“အမလေးလေး ငါ ဒီနေ့ထီထိုးရမယ့်ပုံပါလားဟယ်”
“အွင် ဘာလို့လဲ မေမေရ”

“ထူးထူးခြားခြား ဖုန်းဆက်တာနဲ့ တန်းကိုင်လို့လေ”
“အာာ မေမေကလဲ”

“ဟုတ်တယ်လေ … မေမေဖုန်းခေါ်တိုင်း ငါ့သားက ဂိမ်းဆော့နေတာပဲကို”
“ခု မဆော့တော့ဘူး မေမေရ၊ ဂိမ်းဖြတ်ပလိုက်ပီ”

“ကျိစမ်း လိမ်မာလိုက်တဲ့ ငါ့သားလေး၊ ဂိမ်းပြတ်သွားပီဆိုတော့ နောက်ဖြတ်စရာတခုပဲ ကျန်တော့တယ်နော်”
“အင်းပါ မေမေရ၊ ဖြတ်တာတော့ ဖြတ်မှာပေါ့၊ မေမေလဲ မသိတာမဟုတ်ဘူး သိရဲ့သားနဲ့”

“ဟဲ့ ဘာမှမဆိုင်ဘူး၊ ကြားကြားဖူးပေါင် ရုပ်ရင့်ချင်လို့ ဆေးလိပ်သောက်တာတောင် လာလုပ်နေသေးတယ်”
“ဟုတ်တယ်လေ၊ သားက မှတ်ပုံတင်ထဲမှာလဲ ထင်ရှားတဲ့အမှတ်အသားက တော်တော်ချော တော်တော်နုလို့ ရေးထားဒါကို”

“တော်စမ်း ပေါက်ကရတွေ၊ ငါပြောလိုက်ရမကောင်းရှိတော့မယ်၊ ဖြတ်တော့ အာ့ဆေးလိပ်လဲ”
“ဟု ဖြတ်တာတော့ ဖြတ်မှာပေါ့၊ ဒါမယ့် လောဆယ်ရုပ်က မရင့်သေးပု နုနေတုန်းလေးမို့”

“လာပြန်ပီ၊ ဒီရုပ်ရင့်တဲ့ကိစ္စ”
“အင်းပါ လောဆယ်လျှော့သောက်နေတယ်၊ သား ပြတ်အောင်ဖြတ်ပါ့မယ် နော်၊ ဟုတ်ပီလား”

“ပီးတာပဲ၊ ကျန်းမာရေးဂရုစိုက်ဦးနော် သား”
“ဟု ဟု မေမေ”

တကယ်တော့ အမေလုပ်သူကမသိ၊ အရင်က ဆေးလိပ်မသောက်တတ်ပေမယ့် ကိုယ်ကျောင်းဆင်းလို့ ဒုဗိုလ်ဘဝနဲ့ တပ်ရောက် ရှေ့တန်းထွက်မှ ဆေးလိပ်သောက်တာကို လိုုလိုချင်ချင် စသင်တာ၊ ဒါကလဲ ကိုယ့်အကြောင်းနဲ့ကိုယ်၊ ကိုယ့်အဖြစ်ကို ကိုယ်သာအသိဆုံး၊ ခုထိပြန်တွေးတိုင်း မျက်ရည်ဝိုင်းတုန်း။
______________________________________

ဒီအိမ်ရှေ့ ကိုယ်ဖြတ်လျှောက်တာ ဒါပါနဲ့ဆို ၄ ခါရှိပီ၊ ဒီနားတဝိုက် အဘပြောသလို အမိုးအပြာနဲ့ သားသားနားနားအိမ်ကြီးအိမ်ကောင်းဆိုလို့ ဒီတအိမ်ထဲရှိတာရယ်၊ ခက်တာက မနေ့တနေ့မှ ရခိုင်ရောက်တာဆိုတော့ သူတို့စကားတွေ ကောင်းကောင်းလိပ်ပတ်မလည်သေး၊ လက်ဘက်ရည်တိုက် နို့နှိုက်ဆွာလောက်ပဲသိတာဆိုတော့ ပတ်ဝန်းကျင်ကလူတွေမေးလဲ မဆင်မပြေပြန်၊ ခြံတံခါးသွားခေါက်ရအောင်လဲ ကိုယ်နဲ့ကမသိ၊ အိမ်ထဲက လူရိပ်လူခြေလဲ ခုထိမတွေ့သေးတော့ အခက်။

ကိုယ်တွေရှေ့တန်းထွက်ရတဲ့နေရာက အာ့တုန်းက အဖြူရောင်နယ်မြေ။ သူပုန်သူကန်မပြောနဲ့ အရက်ဝိုင်း ကြက်ဝိုင်းမှာ စကားများရန်ဖြစ်တာလောက်ပဲရှိပီး လူသတ်တာတွေ လူသေတာတွေလဲ မရှိတော့ တော်တော့်ကို အေးအေးချမ်းချမ်း၊ နောက် ဒီနယ်မြေက အစိုးရတပ်တွေနဲ့လဲ ရင်းနှီးပီးသားဖြစ်ရုံတင်မက သူပုန်တွေဘာတွေလဲ ဝင်လာဖို့မလွယ်တဲ့နယ်မြေမျိုး၊ ဘယ်လွယ်လိမ့်မတုန်း ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းကြီးကိုးး။

ဒီတော့ အားလုံးက ပုံမှန်၊ အနီးပတ်ဝန်းကျင်က ရွာသူရွာသားတွေကလဲ သူ့အလုပ်သူလုပ်ပီး ခပ်အေးအေး၊ ကိုယ်တွေစခန်းနဲ့ မြို့က တောင်နဲ့မြောက်လိုဖြစ်နေတော့ သွားရလာရ အခက်အခဲဖြစ်တာလေး တခုသာရှိတာ၊ ဒါလဲ ဆိုင်ကယ်နဲ့ ၂ နာရီခွဲလောက် မောင်းရင်တော့ မြို့ထဲရောက်သွားတာပါပဲ၊ မြို့ဆိုတာလဲ တခြားတော့မဟုတ်၊ သင်္ဘောဆိပ်နား ဈေးကြီးရှိပီး စည်စည်ကားကားလေးဖြစ်နေတော့ အာ့ကိုမြို့လို့ခေါ်ကြတာ၊ တကယ်တော့ ရပ်ကွက်ကြီးတခုသာသာရယ်၊ ထားတော့။

ပုံမှန်ဆို ကိုယ်က မြို့ထဲလိုက်လေ့မရှိ၊ အဘနဲ့ သူ့ IO အကိုကြီး ကိစ္စရှိလို့ မြို့ထဲသွားတိုင်း ကိုယ်က စခန်းစောင့်ကျန်နေကျ၊ ခု ဒီနေ့မှ ကိုယ့်စီနီယာ အဘ IO ကြီးက နေလဲမကောင်း ဝမ်းလဲသွားနေလို့ ကိုယ်လိုက်လာရတာရယ်။

“ဟင် မင်းကို ……က ဘာမှမပြောဘူးလားကွ”
“ဟုတ် အဘနဲ့ မြို့ထဲလိုက်သွားလို့ပဲ ပြောတာ”

“အေးကောင်းရော၊ မြို့ထဲက ထမင်းစားဖိတ်လို့ သွားရမှာကွ၊ မင့် ပုဆိုးလေးဘာလေး မရှိဘူးလား”

အရင် ဒီကျွန်းစခန်းလုံခြုံရေး (ကျွန်းစခန်းထိုင်) က ကိုယ်တွေတပ်မဟုတ် တခြားတပ်၊ ခုမှ ကိုယ်တွေတပ်က စခန်းစထိုင်တာ ဖစ်တာရော၊ နောက်ပီး ကိုယ်တွေစရောက်တော့ မိုးတွင်းအစလေ၊ ခုမှ မိုးအကုန် ပွင့်လင်းရာသီရောက်တာရောကြောင့် စခန်းမှူး (တပ်ရင်းမှူး) အသစ်ကို မြို့ထဲက ထမင်းဖိတ်ကျွေးကြတာ။

“ရေလဲပုဆိုးလေးတထည်ပဲ ပါလာတာအဘ၊ အာ့ကလဲ ကောင်းဘူး”
“အဲ့ဒါဆို စတိုင်ပန်လေးဘာလေးရော”

“ရှေ့တန်းဆိုတော့ အကောင်းတွေနှမြောလို့ ထည့်မလာတာ အဘ၊ ဒါ ပါလာတဲ့အထဲ အကောင်းဆုံးပဲ”
“မင့် အကောင်းဆုံးကလဲ ဘောင်းဘီတိုကြီး၊ အေးကွာ ထားတော့ ငါနဲ့ ဟိုကောင့် အဝတ်အစားတွေဆိုလဲ မင်းက တော်မှာမဟုတ်ဘူး၊ မထူးပါဘူးကွာ ဒီတိုင်းသာ လိုက်ခဲ့ပါတော့၊ ရော့ရော့ ဆိုင်ကယ်သော့၊ ဆိုင်ကယ်သွားထုတ်ချေ”

“ဟင် … အဘ၊ ကျနော်က ဆိုင်ကယ်မမောင်းတတ်ဘူးလေ”
“ဟေ … ကောင်းရောကွာ”

ပြောမယ့်သာပြောတာ၊ တပ်မှာ တပ်ရင်းမှူးဆိုင်ကယ်နောက် အခန့်သားလိုက်ထိုင်စီးဖူးတာဆိုလို့ ကိုယ်တယောက်ထဲရှိတာရယ်၊ မတတ်နိုင် ကိုယ်မှ အာ့တုန်းက မစီးတတ်ဘဲလေ နော့်။

“ကဲ ဆရာ၊ ဟိုရှေ့နားမှာ သွပ်မိုးအပြာနဲ့ အိမ်၊ အာ့နားမှာ အိမ်ကြီးကြီးမားမားဆိုလို့ အာ့တအိမ်ပဲရှိတာ၊ အာ့ကိုသွားလိုက်၊ အဘကိုမေးရင် ဦးစီးမှူးအိမ်ကလဲ ထမင်းစားဖိတ်ထားလို့ အာ့အိမ်သွားတယ်လို့ပြောလိုက်၊ ဟုတ်ပီလား”
“ဟုတ် အဘ”

“အေးအေး ထမင်းစားဖိတ်ထားတာက နှစ်အိမ်ဖြစ်နေလို့ကွာ၊ မင်းကို ခေါ်လာတာ၊ မင်း အာ့အိမ်သွားလိုက်ပေါ့၊ ကဲ ပီးမှ …. မှာ ပြန်ဆုံမယ်”

အာ့သလိုကြီးထားခဲ့တော့ ကိုယ့်မှာ ဂွကျနေရောပဲ၊ ရခိုင်စကားက လည်လည်ဝယ်ဝယ်မတတ်၊ မြို့ထဲကလဲ မရောက်ဖူး၊ ဒီကြားထဲ အခု ကိုယ်နဲ့လဲ တခါမှမဆုံဖူးတဲ့ အိမ်မှာ တယောက်ထဲ ထမင်းသွားစားရမယ်ဆိုတော့ ပိုဆိုးနေရော၊ ဟော တွေ့ပါပီ။

ခြံရှေ့ရစ်သီရစ်သီလုပ်နေတဲ့ကိုယ့်ကို သတိထားမိလို့လားတော့မသိ၊ မျက်မှောင်ကြီးကြုတ်ပီး အိမ်ထဲကထွက်လာတဲ့ မိန်းမကြီးတယောက်

“ဟွာလေ အန်တီ၊ ဒါ ဦး …. ဒေါ် ….. တို့ အိမ်ကပါလား”
“ဟုတ်ပါတယ်၊ ဘာကိစ္စရှိလို့ပါလဲ”

“အော် ဟုတ်၊ ကျနော် သူတို့နဲ့တွေ့ချင်လို့ပါ”
“အန်တီက ဒေါ် …. ပါ၊ အချေက ဘယ်သူလဲ ဘယ်ကလဲ”

“ဟုတ် ကျနော်က …..တောင်စခန်းကပါ”
“အော် ဟုတ်လား၊ မသိပါဘူး အန်တီက အချေ အိမ်ရှေ့ဖြတ်လျှောက်နေတာ ၃ ၄ ခေါက်လောက်ရှိပီဆိုတော့ သမီးရဲ့ ကျောင်းသားများလားလို့”

“ငင့်”
“ဒါနဲ့ အဘရော အချေ”

“ဟုတ် ဦးစီးမှူးအိမ်ကလဲ ဒီနေ့အဘကို ထမင်းဖိတ်ကျွေးလို့ အာ့ကို သွားပါတယ် အန်တီ၊ ကျနော့်ကို အာ့ကြောင့် လွှတ်လိုက်တာပါ”
“ဟယ် ဖစ်ရမယ်၊ ဒီမှာ အကုန်ပြင်ထားတာ၊ အာ့လိုမှန်းသိ နောက်နေ့မှ ဖိတ်ပါတယ်”

ခုချိန်ထိ ကိုယ့်ကို အိမ်ထဲပေးမဝင်သေး
ဘယ့်နှာ၊ ဗိုက်ကဆာနေပီရယ်၊ မဆာခံနိုင်ရိုးလား၊ ဒီခရီးနက် ဒီလမ်း ခုန်ပေါက်ပီး ဆိုင်ကယ်ကစီးလာရသေး၊ ဒီရောက်တော့လဲ ဒီနားတင်ပတ် လမ်းလျှောက်ဟန်ရေးပြနေရတာ ဆာပီပေါ့၊

ဒါလဲ အလိုက်ကမသိသေးပု၊ အိမ်ထဲလှမ်းအော်ပီး
ဖေကြီးရေ အဘက ဦးစီးမှူးအိမ်သွားတယ်တဲ့၊ တရက်ထဲတိုက်သွားတာ မသိလိုက်ဘူး၊ ဒီမှာပြင်ထားတာတွေ နှမြောစရာ၊ အာ့လိုမှန်းသိ နောက်နေ့မှာဖိတ်ပါတယ်တွေ ဘာတွေ လုပ်နေသေး။

“အေးကွယ်၊ ကျေးဇူးပဲ အချေရယ်၊ ဘယ်တတ်နိုင်မလဲ နောက်နေ့မှ ထပ်ဖိတ်တာပေါ့”
“ဟုတ်”

“အေးအေး”

သောက်ပလုတ်တုတ်၊ ငါ့ အိမ်ထဲ ပေးမဝင်ဘူးဟ၊ ပြောပြောဆိုဆိုနဲ့ လှည့်ပီး အိမ်ထဲဝင်သွားတာကျန်း၊ ခြံတံခါးပဲကျော်ပီးဝင်ရမလား၊ ဒါမှမဟုတ် ခါးနောက်မှာထိုးထားတဲ့ ပစ္စတိုထုတ်ပီးပဲ
“ဟိုဘွားတော် ခဗျားခြံတံခါးဖွင့်မှာလား မဖွင့်ပုလား ပြော” ဆိုပီး သေနတ်ပြ ထမင်းတောင်းစားရင်ကောင်းမလား၊ ဘာဆက်လုပ်လို့ လုပ်ရမယ်မသိ၊ သူက ပြန်ဝင်သွားတော့ ကိုယ့်မှာပြူးကြောင်ပြူးကြောင်နဲ့ ခြံရှေ့မယ် ငေါက်တောက်ရီး။

ကိုယ် ဖင်ကုတ်လိုက် ခေါင်းကုတ်လိုက်လုပ်ပီး
ခြံရှေ့ရပ်နေတာကို မြင်သွားလို့ထင်ပါရဲ့ အိမ်ထဲကပြန်ထွက်လာပီး

“အော် အေး ဘာရှိသေးလို့လဲ အချေ”
“ဟွာလေ ကျနော်က ”

“အော် အမေကြီးရယ်၊ ကလေးကို ရေလေးဘာလေးတိုက်လိုက်ဦးလေ၊ နင့်မလဲ အိမ်ထဲတောင်မခေါ်ဘူး၊ ခြံတံခါးကြီးပိတ်ပီး ရပ်စကားပြောနေရတယ်လို့”
“အော် ဟုတ်သားပဲ၊ ကျမလဲ အဘမလာတော့ဘူးဆိုလို့ လောသွားလို့ပါတော်၊ လာလာ အချေ၊ အိမ်ထဲဝင်”

(အောင်မလေးလေး ကျေးဇူးတင်လိုက်တာ ဦးရယ်လို့ မပြောလိုက်တော့ပါဘူး)

“လာလာ အချေ ထိုင်၊ ရေသောက်မယ်မလား”
“ဟုတ်”

(မတတ်နိုင် ရေတိုက်တော့လဲ ရေပေါ့၊ ဗိူက်ကဆာနေပီကို၊
ရေတခွက်သောက်ရ နည်းလား )

“အချေ မင့် အပေါ့တွေဘာတွေသွားချင်ရင်လဲ သွားနော်၊ အားမနာနဲ့၊ ခုန ခြံရှေ့ရပ်နေတာ အပေါ့သွားချင်လို့မလား”
“ငင့် ဟု ”

(အောင်မလေးလေး မှန်လိုက်တာဦးရယ်၊ လခွမ်းတဲ့မပဲ မှန်လိုက်တာ)

“ဈေးထဲက အိမ်သာကျ ဝေးတာပေါ့၊ ဒီလိုပဲ အပေါ့သွားချင်ရဲ့သားနဲ့ အောင့်ထားရတဲ့ဒုက္ခကလဲ မသေးဘူး၊ သွားသွား ဒီကနေ တည့်တည့်သွားချေ၊ ထမင်းစားခန်းကျော်ရင်ပီး နောက်ဖေးမယ် အိမ်သာရှိတယ်”
“ဟုတ်”

မွှေးလတ်တာနော်၊ ထမင်းစားခန်းထဲက အဖြတ်၊ သမာဓိရှိုးလေးနဲ့ ဖတ်ခနဲ မျက်လုံးလေးထောင့်ကပ်ကျိတော့ ထမင်းစားပွဲပြင်ထားတာ အလျှံအပယ်၊ ဂွီကနဲ တက်လာတဲ့ ဗိုက်ထဲကအသံကို မသိချင်ယောင်ဆောင်၊ ကိုယ့်သွားရည်လေးကိုယ်ပြန်သိမ်းပီး ဆန္ဒကို သိက္ခာလေးနဲ့ ထိန်းပလိုက်တယ်၊ မတတ်နိုင် ထမင်းမစားရ အနံ့ရှူ ရှူးပေါက်ပြန်ရုံပေါ့။

“လာ ထိုင်ပါဦး၊ အချေက ဘယ်ရွာကလဲ”

(ဟင် ဘယ်ရွာကလဲတဲ့ မေးမှ မေးတတ်ပလေ)

“မဟုတ်ပါဘူး၊ ကျနော်က ….. စခန်းကပါ”
“ဟေ ဟုတ်လား၊ ဟားဟား ဖစ်ရမယ်၊ ထင်တော့ထင်သား ရခိုင်စကားလဲမတတ်၊ စကားလဲမဝဲတော့ တခုခုတော့ တခုခုပဲလို့”

(အောင်မလေးလေး ထင်ပေလို့သာပေါ့)

“ဟုတ်”
“ဒါနဲ့ အဘမလာဘူးဆိုတော့၊ အဘနဲ့ပါပါလာနေကျ ဟိုဗိုလ်ကြီးတယောက်ကော”
“အေးလေ ဟုတ်သားပဲ၊ အာ့ ဗိုလ်ကြီးကော မလာဘူးလား”

“ဟုတ် သူက နေသိပ်မကောင်းလို့ လိုက်မလာတာပါ”
“အော် ဖစ်မှဖစ်ရလေကွယ်၊ ဒီနေ့ကျမှ”
“ဟုတ်ပါ့တော်၊ သူနေကောင်းရင် အဘမလာလဲ သူလာလို့ရတာပဲကိုကွယ်၊ ဒီမှာပြင်ထားဆင်ထားတာကို”

(အခုလဲ ရောကေ်နပီကို၊ သူတို့ဖြင့် ထမင်းမကျွေးသေးပဲနက်)

“ဒါနဲ့ အချေက အာ့စခန်းမှာ ဘာလုပ်တာတုန်း”
“ခင်ဗျာ၊ ကျနော်လဲ အာ့စခန်း တာဝန်ကျတာပဲလေ”

“အော် ဒါဆို အချေက စစ်သားပဲပေါ့၊ ငယ်ငယ်လေးပဲ ရှိသေးတယ်နော်၊ မထင်ရပု”
“အာ့ စခန်းမှာ ဗိုလ်ကြီး ၂ ယောက်ပဲရှိတာမလား၊ ကျန်တာ အချေတို့လို စစ်သားတွေပေါ့”
“ဗျာ ဘလို?”

“အော် အာ့စခန်းမှာ အဘရယ်၊ နောက် အဘနဲ့ပါလာတဲ့ ဟိုဗိုလ်ကြီးရယ် နှစ်ယောက်ပဲရှိတာမလားလို့”

အောင်မလေးလေး၊ အာ့လိုမေးခွန်းမျိုး မေးမှမေးပါ့မလားလို့၊ ပျော်လွန်းလို့ ရင်ထဲလှိုက်ခနဲ လှိုက်ခနဲနဲ့ မျက်ရည်များတောင်စို့တယ်၊ ဆယ်တန်းအောင်တုန်းကတောင် ဒီလောက်မပျော်လိုက်မိဘူး၊ ဘယ့်နှာ ကျနော် စစ်ဗိုလ်ပါဗျာ၊ ဖျားစူးစစ်ဗိုလ်ပါလို့ ပြောချင်လိုက်တာ အူတွေကိုယားနေတာပဲ၊ ခုမှပဲ ပြောခွင့်ကြုံတော့တယ်။

ခေါင်းကိုမော့ ရင်ကိုကော့ပီး ဖြေပလိုက်တာ

“၃ ယောက်”
“ဟင် ၃ ယောက်လား? ဒါဆို နောက်တယောက်က?”

“ဟုတ် ကျနော်”
“ဟင်”
“ဟယ်”

“ဟု ဗိုလ်ကြီး (အရာရှိ) တွေကိုပဲ ပစ္စတိုထုတ်ပေးတာပါ၊ ဒမှာ ကျနော့် ပစ္စတို”

မတတ်နိုင်၊ ကိုယ့်မှာ အရာရှိဖစ်ကြောင်းပြစရာဆိုလို့ ဒါပဲပါလာတာ၊ ဂေါက်ခနဲ စားပွဲပေါ် ပစ္စတိုတင်လိုက်တော့ တမိနစ်လောက် ကြက်သေသေသွားကြတယ် ထင်ပါရဲ့၊ ပါးစပ်ကြီးတွေ အဟောင်းသား မျက်လုံးကြီးတွေပြူးလို့၊ နောက်မှ သတိပြန်ဝင်လာကြပီး

“ဟယ် မထင်ရဘူးနော်၊ ငယ်ငယ်လေးပဲ ရှိသေးတာဆိုတော့၊ ဗိုလ်ကြီးလို့ မသိဘူး”
(မထင်ရဘူးနော်တဲ့ )

“ဖစ်မှဖစ်ရလေ ဗိုလ်ကြီးရယ်၊ အားနာစရာ၊ စောစောကပြောပါလား၊ ဒီမှာ ဗိုလ်ကြီးတို့အတွက် ထမင်းစားပွဲပြင်ထားတာ၊ အေးတောင်အေးနေရောပီ၊ လာလာလာ ဗိုလ်ကြီးလာ”

သူတို့ဖြင့် တခွန်းမမေးပဲနက်၊ ထင်ချင်ရာထင်နေကြပီးတော့၊ ဒီက ဗိုက်ဆာတာ အူတွေလှိမ့်နေပီရယ်၊ ကျနော် ဗိုလ်ကြီးပါခင်ဗျာလို့ ပြောလို့လဲမကောင်း၊
သေနတ်ထုတ်ပီး ထမင်းကျွေးမှာလား မကျွေးဘူးလားလို့ လုပ်ရင်လဲ ကျော်မကောင်း ကြားမကောင်းဖစ်အူးမယ်၊ တကထဲ။

“သမီးတို့ရေ ဒမှာ ဗိုလ်ကြီးရောက်နေတာ၊ ထမင်းခူးထားတော့ဟေ့”

အံမယ်၊ ခုမှ ဗိုလ်ကြီးလို့ယုံသွားလို့လား သေနတ်နဲ့ ထပစ်မှာကြောက်လို့လား မသိ၊ သမီးတို့ရေ ထမင်းခူးထားတော့တဲ့

“အားနာလိုက်တာ ဗိုလ်ကြီးရယ်”

“ဟုတ်ပါ့၊ ဘောင်းဘီတိုလေးနဲ့လဲဖစ် ငယ်ငယ်လေးလဲဖစ်တော့ ဗိုလ်ကြီးလို့ကို မထင်တာ”

“စား ဗိုလ်ကြီးစား အားမနာနဲ့”

မကြားတော့၊ ဘာဆိုဘာမှမကြားတော့၊
ရှက်ကလဲရှက် ငတ်ကလဲငတ်နဲ့
မျက်လုံးထဲ ဟင်းခွက်
နှာခေါင်းထဲ ဟင်းနံ့
နားထဲ ဗိုက်ကဆန္ဒပြသံ
ဒါတွေကလွဲရင် ဘာဆိုဘာမှမသိတော့။

စခန်းပြန်ရောက်တော့ တပ်ရင်းမှူးခမျာ ရယ်လိုက်တာ ရယ်လိုက်တာဆွာ မြင်မကောင်းဘူး၊ အဘတင်ပဲလားဆိုတော့ အကုန်လုံး၊
ခုထိ အရင်တပ်မှာ ပြောစရာကြီးကိုဖြစ်လို့၊ နောက် ရယ်လို့ဝတော့မှ အဘက သူ့ဆိုင်ကယ်သော့ကြီးပေးပီး

“ရော့ မင်းဆိုင်ကယ်မောင်းသင်ချေ၊ လူရော ဆိုင်ကယ်ရော ဘေးတော့မဖစ်စေနဲ့၊ နောက်ခါ မြို့ထဲသွားလို့ မင့်မမောင်းတတ်ရင် ငါ့တင်ပီး တွန်းရမယ်မှတ်”

အာ့မှာစပီး ဗွီးတို့ ဆိုင်ကယ်မောင်းတတ်သွားတော့တာပဲ၊
၂ နာရီခွဲခရီးလေ၊ တွန်းရင် သေရချည်ရဲ့။

နောက်ပီး အာ့ထဲက ရုပ်ရင့်အောင်ဆိုပီး ဆေးလိပ်စသောက်တော့တာ ဒီနေ့ဒီချိန်ထိ

လင်းထက်

 

About Linn Htet

Linn Htet has written 1 post in this Website..