အင်္ဂလိပ်သဒ္ဒါတတ်ကျွမ်းလိုသော် – (၉) ပါမောက္ခမျိုးကျော်မြင့်

kaiDecember 27, 20162min1402

၂၀၁၆ နှစ်ဟောင်းကို နှုတ်ဆက်လို့ ၂၀၁ရ နှစ်သစ်ကိုကြိုဆိုနေကြတဲ့ ခုလိုချိန်ခါမျိုးမှာ အနာဂတ်ကို မျှော်မှန်းပြီးကြည့်တတ်ကြတာ လူ့သဘာဝပါ။ ဒီတော့အနာဂတ်မှာလုပ်မဲ့ကိုင်မဲ့ကိစ္စလေးတွေကို English လို ဘယ်လိုများဖေါ်ရပြရမည်းလို့ မေးသင့်ပါတယ်။ စင်စစ်အနာဂတ်ကို English လို(၄)မျိုးဖော်ပြနိုင်ပါတယ်။ ဒီလမှာတော့ (၃)မျိုးကိုသာဦးစားပေးပြီးဖော်ပြပေးပါမယ်။ ဦးစွာပထမအနာဂတ်ကို simple future tense ကိုသုံးပြီး ဖော်ပြနိုင်ပါတယ်။ သူ့ရဲ့ form လေးက လွယ်ပါတယ်။ ကြိယာ base form ရဲ့ရှေ့မှာ will လေးထည့်ပေးလိုက်ရုံပါဘဲ။ ဒီတော့

“I will visit Burma in the summer.”
“I will buy a home in September.”
“I will get a new job soon.” စသဖြင့် သုံးစွဲနိုင်ပါတယ်။ အနာဂတ်မှာ လုပ်မဲ့ကိုင်မဲ့ကိစ္စလေးတွေကို will+base form verb အသုံးပြုပြီး ဖော်ပြနိုင်တယ်ပေါ့နော်။ သို့သော် will+base form verb ကို မကြိုက်တဲ့သူများက Be+going to + base form verb ကိုအသုံးပြုပြီး အနာဂတ်မှာဖြစ်ပျက်မယ့် ကိစ္စလေးတွေကို ဖော်ပြနိုင်ပါသေးတယ်။ ဥပမာ-
“She is going to give a speech at work next week.”
“I’m going to have lunch with her tomorrow.”
“They are going to get married next month.” စသဖြင့်သုံးစွဲနိုင်ပါတယ်။ ဒီနေရာမှာ မေးစရာဖြစ်လာပါပြီ။ Will+base form verb နဲ့ be+going to + base form verb တို့ဟာ ဘယ်လိုအဓိပ္ပါယ်ခြားနားသလဲပေါ့။
ဘယ်လိုနေရာမျိုးမှာ will+base form verb ကိုသုံးပြီး ဘယ်လိုနေရာမျိုးမှာ be+going to + base form verb ကိုသုံးသင့်သလဲလို့ သိဖို့လိုလာပြီပေါ့နော်။ အားလုံးသိကြတဲ့အတိုင်း အနာဂါတ်ဆိုတာ အင်မတန် မှန်းဆဖို့ခက်တဲ့ ကိစ္စတစ်ခုပါ။ သို့သော်လူတိုင်းလိုလို အနာဂတ်မှာဒီလိုလုပ်မယ်။ ဘယ်လိုလုပ်မယ်စသဖြင့် တွေးတောကြံစည်နေကြတတ်ပါတယ်။ ဒီလိုစိတ်ကူးထဲမှာသာရှိသေးတဲ့ အကြံအစည်မျိုးတွေ စိတ်ကူးယဉ်တာမျိုး တွေကိုအများအားဖြင့် will+base form verb ကိုသုံးပြီး ဖော်ပြလေ့ရှိပါတယ်။ English လိုတော့ Intention လို့ခေါ်ပါတယ်။ စိတ်ကူးယဉ်သက်သက်ပဲ ဆိုပါတော့။ ဥပမာ-သူငယ်ချင်းတယောက်က    “I’ll find a job next month.”တဲ့။ သူ့ရဲ့စိတ်ကူးသက်သက်ပါ။ အလုပ်ကတော့ ဘယ်မှာရှိမှန်းမသိသေးပါ။ အလုပ်ရှာဖွေရေးလဲ စတောင်မစရသေးပါ။ အလားတူအဓိပ္ပါယ်မျိုးကို “I’ll go back to college in a few years.”
“I’ll probably get married soon.”
စတဲ့ဝါကျတွေမှာ တွေ့ရှိနိုင်ပါတယ်။ နောက်တစ်နှစ် နှစ်နှစ်အတွင်း ကောလိပ်ပြန်တက်ချင်တဲ့ ဆန္ဒရှိတယ်ပေါ့။ ဘယ်ကျောင်းတက်မယ်လို့လဲ မရွေးရသေးဘူး။ ဘယ်လိုပိုက်ဆံရှာပြီး ပြန်တက်ရမယ်လို့လဲ မစီစဉ်ရသေးဘူး။ အကြံအစည်လေးတစ်ခုပါပဲ။ အလားတူဒုတိယဝါကျကို ကြည့်ရင်လဲ အိမ်ထောင်ပြုချင်တယ်လို့ ကြေငြာရုံသက်သက်ပါပဲ။ ရည်းစားရယ်လို့လဲ မရှိသေးပါဘူး။ ငွေကြေးအားဖြင့်လဲ အိမ်ထောင်ပြုရလောက် အောင် မတောင့်တင်းသေးဘူး။ မေမေရယ် သားသားအိမ်ထောင်ပြုချင်တယ်လို့ ပူဆာနေတဲ့ သဘောပါဘဲ။ အဲ တချို့ကံထူးသူများကျတော့ ဒီလိုမဟုတ်ဘူး။ အနာဂတ်မှာ လုပ်ချင်ကိုင်ချင်တဲ့ကိစ္စလေးတွေအတွက် ကြိုတင် ပြင်ဆင်ထား တတ်ကြတယ်။ စိတ်ကူးသက်သက်မဟုတ်ဘူး။ အတော်အသင့်ပြင်ဆင်ထားပြီးပြီ။ အပြင်မှာလက်တွေ့ကျကျ၊ အကောင်အထည်ဖော်ဖို့ စီစဉ်ထားပြီးပြီဆိုပါစို့။ English လို Planned Activities လို့ခေါ်ပါတယ်။ ဒီလိုအနာဂတ်မှာ ပြုလုပ်မဲ့ကိစ္စလေးတွေကြံတော့ be+going to+ base form verb ကိုသုံးပြီးဖော်ပြနိုင်ပါတယ်။ ဥပမာ-
“I’m going to take an ESL class with a Burmese professor.”
“I’m going to go back to college next year.”
“I’m going to enroll at Mission College.” စသဖြင့် သုံးစွဲနိုင်ပါတယ်။
ဒီနေရာမှာ will+base form verb နဲ့ be+going to+base form verb တို့ရဲ့ ကွာခြားမှုကို သတိပြုမူစေချင်ပါတယ်။ ပထမဝါကျမှာ သူကောလိပ်တက်ဖို့ကိစ္စကိုပြောတယ်။ နောက်ဘယ်ကောလိပ်ကို ပြန်တက် မယ်ဆိုတာ ရွေးထားပြီးပြီ။ ဘယ်အတန်းတက်မယ်၊ ဘယ်ဆရာ၊ ဆရာမနဲ့အထိစီစဉ်ထားပြီးပြီ။ ကောလိပ်ဝင်ခွင့် Registration တောင်လုပ်ထားပြီးပြီလို့ ယူဆနိုင်ပါတယ်။ ဒီလိုစီမံပြင်ဆင်ထားပြီးသားကိစ္စများကို be+going to+ base form verb ကိုသုံးပြီး ဖော်ပြလေ့ရှိပါတယ်။ နောက်ထပ်ဥပမာအနေနဲ့ “I’m going to get married next month.” ဆိုတဲ့ ဝါကျလေးကို ကြည့်ကြရအောင်။လက်ထပ်ဖို့စီစဉ်စရာ တော်တော်များများကို စီစဉ်ပြီးပါပြီ။  နေ့ကောင်းရက်သာလဲရွေးထားပြီးပြီ။ ဆီဒိုနာမှာလဲ စပေါ်ပေးပြီး “Reservation”တောင်လုပ်ထားပြီးပြီ။ ဒီလိုဆောင်ရွက်သင့်တာလေးတွေကို ကြိုတင်ဆောင်ရွက်ထားတဲ့ကိစ္စမျိုးဖြစ်လို့ be+going to+ base form verb ကို သုံးရခြင်းဖြစ်ပါတယ်။ ဒီတော့ စိတ်ကူးယဉ်သက်သက်ဆိုလျှင် will+base form verb ကိုသုံးပြီး အထိုက်အလျောက်ကြိုတင်ပြင်ဆင်ထားတဲ့ကိစ္စလေးတွေကို be+going to+ base form verb ကိုသုံးရတယ်ဆိုတာ သဘော ပေါက်လောက်ပြီထင်ပါတယ်။

အနာဂတ်ကိုနောက်တစ်မျိုးပြနိုင်ပါသေးတယ်။ will+base form verb နဲ့ be+going to+base form verb တို့ကို မသုံးလိုသူများအတွက် အနာဂတ်ကို Present progressive tense သုံးပြီး ပြနိုင်ပါသေးတယ်။ အနာဂတ်မှာဖြစ်ပျက်မယ့် ကိစ္စလေးပေမယ့် တော်တော်လေးကို အသေးစိတ်စီစဉ်ဆောင်ရွက်ထားပြီးပြီ ဆိုလျှင် Present progressive tense  ကိုသုံးလို့ရပါတယ်။ English လိုတော့ arranged activities  လို့  ခေါ်ပါတယ်။ be+going to+base form verbကိုသုံးရတဲ့ planned activities နဲ့ Present progressiveနဲ့သုံးရတယ်။ arrange activitiesတို့ရဲ့ကွာခြားချက်ကို ကြိုးစားပြီးရှင်းလင်းပြပါမယ်။Arrange activities ဆိုတာplannet activities တွေထက် ပိုပြီးအသေးစိတ်ကျတယ်။ ပိုပြီးသေချာတယ်ပေါ့နော်။ ဥပမာ- လက်ထပ်ဖို့ကိစ္စမျိုးမှာ ဖိတ်စာတွေလဲဝေပြီးပြီ ဘိသိက်ဆရာကိုလဲ ပင့်ထားပြီးပြီ။ အကျွေးအမွေးလဲစီစဉ်ပြီးပြီ။ ဒီလိုအသေးစိတ်လိုအပ်ချက်လေးတွေ ကို စီစဉ်ပြင်ဆင်ထားပြီးပြီဆိုတော့ “I’m getting married next week.” ပေါ့ “I’m attending college next month.”ဆိုရင်လဲ ဒီတိုင်းပါဘဲ။ Registration လုပ်ပြီးရုံမက ကျောင်းသား ID Card တောင်ကိုယ့်လက်ထဲရောက် နေပြီဆိုလျှင် သုံးနိုင်ပါတယ်။ ပိုပြီးရှင်းသွားအောင် ဝါကျ(၂)မျိုးစလုံးကိုယှဉ်ပြီးကြည့်ရအောင်
“I’ll get married soon.” (ရည်းစားတောင်မရှိသေးပါ)။ ဆန္ဒလေးသက်သက်ပါ။
“I’m going to get married next month.” (လက်ထပ်ဖို့အတော်အသင့်စီစဉ်ဆောင်ရွက်ထားပြီးပါပြီ)။

ကဲ စာရေးသူလဲ မင်္ဂလာဆောင်တစ်ခုက ဖိတ်စာဖိတ်ထားတာ သွားဖို့အချိန်ရောက်နေပြီဖြစ်တဲ့အတွက် ဒီမှာဘဲနားပါရစေ။

2 comments

  • Thint Aye Yeik

    December 28, 2016 at 9:49 am

    စာဖတ်သူလဲ မင်္ဂလာဆောင်တစ်ခုက ဖိတ်စာဖိတ်ထားတာ သွားဖို့အချိန်ရောက်နေပြီဖြစ်တဲ့အတွက် ဒီမှာ နားပါမယ်။

    ကိုယ်တိုင်ကတော့ ရည်းစားတောင် မရှိသေးပါ။ ဆန္ဒလေး သပ်သပ်ပါ
    :k:

  • သျှားသက်မာန်

    December 28, 2016 at 2:43 pm

    နောက်ထပ်လည်းတင်ပေးပါဦး

Leave a Reply