အမေ့မျက်နှာ တစ်ရွာထင်ပါလို့ . . လိုက်ခဲ့တယ် . . လိုက်ခဲ့တယ်

ေမာင္ရိုးJanuary 21, 20171min33614

#တော်လှန်ရေး၏ တတိယမြောက်နေ့

“” လှည်းတန်း . . သမိုင်း . . အင်းစိန်ပန်းခြံ . . ”
“အင်းစိန်ပန်းခြံအထိရောက်မယ် . . အခမဲ့ . . အခမဲ့ . . . ”
.
.
အထက်ပါအသံမှာ မောင်ဆာမိတစ်ယောက် အာခေါင်ဖြဲ၍အော်လိုက်သောအသံဖြစ်သည် ။
မောင်ဆာမိသည်ကား လိုင်းကားဆွဲနေလေပြီ ။
ကြားကားမဟုတ် ။ YBS မဟုတ် ။
အခမဲ့ စာတန်းများ ပတ်လည်ကပ်လျှက် ဆူးလေရင်ပြင်၏လူစည်ကားရာကားမှတ်တိုင်တွင် ဝင်ရောက်ရင်းအော်လိုက်သောအသံဖြစ်လေတော့သည် ။

“ဘယ်ရောက်မလဲ ဘယ်ရောက်မလဲ . ”
” ပန်းခြံ. . အင်းစိန်ပန်းခြံအထိ ”

မေးသူကမေး၏ ။ ပြေးလာသူက ပြေးလာ၏ ။
တချို့က စဉ်းစားသယောင်ပြုသည် ။ တချို့က လှည့်ပြန်သွားသည်။
မကြာပါ YBS တီရှပ်များဝတ်ထားသည့် မောင်မယ်လေးများရောက်လာကြသည် ။
မော်တော်ပီကယ်ယဉ်ထိန်းများမှလည်း အသံချဲ့စက်အသေးစားလေးဖြင့် လူအုပ်ကြီးအားထိန်းကျောင်းလျှက် သက်ဆိုင်ရာကားများပေါ်သို့တင်ပေးကြသည် ။

ဤသည်ကားးးး Journey to the hell ဇတ်လမ်းတွဲ၏ တတိယမြောက်အပိုင်းပင်ဖြစ်လေတော့သည် ။

~~~~~~~~~~~~~~~~~~~~~~

မဟာဖွဘုတ်တော်ကြီးသည်ကား မြန်မာပြည်အတွက်ဆိုရသော် စွယ်စုံကျမ်းကြီးသဖွယ်ဖြစ်လေ၏ ။
မကြာမကြာဆုံးမဩဝါဒများလည်းဖတ်ရသည် ။ အတင်းသတင်းအစုံ မြည်းစမ်းရပေလိမ့်မည် ။နိုင်ငံရေး လူမှုရေးနှင့်စည်းပွါးရေးမှအစ အိမ်ထောင်ရေးပါမကျန် ဆောင်ရွက်နိုင်လေ၏။ အကယ်၍ ဝါသနာပါလျှင် ရုပ်ရှင်ပေါင်းစုံကိုလည်း ကြည့်ရှုနိုင်ပေသည် ။
ထို့ကြောင့် မောင်ဆာမိတစ်ယောက် မဟာရန်ကုန်နှင့်ဝေးရာတွင်ရောက်ရှိနေသော်ငြား မဟာဖွဘုတ်တော်အစွမ်းဖြင့် အောက်ပါဇတ်လမ်းတွဲများကိုရင်သပ်ရှုမော ကြည့်ရှုခဲ့ရပါလေတော့သည် ။
သမိုင်းဝင် မထသတော်လှန်ရေးကြီးကိုအကြောင်းပြု၍ 16 . 1 .17 နေ့တွင် . .
Bus to Yangon အားလည်းကောင်းးး ၊
ထိုနေ့ညနေပိုင်းတွင် ဆူးလေရင်ပြင်ကိုနောက်ခံထား၍ရိုက်ကူးထားသော. .
Journey To The Hell ဇတ်လမ်းတွဲကိုလည်းကောင်း ၊ 17. 1.17 နေ့နံနက်ပိုင်းတွင် BM Return ကိုလည်းကောင်း ၊ အဆိုပါနေ့ညဦးပိုင်းတွင် Night of the City Hall ကိုလည်းကောင်း ကြည့်ရှုခံစားရင်း . . “” ဟာာ !! “” “” ဟင်င် !! ” “” တောက်စ် !!” ” ကျွတ်စ်!! ” ” . .
ဟူသော အာမေဒိတ်များ ပြုလျှက် ဆုံးဖြတ်ချက်တစ်ခုကို ခိုင်မာစွာချလိုက်ပါလေတော့သတည်းးးးး ။
.
.
မထသ တော်လှန်ရေးကြီးကား အရှိန်အဟုန်ဖြင့် ပေါက်ကွဲနေလေပြီ ။
ဘတ်စ်ကားမှတ်တိုင်များတွင် YBS တပ်သားများက စီးနင်းဝင်ရောက်နေရာယူထားကြလေ၏ ။
မဟာရန်ကုန်၏ လေးပြင်လေးရပ်သောဌါနများမှ ပရဟိတကားတန်းကြီးများသည်လည်း ဆူးလေရင်ပြင်သို့ အရှိန်အဟုန်ဖြင့်ချီတက်နေသည် ။
လူတိုင်း၏ မျက်နှာများတွင် YBS အောင်ရမည်ဟု ယုံကြည်ချက်များထင်ဟတ်လျှက် . . . .
ရင်ထဲတွင် ကိုယ်စီကြေးွကြော်နေသည်ကားးးး “” We were Kwi Phyo “” ဟူ၍ . . . . . ။
ဤသို့လျှင် မောင်ဆာမိတစ်ယောက်သည်လည်း အဆိုပါတော်လှန်ရေးကြီး၌
“Transporter ” ဇတ်လမ်းတွင်ပါဝင်သရုပ်ဆောင်ခဲ့လေတော့သည် ။
၁၅ ယောက်သာတင်ဆောင်နိုင်သော ကားပေါက်စလေးဖြင့် အခမဲ့ စာတမ်းများကပ်ပြီးလျှင် ဆူးလေရင်ပြင်သို့ ဝင်လာခဲ့သည် ။
မောင်ဆာမိရောက်သောအချိန်သည်နေမစောင်းသေး ။
ညနေ ၄ နာရီခွဲ သာသာခန့်ဖြစ်သဖြင့် YBS မော်တော်ယဉ်များသည်လည်း နိုင်နိုင်နင်းနင်းဖြင့်တင်ဆောင်နေကြသည် ။
အခမဲ့ ကားများကားးးးး အန္ဒြေကြီးစွာရပ်ရင်း မကြာမီတွင် ဖြစ်ပေါ်လာလတံ့သော Journey to the Hell ဇတ်လမ်း တတိယပိုင်းအတွက် တိတ်တဆိတ် ပြင်ဆင်နေတော့သည် ။

အချိန်ကား နေစောင်းလေပြီ ။
YBS ဘတ်စ်ကားများလည်း တဖြည်းဖြည်း အဝင်ကျဲလာ၏ ။
ရုံးအပြန် လူအုပ်ကြီးသည်လည်း တစ တစ ပို၍ တိုးပွါးလာသည် ။
ဆူးလေရင်ပြင်ကားးး လူမုန်တိုင်းဖြင့် သွက်သွက်ခါစပြုလေပြီ ။
ဟိုမှ ဒီမှ ပြေးလွှားကြရင်း အိမ်အပြန် ရုံးအဆင်းမှာ သီချင်းမဆိုနိုင်တော့ပြီ . . ။
စောင့်မျှော်နေသူ သမီးသားတို့ရုပ်ပုံလွှာကိုတွေးရင်း မုန်တိုင်းစင်ယော်တို့ ပြန်ကြပေတော့မည် ။
အပူရုပ်ကိုဟန်လုပ်ရင်း သိန်းစွန်ငှက်တို့၏ မျက်လုံးမျိုးဖြင့် အပြန်ဘတ်စ်ကားကိုရှာကြသည် ။

ရုတ်တရက် . . . .
ဆူးလေအဝိုင်းကိုကွေ့ဝိုက်၍ မော်တော်ယဉ်တန်းကြီးဝင်ရောက်လာကြသည် ။
အလို!! ဘာကားတွေပါလိမ့် ? ?

နံပါတ်အပြာ တပ်ဆင်ထားသော ခရီးသွားလုပ်ငန်းမှ ဇိမ်ခံလေအိပ်ကားများ ၊ နံပါတ်အနီတပ်ဆင်ထားသော ဘုရားဖူးအငှါးယဉ်များနှင့် ဟိုင်းဝေး အိပ်စပရက်ကားများ ၊ နံပါတ်အနက်တပ်ဆင်ထားသော ကိုယ်ပိုင်မော်တော်ယဉ်များ ၊ အခမဲ့ စာတမ်းကပ်ထားသော အငှါးယဉ်များ. . . . . .
ဧကန္တ သိကြားမင်းကြီး၏ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာတော့ ပူနေပြီထင့် . . ။
မဟုတ်မှလွဲရော . . ဖိုးသိကြားအမိန့်ဖြင့် ကားများရောက်လာလေရော့သလား ???
မဟုတ်ပါ ။
လုံးဝမဟုတ်ပါ ။
ဒီလောက်တော့ဖြင့် သိကြားကူစရာမလိုပါ ။
အမေ့မျက်နှာ တစ်ရွာထင်ပြီး လိုက်ခဲ့သူတွေဖြစ်သည် ။
ဒါးတောင်ကိုလည်းကျော်ရဲသည် ။မီးပင်လယ်လည်းဖြတ်ရဲသည် ။ ယုတ်စွအဆုံး ချီးပုံတွေ့လည်းနင်းရဲသည် တမုံ့ . . ။

ပြည်သူသည် နိုင်ငံ၏ခွန်အားဖြစ်သည် ။ပြည်သူဆင်းရဲလျှင် နိုင်ငံလဲမွဲပေလိမ့်မည် ။
ပြည်သူအချင်းချင်းမှ မစောင့်ရှောက်လျှင် မည်သူကစောင့်ရှောက်မည်နည်း ။
ဤသည်ကားးး . . မြန်မာပြည်သားတို့၏ စိတ်ဓတ်ပင်ဖြစ်လေသည် ။
ခေတ်အဆက်ဆက် ကိုယ့်ဝမ်းကိုယ်ကျောင်း၍ ကိုယ့်အသက်ကိုယ်ဆက်ခဲ့ကြရသည် ။
ဒီလောက်တော့ဖြင့် မမှု ။

~~~~~~~~~~~~~~~~~~~~~~~~

သို့နှင့် . . မောင်ဆာမိလည်း အင်းစိန်ပန်းခြံ အထိ ခရီးစဉ်စတင်ခဲ့သည် ။
၁၅ ယောက်စီးကားလေးအားလူ၂ဝ ကျော်ခန့်တင်ဆောင်ပြီးနောက် လီဗာတံအားဖနောင့်နှင့်ကြိတ်ရတော့သည် ။
2700cc အင်ဂျင်သည် ငယ်သံပါအောင်အော်ညီး၍ ရုန်းကန်နေလေပြီ ။
လမ်းတစ်လျောက် တက်သူတက် ၊ ဆင်းသူဆင်း ၊ လာသူလာ သွားသူသွား but I go on forever . . .
အငိုမျက်လုံးအပြုံးမျက်နှာများဖြင့် ကျေးဇူးတင်စကား အထပ်ထပ်ပြောကြသည် ။
မည်သူကမျှ အပြစ်မဆို ။ ဒီခရီးဒီလမ်းအတွက် အမေ့ကိုယုံမှတ်၍ ပုံအပ်ခဲ့သည်မဟုတ်ပါလား . . .။
တော်လှန်ရေးကာလဖြစ်သည် ။
ထမင်းငတ်ချင်ငတ်မည်
ကားကြပ်ချင်ကြပ်မည် ။
လမ်းလျောက်ချင်လျောက်ရလိမ့်မည် ။
ကံကောင်းလျှင် အခမဲ့ကားဖြင့်တိုးမည် ။ (c/d to အမတ်မင်း /ဘလက်ချော)
.
.
အင်းစိန်ပန်ခြံသိုရောက်တော့ လူအုပ်ကြီးနှင့်ထပ်တွေ့ရပြန်သည် ။
လှိုင်သာယာ ရွှေပြည်သာသို့ ပြန်မည့်သူများဖြစ်သည် ။
သို့သော် ဆက်ပြီးမပို့နိုင်တော့ပါ ။
ဆူးလေရင်ပြင်သို့ တစ်ခေါက်ပြန်ရဦးမည် ။
“နောက်တစ်ခေါက်လာခဲ့မယ်”ဆိုသောကတိစကားအား ချိုးဖေါက်၍မဖြစ်သေး ။
နှမ်းတစ်စေ့ဖြင့် ဆီကြိတ်ရပေဦးတော့မည် .. . . .။
ရန်ကုန်ဆောင်းသည် စိမ့်စိမ့်လေးအေးနေလေပြီ ။
ထို့အတူ တော်လှန်ရေးကာလလွန်မြောက်ပြီးပါကလည်း ရန်ကုန်ဆောင်းကဲ့သို့ အေးချမ်းစေချင်မိသည် ။
ရွှေပြည်တော်သို့ ရမ်းရော်ကြည့်ရင်းးးးးး
ဆူးလေသို့ ပြန်ဆန်တက်သောလမ်းတွင် သက်ပြင်းတစ်ချက် တိတ်တိတ်ရှိုက်မိသည်လား ဆိုသည်ကိုတော့ . . . .

ဤသည်ကား 16. 1. 2017 နေ့တွင်စတင်ခဲ့သော မထသ တော်လှန်ရေးကြီးတွင် BSA တပ်မတော်(Bus Service Association ) တပ်သားလေးအဖြစ်ပါဝင်ခဲ့သော မောင်ဆာမိ၏ ကြုံရဆုံရ တခဏတာပင်ဖြစ်ပေတော့သည် ။
လေးစားလျှက်
မောင်ဆာမိ

 

 

14 comments

  • surmi

    January 21, 2017 at 2:01 pm

    ဓတ်ပုံယူသုံးခွင့်ပြုပါသော မဝေ Wei Wei
    စာသားများအားအသုံးပြုခွင့်ပေးပါသော ကိုဘလက်ချောနှင့် အမတ်မင်းတို့အား ကျေးဇူးအထူးတင်ရှိပါကြောင်းးးး :mrgreen:

  • Ko chogyi

    January 21, 2017 at 4:58 pm

    ၁၅ ယောက်စီးကားကို လူ ၂ဝ တင်တယ် over weight နဲ့ဖမ်းမယ် P:

  • ဂျစ်စူ

    January 21, 2017 at 9:11 pm

    လေးဇားပါတယ် အတိုရီး

  • ဝင့်ပြုံးမြင့်

    January 22, 2017 at 9:25 pm

    အရေးအသားကတော့ စာရေးဆရာတွေ ရှုံးလောက်ပြီနော်။

  • ဇီဇီ

    January 23, 2017 at 7:45 am

    တကယ် ယုံမှတ်လို့ ပုံအပ်ခဲ့သူတွေက မညည်းလှပါဘူးး
    ပုံအပ်ချင်ယောင်ဆောင်တဲ့သူတွေက အခွင့်လည်းသာရော ပိုးစိုးပက်စက်ရောချပြောဆိုနေကြတာလေးက အမြင်ကပ်စာကောင်းနေတာ။
    အရင်အစိုးရလက်ထက်တုန်းက အရမ်းအဆင်ပြေတဲ့ ကားလိုင်းတွေ စီးခဲ့ရတာဆိုတော့လေ။ ငိငိ။
    :k:

  • Thint Aye Yeik

    January 23, 2017 at 10:10 am

    အမေ့မျက်နှာ ”ရွာ”ထင်တယ်ဆိုကတည်းက မှားနေကြတာ။
    အမှန်က ကမ႓ာ ထင်ရမှာ။
    ရွာပဲ ထင်တော့ ရွာလည်နေရော
    ကမ႓ာထင်ရင် ကမ႓ာပတ်နေရလောက်ပြီ
    :k:

  • Foreign Resident

    January 23, 2017 at 10:29 am

    မှန်တာပြောရရင် ၊ အမေ့မျက်နှာကို တစ်ရွာမထင်ခဲ့ပါဘူး ။
    ၁ ။ ဟိုဖက်က လူ့အောက်တန်းစား စစ်အာဏာရှင်ကို မုန်းတာရယ် ။
    ၂ ။ ဒေါ်စုကို ပျော့တယ်လို့ထင်ပေမယ့် ခုထိ သိပ်မမှားသေးတာရယ် ။
    ွှ၃ ။ ဒေါ်စုဟာ စစ်အာဏာရှင်ကို ဖယ်ရှားဖို့ အကြီးဆုံး အင်အား ဖြစ်နေတာရယ် ။
    ဒါနှင့်ဘဲ ဒေါ်စု ကို ( အားနာပါးနာ နှင့် ) ထောက်ခံပေး မိတာပါ ။
    ( ဒေါ်စု နောက်ကို လိုက်နေတာ မဟုတ်ပါ )

  • သျှားသက်မာန်

    January 23, 2017 at 1:59 pm

    အရင်ပတ်ကလည်းမွန်လေးစီးကြည့်တယ် ybs အဆင်မပြေပါ ဒီတစ်ပတ်ထပ်စီးကြည့်တယ် ပိုဆိုးနေတယ် ကားကိုမရှိတာ ရှိတော့
    လည်းကျပ်ပိတ်သပ်နေတာပဲ ရင်လေးတယ်မြန်မာနိုင်ငံကြီးကို

    • Thint Aye Yeik

      January 23, 2017 at 3:41 pm

      အရင်
      မထသ ကားတွေထက် ပိုကျပ်တာလား

  • kai

    January 23, 2017 at 2:21 pm

    ၁၅ယောက်စီးဆိုပြီး …၂၇၀၀cc ဆိုတော့… တော်တော်မဟုတ်သေးဘူး..။
    တယောက် ပေါင် ၁၅ဝ ထား..။ ၁၅ယောက်ဆို.. ၂တန်ကျော်နေပြီ..။
    ၂၇၀ဝစီစီ အင်ဂျင်.. ၂တန်ကျော်ဝန်ကို ထမ်းအောင်လုပ်ထားတဲ့ကား.. ဘာကားလဲသိချင်..။

    ဆိုတော့…
    ရထားဟေ့..။ ရထား..။
    ကမ္ဘာကြီးမှာ မြို့ပြ..မက်ထရိုပိုလက်တန်တွေ လူ.. သယ်ယူပို့ဆောင်ရေးမှာ.. ရထားကိုအားကိုးတဲ့ခေတ်..။
    အဲဒါကို ပြောင်းစီး.. အဆင့်မြှင့်..။

  • Ma Ei

    January 23, 2017 at 2:36 pm

    ရုံးကားစီးနေလို့ တော်လှန်ရေးထဲပါဝင်ခွင့်မရတဲ့ပြင် ကိစ္စများမြောင်လူတို့ဘောင်မှာ ခုရက်တွေထဲ အမေဆေးရုံတက်ရ ယောက္ခမဆုံးဆိုတော့ အရေးကြောင်းရှိ တက်စီဖြစ်ရော… ဒီတော့ တော်လှန်ရေးနဲ့ပတ်သက်ပြီးပြောရရင် ပေါင်မုန့်မရှိလို့ ကိတ်မုန့်စားနေရပါတယ် ဖြစ်တော့မယ်…

  • aye.kk

    January 23, 2017 at 4:48 pm

    သာဓု သာဓု သာဓုပါ
    လေးစားပါတယ်
    ငါးတော့မလျော်နိုင်သေးလို ့ပါ။

  • CharTooLan

    January 30, 2017 at 11:47 am

    ကံဆိုးချက်တာမွေကနေလသာကို အခမဲ့နဲ့တခါမှမတွေဘူး :'(

Leave a Reply