ဗုဒ္ဓဂယာသို့..(၃)

winkyawaungAugust 31, 20101min862


14-4-2010 နယူးဒေလီမှ သင်္ကဿ သို့ပြန်

နယူးဒေလီမြို့ တော် ဟော်တယ်က နံနက်စာ၊ နေ့လည်စာ စား၍ ထွက်ကြတယ်။
ပထမသွားတဲ့နေရာက ဟိန္ဒူဘုရားကျောင်းကြီးကိုုသွားကြတယ်။ ကမ္ဘာ့အကြီးဆုံး
ဘုရား ကျောင်းလို့ သိရပါတယ်။ ကြီးကျယ်ခန်းနားသလောက် အစစ်အဆေး ကလဲ
များပါ့ဗျား။ လုံခြုံရေးတွေက အဆင့်ဆင့်ပါ။ သူတို့ဘုရားတွေက
လာတဲ့ရန်သူတွေကို မတားဆီးနိုင်တဲ့ သဘောပဲလား။ အကြောင်းစုံကို
မေးမြန်းကြည့်တော့ အကြမ်းဖက် မူဆလင်တွေက ဗုံးခွဲမှာကို ကြောက်လို့
စိုးရိမ်းလို့တဲ့ဗျာ..။ ကျွန်တော့် အိပ်ကပ်ထဲက ရေမွှေးပုလင်းသေးသေးလေးကို
တောင် မယူရဘူးတဲ့။ဒါနဲ့ ဂိတ်(၃)ဂိတ်မှာ နောက်ဆုံးဂိတ်ကနေ
ပြန်ထွက်လာခဲ့ရပါတယ်။

အဲဒီကနေ (BAHA’I HOUSE OF WORSHIP BAHAPUR NEW DELHI .INDIA) ဘဟာအီ
သာသနာဝတ်ကျောင်းတော် ဘဟာပူ(ရ်)၊ နယူးဒေလီ၊ အန္ဒိယ ၊ မြေဧက (၂၆.၆)ဧက
ရှိကြောင်းသိရတဲ့ ကြာဖူးပုံသဏ္ဍာန် အဆောင်အဦးကြီးကို ရောက်ပါတယ်။
ဘာသာပေါင်းစုံက လာရောက်တရားထိုင်နိုင်ကြပါတယ်။ လူဦးရေ(၁၃၀၀) တိတိ
တစ်ပြိုင်တည်း တရားထိုင်နိုင် အောင်စီစဉ်ထားပါတယ်။ အစစ် အဆေး ကတော့
သူတို့နိုင်ငံထုံးစံအတိုင်း များပါတယ်။ အော် ကျွန်တော်တို့
မြန်မာနိုင်ငံက ရွှေတိဂုံဘုရား၊ မဟာမြတ်မူနိဘုရားတွေမှာဖြင့်
အေးချမ်းပါဘိ၊ ဘာမှ အစစ် အဆေးဂိတ်တွေ မရှိကြပါ။ ဘုရားရိပ်မှာ
မည်သည့်ရန်သူကိုမှ စိုးရိမ်ထိပ်လန့်စရာ မလိုကြောင်း၊
အေးချမ်းသာယာနေကြောင်း၊ တန်ဘိုးရှိကြောင်းတို့ကို သူတို့ပြည်က
ဘုရားကျောင်းတွေကို ရောက်မှ ထင်ထင်ရှားရှား မြင်တွေ့လိုက်ရပါတယ်။

နယူးဒေလီမြို့ တွင်းက ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တော်ကြီး
မဟာသတိပဋ္ဌါန် တရားတော် ဟောကြားခဲ့တဲ့ နေရာကို ရောက်ခဲ့ပါတယ်။
မြတ်စွာဘုရားရှင်သည် (ပေါရိသာဒ)အား ဆုံးမရာ အရပ်ဖြစ်ပါတယ်။ (ကုရုတိုင်း)
၊ (ကမ္မာသဓမ္မ) အမည်ခေါ်ပါတယ်။ အဲဒီ နေရာကို သွား၍ ဘုရားရှင်အားရည်မှန်းပြီး
ပူဇော်ကြပါတယ်။ နယူးဒေလီမြို့ တော်အတွင်း မှာ မျက်နှာငယ်ရတဲ့ နေရာ
အဖြစ်မြင်တွေ့ ရခဲ့ပါတယ်။ ဝမ်းနည်းစရာ ကောင်းတာက စေတီ တော်အဖြစ် မတွေ့ရပဲ
ကျောက်ပုံကြီးပေါ်မှာ သံတိုင်လေးများနဲ့ကာရံထားတဲ့ အဆောက် အဦးကလေး
သာမြင်တွေ့ ရပါတယ်။အဲဒီဘုရားဝိုင်းခြံဘေးမှာလည်း အမှိုက်ပုံးတွေကို
မြင်တွေ့ ခဲ့ရပြန်ပါတယ်။ နယူးဒေလီမြို့ တွင်းက တိုက်ကြီးတွေကြားမှာ
အလွန်မျက်နှာငယ်နေရသော နေရာဖြစ်နေပါတယ်။ ကျွန်တော်တို့
ဗုဒ္ဓဘာသာမြန်မာလူမျိုးများမှ စေတီတော်တစ်ဆူအဖြစ်
တည်ထားကိုးကွယ်တော်မူသင့်ပါကြောင်း နိုးဆော်တိုက်တွန်းလိုက်ပါရစေခင်ဗျား။

နယူးဒေလီမြို့ ကြီးကတော့ ကြီးကျယ်ခန်းနားပါတယ်။ မိုးပျံရထားတွေ၊ နှစ်ထပ်၊
သုံးထပ် ကားလမ်းမကြီးတွေနဲ့ တင့်တယ်သာယာပါတယ်။သို့သော် မြို့
စွန်မြို့ဖြားတွေကတော့ သန့်ရှင်း မူမရှိပါ။ အချို့ မြိုလည်တွေမှာလည်း
လမ်းတွေကကျင်းတယ်။ ညစ်ပတ်နေပါတယ်။ မီးကြိုး၊ ဖုန်းကြိုးတွေကတော့
ပင့်ကူအိမ်ကဲ့သို့ တွေ့မြင်ခဲ့ရပါတယ်။ မိုးပျံမီးရထားလမ်းများကိုလည်း
တိုးချဲ့ နေတာ၊ အဝေးပြေးလမ်းမကြီးတွေကိုလည်း တိုးချဲ့ နေတာတွေ
မြင်တွေ့ခဲ့ရပါတယ်။ လက်ကိုင်ဖုန်းတွေကတော့ မြန်မာငွေ
တစ်သောင်းခွဲရှိယုံနဲ့ လူတိုင်းကိုင်နိုင်ပါတယ်။
ဖုန်းကဒ်ဖိုးဝယ်ထားတဲ့ငွေမကုန်ခင်အတွင်းမှာ ငွေထပ်သွင်းရင်ရပါတယ်။
ကိုယ့်နံပါတ်ကို ငွေထပ်မံသွင်းနေသ မျှ အတည်ဖြစ်ပါတယ်။ အင်တာနက်ကိုလည်း
လက်ကိုင်ဖုန်းထဲမှာ အင်တာနက်သုံးရန် မြန်မာငွေ နှစ်သောင်းကျော်လောက်
စာရင်းဖွင့် သွင်းပေးထားရင် တစ်လခန့် အသုံးပြုနိုင်ပါတယ်။ အင်တာနက်
ကွန်နရှင်တွေက တော်တော်ကိုး ကောင်းတယ်။ မြန်ပါတယ်။ အဲ
တခြားပြည်နယ်တွေမှာတော့ နယူးဒေလီလောက်တော့ မကောင်းကြပါ။

နိုင်ငံခေါင်းဆောင်ကြီး မဟတ္တမ ဂန္ဒီနေအိမ်ပြတိုက်ကိုသွားရောက်ခဲ့ပါတယ်။
မြန်မာ သင်္ကြန်အကြိုနေ့ဖြစ်လို့ ပိတ်ထားကြောင်း ကြားသိရ၍ မြန်မာနှစ်သစ်ကူး
သင်္ကြန်ကို လွမ်းရပြန်ပါတယ်..။

ည (၇)နာရီမှာ ဈေးဝယ်ရန် အဆင့်ဖြင့် စူပါမားကတ်ဆိုင်ကြီးကို
ဝင်ခဲ့ကြပါတယ်။ ပစ္စည်းစုံပါတယ်။ ဈေးကတော့ အတော်ကိုကြီးပါတယ်။
ဆိုင်နာမည်ကိုတော့ မမှတ်မိပါ။ ည(၁၀)နာရီမှာ နယူးဒေလီမြို့
ကပြန်ထွက်ခဲ့ပါတယ်။ ည ကားပေါ်မှာပဲ အိပ်ကြရပါတယ်။ ကားကလဲ ကလပ်ပေါက်လို့
အဝင်အထွက် ခုန်ပေါက် ခုန်ပေါက်ဖြစ်နေပါတယ်။ ညခရီးကို
အဲယားကွန်းပိတ်ထားလို့ ဘုရားဖူးတွေ ခေါင်းတွေမူးကြပါတယ်။ ကားမှ
တာဝန်ခံကို တော်တော်လေး ဒေါသသံနဲ့ပြောခါမှ
အဲယားကွန်းကိုပြန်ဖွင့်ပေးပါတယ်။ ညစာထမင်းကို ကားပေါ်မှာ ဟာမကာမှုန့်၊
အာလူးကြော်၊ ငှက်ပျောသီးကြော်၊ ကော်ဖီတစ်ခွက်ဖြင့် ကြွေးပါတယ်။
ရယ်စရာ။ ။ နီလာထမင်းကြွေးတာဝန်ခံကို…ကျွန်တော့်ကပြောလိုက်ပါတယ်..။

“”ဆရာ ကိုသန်းထွန်းရယ်. တစ်နေလုံး မနက်ကအစ ကုလားစာတွေကိုပဲကြွေးနေတာ..
ယခုညစာကိုတော့ ဟာမကာ နဲ့ ကော်ဖီအစား….”ယမကာ နဲ့
အမြည်းသာ..ကြွေးပါဗျာ…’’’’

ဘုရားဖူးကားတစ်စုံလုံးမှာ ရယ်သံများသောသော ညံ၍သွားပါတော့သတည်း….။

ဗုဒ္ဓဂယာသို့..(၄) ခရီးစဉ်အား ဆက်လက်တင်ပြပေးပါမည်..။

2 comments

  • winkyawaung

    August 31, 2010 at 4:18 pm

    အယ်ဒီတာခင်ဗျား..ဓာတ်ပုံတွေများများတင်နည်းကို ပြောပေးပါ။ သတင်းဓာတ်ပုံများ နည်းနေလို့ပါ။ ကူညီပေးပါ။

  • kai

    August 31, 2010 at 8:21 pm

    တင်ချင်တဲ့နေရာကို ကလစ်တချက်ခေါက်…
    ပြီးတော့ အခုပုံတင်တဲ့အတိုင်း ပုံတွေထပ်တင်လို့ရပါတယ်။ ပုံအရေအတွက် ကန့်သတ်မထားပါဘူး။
    တပုံချင်းတော့ တင်ရမှာဖြစ်ပါတယ်။ တင်တဲ့ပုံတွေကို Description or caption ရေးပေးစေလိုပါတယ်။ ဒါမှ ဘာပုံကဘာလည်း သိမှာမို ့ပါ။

Leave a Reply