လူကြိုက်အများဆုံးနေရာများ ဆောင်းခိုငှက်များကြည့်ရှုရင်းဆည်းဆာအလှနှင့်အတူအပန်းဖြေနိုင်မည့် မိုးယွန်းကြီးအင်း

Mon LayJanuary 6, 20171min930

အားလပ်ရက်တွေမှာ နေ့ချင်းပြန်ခရီးသွားလို့ကောင်းမယ့်နေရာတစ်ခုကတော့ ရန်ကုန်မြို့ကနေ နာရီပိုင်းလောက်အချိန်ပေးရုံနဲ့ ရောက်ရှိနိုင်မယ့် ပဲခူးမြို့ပဲဖြစ်ပါတယ်။ ပဲခူးကိုသွားမယ်ဆိုရင် အချိန် ၁နာရီကျော်လောက်ပေးရုံနဲ့ ရောက်ရှိနိုင်မှာဖြစ်ပြီး ခရီးခရိတ်ကလည်း သက်သာလှတဲ့ နေ့ချင်းပြန်ခရီးတစ်ခုလို့ဆိုနိုင်ပါတယ်။ ပဲခူးကို အဓိက သွားရောက်ကြတာကတော့ ပုံမှန်အားဖြင့်ဆိုရင် နာမည်ကြီး ရွှေမော်တောဘုရားကို သွားရောက်ကြသလို အခုလိုဆောင်းရာသီချိန်ခါမှာတော့ ငှက်ကြည့်ဖို့အတွက် မိုးယွန်းကြီးအင်းကိုပါအပန်းဖြေသွားရောက်တတ်ကြပါတယ်။

သူငယ်ချင်းတွေဖြစ်စေ၊ မိသားစုနဲ့ဖြစ်စေ နေ့ချင်းပြန် ခရီးသွားကြမယ်ဆိုရင် ခရီးသိပ်မပန်းမယ့်  ပဲခူးကိုသာရွေးချယ်ကြစမြဲပါ။ ရန်ကုန်မြို့နေထွက်လိုက်တာနဲ့ စိမ်းစိုတဲ့သစ်ပင်တွေနဲ့ လှပတဲ့ရှုခင်းတွေက မြို့ပြမှာမွန်းကြပ်ခဲ့သမျှကိုဖြေဖျောက်စေမှာပါ။ပဲခူးမြို့ဟာ မွန်ဘုရင်ရဲ့ ရှေးဟောင်းမြို့ဖြစ်ပြီး ဘုရင့်နောင်မင်းတည်ထောင်ခဲ့တဲ့ ဒုတိယမြန်မာအင်ပါယာရဲ့ မြို့တော်လည်း ဖြစ်ပါတယ်။ပဲခူးမြို့မှာ စိတ်ဝင်စားဖွယ်လည်ပတ်လို့ကောင်းတဲ့နေရာတွေကတော့ နာမည်ကြီး ရွှေမော်ဓောဘုရား၊ဟင်္သာကုန်း၊ဘုရင့်နောင်ဆောက်လုပ်ထားခဲ့တဲ့ ကမော္ဘဇသာဒီ နန်းတော်၊ရွှေသာလျောင်းဘုရား၊ရွှေဂူလေးကိုးသိန်း ကိုးသန်း နဲ့ရွှေပြည် resort တို့ပဲဖြစ်ပါတယ်။

Untitled-3 copy

Ref photo: U Maung Pyo

ရွှေမော်ဓောဘုရားဟာ မြန်မာနိုင်ငံမှာရှိတဲ့ တန်ခိုးကြီးဘုရားတွေအနက် တစ်ဆူအပါအဝင်ဖြစ်ပြီး သင်တိုင်းစေတီခေါ် မကိုဋ်စေတီမျိုးဖြစ်ပါတယ်။ ရွှေမောဓောဘုရားကို ပဲခူး(မွန်ဘာသာနဲ့ ဗဂေါ)မြို့၏ ကျက်သရေဆောင်အဖြစ်ထင်ရှားပြီး ပဲခူးနယ်တစ်ဝိုက်မှာ အထင်ရှားဆုံး အရေးပါတဲ့ သာသနိက အဆောက်အအုံ တစ်ခုဖြစ်ပါတယ်။  မွန်လူမျိုးတွေ တည်ထားကိုးကွယ်ခဲ့သော စေတီတော်တွေထဲမှာတစ်ခုအပါအဝင်ဖြစ်တဲ့ ရွှေမောဓောစေတီတော်ဟာဆိုရင် မွန်ဘာသာနဲ့ ကျာ်မုဟ်တ´(ကျိုက်မုတူး)ဟုခေါ်ဆိုကြပါသေးတယ်။  ရွှေမော်တော်ဘုရားပွဲကို နှစ်စဉ် တန်ခူးလမှာကျင်းပပြီး စည်ကားလှတဲ့ပွဲတော်တစ်ခုဖြစ်ပါတယ်။ ပဲခူးရွှေဂူကြီးဘုရားကလည်း နာမည်ကျော်ဖြစ်ပြီး  သမိုင်းစိတ်ဝင်စားသူတွေအတွက် ကျောက်စာရုံထဲမှာ မြန်မာဘာသာသာမက အင်္ဂလိပ်၊ပြင်သစ်၊ပေါ်တူဂီစသည့်ဘာသာစကားများဖြင့်ရေးသားထားတဲ့ ကျောက်စာချပ်ကြီးများကိုလည်းလေ့လာလို့ရနိုင်ပါတယ်။

4Ref photo: A one- Car Rental

ထို့ပြင် ပဲခူးမြို့ကနေဆက်သွားပြီး ပဲခူးလမ်းဆုံကနေ မန္တလေးဘက်ကိုသွားတဲ့လမ်းဟောင်းမှာရှိတဲ့ ပျဉ်းပုံကြီးနဲ့ဝေါမြို့ကြားကမိုးယွန်းကြီးအင်းဟာဆိုရင် ဆောင်းရာသီကာလတွေမှာ လည်ပတ်လို့အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။  အထူးသဖြင့်တော့ငှက်ကြည့်လိုသူတွေသွားရောက်

တဲ့နေရာဖြစ်ပြီး စက်လှေစီးရင်း ငှက်ကြည့်ရတာ၊ ညနေဘက်မှာ လှပတဲ့နေဝင် ဆည်းဆာကြည့်ရတာတွေကတော့ တန်ဖိုးမဖြတ်နိုင်တဲ့သဘာဝအလှတရားတွေပဲဖြစ်ပါတယ်။ မိုးယွန်းကြီးအင်းက ဧရိယာ စတုရန်းမိုင် ၄ဝ ကျယ်ဝန်းပြီး ၁၈၇၈ ခုနှစ်မှာ အင်္ဂလိပ်အစိုးရက လူတွေဖန်တီးထားတဲ့ အင်းကြီးအဖြစ် ပေါ်ပေါက်ခဲ့ပြီး သဘာဝတောရိုင်းတိရစ္ဆာန်တွေနဲ့ ငှက်တွေရဲ့ ကျက်စားရာနေရာဖြစ်ခဲ့ပါတယ်။ ငှက်မျိုးစိတ်ပေါင်း တစ်ထောင်ကျော်နီးပါး မိုးယွန်းကြီးအင်းမှာ ကျက်စားလေ့ရှိပြီး ဆောင်းခိုငှက်ပေင်း ၁၀ဝ ကျော်လည်း ကျက်စားလေ့ရှိတယ်လို့သိရပါတယ်။

5 copyRef photo: ggetours.com

ငှက်ကြည့်မယ့်သူတွေအလာများတဲ့နေရာတစ်ခုဖြစ်တဲ့ မိုးယွန်းကြီးအင်းဟာ ရန်ကုန်မြို့နဲ့အနီးတဝိုက်မှာ သဘာဝတရားတွေကို အပြည့်အဝခံစားနိုင်တဲ့ထွက်ပေါက်နေရာလေးတစ်ခုဖြစ်ပါတယ်။ လှပတဲ့ရှုခင်းတွေနဲ့ မကြာသေးမီကမှဖွင့်လှစ်ထားတဲ့ ဘန်ဂလို၊ တည်းခိုခန်းနေရာတွေမှာလည်း သက်သာစွာနဲ့တည်းခိုနိုင်မှာဖြစ်ပါတယ်။ဘေးမဲ့တောဖြစ်တဲ့အတွက် ဆောင်းရာသီမှာဆိုရင် ငှက်ပေါင်းစုံ လာရောက်နားခိုနေတဲ့ အင်းတစ်ခုလည်းဖြစ်သလို စိမ်းစိုတဲ့သစ်ပင် အုပ်အုပ်ဆိုင်းဆိုင်းတွေကြားမှာ အေးချမ်းစွာနဲ့ အပန်းဖြေနိုင်မယ့်နေရာလည်းဖြစ်ပါတယ်။ ရှင်းသန့်တဲ့လေကို တဝကြီး ရှုရှိုက်ပြီး သဘာဝအငွေ့အသက်ကိုတွေခံစားရင်း မြို့ပြရဲ့မွန်းကြပ်မှုတွေကနေ ခေတ္တခနဖြေဖျောက်နိုင်မယ့်နေရာကောင်းတစ်ခုပဲဖြစ်ပါတယ်။

ပဲခူးမြို့ကို နေ့ချင်းပြန်အလည်သွားရောက်နိုင်သလို နားနားနေနေ သွားရောက်လိုသူတွေအတွက်ဆိုရင်လည်း ဈေးသက်သာတဲ့ဟိုတယ်တွေနဲ့ချိတ်ဆက်ထားတဲ့ အတွက်ညအိပ်ခရီးစဉ်တွေသွားရောက်နိုင်မှာဖြစ်ပါတယ်လို့ ပြောကြားလိုက်ပါရစေ။

#credit

PS : မွန်လေးဆီမှာဟိုတယ်တွေတည်းဖို ့အတွက်စုံစမ်းနိုင်ပါတယ်။