http://myanmargazette.net/227768

—မျှစ်ကြော်ရဲ့ ပထမလက်သီး မော်ဒန်ကဗျာဆရာတွေဟာ ကာရံမလိုဘူးလို့ စွဲကိုင်ပြောမယ်ဆိုရင်၊ အတွေးအမြင်သာ အဓိကလို့ ပြောမယ်ဆိုရင်. . .”
(ဝင့်ပြုံးမြင့်)
——–

အဲ့ဒီ ပထမလက်သီးချက်ကို အရင် ရှင်းပါရစေ။
ခေတ်သစ်အနုပညာသမားတွေကို “ဆရာမ ဝင့်ပြုံးမြင့်” ထင်တော်မူနေတာကိုက လွဲတွဲတွဲလေး ဖြစ်နေပါတယ်။

ကျွန်တော်တို့(မော်ဒန်သမားတွေ)က ကဗျာမှာ ကာရန် မလိုဘူး လို့ ယူဆတာ မဟုတ်ပါဘူး။ ကာရန် မပါလည်း ကဗျာ ဖြစ်တယ်လို့သာ ယူဆတာပါ။ ”ကာရန်ပါမှ ကဗျာ”ဆိုတဲ့ ”ဘောင်”ကြီးကို ဖြိုချလိုက်ကြရုံပါ။

(ထပ်ပြောပါရစေ။ နှစ်ထပ်ရှိအောင် ပြန် ဖတ်ပေးပါဦး။ ”ကာရန် ပါမှ ကဗျာ ဆိုတဲ့ ဘောင်ကြီးကို ဖြိုချလိုက်ကြရုံပါ”)

ကာရန်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ကဗျာ ရေးလို့ ရပါကြောင်း။
————————————-

နောက်တစ်ခု ”အတွေး အမြင်သာ အဓိက” ဆိုတာလည်း မော်ဒန်သမားတွေအတွက် သိပ်ပြီးတော့ ပြည့်စုံလုံခြုံတဲ့ သတ်မှတ်ချက် မဟုတ်ပါဘူး။

ဒီနေရာမှာ ဟိုးးးးလွန်ခဲ့တဲ့ လေးငါးဆယ်နှစ်လောက်က ကျွန်တော် လက်ခံခဲ့တဲ့ မော်ဒန် ဝါဒတချို့ကို ပြန် လွမ်းမိပါတယ်။
သိစိတ်ရဲ့အတွင်းပိုင်းထဲကို နက်နက်ရှိုင်းရှိုင်း တိုးဝင်ပြီး ဖျတ်ခနဲ မြင်သမျှကို ဆတ်ခနဲ ချရေးတဲ့ စာပေ အနုပညာပစ္စည်းတွေ ပေါ့လေ။ အင်မတန် ရူးသွပ်ခဲ့ပါတယ်။

မြန်မာပြည်မှာ ကောင်းကောင်း မပေါ်ထွက်လိုက်တဲ့ ”သိစိတ်အလျဉ်ရေးနည်း” ဆိုတာကြီးကိုတောင် စမ်းသပ်ကြည့်လိုက်ကြသေး။

ဒါပေမဲ့ပေ့ါလေ. . .
အနုပညာပစ္စည်းဆိုတာက စက်ရုံက ထုတ်လုပ်လိုက်သလို ”ဒီပုံစံ/ဒီနည်း/ ဒီထုထည်/ဒီစကားလုံး/ဒီကာရန်နဲ့ ထွက်စမ်းဟဲ့”ဆိုပြီး မလုပ်ကောင်းပါဘူး။ လုပ်ကောင်းတယ်ဆိုရင်တောင် မလုပ်သင့်ပါဘူး။

ကာရန် မမိ/မိအောင် စကားလုံးတွေကို အတင်း လိုက်ကပ် တွဲစပ်ထားတဲ့ ကဗျာတချို့ကို ကျွန်တော် နည်းနည်း ချဉ်ပါတယ်။

ကာရန် သင့်စရာ မလို. . .
အသံ သာစရာမလို. . .
ကဗျာဟာ ခံစားမှုကို လှစ်ဟဖော်ပြခြင်းမျှှသာပဲ ဆိုတဲ့ အယူအဆအရ. . .
(* Romanticism အကြောင်း သီးသန့် ထပ် ပြောပြချင်ပါတယ်)
ကာရန်ကြီးနဲ့ ထွက်လာတဲ့ ခံစားချက်ဆိုတာကြီးတွေဟာ စက်ရုံက ထုတ်လုပ်လိုက်တဲ့ ကုန်ထုတ်ပစ္စည်းကြီးလို ထင်စရာ ရှိသွားရော။ (ကျွန်တော် အမြင်ပါ)

ကျွန်တော့်အယူအဆ(ကျွန်တော့်အယူအဆမျှသာ)ကတော့. . .
ကဗျာမှာ အတွေးအမြင်က အဓိကတို့၊
ကာရန် နဘေက အဓိက တို့၊
အသံလေး သာနေမှ ဖတ်ရတာ ကောင်းနေလို့ အသံသာဖို့က အဓိကတို့. . .
ဘာတွေ ညာတွေ လျှောက်ပြီး တံဆိပ်ကပ်မနေချင်တော့ပါဘူး။
”ကဗျာဟာ ကဗျာဖြစ်နေဖို့က အဓိကပါ။”
ကဗျာ ဖြစ်နေဖို့ ကာရန် ပါမှ/ နဘေသင့်လျော်မှ/အသံသာမှ ဆိုတဲ့ ဝါးလုံးခေါင်းထဲကနေ ထွက်ပြီး အပြင်လောက သဘာဝလေကို အားရပါးရ ရှူချလိုက်ချင်တော့တာပါပဲ။
(ကျွန်တော်မှ အပ. . .တခြား စာပေမိတ်ဆွေများ လွတ်လပ်ငြိမ်းချမ်းစွာ သဘောတရား အယူအဆ ကွဲလွဲနိုင်ပါကြောင်း)
—————————————

ကဗျာကို ဘယ်လိုပဲ ဘာသာပြန်ပြန် မူရင်းလို မကောင်းတာရယ်
မူရင်းရဲ့ အဆင့်အတန်းကို မရောက်တာရယ်ကို ဘာပြောမလဲ။ ကာရံမလိုဘူး၊ အတွေးအမြင် သို့မဟုတ် ရသသာ အဓိကဆိုရင် ဘာသာပြန်ကဗျာတိုင်းဟာ မူလကဗျာနဲ့ ထပ်တူထပ်မျှ ကျော်စောရမှာပေါ့။ မူလကဗျာ ကမာ္ဘကျော်ရင်ဘာသာပြန်ကဗျာတိုင်း ကမာ္ဘကျော်ရမှာပေါ့။ ဘာသာစကားရဲ့ အသက် ကာရံ မလိုဘူးလေ။—
(ဝင့်ပြုံးမြင့်)
———

ဘာသာပြန်ထားတဲ့ကဗျာတွေနဲ့ ပတ်သက်ပြီး အကျယ်တဝင့်တော့ ကျွန်တော် မပြောလိုပါကြောင်း။

ဘာသာစကားမတူကြပေမဲ့ ကဗျာဆိုတဲ့ စာပေအနုပညာပစ္စည်းတစ်မျိုးကို ရေဖွဲ့ဖန်တီးကြရာမှာ မူလ ဖြစ်တည်မှု အကြောင်းချင်းရာတွေ ရှိပါတယ်။

သူတို့လည်း သူတို့ ခေတ်အခါနဲ့သူတို့ ဝါဒတစ်ခုခုရဲ့အငွေ့အသက်ကို ဆွတ်ဖျန်းပြီး ကိုယ့်ပန်းကို ကိုယ်ပွင့်ပစ်လိုက်ကြတာပဲလေ။
(ဘယ်ခေတ်မှာမဆို ဘယ်ဝါဒ ဘယ်အယူအဆ ဘယ်သီဝရီရဲ့ အငွေ့အသက်မှ မပက်ဖြန်းဘဲ သီးခြားရပ်တည် ပွင့်လန်းလာတဲ့ ပန်းတွေလည်း ရှိတာပါပဲ။ ဆက်ပြောနေရင် အသံအကျယ်ကြီး ဖြစ်တော့မယ်။)

ဆိုတော့ သူတို့ သဘာဝ သူတို့အမြင်နဲ့ သူတို့ခံစားမှုကို သူတို့ဟန်အတိုင်း မူတည်ပြီး ဖန်တီးလိုက်တဲ့ သူတို့ အနုပညာပစ္စည်းကို ကျွန်တော် စိတ်ဝင်စားပါတယ်။ ဒါပေမဲ့ ဘာသာစကား မတူညီတဲ့အတွက် နားမလည်မှုဆိုတဲ့ ပြသနာက ဝင်လာပါတယ်။

သူတို့ဘာသာစကားကို နားမလည်ရင် သူတို့ ဘာကို ဆိုလိုချင်တယ်ဆိုတာကို မသိတဲ့အတွက် အနုပညာက ပေးတဲ့ ရသ(သို့မဟုတ် နှစ်သက်ကြည်နူးမှု)ကို မရလိုက်ဘူး ဆိုပါစို့။
မရနိုင်သူတွေ/ရချင်သူတွေအတွက် ဘာသာပြန်သူတွေက ဘာသာပြန်ပေးတဲ့အခါ ကျွန်တော်တို့ဟာ မူရင်း အနုပညာရဲ့ အရိပ်အဖြစ် ဘာသာပြန်အနုပညာကို မြည်းစမ်းခွင့် ရပါတယ်။

ဒါပေမဲ့ . . .
ဘယ့်လောက် အတိအကျ ဘာသာပြန်လိုက်လို့ ကျွန်တော်တို့က ဘယ့်လောက် အတိအကျ(အဲ့ဒီ အနုပညာပန်းကလေးရဲ့ရနံ့ကို) ရှူရှိုက်ခွင့် ရမှာလဲ။

ဘာသာစကား တစ်ခုကနေ တစ်ခုကို အကူးအပြောင်းမှာ ကျပျောက်တာတွေ ပြန်လည်ကောက်ယူလို့မရတာတွေ မရှိနိုင်ဘူးလား။ မူရင်း အနုပညာရှင်ရဲ့ ဆိုလိုရင်း ပြသလိုရင်းနဲ့ 100% နီးစပ်စွာ မြင်တွေ့ ခံစားခွင့် ရမှာရော သေချာရဲ့လား. . .စသည်ဖြင့် မေးစရာတွေ တပုံကြီး ထွက်လာပါလိမ့်မယ်။

လောလောဆယ်တော့
သူ့အပင်မှာ ပွင့်တဲ့ပန်းနဲ့ ကိုယ့်အပင်မှာ ပွင့်တဲ့ပန်း- ပန်းဆိုတဲ့ သဘောချင်း တူနေတာပဲ ရယ်လို့သာ တွေးနေပါကြောင်းနဲ့. . တဂိုးရဲ့ကဗျာတွေကို ဆရာမြသန်းတင့် ဘာသာပြန်ထားတဲ့ စာအုပ်ကြီးကို ပြေး မြင်ယောင်မိနေပါကြောင်း။

(ဒီအကြောင်းကို နောက် နှစ်နည်းနည်းကြာတော့မှပဲ ကျွန်တော် သေချာ တို့ထိ ပြောဆိုနိုင်လိမ့်မယ်ထင်ပါတယ်။
ကျွန်တော့်မှာ လေ့လာစရာတွေ အများကြီး ကျန်နေပါသေးတယ်။
လေ့လာမိသလောက်ကို ပြန်ပြောပြတတ်ဖို့ကိုပါ လေ့လာရဦးမှာပါ။)

———————————–

စကားက ပြောစရာ နည်းနည်း ကျန်နေပါသေးတယ်။

မပြုံးရဲ့ လက်သီးချက်တွေကို ကျွန်တော် မရှောင်လိုပါဘူး။
တည့်တည့် ဝင်တိုးပြီးတောင် မြည်းစမ်းချင်ပါသေးတယ်။

ထုံးစမ်းအတိုင်းတော့ ကိုယ့်ကို တည်လိုက်တဲ့ လက်သီးချက်တွေဟာ
ပြင်းမှာလား ပျော့မှာလား
ဘယ်လို အမျိုးအစားလဲ စသည်ဖြင့်. . . ခွဲခြမ်းစိတ်ဖြာကြည့်ချင်သေးလို့ပါ။

နောက်ထပ်ပိုစ်တစ်ပုဒ်မှာ မပြုံးဟာ . . .
NEO-CLASSICISM ဆိုတဲ့ အနုပညာနို့နံ့ မစင်သေးတဲ့ လက်သီးချက်တွေနဲ့ ကျွန်တော့်ကို ထိုးနှက်ချင်နေတာဖြစ်ကြောင်းးး
နည်းနည်း ပြောပြချင်ပါသေးတယ်။

သင့်အေးရိပ်
၀၃-ဇန်နဝါရီ-၂၀၁၆

 

ဂွဇွတ်တောင်ပေါ်မှ မျှစ်ကြော်ပြုံး၏ စိန်ခေါ်သံ ပိုစ့်နှင့် တွဲစပ် ဖတ်ရှုပေးပါရန်

 

About alinsett

alinsett has written 615 post in this Website..

. . .