သဘာဝအတိုင်း အစိမ်းစားခြင်းဖြင့် ကျန်းမာနုပျိုစေမည့် အစားအစာများ

etoneAugust 31, 20101min711

ချက်ပြုတ်ခြင်းဟာ အစားအစာထဲမှာပါတဲ့ တချို့ အာဟာရဓာတ်တွေကို ဆုံးရှုံးစေတာကြောင့် အစိမ်းစားရင် အစားအစာထဲမှာပါတဲ့ ဗီတာမင်နဲ့ သတ္တု ဓာတ်တွေကို
ပိုမိုရရှိစေပါတယ်။ ဒါပေမဲ့ အစားအစာတိုင်းကိုတော့ အစိမ်းစားလို့ မရပါဘူး။
အသား၊ ငါးလိုမျိုး အစာတွေ မှာတော့ ရောဂါပိုးတွေ ပါဝင်တဲ့ အတွက်ကြောင့်
သေချာကျက်အောင် ချက်ပြုတ်ပြီးမှ စားသင့်ပါတယ်။

ဒါပေမဲ့ အောက်ပါအစာတွေကိုတော့ အစိမ်းစားပေးရင် သင့်ကို ကျန်းမာနုပျိုစေနိုင်ပါတယ်။

– ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ (Antioxidant) ရှိတဲ့ အစာတွေဟာ အိုမင်းမှုကို ဖြစ်စေတဲ့ ဓာတ်တိုးပစ္စည်း (Free Radical) တွေကို ဖယ်ရှားပေးတဲ့အတွက် အစိမ်းစားသင့်ပါတယ်။ မုန်လာဥနီ၊ သံပရာသီး၊
ဂရိတ်ဖရုသီးတွေမှာ Anti-oxidant တွေ များစွာပါဝင်ပြီး အကောင်းဆုံး
အာနိသင်ကိုရဖို့ နေ့စဉ် အစိမ်းစားပေး သင့်ပါတယ်။

– ဆာလ်ဖာပါဝင်တဲ့ အစိမ်းစားနိုင်တဲ့ အစားအစာတွေဟာ သင့်အရေပြား၊ ဆံပင်၊ လက်သည်းခြေသည်းနဲ့ အဆစ်တွေကို ကောင်းမွန်အောင် ထိန်းသိမ်းပေး နိုင်ပါတယ်။ ကညွတ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပန်းဂေါ်ဖီစိမ်း၊ ငရုတ်သီးတောင့်အနီ၊
ဖရုံစေ့ စတဲ့ အစားအစာတွေမှာ ဆာလ်ဖာပါဝင်ပါတယ်။

– Phytochemical တွေ ပါဝင်တဲ့ မုန်လာဥနီ၊ ဘယ်ရီသီး၊ တရုတ်နံနံ၊ ပန်းဂေါ်ဖီပွင့်၊ ပန်းဂေါ်ဖီစိမ်း၊ ငရုတ်ကောင်းတွေကိုလည်း အစိမ်းစားနိုင်ပြီး သင့်ကို ကျန်းမာနုပျို စေနိုင်ပါတယ်။

– ကျောက်ပွင့်လိုမျိုး ပင်လယ်ထွက်အရွက်တွေကို အစိမ်းစားခြင်းဟာ သင့်ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အဆိပ်အတောက်တွေကို လျော့နည်းစေပါတယ်။

– အစွမ်းထက် Anti-oxidant ဖြစ်တဲ့ Coenzyme Q 10 ဟာ ခန္ဓာကိုယ်ရဲ့ ဆဲလ် အားလုံးမှာ ရှိပါတယ်။ ဒါပေမဲ့ အသက်ကြီးလာတာနဲ့ အမျှ လျော့နည်းလာပါတယ်။ မြေပဲနဲ့ ပန်းဂေါ်ဖီစိမ်းကို အစိမ်းစားခြင်းဟာ ဟန်ချက်ထိန်းနိုင်စေပြီး
အိုမင်းမှု ဖြစ်စဉ်တွေကို လျော့ပါးသက်သာ စေပါတယ်။

Tip

အစိမ်းစားမယ့် အစားအစာတွေကို မစားခင် ရေစင်စင်ဆေးပါ။ အကောင်းဆုံးကတော့ ဘုံပိုင်က စီးကျနေတဲ့ ရေအောက်မှာ မိနစ်အနည်းငယ် ပွတ်တိုက်ရင်း ဆေးကြောပေးပါ။