ပြိုင်ပွဲထဲ ဝင်မပါတော့တဲ့လူရဲ့ ခြေရာ

alinsettFebruary 24, 20171min2096

 

“ခြေရာ”
————————————————————-

“ဒါ ကျားခြေရာဆိုတာ သေချာရဲ့လား”
“သေချာပါတယ်၊ ဘာဖြစ်လို့လဲ”
“ဪ… ဘာရယ်တော့ မဟုတ်ပါဘူး။
ကြောင်ခြေရာကို အကျယ်ချဲ့ပြီး ကြည့်လိုက်တာလားလို့ပါ၊
အင်း….. ဖြစ်တတ်လို့ပါ။”

တာရာမင်းဝေ
ကျွန်တော်တူးဖော်ခဲ့သည့် မြေစိုင်မြေခဲများအကြောင်း
၁၉၉ရ / နိုဝင်ဘာလထုတ် စာအုပ်ထဲမှ “ခြေရာ”အမည်ရှိ ဝတ္ထုတို။
————————————————————-

လွန်ခဲ့သော လေးငါးခြောက်ရက်တုန်းက ကျွန်တော် ကြောင်ခြေရာတစ်ခုကို အကျယ်ချဲ့ကြည့်မိပြီး
ကျားခြေရာကြီး မြင်မိသလိုမျိုး ခံစားချက်တွေ အိုဗာ ဖြစ်မိခဲ့ပါသည်။

ပြဿနာ တစ်ခုနှင့် ကြုံရသည့်အခါတိုင်း သွေးဆူလွယ် ခံစားလွယ်တတ်သော ကျွန်တော့် ထုံးစံအတိုင်း
တအုံ့နွေးနွေးဖြင့် မပြီးနိုင် မစီးနိုင် ခံစားမှုတွေ ပြင်းထန်ပြီး စိတ်ထင်ရာတွေ ပြောမိ၊ရေးမိ၊ လုပ်မိသည် ဆိုပါစို့။

အမှန်တော့ ကြုံရသည့် ပြဿနာသည် သွေးအေးသွားသော ယခုအချိန်မှာ ပြန်ကြည့်သောအခါ…
ကျားခြေရာလောက်  မကြီးမားသည့် ပြဿနာမျှသာ … ။
အဲသည်တုန်းကတော့ သွေးမအေးတတ်သောကြောင့် ကြောင်ခြေရာလောက်ကို ကျားခြေရာကြီးသဖွယ် ထင်မှတ်ကာ
ပိုပိုသာသာ ဖြေရှင်းချက် ထုတ်ချင်နေခဲ့ခြင်း ဖြစ်သည်။

အထူးအထွေလည်း မဟုတ်လှ။ အဲသည် ပြဿနာကို ခံစားပြီး ဂမူးရှူးထိုး ဖြေရှင်းဖို့ ကြိုးစားနေရင်း တန်းလန်းမှာပဲ…
ဆရာတော် ဦးဇောတိက၏ တရားအဆုံးအမ စကားက နားထဲ ရောက်လာသည်။
“အရက်သမားနဲ့ ရန်ဖြစ်ဖို့ လုပ်ရင် ကိုယ်လည်း အရက်သမား ဖြစ်သွားလိမ့်မယ်။ ကလေးငယ်နဲ့ ရန်ဖြစ်ဖို့ လုပ်ရင်
ကိုယ်လည်း မရင့်ကျက်တဲ့ ကလေးငယ်လို အဆင့် ဖြစ်သွားလိ်မ့်မယ်။” အဲဒီလို အဓိပ္ပာယ် ရတဲ့ ဆုံးမ စကားပေါ့။

ကိုယ်က သူ့ကို မကျေနပ်လို့ အရွဲ့တိုက်ပြီး သူနဲ့ ယှဉ်- သူ့လို လိုက် လုပ်မိတာတို့ …
သူ့ဆဲ ကိုယ်ဆဲ ပြန်ဆဲတာတို့ဟာ … သူ့စိတ် အဆင့်အတန်းနဲ့ ကိုယ့်စိတ် အဆင့်အတန်း တူညီကြောင်း ပြနေသလို ဖြစ်သွားမယ်။
သူရိုင်းတိုင်း ကိုယ်လိုက်ရိုင်းရင်… လူရိုင်းတစ်ယောက်ကနေ နှစ်ယောက် ဖြစ်သွားမယ်။
သူ့ဘာသာ တစ်ယောက်ထဲ ရိုင်းပါစေတော့ဆိုပြီး… ကိုယ်က ပြိုင်ပွဲထဲက ထွက်ပေးလိုက်တာက ပိုကောင်းတယ်။
ပြိုင်ပွဲထဲ ကိုယ် မပါတော့တာက ပိုငြိမ်းချမ်းတယ်ဆိုတဲ့ အတွေးကြောင့်…. လက်လွန်ခြေလွန် ပြောမိ လုပ်မိတော့မယ့် ဆဲဆဲ အခြေအနေကို
ပြန်ရုတ်သိမ်းလိုက်ပြီး …

ကိုယ့်မကျေနပ်ချက်က ဘာတွေလဲ…

ဒီကိစ္စတွေက ဘယ်လောက်များ ငါ့ဘဝအတွက် အရေးကြီးနေလို့လဲ လို့
ပြန်စဉ်းစားလိုက်တော့…. ပြိုင်ပွဲထဲကနေ ပြုံးပြုံးလေး လှည့်ထွက်နိုင်သွားတယ်။

ဒါတွေ ဒါတွေထဲ ငါ ဝင်မပါလို့လည်း ဘာမှ မဖြစ်ပါဘူးလေ လို့
သေချာ သိသွားတယ်ဆိုပါတော့။

အဲသည်နောက်မှာမှ ဆရာတာရာမင်းဝေရဲ့ ခြေရာဆိုတဲ့ ဝတ္ထုတိုလေးကို ဖတ်မိသွားတော့ ပို နေလို့ ကောင်းသွားတယ်။
အော်… ငါ့နှယ်…. ကြောင်ခြေရာကလေးကို အကျယ်ချဲ့ ကြည့်မိပြီး ကျားခြေရာ အမှတ်နဲ့ အကြီးကြီး ခံစားနေခဲ့တာပါလားလို့
ကိုယ့်ကို သတိပေးသလို ဖြစ်သွားတယ်။

တော်ပြီ….
နောက်တစ်ခါဆိုရင်…. အမြင်ကြည်ကြည်နဲ့
အမှန်စင်စစ် ကျားခြေရာလား၊ ကြောင်ခြေရာလားဆိုတာ တိတိကျကျ မြင်တတ်ဖို့၊ ကြည့်တတ်ဖို့ သတိထားအုန်းမှပါလေ….

ကျွန်တော့် မျက်လုံး အမြင်အာရုံရဲ့ အရှေ့မှာ … အရှိထက်ပို ကြီးပြီး မြင်ရစေသော သို့တည်းမဟုတ် အရှိထက် ပို သေးပြီး
မြင်ရစေသော မသိခြင်းတရားကို ဖယ်ရှားနိုင်ပါစေတော့….
သိခြင်းနဲ့ ကြည့်နိုင်မြင်နိုင်ပါစေတော့…. လို့….

ကိုယ့်ကိုယ်ကို ပြန် သတိပေးလိုက်နိုင်သော ဝတ္ထုကလေးပါပဲ။
——————————————————————

သင့်အေးရိပ်
၂၀၁၇၊ ဖေဖော်ဝါရီ၊၂၄

===================================

မော်ဒန်ပန်းချီမှာ …..
Pointillim / Pointillisime ဆိုတဲ ့ နည်းစနစ်တစ်ရပ်ရှိပါတယ် ။
အင်ပရင်ရှင်နစ် လက်သစ် ဝါဒီတွေရဲ ့ နည်းစနစ်လို ့ သိရပါတယ် ။
ဂျော့ဆူးရတ်ဆိုသူက ဦးဆောင်ပြီး.သုံးစွဲခဲ့တယ်…တဲ ့ ။
ပန်းချီကားတစ်ချပ်ကို သေးငယ်တဲ ့…
အစက်အပြောက်လေးတွေနဲ ့ ဖော်ဆောင်ပြခြင်းလို ့….. ခပ်လွယ်လွယ်ပြောနိုင်ပါတယ် ။

အခု…
ဆရာတာရာမင်းဝေ…
တင်ပြခဲ့တဲ ့ ဝတ္ထုတိုလေးတွေဟာ….
ဇာတ်လမ်းသဘော / ဇာတ်ကွက်သဘောမျိုးတွေ..ကို
အားပြုတာထက်…..
ပွိုင့် ( Point ) သဘောကို..ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒီဝတ္ထုတိုလေးတွေက အယူအဆ အတွေးအခေါ်တွေကို…. ခံစားသိနဲ ့..ဖော်ထုတ်ပေးနိုင်မယ် ထင်ပါတယ် ။

အဲဒီလို…ကျစ်လျစ်လွန်းတဲ ့ စာသားတိုတို ဝတ္ထုလေးတွေကို…
ကျွန်တော်…ချစ်မြတ်နိုးမိပါတယ် ။

ဒါကြောင့်…..
ဆရာတာရာရဲ ့ ဖန်တီးမှုကို… မဖတ်ရသေး / မသိရသေးတဲ ့ စာဖတ်သူတွေအတွက်..ပြန်လည် ဝေမျှလိုက်ပါတယ် ။
ဖတ်ပြီး/ သိပြီးသူတွေလည်း….. ပြန်လည် သတိရ ပြီး.ခံစားနိုင်အောင်…..
ကျွန်တော့်အတွေး နဲ ့အရေးကိုပါ….. ပူးတွဲပြီး… ၁၆ ပုဒ်လောက် … ရေးသား တင်ပြဖူးပါတယ် ။ အောက်ပါ link ကတော့ အရင်က ကျွန်တော် ပြန်လည် တူးဖော်ပေးခဲ့တဲ့ ဆရာတာရာမင်းဝေရဲ့ မြေစိုင်မြေခဲများအကြောင်း ဆောင်းပါးတွေပါ။

https://myanmargazette.net/?s=%E1%80%B1%E1%80%BB%E1%80%99%E1%80%85%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B1%E1%80%BB%E1%80%99%E1%80%81%E1%80%B2%E1%80%99%E1%80%BA%E1%80%AC%E1%80%B8&x=0&y=0

6 comments

  • kai

    February 25, 2017 at 5:10 am

    ကျားခြေရာဖြစ်တော့လည်း ဘာဖြစ်တာလိုက်လို့..။
    ကျား.. ကျား အလျှောက်အာရုံသွင်းတုံ့ပြန်ယုံ..။

    • Thint Aye Yeik

      February 25, 2017 at 8:58 am

      အခုဟာက ကြောင်ခြေရာလေးပါလေ။
      ကျားလောက်ကြီး အားစိုက်ပြီး တုံ့ပြန်နေစရာကို မလိုဘူးလို့ တွေးမိ။

      ဒါတွေထဲ ဝင်မပါရင်ကို
      ကိုယ့်မှာ အလုံးရော အတောင့်ရော
      မလျော့ဘူးဆိုတာ သေချာသွားတာကိုး။

      ကျားလောက်ကြီးဆိုတာ သေချာရင်တော့
      ကျားအလျောက်
      မာန်ဖီ ခုန်အုပ် ကိုက်ဖဲ့ရ- ရပါစေပေါ့။

      :k:

  • ဇီဇီ

    February 27, 2017 at 1:38 pm

    ခါတလေမှာ အပြင်က ပတနာက စိတ်ထဲမှာ တွေးထင်နေလို မကြီးကျယ်ဖုဒဲ့။

    🙂

    • Thint Aye Yeik

      February 28, 2017 at 9:12 am

      ဟုတ်မှာ။ ကိုယ်တွေက ကြောင်ခြေရာကိုတောင် မှန်ဘီလူးနဲ့ ချဲ့ကြည့်ပြီး ကျားခြေရာကြီးများလားးးဆိုပြီး ပုံကြီးချဲ့ ခံစားနေတတ်လို့သာ. . .

Leave a Reply