သင့်ရဲ့ သဲကန္တာရ အသေးစား စွန့်စားခန်းအတွက် သဲသောင်ပြင် ၅ ခု

Mon LayNovember 22, 20162min1576

ဆာဟာရာ ကို မေ့လိုက်ပါ။ အာရှမှာတင် သင် တွေ့ကြုံနိုင်တဲ့ သဲသောင်ပြင်နဲ့ သဲကန္တာရပုံစံတွေ ရှိပါတယ်။

သဲသောင်ပြင်တွေဆီ သွားလည်ဖို့ စိတ်ကူးဟာ စင်္ကာပူမြို့ရဲ့ အဲယားကွန်းနဲ့ သက်သောင့်သက်သာ ရှိနေမှု ကနေ ဝေးကွာတဲ့ ပူပြင်းတဲ့ နေနဲ့ အထီးကျန်တဲ့ သဲကန္တာရ ဆီ ကို ခေါ်ဆောင်သွားမှာပါ။ ဒါပေမယ့် အာရှမှာတင် စွန်းမိုက်တဲ့ သဲသောင်ပြင်တွေ ရှိတာ သင်သိပါသလား။ သူတို့က အာဖရိက က ဆာဟာရာ (ဒါမှမဟုတ်) ဂိုဘီ သဲကန္တာရ လောက် နာမည်မကြီးပေမယ့် သွားလာရလွယ်ကူပါတယ်။

ယခု ဖော်ပြမှာကတော့ မြို့ပြကနေ သိပ်မဝေးဘဲ သင် သွားနိုင်တဲ့ အာရှက သဲသောင်ပြင် ၆ ခုပါဘဲ။ သေချာတာကတော့ သင် အပူဒဏ်ကနေ ထွက်ပြေးလို့မရဘူးဆိုတာဘဲ။

၁။ ဗီယက်နမ် Mui Ne မှာရှိတဲ့ Red Sand Dunes

Red Sand Dunes
Image credit : www.tripzilla.com

Red Sand Dunes က ဗီယက်နမ် နိုင်ငံ အရှေ့တောင် ဘက်ရှိ ငါးဖမ်း ရွာလေးကနေ ကမ်းခြေ အပန်းဖြေ စခန်းဖြစ်သွားတဲ့ Mui Ne ကနေ ကီလိုမီတာ အနည်းငယ်ဘဲ ဝေးတဲ့ နေရာမှာ ရှိနေပါတယ်။

အပူဒဏ်ရှောင်ဖို့ မနက်စောစောထပြီး သဲသောင်ပြင်ကို သွားရင်း အပြာရောင် ပင်လယ်ကြီး နှင့် ယှဉ်ပြီး လှပနေတဲ့  နီညိုရောင် သဲပြင် ရှုခင်းကို ကြည့်ရှုလိုက်ပါ။  နေဝင်ချိန်ဟာလည်း လည်ပတ်လို့ကောင်းတဲ့ အချိန်ပါဘဲ။ သင် မီးလိုပူတဲ့ အချိန်မှာ လမ်းမလျှောက်ချင်ဘူးဆိုရင်တော့ နေ့လည်မွန်းတည့်ချိန်မှာ မသွားပါနဲ့။ ဒေသခံတွေက တစ်ခါတစ်ရံ သင့်ကို မုန့်တွေ နဲ့ သဲသောင်ပြင် မှာ လျှောဆင်းပြီး သွားဖို့ စွတ်ဖားလှည်းတွေရောင်းဖို့ စိတ်အားထက်သန်နေတတ်ပါတယ်။

သဲသောင်ပြင်ရဲ့ အဓိက လမ်းမကြီး အတိုင်း အနောက်ဘက်ကို လာလိုက်ရင် နတ်သမီး စမ်းချောင်းလေးကို သင်တွေ့လိမ့်မယ်။ မြစ်ရေ အေးအေးလေးမှာ ခြေဘလာ နဲ့ လမ်းလျှောက်ရင်း သင့် ခြေထောက်ပေါ် က အပူဒဏ်ကို သက်သာသွားစေမှာပါ။

အကယ်၍များ သင် အချိန် ရှိသေးရင် မြို့ထဲကနေ ၂၂ ကီလိုမီတာ လောက်ပဲ ဝေးတဲ့ White Sand Dune ကို ဂျစ်ကားလေးနဲ့ အလည် သွားလို့ရပါသေးတယ်။

၂။ ဖိလစ်ပိုင် နိုင်ငံ Ilocos Norte ခရိုင်မှာ ရှိတဲ့ Paoay Sand Dune

Paoay Sand Dune
Image credit: CC BY-NC-ND 2.0 (Ilocos Norte, 2010)

ဖိလစ်ပိုင်နိုင်ငံ အနောက်မြောက် ဘက် အစွန်အဖျား က Suba ကမ်းခြေ နားမှာ ရှိတဲ့ ၈၈ ကီလိုမီတာ ကျယ်တဲ့ သဲသောင်ပြင်နဲ့ Paoay Sand Dune ကို သင်တွေ့နိုင်တယ်။ဒီ သဲသောင်ပြင်ဟာ မင်းသားကြီး တွမ်ခရုစ် ပါဝင်သရုပ်ဆောင်ထားတဲ့ Born on the Fourth of July လို့ အမည်ရတဲ့ ဗီယက်နမ် စစ်ပွဲ အကြောင်း ရိုက်ကူးထားတဲ့ ဆုတွေအများကြီး ရထားတဲ့ ၁၉၈၉ ခုနှစ်က ရုပ်ရှင် ရဲ့ ရိုက်ကွင်း လည်းဖြစ်ပါတယ်။

အဲ့ဒီမှာ ဆိုရင် သင် ATV ငှားပြီး တစ်အိအိလှုပ်နေတဲ့ သဲသောင်ပြင်ပေါ်မှာ ရိုလာကိုစတာလို စီးနိုင်ပါတယ်။ ဒါမှမဟုတ် သဲပေါ်မှာ စီးတဲ့ ဘုတ်ပြား ယူပြီး သဲလွှာ လျှောစီးလို့ လည်း ရပါတယ်။ သင်မထိန်းနိုင်ဘဲ ပြုတ်ကျမှာ မပူပါနဲ့။ သဲပျော့ပျော့ လေးက သင် ပြုတ်ကျလည်း မနာစေရပါဘူး။

Paovo ရောက်တုန်း ၁ရရာစု က the baroque  စတိုင် St. Augustine Church ကို သွားလည်ပြီး ယူနက်စကို သမိုင်းဝင် နေရာ အဖြစ် အသိအမှတ်ပြု ခံရတဲ့ ၎င်း ရဲ့ ကြွယ်ဝတဲ့ သမိုင်း နဲ့ ဗိသုကာ အလှအပကို လေလာ ဖို့ မမေ့နဲ့နော်။ အနားက Paoay ရေကန် မှာ ငှက်ကြည့်ဖို့ သွားလည်းရတယ်နော်။

၃။  ဂျပန်နိုင်ငံ Tottori မှာရှိတဲ့ Tottori Sand Dune

Tottori Sand Dune
Image credit: CC BY-ND 2.0 (cotaro70s, 2013)

အိုဆာကာ မြို့ ရဲ့ အနောက်မြောက်ဘက် က ကမ်းခြေမြို့လေး ဖြစ်တဲ့ Tottori မှာ ရှိပြီး ဒေသ အခေါ် Tottori Sakyu လို့ လူသိများတဲ့ သဲသောင်ပြင်တွေ သဲခုံတွေ ဟာ မီတာ ၅ဝ အထိမြင့်ပြီး ဂျပန်နိုင်ငံမှာ ဆိုရင် အကြီး ဆုံးပါဘဲ။

ဒီ သဲသောင်ကုန်းတွေပေါ်မှာ ကုလားအုတ် (သို့မဟုတ်) မြင်းနဲ့ ဆွဲတဲ့ လှည်းတွေ စီးနိုင်ပါတယ်။ သဲပြတိုက် က သဲနဲ့ လုပ်ထားတဲ့ မျှော်စင် ရုပ်တု တွေ နဲ့ ဆဲလ်ဖီ ရိုက်ပြီး သင့် ရဲ့ instagram ကို နာမည်ကျော်အောင် လုပ်ဖို့ အခွင့်အရေးရယူလိုက်ပါ။

သဲသောင်ပြင်ရဲ့ အပြင်ဘက်မှာတော့ ဒေသ ရဲ့ စားကောင်း သောက်ဖွယ် ဖြစ်တဲ့ Matsuda ဂဏန်းတွေနဲ့ စားသောက်ပွဲတွေ လည်း ရှိတယ်။ အင်မတန်ထင်ရှားပြီး ကြည့်ရှုစဖွယ်ဖြစ်တဲ့ Kannon-in ဗုဒ္ဓဘုရားကျောင်း နဲ့ ပန်းဥယျာဉ်၊ ဘူတာရုံ နားက စတိုးဆိုင်၊ ကုန်စုံဆိုင် တွေ ကို လည်း သွား လည်ကြည့်ပါ။

၄။ တရုတ်နိုင်ငံ ဂန်စုပြည်နယ် Dunhuang က Mingsha Shan ( Echo Sand Mountain)

Mingsha Shan ( Echo Sand Mountain)
Image credit: CC BY-SA 2.0 (小福, 2010)

အကယ်လို့များ သဲသောင်ပြင်တွေကသာ စကားပြောနိုင်မယ်ဆိုရင် သင် Mingsha Shan ဆိုတဲ့ အသံကို ကြားပါလိမ့်မယ်။ Echo Sand Mountain လို့ ဘာသာ ပြန်ပြီး လေတိုက်တဲ့အခါ ရွေ့လျားသွားတဲ့ သဲတွေရဲ့ နက်ရှိုင်းတဲ့ ပွတ်တိုက်သံတွေ က နေ ရလာတဲ့ နာမည်ပေါ့။ ယခုအခါ မှာ အသံတွေက သိပ္ပံ ပညာ အရ ရှင်းပြနိုင်ပြီဆိုပေမယ့် ဒဏ္ဍာရီ တွေက တော့ အဲဒီအသံတွေ က သဲတွေကြားမှာ မြှုပ်နှံ သေဆုံးသွားတဲ့ ကျဆုံး စစ်သည်တွေရဲ့ ဝိညာဉ်တွေ ငိုညဉ်းသံတွေဖြစ်တယ်လို့ ပြောဆိုနေကြဆဲဖြစ်တယ်။

သင်ယုံယုံ မယုံယုံ Dunhuang မြို့ကနေ ၅ ကီလိုမီတာ ဘဲဝေး တဲ့ Taklamakan သဲကန္တာရ ရဲ့ အစွန်အဖျား မှာ ရှိတဲ့ အင်မတန် အံ့အားသင့်လောက်စရာ ဒီ သဲသောင်ပြင်တွေကို အလွယ်တကူသွားနိုင်ပါတယ်။

လျှပ်စစ်ကားတွေ နဲ့ ATV တွေက သဲသောင်ပြင် တစ်လျှောက်သင့်ကို လှည့်ပတ်ပြသဖို့ အဆင်သင့်ပါဘဲ။  ကုလားအုတ်တွေက တော့ အမှန်တကယ် ချောမွေ့တဲ့ လမ်းအတွက်ပဲ ပေးသွားပါတယ်။

ဒီရောက်တုန်း သဲသောင်ပြင်တွေနဲ့ ဝန်းရံနေတဲ့ လခြမ်းပုံ ရေကန်လို့ ခေါ်တဲ့ အိုအေစစ်လေးရဲ့ ပြိုင်ဖက်ကင်းတဲ့ ရှုခင်းကို လည်း ကြည့်ဖြစ်အောင် ကြည့်ခဲ့ပါ.။ အရှေ့ဘက်မှာတော့ ဘာသာရေးဆိုင်ရာ အနုပညာ ဗုဒ္ဓရုပ်ပွားတော် တစ်ထောင်ကျော်ရှိတဲ့ ဂူ ပေါင်း ၄၀ဝ ကျော် စုဝေးနေတဲ့ ယူနိုက်စကို ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် Mogao ဂူ ရှိပါတယ်။

၅။ တောင်ကိုရီးယား နိုင်ငံ Taean ရှိ Sinduri Coastal Sand Dune

Sinduri Coastal Sand Dune
Image credit: Korea Tourism Organization

ဆိုးလ်မြို့ ရဲ့ အနောက်တောင်ဖက် Taean Haean အမျိုးသား ပန်းခြံ ထဲက Sinduri ကမ်းခြေဟာ တောင်ကိုရီးယားရဲ့ တစ်ခုတည်းသော ကမ်းခြေ သဲသောင်ခုံပါဘဲ။ သဲသောင်ပြင်မှာ လဲအိပ်ရင်း ပင်လယ်ဝါရဲ့ လှပတဲ့ မြင်ကွင်းကို ကြည့်ရင်း မြန်မာ နှုတ်ခမ်းနီမလေးများ အသည်းစွဲ ဖြစ်တဲ့ Descendants of the Sun ကိုရီးယားကား ထဲက Captain Yoo Si Jin သဲသောင်ပြင် နောက်က နေ ထွက်လာတာကို တစ်ဝက် မျှော်လင့်နေမိလိမ့်မယ်။

အမှန်တော့ ဒီသဲသောင်ပြင်ဟာ ကိုရီးယား ရုပ်ရှင်ဖြစ်တဲ့ War of the Arrows မှာ သင်မြင်ဖူးပြီးသားပါ။ ကေပေါ့ အဖွဲ့ Big Bang ရဲ့ သီချင်း ဖြစ်တဲ့ Sunset Glow ကြောင့် ဒီပန်းခြံက စွန်းမိုက်တဲ့ နေဝင်ချိန်ကို သင် အမှတ်မထင် တွေ့ ဖူးပြီးသား ဖြစ်မှာပါ။

လူငယ်လူရွယ်တွေက Sinduri Sand Dune Center မှာ လှုပ်ရှားမှုတွေ လုပ်နိုင်မှာပါ။ ရှားပါးတဲ့ အပင်မျိုးစိတ်နဲ့ တိရစာ္ဆန်တွေကို လည်းလေ့လာ နိုင်ပါတယ်။ ကမ်းခြေတစ်လျှောက်သင် လျှောက်သွားရင် ကမ်းလွန် ကျွန်း ၁၃ဝ တို့ရဲ့ အိမ်အဖြစ်ဖန်တီးထားတဲ့ အမျိုးသားဥယျာဉ် ရဲ့ တစ်ခြား အစိတ်အပိုင်းတွေဆီ ရောက်သွားမှာပါ။

Refrence : www.tripzilla.com

6 comments

  • Thint Aye Yeik

    November 23, 2016 at 6:25 pm

    အဲ့လောက် ပူပြင်းခြောက်သွေ့တဲ့ပုံတွေ ထွက်နေတဲ့ သဲကန္တာရဆိုတာကြီးတွေဆီ သွား လည်ပတ်ချင်သူတွေလည်း ရှိသေးတာပဲနော်
    ကျနော်ဖြင့် တစ်ခါမှ အဲ့လိုနေရာတွေဆီသွားဖို့ တွေးမကြည့်မိဖူးဘူး။
    :k:
    .အေးလေ . . .ရှိမှာပေါ့။
    .တောင်တွေတက်ရတာ ကြိုက်သလိုမျိုး
    .ပင်လယ်ပြင်ကို ထွက်ရတာ ကြိုက်သလိုမျိုး
    ကန္တာရတွေဆီ သွားရတာကို ကြိုက်သူတွေလည်း
    ရှိပေမပေါ့။

  • သျှားသက်မာန်

    November 28, 2016 at 12:29 pm

    ဒါပေါ့…လူတစ်ကိုယ်အကြိုက်တစ်မျိုးပဲလေ

  • kai

    November 29, 2016 at 10:44 am

    ကမ္ဘာမှာရှားမှရှား.. white sand dune
    အဲဒီနေရာက အေးလည်းအရမ်းအေးသမို့.. ရုတ်တရက်ဆို.. နှင်းဖွင့်ဖတ်တွေလို့တောင် ထင်ရတာ..။

    အမေရိကားမှာရှိတယ်.။ မနှစ်က ဒီအချိန်မှာတင်.. လည်လည်ရောက်ခဲ့သေး.။ :k:

    https://www.nps.gov/whsa/index.htm

  • သျှားသက်မာန်

    November 29, 2016 at 5:17 pm

    ဂွတ်ပါတယ်…ခေါ်မလားအမေရိကားကို…အလည်လာချင်လို့ပြီးရင် review တွေပြန်ရေးချင်လို့ 😛

    • kai

      November 29, 2016 at 7:44 pm

      အခု အမေရိကားတိုးတွေက.. တော်တော်ဈေးသက်သာတာတွေရှိပါတယ်..။
      ခရီးစဉ်လည်း မနည်းဘူး..။
      အဲဒါတွေနဲ့ တက်လိုက်ခဲ့ပေါ့..။

      LA ရောက်ရင်တော့.. လာတွေ့ပါ့မယ်..။
      အခု.. သဲဖြူကန္တာရကတော့.. တော်တော်ဝေးတယ်.။
      LA နဲ့.. မိုင် ၂ထောင်လောက်မှာရှိမယ်ထင်တာပဲ..။

  • သျှားသက်မာန်

    November 30, 2016 at 2:06 pm

    မသိတာရှိလို့မေးပါရစေ…LA ကဘယ်နေရာပါလဲ..အခွင့်ကြုံရင်လာခဲ့ပြီးတွေ ့ပါမယ်

Leave a Reply