Super Bug (စူပါရောဂါပိုး)

etoneAugust 31, 20102min1251

လွန်ခဲ့သော လပိုင်းများမှ စ၍ အင်တာနက် စာမျက်နှာများ ပေါ်တွင် Super Bug (စူပါရောဂါပိုး) ဆိုသော စကားလုံးသစ် တစ်လုံး စတင်ခေတ်စားလာခဲ့ပြီး
ယခုရက်ပိုင်းအတွင်းတွင် နိုင်ငံပေါင်းစုံ၏ သတင်းစာ စာမျက်နှာများတွင်

ဖော်ပြသတိပေးလာရသည် အထိ ကျယ်ပြန့်လာခဲ့ရသည်။ ထို့ကြောင့်သတင်းကောင်း တစ်ပုဒ်ကို ကမ္ဘာနှင့်တပြေးညီ တိကျပြည့်စုံစွာ
သိရှိနိုင်စေရန် ယခုလ ၁၈ ရက်နေ့ထုတ် Moscow Time သတင်းစာပါ “အသစ်ပေါ်လာသော
စူပါရောဂါပိုးက ကမ္ဘာကြီးကိုခြိမ်းခြောက်လျက်ရှိ” သတင်းဆောင်းပါးနှင့် တကွ
စူပါရောဂါပိုးဆိုင်ရာ အချက်အလက်များကို စုစည်းတင်ပြ ပေးလိုက်ပါသည်။

စူပါရောဂါပိုးဆိုသည်မှာ လက်ရှိကမ္ဘာပေါ်တွင် ရှိရှိသမျှသော ပိုးသတ်

ပဋိဇီဝဆေး (antibiotics) များ အားလုံးနီးပါးကို ခံနိုင်ရည်ရှိပြီး
ထိုဆေးများနှင့် ထိတွေ့နေသော်လည်း အသက်ဆက်ရှင်သန်နိုင်သော
ရောဂါပိုးမွှားများ ဖြစ်ပါသည်။
ရှေးယခင်ကတည်းက စူပါရောဂါပိုးဆိုသော ဝေါဟာရ ရှိနှင့်ပြီး ဖြစ်သော်လည်း ထိုဝေါဟာရသည်
ယနေ့ကဲ့သို့ မတွင်ကျယ် သေးသည့်အပြင် ထိုစဉ်က စူပါပိုးများကလည်း ယနေ့ရှိသော
ပိုးများလောက် ခံနိုင်ရည် မကောင်းခဲ့ပါ။ ယနေ့ခေတ် အင်တာနက် သတင်းများတွင်
အပုဒ်ရေများစွာ အနေဖြင့် ဖော်ပြလာကြသည့် အမေရိကန်၊ ဂျာမနီ၊ အင်္ဂလန်၊ အိနိ္ဒယ
စသော နိုင်ငံများတွင် တွေ့ရှိလာခဲ့သော စူပါရောဂါပိုး မျိုးစိတ်
အသစ်များသည် ရောဂါပေးနိုင်စွမ်း၊ ပဋိဇီဝဆေး ခံနိုင်ရည် ရှိမှု စသည့်

အချက်များတွင် လွန်စွာ ထိပ်တန်း ရောက်ရှိနေသည်ကို စစ်ဆေးတွေ့ရှိရသည်။
ထိုပိုးများသည် ကမ္ဘာလှည့် ခရီးသွားများမှ ကမ္ဘာအနှံ့ ပျံ့နှံ့နိုင်သည်ဟု
သိရပြီး ကုန်ကျစားရိတ် ပိုမိုသက်သာသော ဇီဝဓာတုလက်နက် (Biochemical Weapon)
အဖြစ် အသုံးပြုလာမည်ကိုပင် စိုးရိမ်ရသည်ဟု သုတေသီများက မှတ်ချက်ပြုကြသည်။
ထိုသို့ ဖြစ်ရခြင်းမှာ သဘာဝတရား၏ (Evolutionary Stress) ဟုခေါ်သော ဆင့်ကဲဖြစ်စဉ်ဖြစ်စေရန် ဖိအားပေးမှုကြောင့် ဖြစ်သည်။ ဘက်တီးရီးယားများသည်
ပဋိဇီဝဆေးများ၏ သုတ်သင်ခြင်းဆိုသော ဖိအားဒဏ်ကို ခံရသောအခါ ထိုပဋိဇီဝဆေးကို
ခံနိုင်ရည် ရှိသော မျိုးဗီဇသွင်ပြင် (Trait) ကို ပြောင်းလဲတည်ဆောက်
လိုက်ကြပြီ်း လက်ဆင့်ကမ်း ပေးကြသောကြောင့် စူပါရောဂါပိုးများ
ဖြစ်လာကြခြင်းပင် ဖြစ်ပါသည်။ မည်သည့်သတ္တဝါ၏ မျိုးရိုးဗီဇ ပုံစံတွင်မဆို

မိမိ ရှင်သန်ကျန်ရစ်ရေးအတွက် သဘာဝတရားနှင့် ကိုက်ညီအောင်
ရွေးချယ်နေထိုင်မှု (Natural Selection) ရှိခြင်းကြောင့် ဖြစ်ပါသည်။

http://www.drugdevelopment-technology.com/projects/tygacil/images/1…” alt=””>
စူပါပိုးများ ပေါ်လာရခြင်း၏ အဓိကအကြောင်းအရင်းများမှာ လူတို့သည် ပိုးသတ်ဆေးများ သောက်သုံးရာတွင်
(၁) တကယ်မလိုအပ်ဘဲ မိမိသဘောနှင့်မိမိ သောက်သုံးခြင်း
(၂) ဆရာဝန်ညွှန်ကြားချက်ကာလ (Course) ပြည့်အောင် မသောက်ခြင်း၊ ပမာဏ (Dose) ပြည့်အောင် မသောက်ခြင်း
(၃) ဆရာဝန်၏ အမှားကြောင့် ပိုးသတ်ဆေးနှင့် ပိုးအမျိုးအစား ကာလကြာရှည်စွာ လွဲ၍ သောက်သုံးမိနေခြင်း
(၄) လူသားကုဆေးပညာနှင့် တိရိစ္ဆာန်ကုဆေးပညာ နှစ်ခုစလုံးတွင် ပိုးသတ်ဆေးအများစုကို တူညီစွာ အသုံးပြုကြခြင်း
(၅) ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းများက သန့်စင်မှု နှင့် အရည်အသွေး မပြည့်မီသော ကုန်ကြမ်းများကို သုံးခြင်း

(၆) တူညီသော ပိုးသတ်ဆေး တစ်မျိုးတည်းကို တူညီသော အဝန်းအဝိုင်းတစ်ခု (ဥပမာ
ဆေးရုံ၊ ဒေသ၊ ရပ်ကွက်၊ မြို့နယ် စသည်တို့) တွင် ကာလကြာရှည် စွဲသုံးခြင်း
(၇) ဆပ်ပြာ၊ ပန်းကန်ဆေးရည် စသော အိမ်သုံးပစ္စည်းများတွင် မလိုအပ်ဘဲ ပိုးသတ်ဆေးများ ထည့်သွင်း အသုံးပြုခြင်း

စသည်တို့ကြောင့် အဓိက ဖြစ်ရသည်ဟု ပညာရှင်များက တွေ့ရှိထားကြသည်။ လက်ရှိတွေ့ရှိထားသော စူပါရောဂါပိုး မျိုးစိတ်များမှာ
1. Staphylococcus aureus (methicillin-resistant Staphylococcus aureus , MRSA)
2. Streptococcus pyogenes
3. Streptococcus pneumoniae
4. Pseudomonas aeruginosa
5. Clostridium difficile
6. Salmonella
7. E. coli
8. Acinetobacter baumannii

စသည်တို့ ဖြစ်သည်။
ဆက်လက်၍ ယခုလ ၁၈ ရက်နေ့ထုတ် Moscow Time သတင်းစာပါ သတင်းဆောင်းပါးကို ဆက်လက် ဖတ်ရှုနိုင်ပါသည်။
“ပေါ်ထွန်းလာသော စူပါရောဂါပိုးများက ကမ္ဘာကြီးကိုခြိမ်းခြောက်လျက်ရှိ”
မော်စကို၊ ဩဂုတ် ၁၈
ကမ္ဘာ့သတင်း မီဒီယာများတွင် ခရီးသွားခြင်းများမှ ကူးစက်ပျံ့နှံ့နိုင်သော အသစ် ပေါ်ပေါက်လာသော စူပါရောဂါပိုးများ အကြောင်း တွင်တွင်ကျယ်ကျယ်

ဖော်ပြလာချိန်တွင် ထိုပိုးများကို နိုင်နင်းသော ဆေးများ လတ်တလော မရှိသေးဟု
ဆေးသိပ္ပံပညာရှင်များက ဖော်ထုတ်ပြောဆိုခဲ့သည်။
http://i.dailymail.co.uk/i/pix/2010/08/11/article-1302035-0AC285790…” alt=”” width=”323″ height=”242″>
လက်ရှိ ကမ္ဘာ့အစွမ်းအထက်ဆုံး ဆိုသော ပဋိဇီဝဆေးများကိုပင် မြင့်မားစွာ ခုခံရှင်သန်နိုင်စွမ်း ရှိသော New Delhi Metallo-beta-lactamase (NDM-1) ဟု အမည်ပေးထားသည့် ဗီဇပိုင်ဆိုင်သော စူပါပိုးတစ်မျိုးကို အိနိ္ဒယနိုင်ငံ
နယူးဒေလီမြို့တွင် လွန်ခဲ့သော ရက်သတ္တပတ်က တွေ့ရှိခဲ့သည့် အကြောင်း
အပြည့်အစုံကို ဗြိတိန်အခြေစိုက် Lancet Infectious Diseases

ဂျာနယ်တွင် ဖော်ပြပါရှိခဲ့ပါသည်။ ထို NDM-1 ဗီဇပိုင်ဆိုင်သော
ပိုးများကြောင့် တီဘီ၊ နမိုးနီးယား စသော ကူးစက်ရောဂါများတွင်
လူသားများအနေဖြင့် အကာအကွယ်မဲ့ ဆိုးရွားစွာ ကူးစက်ခံနိုင်ဖွယ် ရှိကြောင်း၊
ယခုဖြစ်ရပ်သည် ပဋိဇီဝဆေးများ သုံးစွဲပုံ စနစ်မကျခြင်းနှင့်
ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလာမှုများ မြင့်တက်လာခြင်းတို့ကြောင့် ဖြစ်ကြောင်း
တွက်ဆသိရှိရသည်ဟု ထိုဂျာနယ်တွင် ဖော်ပြပါရှိသည်။

တီဘီရောဂါပိုးကို အီလက်ထရွန် မိုက်ကရိုစကုပ်အောက်တွင် မြင်ရပုံ
အထူးသဖြင့် အိနိ္ဒယနိုင်ငံကဲ့သို့ လူနေမှုအဆင့်အတန်း နိမ့်ကျသော နေရာများ ရှိနေပြီး အလှအပခွဲစိတ်ပြုပြင်မှု (Cosmetic Surgery) လုပ်ငန်းများကို

အမေရိကန်နှင့် ဥရောပနိုင်ငံများအောက် ဈေးချိုချိုနှင့်
ပြုလုပ်ပေးမှုကြောင့် ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှု သိသိသာသာ
မြင့်မားလာနေသော နိုင်ငံမျိုးသည် စူပါရောဂါပိုးများ ပေါ်ပေါက်လာခြင်း၏
အကြောင်းရင်းတစ်ရပ် ဖြစ်စေသည်ဟု ကမ္ဘာ့သုတေသီများက ၎င်းတို့၏ စာတမ်းများကို
ထည့်သွင်းရေးသား တင်ပြကြသော်လည်း အိနိ္ဒယအစိုးရကမူ ထိုဝေဖန်ချက်များသည်
သူတို့နိုင်ငံ၏ အကျိုးစီးပွားများလှသော ဆေးဝါးဆိုင်ရာ
ခရီးသွားလုပ်ငန်းများအပေါ် တိုက်ခိုက်ရန် လှျို့ဝှက် ပူးပေါင်းကြံစည်မှု
တစ်ရပ်ဖြစ်သည်ဟု ပြန်လှန် စွပ်စွဲပြောဆို ကြကြောင်း သတင်းရရှိသည်။
ထိုသို့စွပ်စွဲမှုနှင့် ပတ်သက်၍ ဤလေ့လာမှု၏ ခေါင်းဆောင်သုတေသီတစ်ဦးဖြစ်သူ ပါမောက္ခ တင်မိုသီက ရုရှမီဒီယာများ မှတစ်ဆင့်

ကမ္ဘာသို့ အောက်ပါအတိုင်း ရှင်းလင်းပြောဆိုသွားခဲ့သည်။
“သိပ္ပံပညာရှင်တွေ ဖြစ်တဲ့ ကျွန်တော်တို့ဟာ မှန်တဲ့ အချက်အလက်တွေကိုပဲ အရှိအတိုင်း
မှတ်တမ်းတင်ပါတယ်။ NDM-1 ဆိုတာ မျိုးရိုးဗီဇဆိုင်ရာ DNA အစိတ်အပိုင်း
တစ်ခု ဖြစ်ပြီး ရိုးရိုးသာမန် ဘက်တီးရီးယား တစ်ကောင်ကနေ စူပါဘက်တီးရီးယား
စဖြစ်လာပြီး လျှင်မြန်စွာ ပွားများ လာတတ်တဲ့ သဘော ရှိပါတယ်။ လက်ရှိ ဒီလို
NDM-1 ဗီဇတွေ့ရတဲ့ နိုင်ငံတွေကတော့ အမေရိက၊ ကနေဒါ၊ ဩစတြေးလျား၊
နယ်သာလန်နဲ့ ပြင်သစ်တို့မှာ ဖြစ်ပြီး တူညီတိုက်ဆိုင်နေတဲ့ အချက်တွေကတော့
အဲဒီပိုးတွေ့တဲ့ သူတိုင်းဟာ မကြာသေးမီကမှ အိနိ္ဒယကနေ ပြန်လာကြတာ ဖြစ်တယ်
ဆိုတာပါပဲ။ ဒါကြောင့် ကျွန်တော်တို့ ပြောခဲ့တဲ့ အိနိ္ဒယက စပေါ်လာတာ ဆိုတဲ့

အချက်ဟာ သေချာပါတယ်။ လက်ရှိ ဒီစူပါပိုးတွေကို နှိမ်နင်းနိုင်တဲ့ ပဋိဇီဝဆေး
လောလောဆယ် မရှိသေးတာလည်း သေချာပါတယ်”


ထိုအကြောင်းခြင်းရာများကြောင့် လူဦးရေ သန်းတစ်ထောင်ခန့်ရှိသော
အိနိ္ဒယနိုင်ငံတွင် ဤအရေးကိစ္စကို ပြည်သူ့ကျန်းမာရေး လုပ်ငန်းစဉ်
တစ်ရပ်အနေဖြင့် ဆောင်ရွက်သင့်ပြီ ဖြစ်ကြောင်း၊ အိနိ္ဒယအစိုးရ အနေဖြင့်လည်း
၎င်းတို့ တကယ် ထိရောက်စွာ အကောင်အထည် မဖော်ခဲ့သော အမျိုးသား
ကျန်းမာရေးစောင့်ကြည့်မှုစနစ် (National Surveillance System) ကို စနစ်တကျ
ခိုင်မာစွာ တည်ဆောက်ကျင့်သုံးကာ သောက်သုံးရန် မသင့်တော်သော ဆေးဝါးများ

ဖြန့်ချိခြင်းကို ထိရောက်စွာ ပိတ်ပင်တားဆီး သင့်ပြီ ဖြစ်ကြောင်း
ကမ္ဘာ့ကျန်းမာရေး အသိုင်းအဝိုင်းက ဝေဖန်ပြောဆိုထားသည်။
http://www.pharmas.co.uk/blog/wp-content/uploads/2009/04/antibiotic…” alt=””>

အိနိ္ဒယအဏုဇီဝဗေဒ ပညာရှင်များအစည်းအရုံး၏ ဥက္ကဌဖြစ်သူ ဒေါက်တာ
အက်ဘ်ဟေးချောက်ဒရီကမူ “ရောဂါပိုးတွေဟာ ရှေ့ဆက် ပိုပြီး ဆေးယဉ်လာကြမှာ
အသေအချာပါပဲ။ ဒေလီမြို့တစ်မြို့တည်း အိနိ္ဒယ တစ်နိုင်ငံတည်းမှာပဲ ဒီဒဏ်ကို
ခံရမှာ မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးအတွက် အန္တရာယ်ရှိတာမို့ ကာကွယ်ဖို့
တစ်ကမ္ဘာလုံးက ပညာရှင်တွေမှာ တာဝန်ရှိပါတယ်” ဟု မီဒီယာများသို့ ယမန်နေ့က

ပြောကြားခဲ့သည်။
လွန်ခဲ့သော ရက်များက စူပါရောဂါပိုးများကြောင့် ပါကစ္စတန်နိုင်ငံမှ ပြန်လာသော ဘရပ်ဆဲလ်မြို့သားတစ်ဦး သေဆုံးသွားကြောင်းကို
ဘရပ်ဆဲလ်တက္ကသိုလ်ဆေးရုံမှ အဏုဇီဝဗေဒပညာရှင် ဒေါက်တာဒဲန်းနစ်ပီရာရက်၏
အတည်ပြုချက်ကို ကိုးကား၍ ဂျာမနီနိုင်ငံထုတ် German Bild သတင်းစာက
ဖော်ထုတ်ရေးသားခဲ့သည်။
ထို့ကြောင့် ကမ္ဘာတစ်ဝန်း ခရီးသွားလာမှု အရှိန်အဟုန်များ အထူးမြင့်မား လာနေသော ယနေ့ခေတ်တွင် ပိုးသတ်ဆေးမတိုးသော
စူပါရောဂါပိုးများ ကမ္ဘာအနှံ့ ပျံ့ပွားကူးစက်ခြင်း မရှိစေရန် ကာကွယ်ရာတွင်
တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အထူးဂရုစိုက်သွားရန် လိုအပ်လှပေသည်။ လက်ရှိ
ဥရောပနှင့် အမေရိကနိုင်ငံ အတော်များများတွင်လည်း NDM-1

ဗီဇပါစူပါရောဂါပိုးများကို အထူးဂရုပြု ရှာဖွေစစ်ဆေးနေကြပြီး
ပဋိဇီဝဆေးအသစ်များ ဖော်ထုတ်နိုင်ရန် နိုင်ငံတော်အဆင့် အတိုင်းအတာ
သတိပေးချက်ဖြင့် ဆောင်ရွက်လျက် ရှိကြကြောင်း သတင်းရရှိသည်။
အချုပ်ပြောလိုသည်မှာ ကျွန်တော်တို့ လူသားများသည် သိပ္ပံနှင့် နည်းပညာ၏ စွမ်းအားကို ယုံကြည်သင့်ပါသည်။ စူပါရောဂါပိုးများ၏ DNA ခေါ် မျိုးရိုးဗီဇ
အမျှင်ခွေလေးထဲတွင် သိုဝှက်ထားသော ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုကြီးကို
ရင်ဆိုင်အနိုင်ယူနိုင်ရန် နည်းလမ်းများကို ဆေးသိပ္ပံပညာရှင်များ
သေချာပေါက်ရှာတွေ့မည်ဟု ယုံကြည်သင့်ပါသည်။ လူသားအားလုံး တစ်ခုသတိချပ်ရန်မှာ
အဝိဇ္ဇာ နှင့် တဏှာများကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက်
ကြယ်တာရာစစ်ပွဲများ၊ အစွမ်းထက် လက်နက်များ၊ နျူကလီးယား

ခြိမ်းခြောက်မှုများ၊ လူမျိုးရေးနယ်ပယ်ရေး ပြဿနာများ နှင့် ပတ်သက်၍
ကျွန်တော်တို့ အငြင်းအခုံတွေ လုပ်နေကြစဉ်မှာပင် လူသားများအတွက်
တကယ့်အန္တရာယ် အစစ်ကတော့ လာနေပြီဆိုသော အချက်ပင် ဖြစ်ပါသည်…………. ဟု ယခုလ
၁၈ရက်နေ့ထုတ် Moscow Time သတင်းစာတွင် ရေးသားဖော်ပြပါရှိခဲ့ပါသည်။

One comment

  • မန်း ရိပ်

    August 31, 2010 at 8:40 am

    ကြိုးစားကျအုန်းပေါ့
    ရှာကျအုန်းပေါ့
    ကာကွယ်ဆေး

Leave a Reply