ထမင်းစားရင်း အလုပ်ရသွားပုံက..

who whoJanuary 27, 20171min1713

ကျနော်တို့ညီမနှစ်ယောက် အဘိဓမ္မာသင်တန်းစတက်ဖြစ်တော့သင်တန်းကအပြန် ထမင်းအတူတူစားရင်း ပြောဖြစ်ကြပါတယ်။ အငွေ့တထောင်းထောင်းထနေတဲ့ ထမင်းပူပူလေးရယ်၊ ချဉ်ရည်ဟင်းလေးရယ်၊ ရှမ်းငရုတ်ရှုရှုရှဲရှဲလေးရယ်ဆိုတော့ ဘေးကနေငေးကြည့်နေတဲ့ ကြက်သားဟင်းလေး ခမျာ မျက်နှာငယ်ရှာပေါ့။ ထမင်းစစားတယ်ဆိုရင်ပဲ ကျနော်က စပြောမိပါတယ်။

“ညီမရေ ငါတို့ အရင်တုန်းကထင်ထားတာနော်။ ကိုယ့်ထမင်းကိုယ်စားတာ ဘာအပြစ်မှမဖြစ်ဘူးဆိုပြီးပေါ့။ အားရပါးရစားလိုက်ဝါးလိုက်ကြတာလည်း မပြောပါနဲ့အေ။ ခု အဘိဓမ္မာသင်တန်းတက်တော့ သင်ပေးလိုက်တဲ့ လောဘမူစိတ်(၈)ခု။ ကဲ ငါတို့စားနေတာက ဘယ်အခုနဲ့ကိုုက်မလဲ စဉ်းစားကြည့်ပါလား”

ဆိုတော့ ကျနော့် ညီမက

“အင်းနော်။ ခုမှပဲ ကိုယ့်ထမင်းကိုယ်စားတာတောင် အပြစ်က ဖြစ်နိုင်သေးတာပဲကိုး။ ငါတော့ အဲလို အပြစ်ဖြစ်မဖြစ် တစ်ခါမှတောင် မတွေးဖူးပါဘူး။ ကဲ ဒါဆို ညည်းအရင် စစ်ပြလေ။ ခု စားနေတာ ဘယ်စိတ်နဲ့လဲဆိုတာ”

“အမယ် ညည်းလူလည်ကျလှချည်လား။ ငါမေးတဲ့မေးခွန်း ငါ့ကို ပြန်မေးနေတယ်။ ဘာပဲဖြစ်ဖြစ် နှစ်ယောက်လုံး စားနေတာမို့ နှစ်ယောက်လုံးမှာ စစ်ဖို့ တာဝန်ရှိတယ်လေ။ ဟားဟား။ ဘယ်ချောင်ခိုချင်လို့ ရလိမ့်မလဲ။ ကဲ စစ်ပေတော့ ကိုယ့်ကိုယ်ကို…”

ဆိုတော့ သူလည်း သူ့ဘာသူ စဉ်းစား။ ကိုယ်လည်း ကိုယ့်လောဘရဲ့လာရာမူလကို စဉ်းစားကြတာပေါ့။

သူ့အဖြေတော့ သူ့ဘာသူသိလိမ့်မှာမို့ ကျနော်နဲ့မဆိုင်။ ကျနော့အကုသိုလ်သာ ကျနော်နဲ့ဆိုင်တာမို့ ကျနော့ရဲ့ ထမင်းစားရင်းဖြစ်နေရှာတဲ့ လောဘမူစိတ်ကလေးကို ခုလို သရုပ်ခွဲ၍ လူသိရှင်ကြား ကြော်ငြာဝင်လိုက်ရပါတော့သည်။

ပထမ ထမင်းစားတဲ့အချိန်
——————

ထမင်းလုတ်လေးကို ပါးစပ်ထဲထည့် လိုက်လို့ လျှာနဲ့ဒီချဉ်၊ငန်၊စပ်၊ အရသာ လေး ထိလိုက်တာနဲ့ကိုက ကြိုက်တယ် ၊မကြိုက်ဘူးဆိုတဲ့ တဏှာလေးက တန်းဖြစ်နေပါပြီ။ ကြိုက်တဲ့အရသာဆိုရင် ထပ်ပြီးအရသာခံဖို့ ဒီဟင်းကို ထပ်ထည့်လိုက်တယ်။ ဒါကိုက လောဘနဲ့နော်။ ကောင်းလိုက်တဲ့ ဟင်းပဲ။ ဆိုပြီးတော့လေ တရှုးရှုး တရှဲရှဲနဲ့ ထပ်ထည့်လိုက် စားလိုက်နဲ့ကို အိုဘာပြော ကောင်းမလဲနော်။ လောဘတွေ တန်းလန်းနဲ့ ထမင်းလုတ်တွေ ထည့်ပေး နေလိုက်တာ။

ဝမ်းမြောက်ဝမ်းသာ စားကောင်းလိုက်တာကွဲ့ဆိုတော့ သောမနသသဟဂုတ်။

အရင်က အပြစ်မရှိဘူးလို့ ယူဆပြီးစားခဲ့လို့ ဒိဋ္ဌိဂတသမ္ပယုတ်။

ခု အပြစ်ရှိတယ်လို့ သတိထားမိတော့ ဒိဋ္ဌိဂတဝိပ္ပယုတ်။

သူများကိုယ့်ကို တိုက်တွန်းခြင်းမပါပဲ ကိုယ့်ဘာကိုယ် ခူးခပ် အားရပါးရတွေမြိန်ရှက်စွာ စားနေတော့ အသင်္ခါရိက။

ဒါဆိုတော့ ကိုယ်ဖြစ်နေတာကို စစ်တမ်းထုတ်လိုက်သောအခါ
ယခင်— သောမနသသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခ ါရိက လောဘမူစိတ်နဲ့စား၏။

ယခု—-သောမနသ သဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိက လောဘမူစိတ်နဲ့စား၏။

တစ်ခါ ဘေးက ညီမက ဒါလေးကောင်းတယ်ထည့်စားဆိုပြီး တိုက်တွန်းလို့ စားရင်းကြိုက်ပြီး လောဘတက်လေတော့
ယခင် – သောမနသသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သ သင်္ခ ါရိက လောဘမူစိတ်နဲ့စား၏။

ယခု – သောမနသသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သ-သင်္ခ ါရိက လောဘမူစိတ်နဲ့စား၏။
—————————————————

ဒီရက်ပိုင်း ကျန်းမာရေးကချူချာ တုတ်ကွေးက နှစ်ခါပြန်ကွေး။ အစားအသောက်က ဘာမှ စားချင်စိတ်မရှိ။

ဘယ်လိုပင် ဖွယ်ဖွယ်ရာရာ လုပ်ပေးပါသော်လည်း စားရသည်မှာ အရသာမရှိလှ။ မဖြစ်၍သာ စားနေရသည်။ ဒါလည်း စစ်ရတော့မည်။
အမေတိုက်တဲ့ ကြေးအိုးခေါက်ဆွဲ။

မဖြစ်မနေမို့ စားရတော့
ယခင် – ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သ သင်္ခါရိက လောဘမူစိတ်နဲ့စား၏။

အမှန် ဒေါသပါပါလေမည်။ မစားချင်ပဲစားရလို့လေ။

ယခု – ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သ သင်္ခါရိက လောဘမူစိတ်နဲ့စား၏။
———————————————–

အင်း ခါတိုင်းတော့ ဖျားရင် ဂရုစိုက်နေကျလူတွေ ခု ခဏတိုင်းဖြစ်နေလေတော့ ထူးဂရုမစိုက်ကြတော့ဘူး။ ဂရုစိုက်ရတဲ့လူတောင် စိတ်ကုန်သွားပုံရ၏။ ကျနော့ကျန်းမာရေးက မထူထောင်နိုင်ဆိုတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ။ ကိုယ်ထူကိုယ်ထပေါ့ဆိုတော့။

စားဖို့ သင့်ရာလေး ဝယ်ပြီး ဆေးသောက်ဖို့အစာစားမှဆိုတဲ့စိတ်နဲ့ ကိုယ့်အသိနဲ့ကိုယ် စားလေသော်

ယခင်- ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အ သင်္ခါရိက လောဘမူစိတ်နဲ့စား၏။

ယခု – ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အ သင်္ခါရိက လောဘမူစိတ်နဲ့စား၏။
———————————————-
အင်း ဒီလိုဆိုတော့လည်း လောဘမူစိတ်(၈)ခုပဲလားလို့တောင် ပြောရမလိုဖြစ်ပေါ့။ ကိုယ့်လောဘက မူနေလိုက်တာ (၈) ခုတောင် အားမရချင်ဘူးထင်ရဲ့။

ကဲကဲ ဒီနေ့အဖို့တော့ လောဘအကြောင်း ရိုးမယ်ဖွဲ့ရင်း ရေးချင်တာတွေများပြီး လောဘပေါ် လောဘဆင့်ကဲနေမစိုးလို့ ဒီနေ့အဖို့ ဒီလောက်နဲ့ပဲ ကျေနပ်လိုက်ရအောင်လား။

ဒီစာလေးဖတ်ဖြစ်သူများလည်း မိမိတို့ နေစဉ်ဘဝထဲက လောဘမူလအရင်းခံပြီးဖြစ်နေတဲ့စိတ်လေးများ တစ်ခုစီ ဆွဲထုတ်လို့ ကျနော့ကို လက်ဆောင်ဥပမာလေး ပြန်ပေးခဲ့မယ်ဆိုရင် အတိုင်းထက်အလွန် ကျေးဇူးတင်လို့ ဆုံးမည်မထင်ပါ။

whowho

3 comments

  • Kaung Kin Pyar

    January 27, 2017 at 3:02 pm

    စစ်မှန်သော တရားဓမ္မနဲ့ ယှဉ်ပြီး ပြောတဲ့ ရေးတဲ့ အတွေးအမြင်တိုင်း၊ စာတိုင်းကို တကယ်တလေးတစားရှိပါတယ်..။
    ကိုယ့်အတွက်က ခုချိန်ထိ ဝေးလံသလိုရှိနေလို့ နီးနိုင်သမျှ နီးနီးကပ်နိုင်တဲ့သူတွေကို အားလဲကျတယ်၊ အထင်လဲကြီးတယ် (လူဖြစ်ရကျိုးနပ်တယ်လို့လဲ တွေးမိပါတယ်..)
    အလုပ်ခွင်နဲ့ လူ့ပတ်ဝန်းကျင်နေသရွှေ့တော့ လောဘ၊ ဒေါသ ကင်းနိုင်မယ် မထင်ဘူးရယ်..။ (နည်းတာနဲ့ များတာပဲ ကွာမယ်)
    ရုံးမှာ နေ့လည်စာ စားချိန်ဆို ပိုတောင်ဆိုးသေး…။ ပြောလိုက်စားလိုက် ဟင်းအစုံနိုက်လိုက်မို့ …

    • ဦးကြောင်ကြီး

      January 29, 2017 at 5:21 am

      teaထည့်လာဘ်ရ

  • Thint Aye Yeik

    January 27, 2017 at 5:14 pm

    ဦးသုမင်္ဂ(ဒယ်အိုးဆရာတော်)ကလည်း အမြဲ ပြောတယ်
    ကိုယ်စားတဲ့ထမင်း ကိုယ်ပြန်စစ် ဆိုတာလေးးး
    ခိုးလို့ ရတဲ့ထမင်း စားရင် သူခိုးထမင်း စသည်ဖြင့်ပေါ့လေ။

    ဘာပဲလုပ်လုပ် ”သိ”ပြီး လုပ်ရတာက မသိဘဲ ရမ်းလုပ်တာထက်တော့ အကျိုးများတာပါပဲ။
    တရား အသိလေးတွေ ဝေမျှ ပေးတဲ့အတွက် ကျေးဇူးပါခင်ဗျ။

Leave a Reply