ယာဉ်အို စက်ဟောင်း ထိန်းမောင်းနေကြတဲ့ သူငယ်ချင်းများအတွက်

နွေဦးJanuary 3, 20171min2026

ယာဉ်အိုတွေ စက်အဟောင်းတွေလို့ ကိုယ့်ကိုယ်ကို တင်စားပြီး ခရီးဆက်နေကြတဲ့ သူငယ်ချင်းတွေ အရွယ်တော်တဆိတ်ဟိုင်းပြီမို့ နှစ်ဆယ်ကျော် အစိတ် ပိုင်းကို သုံးလွန်းတင်နေကြပြီဘဲ..
ဒီအရွယ်မှာတော့ ခန္ဓာကိုယ်ကို ထိန်းထိန်းသိမ်းသိမ်း နဲ့ အသုံးချနိုင်မှ .. နို့မို့ဆို မောင်းနေရင်းနဲ့ ထိုးရပ်သွားတဲ့ စက်လို အပြင်ရ အနှိုးရခက်လိမ့်မယ် ။
စက်လို့ပြောနေတဲ့ ခန္ဓာ ကိုယ်ကလဲ စက်လိုလဲ ထိန်းသိမ်းရမယ်လေ..။
ရေ..
လေ..
လောင်စာ
ဒါတွေ သင့်တင့်မျှတပါမှ ..။

အရင်ခေတ်က ဘတ်စ်ကားကြီးတွေမှာ ရေ လေ ဝိုင် ဆိုပြီးရေးထားတာတွေ မြင်ဖူးတယ်..
အဲဒီဘတ်စ်ကားကြီးတွေက စစ်ကြိုခေတ်က လိုင်းဆွဲတဲ့ ဗိုက်ပူကားလို့ ဒီကနေ့ခေတ်လူတွေသိကြတယ် ။
ဒီကားကြီးတွေ သက်ဆိုးရှည်တာ အဲဒီ ရေလေ ဝိုင် ကြောင့်လို့တောင် ပြောလို့ရတယ် ။
ရေ လေ ဝိုင် ဆိုတာ အဲဒီ ကားကြီးတွေ မထွက် ခင် ရေတိုင်ကီထဲ ရေရှိမရှိ စစ်ဖို့ရယ် တာယာတွေမှာ လေရှိမရှိစစ်ဖို့ရယ် oil ဝိုင် လို့ခေါ်တဲ့ ချောဆီ လောင်စာဆီတွေ စစ်ဖို့ရယ် သတိပေးတဲ့စာပါ ။
ဒါတွေပြည့်စုံမှ ဒီကားကြီးတွေကို စက်နှိုးမောင်းနှင်ကြတော့ သက်တမ်းပိုခံတာပေါ့..။
ကျွန်တော်တို့ရဲ့ ခန္ဓာ စက်ဟောင်းကြီးတွေလည်း ရေလေ ဝိုင် ကို ဂရုစိုက်ဖို့ လိုအပ်ပါတယ် ။
မနက် အိပ်ယာကထလို့ ဒီစက်ယန္ဒရားကြီး လည်ပတ်တော့မယ်ဆို ရေလေဝိုင်ကို စစ်ပြီးမှ မောင်းကြပါ ။

ရေဖြည့်ပါ..


သာမန် လူတဦးဟာ တနေ့တာအတွက် ရေအနည်းဆုံး ၂လီတာ လိုတယ်လို့ ဆေးသုတေသီတွေက ပြောကြပါတယ် ။
အိပ်ယာက ထချိန်မှာ ရေ ၅၀ဝစီစီ (မတ်ခွက် ၂ခွက်) လောက် သောက်ပေးဖို့ လိုတယ် ။
သင် သောက်မိသလား. ။
မသောက်မိသေးရင် သောက်ပါ ။


အိပ်ယာက နိုးထချိန် သင့်ခန္ဓာကိုယ်ထဲက သွေးလည်ပါတ်မှု လျှင်မြန်ချောမွေ့သွားပါလိမ့်မယ် ဆိုတာ ရိုးရိုး တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ် ။
အစာလမ်းကြောင်းထဲက အစာဟောင်းတွေကိုလဲ အပြင်ထွက် သွားအောင် အထောက်အကူပြုပေးပါသေးတယ် ။
မတ်ခွက် ၂ခွက်ထက် ပိုသောက်နိုင်ရင်တော့ အခြားအကျိုးရှိတာတွေပါတွေ့ရပါမယ် ။

 

 

လေဖြည့်ပါ..


အသက်ရှုပါလို့ ပြောချင်တာပါ..။
အသက်မရှုရင် သေမှာပေါ့ လို့ ဆင်ခြေ ပေးချင်လည်းပေးပါ..
ဒါပေမဲ့ သင်ဟာ တခါတခါ အသက်ရှုဖို့ မေ့နေတတ် တယ်ဆိုတာ သတိပြုမိရဲ့လား..။
ငယ်စဉ်ကလို ခန္ဓာကိုယ်က သူ့သဘာဝအလျှောက် ရှုသွင်းရှုထုတ် ပေးနေတဲ့ လေပမာဏ ဟာ အသက်ကြီးလာတဲ့ သင့်ရဲ့ ခန္ဓာကိုယ်အတွက် မလုံလောက်တော့ပါဘူး.. ။
အသင်ကြီးလာတဲ့ သင့်ရဲ့ အဆုတ်က သွေးထဲမှာ ရှိတဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ်နဲ့အောက်ဆီဂျင်ကို ဖလှယ် ပေးတဲ့ ဧရိယာက ကျဉ်းသွားပြီလေ.. ။


ဒါကြောင့်မို့ ကိုယ်တိုင်က အားထည့်ပြီး လေရှုတာကို ဝိုင်းကူပေးမှ ဖြစ်မှာပါ ။
မနက် လေထုထဲ အောက်ဆီဂျင် များတဲ့အချိန် အိပ်ယာက နိုးတဲ့အချိန် ကြိုးစာပြီး လေများများရှုနိုင်ဖို့လိုပါတယ် ။
သွေးထဲမှာ အောက်ဆီဂျင်များလာတာနဲ့အမျှ သင့်ခန္ဓာကိုယ် ဟာလဲ ပေါ့ပါးလန်းဆန်းလာလိမ့်မယ်ဆိုတာ ရိုးရိုးလေး တွေးကြည့်ရုံနဲ့ သိပါလိမ့်မယ် ။

 

 

လောင်စာဖြည့်ပါ..


မီးဖိုကို မီးထိုးပြီး အသုံးပြုတော့မယ်ဆိုရင် မီးမမွှေးမီ ဖိုထဲကျန်တဲ့ ပြာတွေနဲ့ မီးသွေးခဲတွေကို အရင် ရှင်းရပါတယ် ။
ခန္ဓာကိုယ် စက်ယန္ဒရား ကြီးမှာလဲ အရင် ရက်က လောင်ကျွမ်းပြီး ကျန်နေတဲ့ လောင်စာဟောင်းတွေကို ရှင်းပြီးမှ လောင်စာသစ်ကို ထည့်သင့်တယ်လေ ။
ဆိုလိုတာက မနက် စောစောတကြိမ်လောက် ဝမ်းမသွားသေးဘဲ အစာသစ်ကို မစားဖို့ပါဘဲ..။
ငယ်ရွယ်သူတွေရဲ့ အစာလမ်းကြောင်းနဲ့ အူတွေဟာ အတိုင်းအတာတခုထိ ခြုံ့နိုင် ချဲ့နိုင်တာကြောင့် ပြဿ နာ မရှိပေမဲ့ အိုမင်းနေတဲ့ သင့်အစာအိမ်နဲ့ အူလမ်းကြောင်းက အဆင်ပြေချင်မှ ပြေမှာလေ..။
သတိပြုရမှာက သင့်ကားဟောင်းကြီးမှာ ဆွဲအားကောင်းအောင်လို့ဆိုပြီး 92’ROM တို့ 95’ROM တို့ဆိုတဲ့ အဆင့်မြင့် ဓါတ်ဆီ လောင်စာ မထည့်မိစေနဲ့အုံး. ။ အစတော့ ဆွဲအားကောင်းပေမဲ့ အင်ဂျင် အကျမြန်သွားလိမ့်မယ် ။


ခန္ဓာကိုယ်ကို တနေ့တာ မောင်းနှင်နိုင်လောက်တဲ့ အစားအသောက်ကို ချင့်ချိန်ပြီး စားသောက် ဖို့ လိုပါတယ် ။
အမြဲတမ်း စားနေတဲ့ အစားအသောက်မျိုး စားနေကြ ပမာဏ လောက်ကို စားနိုင်ရင် အကောင်းဆုံး ပါဘဲ..။

 

 

 

 

 

 

 

သက်တမ်းလွန် အိုမင်းနေပြီ ဖြစ်တဲ့ စက်ဟောင်းတွေသက်တမ်းရှည်ရှည် သုံးနိုင်ဖို့ ရေ လေ ဝိုင် ကို သတိပြုဖို့ လိုပြီ…။

 

 

 

 

နွေဦး တွေးမိသလို ရေးမိပါသည်။

နှစ်သစ်မှာ မိတ်သဟာ အားလုံး ကျန်းမာ ချမ်းသာကြပါစေ..။

6 comments

  • Thint Aye Yeik

    January 3, 2017 at 6:46 pm

    ရေ လေ ဝိုင် ဘာညာသာလကာ စစ်ပေမယ့်
    ဘရိတ်ပေါက်သွားတာလည်း ရှိတတ်တော့
    ရုတ်တရက် ဘရိတ် မပေါက်အောင်လည်း ဂုစိုက်ရအုန်းမယ်နော်
    :k:

    ဒါနဲ့
    ဦးနွေရော
    အောက်ပိုင်း ပုံမှန် စစ်ဖြစ်လား။
    ကား ပြောပါတယ်
    :k:

  • သာမန် လူတဦးဟာ တနေ့တာအတွက် ရေအနည်းဆုံး ၂လီတာ လိုတယ်လို့ ဆေးသုတေသီတွေက ပြောကြပါတယ် ။
    ကျနော်တော့ မနက်စောစောအိပ်ရာထကနေ ရုံးသွားချိန် ရနာရီအတွင်း တစ်လီတာခွဲလောက်နေ့စဉ်သောက်ပါတယ်…
    ရုံးမှာတော့တနေကုန် ရေနွေးပေါ့…နှစ်သစ်မှာ သတိပေးစာလေးမျှဝေလို့ကျေးဇူးပါကိုနွေဦးရေ

  • manawphyulay

    January 17, 2017 at 4:51 pm

    ရေကတော့ ပိုသောက်ရမယ်ဆိုတာ သိထားပေမယ့် ခုချိန်ထိကို ရေနွေးပဲ ပိုသေက်ဖြစ်နေတယ်။ ဒါကြောင့်လည်း လူက ပိန်နေတာလားမပြောတတ်ဘူး။

  • kai

    January 17, 2017 at 5:08 pm

    မှတ်မိတာက.. သတိ.. ဆီ၊ရေ၊လေ၊ဝိုင် လို့..။
    ပြောသာပြောတာပါ.. အဲဒီ ချက်ဗလက်ခေါင်းတိုကြီးတွေမြင်တိုင်… တော်တော်အူကြောင်ကြောင်နိုင်တဲ့ ဖြစ်ရပ်တွေသတိရမိတယ်..။
    ကျောင်းသားဘဝက.. ကြို့ကုန်းကျောင်းသွားတက်ရင်.. ခဏခဏစီးရတဲ့ကားတွေပေါ့..။
    ကျုပ်က အရပ်ရှည်သမို့.. အဲဒီပုပုကားထဲ.. ကားများကျပ်သလားဆို… ကုန်းကုန်းကြီးနဲ့.. .တော်တော်နေရခက်ခဲ့တာ..။
    ဒီကြားထဲ.. အထဲမှာ ပြေးတဲ့.. အမိုးအားဖြည့်တန်းတွေများဆို.. သံဘောင်တွေတောင်ကွပ်ထားသေး..။
    ခေါင်းနဲ့ဆောင့်မိရင်.. တော်တော်ထိခိုက်နိုင်တာပေါ့..။

    အဲဒီကားတွေကို ဘော်ဒီအသစ်.. သစ်သားတန်းတွေ.. သစ်သားတွေနဲ့ပြန်ဆောက်ကြတာမှာ.. ဘာလို့.. မြင့်မြင့်မဆောက်ကြသလဲ.. လူ(ခရီးသည်)တွေအဆင်ပြေအောင်.. ဘာလို့မလုပ်ကြသလဲ.. တွေးတွေးပြီး.. နားမလည်မိ..။
    အခုထိ..။ 🙁

  • Ko chogyi

    January 21, 2017 at 5:10 pm

    ဦးနွေဦးက ယာဉ်အိုစက်ဟောင်းဆိုရင်တော့
    စိတ်မကောင်းပါဘူး
    YBS မှာပါလို့ရဘူးးးးးးးးးးးးးးးးးးးးးးးး
    လစ်ပြီ……………….

  • Foreign Resident

    January 22, 2017 at 2:53 pm

    အဲ့ဒီ ယာဉ်အိုဟောင်းကြီးရဲ့ Maintenance ဝန် မထမ်းချင်လို့ ။
    ( တနည်း ခန္ဓာဝန်ကို မထမ်းချင် / ခန္ဓာ ကို စိတ်ကုန်လာသမို့ )
    ကားလိုဘဲ မော်ဒါယ် / ကား အသစ်သာ လဲလိုက်ချင်ရဲ့ ။

Leave a Reply