အင်္ဂလိပ်သဒ္ဒါတတ်ကျွမ်းလိုသော် (၁၀) – ပါမောက္ခမျိုးကျော်မြင့်

kaiJanuary 25, 20172min1892

ယခုလိုနှစ်ဆန်းကာလမှာ New Year Resolutions တွေလုပ်တတ်ကြတာ လူတိုင်းလိုလိုပါဘဲ။ ဒါပေမယ့် တချို့လူများကသာ ဒီ New Year Resolution လေးတွေကို တိတိကျကျလိုက်နာပြီပိုမိုတိုးတက်အောင်မြင်သွားကြတယ်။ အများစုကတော့ ဒီ New Year Resolutions လေးတွေကို ခေတ္တခဏသာလိုက်နာနိုင်ပြီး လပိုင်းအတွင်း၊ ရက်ပိုင်းအတွင်း နဂိုမူလဘဝကိုပြန်ရောက်သွားကြတယ်။ တိုးတက်အောင်မြင်ဖို့ဝေလာဝေး၊ ဆုတ်ယုတ်ပျက်စီးသွားတာမျိုးတောင် ရှိကြပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရသလည်းဟုဆိုရင် Future Perfect tense ကို နားလည်းမလည်၊ သုံးလည်းမသုံးတတ်ကြလို့ပါဘဲ။ Future Perfect tense ကို ကောင်းကောင်းသုံးတတ်သူများကတော့ အောင်မြင်မှုသရဖူဆောင်းပြီး လောကအလယ်မှာ တင့်တယ်နေကြတယ်။ အောက်ပါဝါကျနှစ်ခုကို ယှဉ်ကြည့်လိုက်ပါ။
“I will lose fifty pounds and become healthy.”
“I’ll have lost fifty pounds and become healthy by  July of 2017 .”
ပထမဝါကျမှာ ဝနေလို့ ပေါင်ငါးဆယ်လျှော့ချမယ်တဲ့။ ဒါမှလည်း ကျန်းမာလာမယ်ပေါ့။ ဒါပေမယ့် Simple future tense ကိုပဲ သုံးပြီး ဘယ်အချိန်အခါအတွင်းမှာ လျှော့မယ်လို့ မပြောထားတော့ မလျှော့ဖြစ်ဖို့က ပိုများပါတယ်။ အဲ ဒုတိယဝါကျကတော့ Future perfect tense ကိုသုံးပြီး ဂျူလိုင်လမတိုင်ခင် လျှော့ကိုလျှော့ရမယ်လို့ တိတိကျကျရေးထားတော့ လျှှော့ဖြစ်ဖို့သေချာသလောက်ပါဘဲ။ Future perfect tense ကို ကောင်းကောင်းသုံးတတ်သူများသည် ရည်မှန်းချက်လေးတွေ တနည်းအားဖြင့် goals တွေကို အကောင်အထည်ဖော်နိုင်ကြတာ များပါတယ်။ ဒီ Future perfect tense ရဲ့ form ကလေးကတော့ အလွယ်လေးပါ။
will + have + past participial ပေါ့နော်။
“I have bought a house by 2020.” “She’ll have graduated from college by 2019.”
” He’ll have gotten a high paying job by June , 2018.”
စသဖြင့်ပေါ့နော်။ အနာဂတ်ဆိုတာ ကျယ်ဝန်းလွန်းလို့ အနာဂတ်ကို တိတိကျကျလေးထပ်မံပြီး ဘောင်ခတ်လိုက်တဲ့ သဘောပါ။ ဒီလိုဘောင်မခတ်လိုက်ရင် မိမိကိုယ်မိမိ ညာနေလို့ရတယ်လေ။ ဒီနှစ်မဖြစ်သေးရင် နောက်နှစ်ပေါ့။ နောက်နှစ် မဖြစ်သေးရင် နောက်တစ်နှစ်ပေါ့။ ဒီလိုနဲ့ဘဲ ရည်မှန်းချက် Goals တွေပျက်သုဉ်းသွားကြတာ အများကြီးမဟုတ်လား။ အဲ အခုစာဖတ်သူများကတော့ Future perfect tense ကို by + future time နှင့် ကွဲပြီး သုံးတတ်သွားပြီဆိုတော့ ရည်မှန်း ချက်လေးတွေပြည့်ဖို့ ၉ဝ ရာခိုင်နှုန်ဒသေချာသွားပါပြီ။ တခါတလေ ဒီ future perfect tense ကို Negative လည်းပြောင်းပြီး သုံးတတ်ဖို့ လိုသေးတယ်နော်။
will not + have + past participial သို့မဟုတ် won’t + have + past participial လို့ သုံးရပါတယ်။ ဥပမာ – “She won’t have given birth to her child by August.” (အရေးကြီးတယ်နော်။၉ လမပြည့်ခင် မွေးမိရင်မိခင်ရော ကလေးပါ စိုးရိမ်စရာဖြစ်နိုင်တယ် မဟုတ်လား။ ကျယ်ဝန်းတဲ့အနာဂတ်ကို future perfect tense ကိုသုံးပြီး ဘောင်ခတ်လို့ရသလို အတိတ်ကာလကိုလည်း past perfect tense ကိုသုံးပြီး ဘောင်ခတ်လို့ရပါတယ်။ ငယ်ရွယ်စဉ်တုန်းကတော့ အတိတ်ဆိုတာမပြောပလောက်တဲ့ အချိန်ကာလလေးပါ။ ဘောင်ခတ်နေစရာ မလိုပါ။သို့သော် အသက်ကြီးလာတဲ့အခါ၊ တနည်းအားဖြင့် ဇရာပိုင်းကို ရောက်လာတဲ့အခါ အတိတ်ကာလကြီးဟာ ကျယ်ဝန်းလာပါတယ်။ အသက်ကြီးလာသည်နှင့် အမျှ မေ့တတ်ပြုတတ်တာတွေလည်း ဖြစ်လာပြီးပေါ့။ ဒီတော့ Past perfect tense ကို သုံးပြီး အတိတ်ကိုဘောင်ခတ်တတ်ဖို့ လိုအပ်လာပြီလေ။ အများအားဖြင့် မိမိရဲ့ဘဝမှာ မမေ့နိုင်လောက်တဲ့ ထူးခြားတဲ့ မှတ်သားဖွယ်ရာကိစ္စလေးများကို ဗဟိုပြုပြီးPast perfect tense ရဲ့အကူအညီနဲ့ အတိတ်ကာလကို ဘောင်ခတ်လေ့ရှိပါတယ်။
ဆိုကြပါစို့ – us ကို 2000 ကရောက်ရှိလာခဲ့တယ်။ ဒီတော့ ဒီ 2000 မတိုင်ခင် ဖြစ်ခဲ့တဲ့ ကိစ္စများကို past perfect tense ကိုသုံးပြီး ဖော်ပြနိုင်ပါတယ်။ ဥပမာ –
” By 2000 , I had married my high school sweetheart.”
” By 2000, I had graduated from college and found a job.”
” By 2000, I had been in and out of prison at least six times for my political views.”
(အထင်မသေးကြပါနဲ့။ တကယ်တော့ စစ်အစိုးရလက်ထက်မှာ ထောင်ကျဖူးတယ်ဆိုတာ နိုင်ငံရေးသမားများအတွက်တော့ ဂုဏ်ယူစရာပါ။)
ဒီလိုအတိတ်ကာလကို us မရောက်ရှိမီအချိန်ကာလနှင့် ရောက်ပြီးမှ အချိန်ကာလလို့ သတ်မှတ်နိုင်ပါတယ်။ မရောက်မီဖြစ်ခဲ့တဲ့ကိစ္စလေးများကို Past perfect tense ကိုသုံးပြီး ဖော်ပြနိုင်ပြီး ရောက်ပြီးမှ ဖြစ်ပျက်သည့်ကိစ္စများကို Simple past tense ကိုသုံးပြီး ဖော်ပြကြပါ။ အလားတူ လက်မထပ်ရသေးခင်ကာလနှင့် လက်ထပ်ပြီး နောက်အချိန်ကာလဟူ၍၎င်း၊ဘွဲ့မရသေးခင် ကာလနှင့် ဘွဲ့ရပြီးနောက်အချိန်ကာလဟူ၍၎င်း ခွဲခြားဘောင်ခတ်ခြင်းဖြင့် ဇရာ၏အပေါ် မေ့လျော့ခြင်းကို ခုခံတိုက်ခိုက်နိုင်ပါသည်။ Past perfect tense ရဲ့ formကတော့ had + past participial ဖြစ်ပါတယ်။ negative သုံးချင်ရင် Had not + past participial သို့မဟုတ် hadn’t + past participial ဖြစ်ပါသည်။ ဥပမာ –
” By 1998 , he had started working at Apple.” ” By 2012, she had given birth to three kids.”
” By 1999, he still hadn’t found a job.”
စသဖြင့် သုံးစွဲနိုင်ပါသည်။ ဒီနေရာမှာ ကြုံကြိုက်လို့ Grammar စာအုပ်များ၌၎င်း၊ စာသင်ကျောင်းများ၌၎င်း သင်ကြားလေ့ရှိသည်။ လူသိများသည့် Past perfect tense ကို သုံးစွဲပုံတမျိုးကိုလည်း ရှင်းပြလိုပါသည်။ Grammar စာအုပ်တိုင်းလို လို Past perfect tense ကိုသုံးလိုလျှင် အတိတ်၌ ဖြစ်ပျက်ခဲ့သည်ကိစ္စ ၂ ခုအတွက် သုံးနိုင်ပါသည်။ ပထမဖြစ်ရပ်ကို Simple past နှင့် သုံး၍ ဒုတိယဖြစ်ရပ်ကို “past perfect ” သုံးဖို့ ရည်ညွှန်းထားတတ်ကြပါသည်။ ဥပမာ –
“He had stopped breathing before the doctor pronounced him dead.”
” After he had eaten the raw fish, he threw up.”
ဒီဝါကျနှစ်ခုစလုံးမှာ Before , after စတဲ့ ဝေါဟာရလေးတွေ၊ ဘယ်ကိစ္စအရင်ဖြစ်တယ်၊ ဘယ်ကိစ္စကနောက်မှဖြစ်တယ်ဆို ရှင်းရှင်းလင်းလင်းပြသနေတဲ့အတွက် ဘယ်ကိစ္စအရင်ဖြစ်တယ်ဆိုတာကို Past perfect tense ကိုသုံးပြီး ဖော်ပြနေဖို့ တကယ်တော့မလိုလှပါ။ ဒီတော့ အထက်ဝါကျနှစ်ခုစလုံးကို
” He stopped breathing before the doctor pronounced him dead.”
” After he ate the raw fish, he threw up.”
ဆိုပြီး Simple past tense ကိုသုံးပြီး ရေးလို့လည်းရပါတယ်။ ထားပါတော့လေ စာရေးသူရဲ့ New Year Resolution တခုက တိုတိုရှင်းရှင်းဘဲပြောမယ်၊ ရေးမယ်ဆိုတာဖြစ်နေတာမို့ ဒီနေရာမှဘဲ ရပ်နားလိုက်ပါရစေ။

2 comments

  • Thint Aye Yeik

    January 27, 2017 at 8:52 am

    အရမ်းကောင်းတယ်။ ဒီဆရာ့ သင်တန်းကို အပြင်မှာ တက်ဖူးချင်တယ်။
    ဒါ မလွယ်ဘူး။ ဒီတော့ ဒီဆောင်းပါး သင်ခန်းစာတွေကို စာအုပ် စု ထုတ်တာနဲ့… ဝယ် ဖတ်မယ်။
    တခြားသူတွေကို လက်ဆင့်ကမ်းရမယ်။ ခက်တာက အခုထိ စာအုပ်ဆိုင်တွေပေါ်မှာ… စာအုပ် အဖြစ် မတွေ့ရသေးဘူး။
    ဆရာ့ကို ပြောပေးပါအုန်း သူကြီးရေ။ ရေးပြီးသမျှကို စုပြီး စာအုပ် ထုတ်ပေးဖို့… ။

  • ko six

    January 28, 2017 at 12:24 am

    ကောင်းလိုက်တာ။
    စာအုပ်ထွက်ရင် ဝယ်ထားချင်တယ်

Leave a Reply