အင်္ဂလိပ်သဒ္ဒါတတ်ကျွမ်းလိုသော် (၁၁) – ပါမောက္ခမျိုးကျော်မြင့်

kaiFebruary 25, 20172min1652

ဒီလမှာ Tense လေးတွေအကြောင်း ခဏနားပြီး Conditional clauses လို့ခေါ်တဲ့ if pattern လေးတွေကို လေ့လာကြရအောင်။ Valentine’s day ကနီးလာပြီနော်။ ဒီတော့ချစ်သူမရှိသေးသူတိုင်းကို ချစ်သူနဲ့ကြည်နူးခွင့် ရအောင် ဖန်တီးပေးတတ်တဲ့ If Pattern #3 လေးတွေကိုလေ့လာကြတာပေါ့။ Valentine’s day မှာ မည်သူမဆို အထီးကျန်ပြီး ငေးငိုင်နေလိုမှာမဟုတ်ပါဘူး။ ဒီတော့ conditional clauses ရဲ့ နံပါတ်(၃) possible condition တနည်းအား ဖြင့် present unreal conditional ကိုသုံးတတ်အောင် လေ့ကျင့်ထားဖို့ လိုလာပြီပေါ့။သူ့ရဲ့ Form လေးက မှတ်ရလွယ်ပါတယ်။
present unreal conditional
If + simple past, would + base form verb
(Conditional Clause) , (Result Clause or main Clause)
ဥပမာပြရမယ်ဆိုရင် –
“If I were rich, I would buy you the whole world.”
ဒီနေရာမှာ သတိထားဖို့က သုံးတဲ့ကြိယာက Past form ပါ။ ဒါပေမဲ့ တကယ်ပြောနေတဲ့အချိန်က present သို့မဟုတ်ပစ္စုပ္ပန်ဖြစ်နေတယ်။ ထားပါတော့ ဝါကျလေးရဲ့အဓိပ္ပါယ်ကိုကြည့်လိုက်စမ်းပါ။ မလှပဘူးနော်။ “ငါဟာ မချမ်းသာ ဘူးတဲ့။ ဒီတော့ မင်းကို ဘာမှမဝယ်ပေးနိုင်ပါဘူးတဲ့။” ဒါပေမဲ့ conditional clause လေးကိုသုံးထားတော့ တဖက်သားကဒီလိုကြားတယ်။ “ငါသာ ချမ်းသာမယ်ဆိုရင် မင်းကိုတမ္ဘာလုံးကို ဝယ်ပေးပါ့မယ်”တဲ့။ကြားရသူမပြောနဲ့ ဘေးကလူတောင် ် ‘ကြွေ’ သွားနိုင်တယ်နော်။ If pattern#3 လေးမသုံးနဲ့ မိန်းမချောလေးတယောက်ကို ဒဲ့တိုးကြီး ရိုးရိုးကြီးပြောကြည့်လိုက်စမ်းပါ။ စကားတောင်ဆုံးလိုက်ရမှာမဟုတ်ဘူး။ “ငါဟာမချမ်းသာဘူး” အဆင့်မှာတင် ချာကနဲ လှည့်ထွက်သွားဖို့ သေချာ ပါတယ်။ ဒါပေမယ့် အခု Present Unreal Conditional က ကယ်တင်လိုက်တာမို့ တဖက်က “You are so sweet ” ဆိုပြီး အနမ်းပွင့်လေးနဲ့ ကြိုဆိုမှာ သေချာပါတယ်။ နောက်ထပ်ဥပမာလေးတခုကြည့်ကြရအောင်။
“If I were you, I would buy the house.”
“ငါသာမင်းဆိုရင်၊ ဒီအိမ်ကိုဝယ်ကိုဝယ်လိုက်မယ်” တဲ့။ ဒီအသုံးအနှုန်းမျိုးကို တပါးသူကိုအကြံပေးတဲ့အခါ သုံးလေ့ရှိပါတယ်။ ရှင်းပါတယ်နော်။ နောက်ဆုံးဥပမာအနေနှင့်
“If I were old, I’d probably drive slowly.”
ဆိုတဲ့ ဝါကျလေးကိုကြည့်ပါ။ လူငယ်ဆိုတော့ အခုချိန်မှာ ခပ်ကြမ်းကြမ်းလေး၊ ခပ်သုတ်သုတ်လေးမောင်းမယ်ပေါ့။ လူကြီးမှမဟုတ်သေးတာကိုး။ ဒီ If pattern နံပါတ်(၃)က လူသုံး အများဆုံးလည်း ဖြစ်တယ်။ မလှပတဲ့အကြောင်းအရာလေး တွေကို လှလှပပလို့ ထင်ရအောင် ဖန်တီးနိုင်စွမ်းရှိတဲ့အတွက် ဦးစွာဖော်ပြရခြင်း ဖြစ်ပါသည်။ တခြား Conditional clause လေးတွေကိုမကြည်ခင် Conditional clause ရဲ့ထူးခြားမှုလေးတခုကို ထောက်ပြပါရစေအုံး။ သတိထားမိလိုက်ကြရဲ့ လား မသိဘူး။ ဒီ If pattern#3 မှာ ဘယ်တော့မှ was ကိုမသုံးဘူး။ အနည်းဖြစ်စေ အများဖြစ်စေ were ကိုဘဲ သုံးပါတယ်။ ဒီ if pattern ရဲ့ ထူးခြားမှုလေးတခုပေါ့။ ကဲ အခု conditional clause ရဲ့ နံပါတ်တစ်pattern လေးကို ကြည့်ကြရ အောင်။ သူ့ရဲ့ Form လေးကတမျိုး
Present real conditional
If + simple present, simple present
(conditional clause ) ( result clause or main clause)
ဥပမာ-“If you heat water, it boils.”
တကယ်တော့ ဒီ pattern လေးက လူသုံးနည်းပါတယ်။ သိပ္ပံမှာ တိကျမှန်ကန်တဲ့အချက်လေးတွေကိုပြဖို့ လိုအပ်ရင် သုံးလေ့ရှိပါတယ်။ ဥပမာ –
“If you leave a block of ice in the sun, it melts.” စသဖြင့်ပေါ့။ တခါတရံမှာ ဒီ pattern#1 ကိုအခြားကိန်းတွေမှာ သုံးလို့ရပါသေးတယ်. အထူးသဖြင့် လူတစုံတယောက်အကြောင်းကိုယ်ကောင်းကောင်းသိထား တယ်။ နားလည်နေတယ်ဆိုတာကို ပြလိုချင်တဲ့အခါမှာ သုံးလို့ရပါတယ်။ ဥပမာ
“If she goes shopping, she takes forever to come home.”
အိမ်ပြန်နောက်ကျနေလို့ စိုးရမ်ဖို့မလိုဘူးပေါ့။ သူက ဈေးသွားဝယ်ရင်ဒီလိုဘဲ မိုးချုပ်မှ ပြန်လာတတ်တယ်လို့ ဆိုလိုပါတယ်။
“If he sees a football game on TV, he forgets everything.”
ကိုယ့်ယောကျ်းအကြောင်း ကိုယ်ကောင်းကောင်းသိတယ်။ သူက ဘောလုံးပွဲတွေ့ရင် ထမင်းမေ့ဟင်းမေ့ဆိုတဲ့သဘောပါ။ဒီ pattern လေးကလည်း အသုံးတော့ဝင်သွားတယ်။အလှူ့ရှင်မှန်းသိအောင် မဏ္ဍပ်တိုင်တက်ပြရသလိုပေါ့။ တခါတရံ ကိုယ့်ယောက်ကျား၊ ကိုယ့်ဇနီးဆိုတာ အားလုံးသိအောင် ကြေငြာပေးဖို့ လိုအပ်တဲ့အခါမျိုးမှာ အလွန်အသုံးတည့်ပါတယ်။ အိမ်ထောင်ရှင်များ နားလည်ကြပါတယ်။ ဒီ pattern လေးထက်ပိုပြီး အသုံးဝင်တဲ့ pattern လေးကတော့ If pattern #2 ပါ။ Future Real Conditional လို့လည်း ခေါ်ပါသေးတယ်။
If + simple present tense , will + base form
(Conditional Clause) , (Result Clause or Main Clause)
ဒီ pattern လေးကို တစုံတယောက်ကိုအားပေးဖို့လိုတဲ့အခါမျိုး၊ သတိပေးဖို့လိုတဲ့အခါမျိုးမှာ သုံးလေ့ရှိပါတယ်။ဥပမာ “If you work hard ,you will find success .” မင်းကြိုးကြိုးစားစားလုပ်ရင် အောင်မြင်မှုရမယ်ပေါ့။ အားပေးစကားပေါ့နော်။ သတိပေးတဲ့သဘောကိုလည်း ဆောင်တတ်ပါသေးတယ်။ ဥပမာ –
“If you are always late to work, you will lose your job.”
နောက်ဆုံးအနေနဲ့ Past Unreal Conditional လေးအကြောင်းကို အကျဉ်းချုံးပြီး ဖော်ပြပါ့မယ်။ ဒီ pattern လေးရဲ့ form ကဒီလိုပါ။
If + past perfect, would have + past participle
(conditional clause) ( result clause or main clause)
ဒီ pattern လေးကို အတိတ်မှာ ဖြစ်ပြီးသွားခဲ့တဲ့ ကိစ္စလေးတွေနဲ့ ပတ်သက်လို့ သုံးတတ်ပါတယ်။ တမျိုးတမည်များပြောင်းလုပ်ခဲ့ရင် ရလာဒ်တမျိုးများပြောင်းသွားမလားပေါ့နော်။ ဥပမာ –
“If I had known Obama as a kid, I would have been appointed Ambassador to Burma.”
ဒီအသုံးဝင်လှတဲ့ အသုံးတည့်လှတဲ့ If pattern လေးတွေအကြောင်း နောက်လမှာ ဆက်လက်ဖော်ပြပါ့မယ်။

2 comments

  • Thint Aye Yeik

    February 26, 2017 at 12:21 pm

    ဟီဟိ။
    ခုတလော
    ကျနော်ဖြင့် ဘာကို ဖမ်းဆုပ်လို့ ကိုင်ရမှန်းကို မသိ။
    ကိုရီးယားသဒ္ဒါကို အခြေခံက စပြီး သင်နေတာရယ်
    အင်္ဂလိပ်ကြီးတွေနဲ့ နေ့စဉ် ပြောဆိုနေရတာရယ်ကြားမှာ . . .

    ဘာပဲ ဖြစ်ဖြစ် ဖတ်တော့ သွားပါကြောင်း။
    ဖတ်သည် မည်ကာမတ္တ
    :k:

  • •*¨နန်းတော်ရာသူ •*¨

    March 5, 2017 at 11:18 pm

    စာသင်ရမှာဆို ကျော်သွားပါတယ်သူကြီး 😛

Leave a Reply