ဒီတစ်ခါရေးတဲ့ ပို့စ်က တော့ ခရီးသွား ပို့စ် မဟုတ်ပါဘူး။ မွန်လေးရဲ ့ ခရီးသွားပို့စ်အောက်မှာ သူများတွေက ဒီလိုခရီးတွေသွားပြီး ပျော်ဖို့ ကောင်းလိုက်တာ..ငါတို့မှာကျ အဲလိုပျော်ရွှင်မှု တောင်မရှိပါလားလို့ လာမန့်သွားတဲ့သူကိုမြင်ပြီး ရေးချင်စိတ်ပေါက်သွားလို့ ပျော်ရွှင်မှုဆိုတာ ဘာလဲလို့ ပြန်ရှယ်ချင်တာပါ။

ပျော်ရွင်မှု ့ဆိုတာ ကိုယ်တိုင်ဖန်တီးယူမှရတာမျိုးပါ။ တစ်နည်းအားဖြင့် ကိုယ့်ကို ဘယ်အရာ ကပျော်ရွှင်စေနိုင်လဲ၊ ကိုယ်ဘာလုပ်လိုက်ရင် ပျော်သွားသလဲပေါ့နော်။ အဲလိုဆန်းစစ် တတ် ရင်..ပျော်ရွှင်မှုဆိုတာရှိလာမှာပါ။ အဲဒါကလည်း ကိုယ့်ရဲ ့ဝါသနာကိုအခြေခံလိမ့်မယ်လု့ိ မွန်လေးကတော့ထင်တယ်။

ဥပမာ..အဆိုတော်တွေဆို..သီချင်းဆိုနေရတာကိုက သူ့ရဲ ့ဝါသနာတစ်ခုလိုဖြစ်ပြီး ကိုယ်လုပ်ချင် တာလုပ်နေရတော့ ပျော်နေတာ…ပျော်ရလို့ကို သီချင်းဆိုတာမျိုးပေ့ါ။ အခကြေးငွေရလို့ ဆိုတဲ့သူ ကတော့ တမျိုးပေါ့။

မွန်လေးဆို စာဖတ်၊စာရေးရတာ ဝါသနာပါတယ်။ ဘယ်လိုဝါသနာပါသွားလဲဆိုရင် ရတန်းနှစ် လောက်တုန်းက တီဗွီမှာ ကိုရီးယားကား ဆောင်းဦးရွက်ကြွေချစ်သက်သေ ဆိုပြီး အွန်စော၊ဂျွန်စော ကားလာတယ်လေ။ ကြည့်လိုက်ရတာ..ကြိုက်လိုက်ရတာ..၂ယောက်စလုံးကိုအရမ်းကြိုက်တာလေ။ ဘယ်လောက်ထိကြိုက်သလဲဆို အဲ့ကားပြီးသွားမှာတောင်ကြောက်နေခဲ့တာ။ အဲ့တုန်းက ခုလို CD ခေတ်မဟုတ်တော့ အခွေတွေလည်း ခုလိုလမ်းဘေးမှာ မပေါဘူး။ ထွက်သံတော့ကြားလိုက်တယ်။ တန်ဖိုးက ၂သောင်းကျော် ၃သောင်းတဲ့။

၁ရက်မှာ မုန့်ဖိုး၂၀ဝလောက်ပဲရတာ။ ဘယ်လိုလုပ်ဝယ်နိုင်မလဲ။ အဲ့ကားပြီးသွားရင် ဦးနှောက်ထဲမှာ မေ့သွားမှာလည်း အရမ်းကြောက်ခဲ့တာ။ အဲတော့ ဘာလုပ်သလဲဆိုရင် နွေရာသီဆို ကုလားဆိုင်ကိုပို့လေ့ရှိတဲ့ စာအုပ်အကြမ်းမှာ gist ချရေးတယ်။ အဲ့ကားအစမှာ ဂျွန်စောအဖေက ဂျွန်စောကိုခေါ်ပြီး အွန်စောမွေးတာကိုသွားကြည့်..ဆိုပြီးအတိုကောက်တွေရေးလာရာကနေ..တဝက်လည်းရောက်ရော..အရှည်ရေးကြည့်ချင်စိတ်ပေါက်လာတယ်။ အဲဒါနဲ့နောက်ပိုင်းဇာတ်သိမ်းခန်းအထိ အရှည် ဒိုင်ယာလော့ခ် တွေပါ အကုန်ချရေးတော့တာ။ (အဲ့တုန်းကဦးနှောက်အရမ်းကောင်းတယ်.. ဘယ်ဇာတ် ဝင်ခန်းမှာ ဘယ်မင်းသားက ဘာပြောသွားတာကအစ မှတ်မိတယ်..ခုနဲ့ တခြားစီ)။ နွေရာသီအားတုန်းထိုင်ရေးနေတာပေါ့နော်။ အစကgist ပဲရေးခဲ့တဲ့ဟာတွေလည်း စာအုပ်အသစ်မှာ အကုန် အချောပြန် ရေးရင်းနဲ့  ၈တန်းတက်တော့ သူငယ်ချင်းတွေကိုပြရော။ ကြိုက်တဲ့သူကလည်းကြိုက်လို့အား ပေးကြ သလို..မကြိုက်တဲ့သူလည်းရှိတာပေ့ါနော်။ ကိုယ်ကတော့ ပျော်နေတာ..ငါ့အဲ့ကား ကိုလုံးဝ မမေ့တော့ ဘူး..နောက်ငါပြန်ကြည့်ချင်လည်း အဲ့စာအုပ်လေးပြန်ဖတ်လို့ရတာပဲဆိုပြီးပျော်နေခဲ့တာ။ ဝါသနာ ပါလို့ပါမှန်းမသိသေးဘူး။ နောက်ကားတစ်ကားထပ်ရေးခဲ့တယ်။ ရုံမှာ သွားကြည့်ပြီး ကြိုက်လွန်း လို့..ငှက်ကလေးရဲ့ ဒဏ္ဍာရီတဲ့။ ဒွေး၊ထက်ထက်မိုးဦးပါတာ။ သူတို့ နှစ်ယောက်ကိုလည်းအရမ်းကြိုက်။ အဲလိုလည်းရေးပြီးရော ၁ဝတန်းရောက်လာရော။ စာတွေနဲ့ လုံးလည်လိုက်ရင်း ဘာကားမှမကြည့်ဖြစ် လို..ဘာစာမှလည်းမရေးဖြစ်ဘူး။ အဲဒါနဲ့ ဆယ်တန်းဖြေပြီးတော့ အောင်စာရင်းစောင့်နေတဲ့အချိန်မှာ မွန်လေးကို ဂိုက်ပြတဲ့အမက နင်စာရေးချင်ရင် စာဖတ်ရ မယ်တဲ့ဆိုပြီး သူက ဂျူးစာအုပ်တွေ ပေး ဖတ် တယ်။ သူ့စာအုပ်တွေဖတ်ကြည့်ဆိုပြီး ဖတ်ရော။ ဆရာမဂျူးက တကယ်တော်တဲ့သူပါ။ ကြုံတုန်းလေး ပြောပါရစေ။ ဘယ်လို တော်သလဲဆို ခေါင်းစဉ်ရွေးပုံကအစ အရမ်းတော်တာ။ ပထမစာကြောင်း ဖတ်ရုံနဲ့ ခေါင်းစဉ်ကဘယ်လိုဖြစ်လာမလဲဆိုတာသိချင်လာအောင်ဆွဲဆောင်မှုရှိတယ်။ အလယ် နားရောက်လည်း ခေါင်းစဉ်ကို ဘာလို့အဲလိုပေးလည်းမသိရပြန်ဘူး သိချင်လာအောင်လုပ်တယ်။ တစ်အုပ်လုံးဖတ်ပြီးမှ ခေါင်းစဉ်နဲ့တော်တော်လိုက်မှန်းသိရတာ။ အကြောင်းအရာတင်ပြပုံကအစ လက်ခံလာအောင်ဆွဲဆောင်မှုရှိတယ်။ အဲလောက်တော်တယ်။ အဲတော့ သူ့စာအုပ်တွေဖတ်တယ်။ တခြားလက်လှမ်းမီသလောက် ဝတ္ထုစာအုပ်တွေဖတ်ဖြစ်ခဲ့တယ်။ ဖတ်လည်းပြီးရော ငါလည်း အဲလို ဝတ္တုတွေရေးကြည့်ရင်ကောင်းမလားဆိုပြီး အတွေးရလာတယ်။ အဲဒါကနေ ဝတ္ထုတိုတွေရေးတယ်။ အဒေါ်က နင့်စာမူတွေကိုမဂ္ဂင်းတိုက်တွေဆီပို့ပါလားပြောလို့ ပို့ဖြစ်ခဲ့တယ်။ ရွေးချယ်ခံရတာလည်း ရှိသလို မခံရတာတွေလည်းရှိတယ်။ ရွေးချယ်ခံရင် ပျော်နေရော။ အဲဒါတွေမှ တဆင့် တဖြည်းဖြည်း ငါစာရေး တာဝါသနာပါ ပါလားဆိုတာ ကိုယ့်ကိုယ်ကို ရိပ်မိခဲ့တယ်။

နောက်ပိုင်းဝတ္ထုတွေအားရင်အားသလိုဆက်ရေးဖြစ်ခဲ့တယ်။ လုပ်ငန်းခွင်ဝင်တော့ဆက်မရေးနိုင် တော့ဘူး။ မအားတော့ဘူးလေ။ ဖြစ်ချင်တော့ အလုပ်က တိုးလုပ်ငန်းဖြစ်နေရော။ ခရီးတွေသွားရရော။ ခရီးသွားရင်း ဓါတ်ဖမ်းပြီး ဖေ့ဘွတ်ပေါ်တင်ရော။ အဲ့မှာ မန်းလေးသွားရင်းအဒေါ်က သူတို့ငယ်ငယ် တုန်းက ဘယ်နေရာသွားပြီးရင် essay ပြန်ရေးရတယ်တဲ့..သမီးလည်းရေးပါလား ဆိုပြီးအကြံပေးရော။ ဖေ့ဘွတ်ပေါ်တင်တော့လည်း မိတ်ဆွေတချို့က ဘယ်လိုသွားရလဲ..ပြန်ရှယ်ပါဆိုပြီးပြောတာနဲ့ပြန်ရှယ် တာက ပြန်ရှယ်ပေးတယ်ပေါ့ နော်။ ခရီးစဉ်တွေကျ စာအုပ်ထဲပဲရေးဖြစ်ခဲ့သေးတယ်။ ဖေ့ဘွတ်ပေါ်ခုလို ပေ့ချ်ပေါ်မတင်ဖြစ်သေးဘူး။ သူများတွေရေးတာတွေ၊ တင်တာတွေ ့တော့မှ ငါလည်းတင်ပေး လိုက် ရင်ကောင်းမယ်ပေါ့နော်..တစ်ယောက်ချင်းစီဖြေနေရတာ..မလွယ်ဘူးဆိုပြီး တင်လိုက်တာက နေခု လိုရောက်လာတာပေါ့နော်။ အဲမှာ ခရီးတွေသွားရရင်လည်းပျော်တယ်။ ပြီးရင် စာတွေပြန်ရေးရင် လည်းပျော်နေတာကို သိလာခဲ့တယ်။

ပြောချင်တာက ကိုယ့်ဝါသနာကိုသိပြီး တစိုက်မတ်မတ်လုပ်လာလေ..ပျော်ရွှင်မှုရလာလေလောပါပဲ။ သူများကတော့ ဘာကြီးစီးနိုင်တယ်..ဘာကြီးနဲ့စားနိုင်လောက်အောင် သိပ်ပျော်နေကြမှာပဲ..ငါတို့ကျအဲလိုမဟုတ်ဘူးဆိုပြီး စိတ်မပျက်ပါနဲ့။ ဒါကသူတို့အတိတ်ဘဝက ကောင်းတာလုပ်ခဲ့လို့အကျိုးပြန်ခံစားရတာပါ။ ကိုယ်လည်းကောင်းချင်ရင် ဒီဘဝတင်ကံကောင်းအောင် ကောင်းတာပဲလုပ်ပါ။ သူများဘဝနဲ့ကိုယ်ဖြစ်လာတဲ့ဘဝနဲ့မယှဉ်ပါနဲ့။ ကိုယ့်ဘဝကို ကိုယ့်ဘဝနဲ့ပဲယှဉ်ပါ။ ပြောချင်တာက ကို်ယ်ဒီနှစ်မှာကြိုးစားပြီးပိုက်ဆံစုတယ် ၁သိန်းစုနိုင်တယ်ဆို..နောက်နှစ် ၂သိန်းစုနိုင်အောင်လုပ်ပါ။ နောက်တစ်နှစ်ဘယ်နှစ်သိန်းစုနိုင်ရမယ်ဆိုပြီးပဲစိတ်ထားပါ။ အဲဒါဆို ကိုယ့်ဘဝလည်းတိုးတက်ပြီးပျော်ရွှင်လာပါလိမ့်မယ်။

ပျော်ရွှင်မှုနဲ့ပတ်သတ်လို့ လူတွေက ကိုယ်တိုင်ပျော်ရွင်ချင်တယ်။ ဒါပေမယ့် ဘာလုပ်ရမယ် မှန်း. သေချာမသိကြဘူး…ပျော်ရွင်မှု ့ကို လိုက်ရှာရင်း လမ်းစပျောက်သွားသူတွေလဲရှိတယ်။ ပျော်ရွင်ရမယ်ထင်တဲ့အလုပ်တွေကိုလုပ်ရင်း လမ်းစပျောက်လာတယ။် stress တွေဖြစ်လာတယ်။ အဆင်မပြေမှု ့တွေဖြစ်လာတယ်။
တကယ် ပျော်ရွင်တဲ့သူဆိုတာ ဘယ်လောက်ပဲ အဆင်မပြေမှု ့ အခက်ခဲတွေကြုံလာပါစေ ။ စိတ်ကိုခိုင်မာအောင်ထားပြီး ပျော်ရွင်စေတဲ့အရာတွေကိုသာတွေး အကောင်းမြင်စိတ်နဲ့သာ အမြဲရှင်သန်တယ်။ ကိုယ့်စိတ်ကိုကိုယ် အထောက်အပံ့ပေးတဲ့ ပုံစံမျိုးပဲ ..strong ဖြစ်အောင်နေတယ်။

မွန်လေးဆို ဒီလိုရေးလာနိုင်တာ စာဖတ်လို့လည်းပါတယ်။ တစ်ခုခုတစ်နေရာသွားပြီးဆို အသေးစိတ်ကအစကိုယ်ကမှတ်ထားလိုက်တယ်။ ဒါလေးကဘယ်လိုလေး..ဘာလေးဆိုပြီး..ကိုယ်ကစာတွေအများကြီးရေးချင်တာကိုး။ အများကြီးပြောပြချင်တယ်..လူတွေကို။ အဲတော့ အချိန်ပေးပြီးစာဖတ်ရတယ်။ ငယ်ငယ်က စာစီစာကုံး ကို ဖြောင့်အောင်တောင်ရေးတတ်တာမဟုတ်ဘူး။ စာရေးဖို့ဆို အရမ်းပျင်းတာ..အတိုကောက်ပဲရေးတာ………..လက်မှတ်ဆိုလည်း initial အဖြစ်လောက်ပဲထိုးတာ..ဆယ်တန်းမှာလည်း မြန်မာစာနဲ့ဂုဏ်ထူး ထွက်ခဲ့ သူလည်းမဟုတ်ဘူး။ အခက်အခဲတွေတော့အများကြီးပဲ။

အဲ့ကြောင့် ကိုယ်တကယ် ပျော်ရွင်ချင်တဲ့ သူဖြစ်ချင်တယ်ဆိုရင် ကိုယ်တိုင်ဖန်တီးယူကြပါ။ ဇွဲရှိပါ။ အဲလို ဖန်တီး ယူမှ ပျော်ရွင် စရာဆိုတာတွေကို ပိုင်ဆိုင်နိုင်မှာလို့ မွန်လေးကတော့ သုံးသပ်ရင်း…စာတွေ အများကြီးဖတ်ရင်း..ခရီးတွေအများကြီးဆက်သွားပြီးတင်ပြပါဦးမယ်။

 

About Mon Lay

Mon Lay has written 396 post in this Website..