင်းအတိုင်းပြေးဆွဲခြင်းပင်ဖြစ်သည်။ ကားအသစ်ဖြစ်ခြင်း၊ ကားပုံစံလှပခြင်း၊ ထိုင်ခုံများခြင်း၊ မြန်ခြင်းတို့ကြောင့်လူကြိုက်များကြလေသည်။ ကျွန်တော်လဲ ၁၇ရ ကိုပြောင်းစီးပြန်သည်။ တစ်နေ့ ၁၇ရ ကိုစီးလာရင်းနှင့် “ဆရာရေ…… နောက်မှာ နွားကြီး ပါလာတယ်… အီကြာကွေးမဆွဲနဲ့တော့..” ဟူသော စပါယ်ယာ၏အော်သံကြားလိုက်ရသည်။ (အီကြာကွေးဆွဲခြင်း ဆိုသည်မှာ အိပဲ့အိပဲ့ နှင့်ကြာကြာမောင်းခြင်း ကိုဆိုလိုပါသည်) ထို့ကြောင့်လှည့်ကြည့်လိုက်တော့ ၄၈အထူး..။ ဪသူလဲ ကားစင်စစ်က နွားဖြစ်ပါရောလားလို့ တွေးလိုက်မိသည်။ သမိုင်းမှတ်တိုင်ရောက်သောအခါ ၄၈ အထူးမှ ကျော်တက်ရင်းအော်သွားသည်က “တရုတ်မကြီးရေ ဘာလုပ်မှာတုန်းဟ..” တဲ့..ဪ.. ငါစီးနေတာတရုတ်မကြီးပါလားဟု တွေးမိတော့ တစ်ခါက အင်တာနက်တွင် ပျံနှံ့နေသည့်သီချင်းလေး ကိုလဲသွားသတိရမိသည်။ “တရုတ်မကြီးရေထဲငုပ် ဖင်ပေါ်လာတော့ ဓါးနဲ့ခုတ် ဂေါ်ဖီထုတ် ဂေါ်ဖီထုတ်” ဟူသောသီချင်းပင်။ ဒီလိုနဲ့ပဲ တရုတ်မ ၁၇ရ နဲ့ နှစ်ပါးသွားနေရင်းနဲ့ ၁၂၄ မြောက်ပိုင်းခရိုင် ဆိုသောကားပေါ်လာပြန်တော့ ဒီကားတော့ ဘယ်လိုနာမည်အပေးခံရဦးမလဲဟု တွေးမိနေစဉ်မှာပင် စပါယ်ယာဆီကကြားလိုက်ရတဲ့အသံက “ဆရာရေ.. နောက်မှာ မျောက်မ..” တဲ့…..

မောင်ဒဲ ့

One comment

  • zawana

    August 30, 2010 at 11:32 am

    ကောင်းပါလေ့ဗျာ …. သာကေတမှာ ၃၅ ဒိုင်နာတွေ ဆွဲတုန်းက ကားချင်းပြိုင်မောင်းကြရင်း “ကျောက်ခွဲပစ်လိုက်မယ် ဆရာရေ့” လို့ အော်ကြတာကို သွားသတိရမိတယ်။
    သူတို့ အဆိုအရ ယာဉ်တိုက်မှုဖြစ်လို့ ထောင်ကျပြီး ရဲဘက်စခန်း ရောက်မှာကိုတောင် ဂရုမစိုက်ဘူးလို့ ဆိုလိုတာတဲ့….
    အဲဒီတုန်းက အကြမ်းဆုံး လိုင်းပေါ့။

Leave a Reply