ဗီယက်နမ် နိုင်ငံ မြောက်ပိုင်း ဟနွိုင်းမြို့မှတောင်ပိုင်း ဟိုချီမင်းမြို့ သို့ ခရီး

Mon LayNovember 29, 20164min1024

ဗီယက်နမ် နိုင်ငံ မြောက်ပိုင်း မှ တောင်ပိုင်း သို့ သွားရာ လမ်းတစ်လျှောက် ဝင်လည်စရာ လှပတဲ့ နေရာများ

ဗီယက်နမ် နိုင်ငံ မြောက်ပိုင်း ဟနွိုင်းမြို့မှတောင်ပိုင်း ဟိုချီမင်းမြို့ သို့ ခရီးသွားရာ လမ်းတစ်လျှောက်ရှိ ဝင်ရောက်လည်ပတ်စရာ နေရာများ

အာရှတိုက်က နိုင်ငံ ငယ်လေး ဖြစ်တဲ့ ဗီယက်နမ် နိုင်ငံဟာ ခရီးသွားတွေ ရွေးချယ်လာကြတဲ့ အသွားများတဲ့ နေရာလေး တစ်ခုဖြစ်လာပါပြီ။ ဘန်ကောက်မြို့တော် နဲ့ ဘာလီကျွန်း စတဲ့ အရှေ့တောင်အာရှ က နေရာ တွေ မှာ ကမာ္ဘလှည့်ခရီးသည် တွေ နဲ့ ပြည့်နှက်နေတဲ့အချိန်မှာ ဗီယက်နမ်နိုင်ငံ ရဲ့ လူသိ မများသေးတဲ့ ချစ်စရာကောင်း ပြီး လှပ တဲ့ နေရာလေးတွေ ဟာ ခရီးသွားတွေ ကို ဆွဲဆောင်နေပါတယ်။

သင် ဟိုချီမင်းမြို့လို့ လူသိများတဲ့ Saigon မှာ ရိုးရှင်းစွာ အချိန်ဖြုန်းမယ်လို့ စိတ်ကူးထားတယ်ဆိုရင်တော့ မြောက်ကနေ တောင် ကို ခရီးသွားရင်း ဗီယက်နမ် နိုင်ငံတစ်ခုလုံးကို လည်ပတ်ကြည့်ရှုတာ ဟာ အကောင်းဆုံး နည်းလမ်းပါဘဲ။

အကုန်အကျ အသက်သာဆုံး ကတော့ ဟနွိုင်းမြို့ကနေ Saigon(ဟိုချီမင်းမြို့) ကိုသွားတဲ့ ဘတ်စ်ကား စီးပြီးခရီးသွားတာပါဘဲ။ လမ်းတစ်လျှောက် သင်ကြိုက်တဲ့နေရာ မှာဆင်းပြီးလည်ပတ်ကြည့်ရှုလို့ ရနိုင်ပါသေးတယ်နော်။ ဒီခရီးကို ရထားနဲ့လည်းသွားလို့ ရပါတယ်။ ဒါပေမယ့်ဘတ်စ်ကားနဲ့ သွားတာက အလွယ်ကူဆုံးနဲ့ဈေး အသက်သာဆုံး နည်းလမ်းပေါ့နော်။ရိုးရိုးထိုင်ခုံတွေ အစားနှစ် ထပ်အိပ်စင်တွေ ပါတဲ့ဘတ်စ်ကားတွေ လည်းအများကြီးရှိ တာကြောင့် အောက်အိပ်စင် ကိုရအောင်ဘွတ်ကင် လုပ်ပြီးအိပ်လိုက် သွားရုံဘဲနော်။ အကယ်၍ ဘတ်စ်ကား လုံးဝမစီးချင်ဘူး ဆိုရင်လည်း လေယာဉ်ခတွေ ဈေးချိုတာကြောင့် လေယာဉ်နဲ့သွားလို့လည်း ရပါသေး တယ်။ Jetstar  လေကြောင်းလိုင်းက နိုင်ငံရဲ့နေရာ အနှံ့အပြားပျံသန်းပေးနေ တာကြောင့်  အဆင်ပြေလွန်းတာပေါ့။

ဟနွိုင်းမြို့

hanoi

hanoi

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းမှာ အကြီးမားဆုံး မြို့ဖြစ်တဲ့ ဟနွိုင်းမြို့ ဟာ လမ်းကြားလေးတွေ အပြည့်နဲ့ မီးရောင်စုံ လင်းထိန်နေတဲ့ လှုပ်ရှား တက်ကြွနေတဲ့ မြို့တော် ဆိုရင် မမှားပါဘူး။ သင် အာရှတိုက်က နိုင်ငံ တွေကို တစ်ခါမှ မရောက်ဖူးရင်တော့ ယာဉ်ကြောရှုပ်ထွေး မှုကို ဆိုးရွားလွန်းတယ် လို့ထင်မိမှာဘဲ။ဒါပေမယ့် လျှပ်စစ်ဆိုင်ကယ်လေးတွေက ကျွမ်းကျင်စွာနဲ့ဘဲ သင့်ဘေးနားက အးအေးဆေးဆေးဖြတ်မောင်း သွားမှာမို့လို့ မစိုးရိမ်ဘဲ လမ်းကူးလိုက်ပါ။

ဟနွိုင်းမြို့နဲ့ ပတ်သတ်တဲ့ တစ်ချက်ကတော့ ဈေးဝယ်ထွက်ရင် ဗီယက်နမ်နိုင်ငံ တောင်ပိုင်း ထက် ဈေး နည်းနည်းပိုကြီးတယ်ဆိုတာပါဘဲ။ ဒါကြောင့် သင့်ရဲ့ ချွေးနည်းစာ လေးကို မသုံးဘဲ ချွေတာလိုက်ပါ။ ဒီ့ထက်ဈေး သက်သာတာ တွေ အခြားနေရာတွေမှာ သင် ဝယ်လို့ ရနိုင်မှာ မို့လို့ဘဲ။

ဟနွိုင်းမြို့မှာ မြည်းစမ်းကြည့်ဖို့ အရသာရှိလှတဲ့ လမ်းဘေး အစားအစာ လေးတွေ အများကြီးရှိပါတယ်။ bun cha လို့ခေါ်တဲ့ ဝက်သားကင်နဲ့ ဆန်ကြာဆံ ဟင်းကတော့ မြည်းစမ်းကြည့်ဖို့ အသင့်တော်ဆုံးပါဘဲ။ ဝက်သားအပြားအထူကို မွနေအောင်ကင်ထားတဲ့ (cha) နဲ့ ဆန်ကြာဆံ (bun) တို့ ရောစပ်ထားတဲ့ bun cha ဟာ ဆွေမျိုးမေ့သွားလောက်အောင် စားကောင်းပါတယ်။ bun cha ကို ဝက်သားရယ်၊ ကြက်သွန်နီရယ်၊ မှိုရယ် ရောထားတဲ့ ဝက်သားဖက်ထုပ်ကြော်လိပ် (banh goi) ၊ ဆေးဘက်ဝင်အပင်၊ ကြက်သွန်ဖြူ၊ ဆော့(စ်) တွေနဲ့ တွဲစားလေ့ရှိပါတယ်။ ဒီလို စားကောင်းတဲ့ အရသာမျိုး တခြားနေရာမှာ ရှာရခက်တာကြောင့် မြည်းစမ်းဖြစ်အောင် မြည်းစမ်းခဲ့ပါနော်။

အကြံပြုချက်။    ။ ဟနွိုင်းမြို့မှာ ဖြစ်နေကျ လိမ်လည်မှုတစ်ခု က တော့ အပြင်မှာ တကယ်မရှိတဲ့ ဟိုတယ်တွေကို online မှာ တင်ထားတာပါဘဲ။ လေဆိပ်မှာ taxi ငှားပြီး သင် ဘွတ်ကင်လုပ်ထားတဲ့ ဟိုတယ်ကို သွားဖို့ပြောရင် taxi driver က သင်သွားမယ့်ဟိုတယ်က ပြင်နေတုန်း လို့ပြောပါလိမ့်မယ်။ ပြီးတော့ သင့်ကို ပိုဈေးချိုတဲ့ ကောင်းတဲ့ ဟိုတယ်ခေါ်သွားမယ်လို့ပြောပါလိမ့်မယ်။ အမှန်တကယ် က သူခေါ်သွားတဲ့ ဟိုတယ်က ဈေးပိုကြီးပြီး taxi driver တွေက ဟိုတယ်ပိုင်ရှင်တွေဆီက လာဘ်ထိုးတဲ့ ငွေရပါတယ်။ ဒါ့ကြောင့် အကောင်းဆုံး ကတော့ Old Hanoi Quarter ကို သွားပြီး ရှာဖွေကြည့်ပါ။ နောက်တစ်ခုက ဟိုတယ်တွေထဲက ခရီးသွားလုပ်ငန်း စားပွဲတွေမှာ ခရီးစဉ်တွေ ရဲ့ ဈေးတွေကို ကော်မရှင်ခ အဆမတန် တိုးပြီး ယူထားပါတယ်။ ဟိုတယ် အပြင်ဘက်မှာတော့ ဈေးမှန်တဲ့ ခရီးသွားကုမ္ပဏီတွေ အများကြီးရှိတာကြောင့် သင့် ပိုက်ဆံ ကို ချွေတာလိုက်ပါ။

Halong Bay

halong-bay

halong-bay2halong-bay

သဘာဝအလှအပတွေ နဲ့ပြည့်နှက်နေတဲ့ အံ့ဖွယ်နေရာ တစ်နေရာအဖြစ် သတ်မှတ်ခံရတဲ့ Halong Bay ဟာ သင့်ရဲ့မျှော်လင့်ချက် တွေကိုပျက်ပြယ်စေမှာ မဟုတ်ပါဘူး။ ခရီးသွားအစီအစဉ် နဲ့သွားဖို့ ကြိုတင် ဘွတ်ကင်လုပ် ထားသင့်ပါတယ်။ ဒါပေမယ့် ဟိုတယ်တော်တော်များများ က ဈေးတင်ထားတာကြောင့် သင်တည်းတဲ့ ဟိုတယ်ကနေ တစ်ဆင့် ဘွတ်ကင်မလုပ်ပါနဲ့။ ဟိုတယ်အပြင်ဘက်က ခရီးသွားလုပ်ငန်းတွေ ဆီမှာ ဘွတ်ကင်လုပ်ရင် ဒေါ်လာ ၁၀ဝ အောက်ဘဲ ကျသင့်ပါလိမ့်မယ်။ ကြာချိန် ၂ နာရီ ဝန်းကျင် ဘဲရှိလို့ ညအိပ်ခရီး သွားသင့်ပါတယ်။ Halong Bay ကနေ နေထွက်ချိန်ကို ကြည့်ရတာဟာ အရမ်းလှပါတယ်။ Halong Bay မှာ ရှိတုန်း စွန့်စားတဲ့ လှုပ်ရှားမှု တွေလည်း ပြုလုပ်နိုင်ပါသေးတယ်နော်။ ဗီယက်နမ်နိုင်ငံ ရဲ့ အကြီးမားဆုံး ထုံးကျောက်ဂူတွေထဲက တစ်ခု ဖြစ်တဲ့ Sun Sot Cave မှာ လမ်းဆင်းလျှောက်ဖို့ ခရီးသွားအစီအစဉ် တော်တော်များများ က ပြုလုပ်ကြပါတယ်။ ဒီဂူဟာ လူနည်းနည်းများတာကြောင့် တစ်နေရာထဲ မှာ အကြာကြီး အချိန်ဖြုန်းလို့ မရပါဘူး။ ဂူအကြီးကြီးထဲမှာ လူတွေ ကျပ်ပိတ်ညပ်နေတဲ့ ကြားထဲ လမ်းမြန်မြန်လျှောက်ပြီး သွားနေရမှာပါ။ ဒါပေမယ့်လည်း ကြီးကျယ်ခမ်းနားပြီး လှပတဲ့ မြင်ကွင်းတွေ ကို တော့ ကြည့်လို့ရနိုင်မှာပါနော်။

ညနေခင်း မှာတော့ ကယပ်(kayak) လှေစီးဖို့ခဏဝင် လို့ရပါတယ်။ ဂူတွေကြားထဲမှာ တစ်ယောက်ယောက်က သင့်ကိုလှေလှော်ပေးနေချိန်မှာ အေးဆေးထိုင် လိုက်နိုင်ပါတယ်။ ဒါမှမဟုတ် သင့်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်နဲ့ ကိုယ်တိုင် လှေလှော်သွားလို့ရပါတယ်။ ဘယ်လိုဘဲ လှေစီးစီး ရင်သပ်ရှုမောဖွယ် စွန်းမိုက်တဲ့ ရှုခင်းတွေ မြင်ရမှာတော့ အသေအချာပါဘဲ။

Ninh Bihn

ninh-bihnninh-bihn

ညဘက်မှာ နောက်ဆုံး ဘတ်စ်ကားကို အမြန်တက်စီးပြီး Ninh Bihn မြို့လေးကို အလည်သွားလိုက်ပါ။ ညဘက်ကြီး နောက်ကျတဲ့အချိန်မှာ တည်းစရာ နေရာမရှိဘဲ မြို့လေး တစ်မြို့ကို ရောက်သွားတာဟာ ကောင်းတဲ့အရာ မဟုတ်လို့ ဟိုတယ်ကို ကြိုတင်ဘွတ်ကင်လုပ်ထားပါ။ ဒီမြို့လေးကို ခရီးသွား ဧည့်သည် တော်တော်များများ လာလေ့တော့မရှိပါဘူး။ ဒါပေမယ့် အတွေ့အကြုံရချင်တဲ့ ခရီးသွားတွေ အတွက်တော့ မြို့ပတ်ဝန်းကျင်က လှပတဲ့ ကြည်နူးစရာ မြင်ကွင်းတွေ ကြောင့် သွားသင့်တဲ့ နေရာလေးပါ။

Trang An Grottoes

trang-an-grottoestrang-an-grottoes2

Ninh Binh မြို့က နေ ထွက်ပြီး ခဏလေး ကားမောင်းရုံနဲ့ အရမ်းကို စွဲဆောင်မှုရှိတဲ့ Trang An Grottoes ကို ရောက်သွားပါပြီ။ ဒီလို လှပတဲ့ UNESCO ကမာ္ဘ့အမွေအနှစ် စာရင်းဝင် နေရာလေးကို လည်ပတ်ကြည့်ဖို့ အကောင်းဆုံးနည်းလမ်း ကတော့ စွန်းမိုက်တဲ့ လှေလေးစီးပြီး ကြည်နူးစရာကောင်းတဲ့ သဘာဝရှုခင်းတွေကို ကြည့်ရင်း သွားဖို့ပါဘဲ။ ကျောက်ဂူအမိုးတွေ ကနေ တွဲကျလာတဲ့ ကျောက်စက်ပန်းဆွဲ တွေ နဲ့ ထုံးကျောက်ဂူတွေ ကြားထဲ လှော်ခတ် သွားရမှာမို့လို့ တချို့နေရာတွေကျရင် ခေါင်းငုံ့ပြီးသွားရပါလိမ့်မယ်။

အကြံပြုချက်။    ။ ကျောက်ဂူတွေကြားမှာ လှော်ခတ်ရတာ လေးနာရီလောက်ကြာမှာမို့လို့ နေလောင်ဒဏ် ခရင်မ် ထူထူထဲထဲလိမ်းသွားပါ။ ဒါမှမဟုတ် ဦးထုပ်ဆောင်းသွားပါ။

Mua Peak (Mua တောင်ထိပ်)

တက်ကြွတဲ့ ခရီးသွားတွေ အတွက် လှေကားထစ် ၄၅ဝ တက်ရတဲ့ Mua တောင်ထိပ် ဟာ သွားရောက်သင့်တဲ့နေရာဖြစ်ပါတယ်။ Red River Deltaမှ အရှေ့ဘက်ထိမြင်ကွင်း၊ တောင်အောက်က စပါးခင်းတွေ နဲ့ ပတ်ပတ်လည် ဝန်းရံနေတဲ့ တောင်တန်းတွေ စတဲ့ ရင်သပ်ရှုမော ဖွယ်ရာ ပတ်ဝန်းကျင် အလှတရား တွေဟာသင့်ကို စောင့်မျှော်နေ ပါလိမ့်မယ်။ ခွန်အားသုံးရတဲ့ တောင်တက်ခရီးဖြစ်ပြီး မတ်စောက်လှတဲ့ အတွက်မောရင် သောက်ဖို့ရေသယ်သွားပါ။ ပြီးတော့ ဖြေးဖြေးမှန်မှန်လျှောက်ဖို့ အကြံပြုပါရစေ။

Hue

hue

Hue မြို့လေးဟာ ခန့်ကြားလှပတဲ့ သမိုင်းဝင်နေရာ အချို့ကြောင့် သွားရောက်လည်ပတ် ရကျိုးနပ်ပါတယ်။ Imperial Palace (အင်ပါယာနန်းတော်) ကြီး ဟာ အမတန်ခန့်ညားထည်ဝါလှပါတယ်။ ဒါပေမယ့် အရိပ်အများကြီး မရှိဘဲ နေပူထဲ လမ်းလျှောက်ရတာ အတော်လေးကို ပူတာကြောင့် သောက်ရေ လုံလုံလောက်လောက် ထည့်သွားပါ။ နောက်ထပ်သွားလည်သင့်တဲ့နေရာ ကတော့ Khai Dinh ဘုရင်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ သချိုင်းဂူဗိမာန် (Imperial Tomb of Khai Dinh) ဘဲဖြစ်ပါတယ်။ ဒီဂူဗိမာန်ကို ဆောက်လုပ်ပြီးစီးဖို့ ၁၁နှစ် တောင် အံ့အားသင့်လောက်စရာ ကြာမြင့်ခဲ့တယ်။ မြို့ထဲကနေ ခဏလေး ကားမောင်းရုံနဲ့ ရောက်နိုင်တဲ့ နေရာလေးပါ။ ဒီဂူဗိမာန်ဟာ ၎င်းရဲ့ ဗိသုကာလက်ရာတွေ နဲ့ အရှေ့ဖက် ရင်ပြင်မှာ စောင့်ကြပ်နေတဲ့ ကျောက်တုံး နဲ့ ထုဆစ်ထားတဲ့ စစ်သားရုပ်တုတွေ ကြောင့် ကြည့်ရှုရကျိုးနပ်တဲ့ နေရာလေးတစ်ခုပါ။

Hoi An

hoi-an

ဗီယက်နမ်နိုင်ငံ ရဲ့ ဈေးဝယ်ထွက်တဲ့ မြို့တော်လို့ လူသိများတဲ့ Hoi An ဟာ များပြားလှတဲ့ အပ်ချုပ်သမားတွေထဲက တစ်ယောက်ချုပ်ပေးမဲ့ အဝတ်အစားတွေ ကို ဝယ်ဖို့ ခရီးသွားဧည့်သည်တွေ တန်းစီနေတဲ့ နေရာဘဲဖြစ်ပါတယ်။ သင်ချုပ်ချင်တဲ့ အထည် ရယ် အသားရယ် ကို ရွေးပြီး ဘယ်လိုပုံစံချုပ်ချင်လဲ ဆိုတာ ပြောလိုက်ပါ။ နောက်နေ့မှာသင့်ရဲ့ အကျႌအသစ် ရွေးလို့ရနေပါပြီ။ အထည်ရယ် အသားရယ် ချုပ်ချင်တဲ့ပုံစံရယ် ရာချီပြီးရှိတာကြောင့် ကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်ပါတယ်။ ဒါမှမဟုတ် ဒေသခံဆိုင်တွေမှာ ဈေးသက်သက်သာသာ နဲ့ ချုပ်ပြီးသား အကျႌတွေလည်း ရွေးဝယ်နိုင်ပါသေးတယ်နော်။ ဈေးသည်တွေဟာ အများအားဖြင့် ဖော်ရွေကြပြီး သင်ရွေးချယ်လိုက်တဲ့ အကျႌ ကို သင့်ခန္ဓာကိုယ် အတိုင်းပြင်ပေးဖို့  အရမ်းကိုစိတ်အား ထက်သန်ကြပါတယ်။

အကြံပြုချက်။             ။ Hoi An မှာ အရသာရှိလှတဲ့ လမ်းဘေးအစားအစာအချို့ (ဗီယက်နမ်နိုင်ငံမှာ ရှိတဲ့ အကောင်းဆုံးထဲက အချို့ဖြစ်တဲ့) ရှိပါတယ်။ ဒီအစားအစာတွေဟာ ဈေးသက်သာပြီး ညဘက်ဆိုရင် Hoi An မြို့ဟာ လမ်းဘေးဈေးသည်တွေနဲ့ အသက်ဝင်လေ့ရှိပါတယ်။ မှောင်ရီတရော နေဝင်ချိန်မှာ ညဈေး ထွက်လာပြီး မြစ်နားမှာတော့ အသက်ကြီးတဲ့ အမျိုးသမီးတွေရောင်းတဲ့ မီးပုံးလေးတွေ ဝယ်လို့ရပါတယ်။ Hoi An ဟာ ညဘက်မှာ အသက်ဝင်လှုပ်ရှားလာပြီး အမတန်မှ ကြီးကျယ်ခမ်းနားလှပပါတယ်။

Mỹ Sơn Temple (Mỹ Sơn ဟိန္ဒူဘုရားကျောင်း)

my-son-temple

ဟနွိုင်းမြို့ အပြင် ဘက် နည်းနည်းသွားရုံနဲ့ Shiva ဟိန္ဒူနတ်ဘုရား ကို ဂုဏ်ပြုတဲ့ အနေနဲ့ ၄ရာစု ကနေ ၁၄ရာစု အတွင်း တည်ဆောက်ခဲ့တဲ့ (my sun မဟုတ်ဘဲ mee soon လို့ အသံထွက်တဲ့) Mỹ Sơn ဟိန္ဒူဘုရားကျောင်းတွေ ကိုရောက်နိုင်ပါတယ်။ ဒီဘုရားကျောင်းတွေဟာ ဗီယက်နမ်စစ်ပွဲတုန်းက အကြီးအကျယ် ဗုံးထိ ပျက်စီးခဲ့ပေမယ့် တချို့နေရာတွေမှာ အကောင်းအတိုင်းရှိနေသေးပါတယ်။ ဒီနေရာနဲ့ ပတ်သက်ပြီး သင်သိချင်တာတွေ မေးလို့ရအောင် ဧည့်လမ်းညွှန်ပါတဲ့ ခရီးသွား အစီအစဉ် နဲ့သွားပါ။ ဒါမှမဟုတ် လျှပ်စစ်ဆိုင်ကယ်လေး ငှားစီးပြီး ကိုယ့်ဘာသာကိုယ် ဂိုက်လုပ်ပြီး သွားပါ။ အဲ့ဒီမှာ တော်တော်လေး ပူတာကြောင့် ရေဓာတ်ပြည့်အောင် ဖြည့်သွားပါ။

အကြံပြုချက်။             ။ လမ်းတစ်လျှောက် သန့်စင်ခန်းဆိုလို့ kiosk လို့ခေါ်တဲ့ သန့်စင်ခန်းငယ်လေးတွေ ဘဲရှိတာမို့ သန့်စင်ခန်းသုံးစက္ကူတွေ ဆောင်သွားဖို့ မမေ့နဲ့နော်။

Saigon

saigon

မြေပုံပေါ်မှာ ဟိုချီမင်းမြို့ လို့ အတိအလင်းသိထားကြသော်လည်း ဗီယက်နမ်နိုင်ငံရောက်ရင်တော့ ဒီနာမည်ကို ခေါ်ဖို့ မသင့်တော်ပါဘူး။ Saigon ဆိုတာ ဒေသခံတွေ အမြဲတမ်းခေါ်နေမဲ့ နာမည်ဖြစ်ပြီး သူတို့ဟာ ဒီ လှုပ်ရှားတက်ကြွနေတဲ့ မြို့ကြီးကို ဂုဏ်ယူနေကြပြီး ဟိုချီမင်းလို့ နာမည်ပြောင်းခေါ်တာကို လုံးဝလက်မခံကြပါဘူး။ ဒီမြို့ထဲမှာ လုပ်စရာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့်လည်း မော်တော်ဆိုင်ကယ် စီးရေ ၄ သန်း ရှိတာကြောင့် လမ်းလျှောက်တဲ့အခါ အမတန် သတိထားရပါမယ်။ မော်တော်ဆိုင်ကယ်မောင်းသူ အများစု ဟာ သင့်အနားက ကျွမ်းကျင်စွာ ပေါ့ပေါ့ပါးပါး ဖြတ်သန်းပါလိမ့်မယ်။ ဒါပေမယ့် အခါအားလျော်စွာ တချို့ ဆိုင်ကယ်မောင်းသူတွေဟာ သင့်ကို မြင်ဖို့ထက် သူတို့ဖုန်းကို ကြည့်နေရင်း အလုပ်ရှုပ်နေတတ်လို့ လိုအပ်ရင် သင်ရှိနေကြောင်း အသံပြုပါ။

Saigon ဟာ နောက်ဖေးလမ်းကြားတွေ နဲ့ လမ်းထောင့်တွေ မှာ ပေါ်ထွက်လာတတ်တဲ့ လှုပ်ရှားရှုပ်ထွေးနေတဲ့ ဈေးတွေကြောင့် နာမည်ကျော်ပါတယ်။ အကြီးမားဆုံးနဲ့ အတည်တကျအဖြစ်ဆုံးဈေး ဖြစ်တဲ့ Ben Thanh ဈေး ဟာ ဒေသထဲမှာရှိပြီး ဆူညံနေသလို ဈေးကြီးပြီး ခရီးသွားဧည့်သည်လာရောက်လည်ပတ်မှု များတဲ့ ဈေးလည်းဖြစ်ပါတယ်။ အစားအစာ အမျိုးပေါင်းများစွာဟာ အရသာရှိလှပြီး အံ့ဩဖွယ် ကောင်းလွန်းတာကြောာင့် သွားကြည့်သင့်ပါတယ်။ ဒါပေမဲ့ ခရီးသွားဧည့်သည်တွေ အတွက် ဈေးတင်ထားတာကြောင့် ဖြစ်နိုင်ရင် အိမ်ပြန်လက်ဆောင် ပစ္စည်းအသေးအမွှားလေးတွေကို အဲဒီမှာ မဝယ်ဘဲနဲ့ ဒေသခံဆိုင်တွေမှာ ဘဲဝယ်ပါ။

Cu Chi Tunnels (Cu Chi မြေအောက်ဥမင်လှိုင်ခေါင်းများ)

cu-chi-tunnels

၁၉၄ဝ ခုနှစ်နှောင်းပိုင်းတွေမှာဆောက် လုပ်ခဲ့တဲ့ Saigon က Cu Chi Tunnels တွေဟာ ရှုပ်ထွေးကွေ့ကောက်တဲ့ မြေအောက် လှိုင်ခေါင်းတွေ ဖြစ်ပြီး ပြင်သစ်တွေ ကျူးကျော်ဝင်ရောက်လာတဲ့ အချိန်မှာ မျိုးချစ် တော်လှန်ရေးသမားတွေ ပုန်းအောင်းခဲ့တဲ့နေရာ ဘဲဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အမေရိကန်စစ်ပွဲ အတွင်း ပုန်းအောင်းဖို့ အသုံးပြုခဲ့ကြပြီး ကမော္ဘဒီးယား နယ်စပ်ကို လမ်းပေါက်တယ်လို့ ယုံကြည်ကြပါတယ်။ ယနေ့ခေတ်မှာတော့ အရပ်နည်းနည်းပိုရှည်တဲ့ ခရီးသွားဧည့်သည်တွေ အတွက် အနည်းငယ် ချဲ့ထွင်ထားပြီး အမတန်စိတ်ဝင်စားစရာ ကောင်းတဲ့ နေ့တဝက် ခရီးစဉ် ဖြစ်လာပါတယ်။ မြေအောက်လိုဏ်ခေါင်းထဲကို တွားသွား ရတာ ရင်တထိတ်ထိတ်နဲ့ ချောက်ချားဖွယ်ကောင်းပေမဲ့ သင် သတ္တိရှိတယ်ဆိုရင်တော့ တော်လှန်ရေးသမားတွေ ဘယ်လိုနေထိုင်ခဲ့သလဲ ဆိုတာ အတိအကျသိရှိနိုင်တာပေါ့။ ပိုပြီး စွန့်စားချင်ရင်တော့ သေနတ်ပစ်ကွင်းထဲမှာ M-16 ကဲ့သို့ အားပြင်းတဲ့ သေနတ်အစစ် ကျည်ဆံအစစ်နဲ့ စမ်းပစ်ကြည့်လို့ရပါသေးတယ်နော်။ ဒါဟာ အလွန်ပျော်ဖို့ကောင်းပါတယ်။

အကြံပြုချက်။    ။ ခရီးစဉ်တွေဟာ ဈေးအလွန်ချိုပြီး နေ့တဝက် ခရီးစဉ် ကို သွားဖို့ တိုက်တွန်းချင်ပါတယ်။ မနက်ခင်းပိုင်း ခရီးစဉ်နဲ့ သွားနိုင်မယ်ဆိုရင်တော့ ဒီနေရာလေးရဲ့ အကျော်ကြားဆုံး နေ့လည်ခင်း မုတ်သုံမိုး ကို ခံစားကြည့်ရှုဖို့ အကောင်းဆုံးပါဘဲ။

cu-chi-tunnels2cu-chi-tunnels3

အတွေ့အကြုံများတဲ့ ခရီးသွားဧည့်သည်တွေ အတွက်ကတော့ ဗီယက်နမ်နိုင်ငံဟာ ရိုးရှင်းတဲ့ ချစ်စရာ အလှတရားတွေ နဲ့ သင့်ကို ဆွဲဆောင်နေတဲ့ သာယာလှပတဲ့ နိုင်ငံလေးတစ်ခုပါ။ ဒေသခံတွေဟာ ဖော်ရွေ စပ်စုတတ်ပြီး အမြဲတမ်း ကူညီတတ်ကြပါတယ်။ အတွေ့အကြုံသိပ်မရှိသေးတဲ့ ခရီးသွားဧည့်သည်တွေ အတွက်ကတော့ သင့်ကို နွေးထွေးစွာ လက်ကမ်းကြိုဆိုနေပြီး မယုံနိုင်လောက်အောင် လှပတဲ့ဒီနေရာလေးကို ဆက်ပြီးစူးစမ်းလိုစိတ် တဖွားဖွား ပေါ်ပေါက် လာအောင် ပြုလုပ်ပေးမဲ့ နိုင်ငံလေးတစ်ခုပါ။ လည်ပတ်ဖို့ ကြည်နူး အားရဖွယ် အကောင်းဆုံး နေရာလေးတစ်ခု လည်း ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဖြစ်နေကျ လိမ်လည်မှုလေးတွေကို တော့ သတိထားပါ။ တခြားသော ဖွံ့ဖြိုးဆဲနိုင်ငံတွေ လိုဘဲ “သင်ဟာ ဥရောပလူမျိုး လူဖြူဆိုရင် ချမ်းသာရမယ်”ဆိုတဲ့ မှားယွင်းတဲ့ အတွေးအထင်တွေ ရှိတတ်တာကတော့ ဗီယက်နမ်နိုင်ငံလည်း အတူတူပါဘဲ။ ဒါကြောင့်မို့လို့ စမတ်ကျကျနဲ့ သင်ဘာမျှော်လင့်လဲဆိုတာ ကြိုတင်လေ့လာ ဖတ်ရှုထားသင့်ပါတယ်။ အရက်သောက်ဖို့ ဖိတ်ခံရတာကောင်း တယ်ဆိုပေမဲ့ သင်ငွေရှင်းရပါလိမ့်မယ်။ ဒီလို အသေးအဖွဲလေးတွေ ကိုလည်း သတိပြုထားသင့်ပါတယ်။

Reference : www.tripzilla.com
Image Credit : www.tripzilla.com

4 comments

  • ကထူးဆန်း

    November 30, 2016 at 11:03 pm

    အရက်သောက်ဖို့ ဖိတ်ခံရတာကောင်း တယ်ဆိုပေမဲ့ သင်ငွေရှင်းရပါလိမ့်မယ်။
    🙂 🙂

  • သျှားသက်မာန်

    December 1, 2016 at 11:55 am

    ပိုက်ပိုက်စုထားပါ…ဆန္ဒရှိရင်….

  • သျှားသက်မာန်

    December 1, 2016 at 12:25 pm

    သွားလို ့ရပါတယ်

Leave a Reply