သရုပ်ဆောင် ကျော်သူ ဦးစီး၍ သုခအာဟာရ စားသောက်ဆိုင်ဖွင့်

toyoSeptember 1, 20101min1368

ရုပ်ရှင်သရုပ်ဆောင် ကျော်သူ ဦးစီး၍ သုခအာဟာရ စားသောက်ဆိုင်ကို စတင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

Kyaw_Thu_Restaurantဦးကျော်သူ ဦးစီးဖွင့်လှစ်သည့် သုခအာဟာရ စားသောက်ဆိုင်ဖွင့်ပွဲ မြင်ကွင်း (ဓာတ်ပုံ – ဧရာဝတီ)

နာရေးကူညီမှု အသင်းမှ ဝန်ထမ်းများ၊ အမှုဆောင်များ၊ လုပ်အားပေးများ၊ သုခ ကုသိုလ်ဖြစ် ဆေးခန်းသို့ လာသည့်လူနာများ၊ လူနာရှင်များနှင့် အလှူရှင်များ သက်သာချောင်ချိစွာဖြင့် အာဟာရပြည့်ဝစွာ သုံးဆောင်နိုင်ရန် အတွက် ရည်ရွယ်ပြီး သုခ အာဟာရ စားသောက်ဆိုင်ကို ဖွင့်လှစ်လိုက်ခြင်း ဖြစ်ကြောင်း နာရေးကူညီမှုအသင်း ထူထောင်သူတဦးဖြစ်သည့် သရုပ်ဆောင် ကျော်သူက ပြောသည်။

အဆိုပါ စားသောက်ဆိုင်ကို ဩဂုတ် ၂၉ ရက်နေ့ နံနက်ပိုင်းက အမှတ် ၁၃/ က၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံ မြို့နယ်တွင် ဖွင့်လှစ်လိုက်သည်။

ဦးကျော်သူက ယခုနေရာသို့ ပြောင်းရွှေ့ခဲ့သည်မှာ ၁ နှစ်ကျော်ခန့်သာ ရှိသေးကြောင်း၊ သီးခြား လုပ်ရသည့်အတွက် အဆင်ပြေကြောင်း၊ ဝန်းထဲတွင် Car Servicing ရုံနှင့် ရုံးခန်း ဆောက်လုပ်နေပြီး ဆေးခန်းမှာ ထပ်ချဲ့ရဦးမည် ဖြစ်ကြောင်းနှင့် မျိုးဆက်သစ် ကလေးငယ်များအတွက် သင်တန်း ခန်းမများလည်း လုပ်နေကြောင်း ပြောသည်။

“လုပ်ရတာ လွတ်လပ်မှုတော့ ရှိပေမယ့် လာပြီးမေးတာမြန်းတာတွေတော့ ရှိတယ်။ကိုယ်ကလည်း ဒီလူမှုရေး လုပ်ငန်းတွေပဲ လုပ်တာ။ နိုင်ငံရေး လုပ်တာမဟုတ်ဘူး၊ နိုင်ငံတော် ပုန်ကန်တာမဟုတ်ဘူးလေ။ လာမေးတာတော့ ထုံးစံအတိုင်း ဖြေရ တာပေ့ါ” ဟု ဦးကျော်သူက ဆိုသည်။

ဦးကျော်သူ၏ လူမှုရေး လုပ်ငန်းများတွင် စိတ်ဓာတ်ခွန်အားပေးခြင်း၊ ငွေအား၊ လူအားဖြင့် ကူညီခြင်းများ လုပ်ဆောင် ပေးနေသည့် ၎င်း၏ မိတ်ဆွေ ရုပ်ရှင် လောကသားများ ရှိနေကြောင်းလည်း ပြောပြသည်။

ဦးကျော်သူအနေနှင့် ၎င်း၏ လူမှုကူညီရေးကိစ္စရပ်များတွင် အထောက်အကူ ပြုနိုင်ရန် လူမှုဆက်ဆံရေး သင်တန်းအဖြစ် သရုပ်ဆောင်၊ ကိုယ်အမူအရာ၊ နှုတ်အမူအရာ သင်တန်းများပါ ပေးနေရာ ဦးကျော်သူကို ရင်းနှီးသည့် သရုပ်ဆောင် ညီဂျော်၊ သန်းသန်းစိုး၊ ဆုရွှန်းလဲ့နှင့် ဂွမ်းပုံကြီး တို့က အကူအညီပေးကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက လာရောက် တားမြစ်မှုများ ရှိကြောင်း သိရသည်။

Kyaw_Thu_Restaurantဦးကျော်သူ ဦးစီးဖွင့်လှစ်သည့် သုခအာဟာရ စားသောက်ဆိုင်ဖွင့်ပွဲ မြင်ကွင်း (ဓာတ်ပုံ – ဧရာဝတီ)

“လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ တဘက်က ဘယ်လောက်ပဲ မောက်မောက်မာမာပြောပြော စေတနာနဲ့ လုပ်ကိုင်ပေးရတယ် ဆိုတာကို မျက်နှာအမူအရာ နှုတ်အမူအရာတွေကို သင်တန်းအနေနဲ့ သရုပ်ပြ သင်ပေးတာပါ။ အဲဒါကို ရုပ်ရှင် အစည်းအရုံး ကနေပြီး မလုပ်ရဘူးလို့ တားတယ်။ အစည်းအရုံးက ခွင့်ပြုထားတဲ့ အဖွဲ့အစည်းကပဲ လုပ်ရမယ်လို့ပြောတယ်။ နာရေးကူညီမှု အသင်းကို ရုပ်ရှင်အစည်းအရုံးက အသိအမှတ်မပြုဘူးဆိုတဲ့သဘောလို့ ပြောတယ်” ဟု ဦးကျော်သူက ရှင်းပြသည်။

ရုပ်ရှင်အစည်းအရုံးက ကန့်သတ်ခြင်းကြောင့် ရုပ်ရှင်လောကသား မိတ်ဆွေများထဲတွင် ဦးကျော်သူနှင့် ယခင်ထက် ပိုပြီးနီးစပ် လာသူများ ရှိသော်လည်း လုံးဝ အဆက်အသွယ် မလုပ်ရဲ သူများ ရှိလာသည်ဟု သူက ဆိုသည်။

“တချို့ဆို လမ်းမှာတွေ့ရင်တောင်မှ ကျနော့်ကို နှုတ်ဆက်ဖို့ အရပ် ၈ မျက်နှာကိုကြည့်နေရတယ်။ဖုန်းလည်း မဆက်တော့တဲ့ သူတွေရှိတယ်။ အနုပညာသမားတွေ ထဲမှာတော့ ဂီတသမားတွေ၊ ပန်းချီအနုပညာသမားတွေနဲ့ စာပေသမားတွေကို ကျနော်
လေးစားတယ်။ သူတို့က နားလည်မှု အပြည့်ရှိတယ်။ ကျနော့် လုပ်ငန်းတွေကို အပြည့်အဝ ကူညီပေးသူတွေရှိတယ်” ဟု ဦးကျော်သူက ပြောသည်။

ဦးကျော်သူသည် သရုပ်ဆောင်လုပ်စဉ် ကာလက ပိတ်ကားပေါ်မှ ၎င်း၏ သရုပ်ဆောင်မှုကိုသာ ပရိသတ်က တွေ့ခွင့် ရသော်လည်း ယခုကဲ့သို့ လူမှုရေးလုပ်ငန်း လုပ်လာသည့် အချိန်တွင် ပရိသတ်က နီးကပ်စွာ တွေ့ခွင့်ရသွားသည်ဟု ဆိုသည်။

“ပြည်သူလူထုကို နာရေးကိစ္စ၊ ကျန်းမာရေး ကိစ္စတွေ နီးနီးကပ်ကပ် လုပ်ပေးနေရတဲ့အတွက် ပရိသတ်ကို ပေးဆပ်နေရတာနဲ့ အတူတူပဲပေါ့” ဟု ဦးကျော်သူက ပြောပြသည်။

ဆက်လက်၍ သူက ရွေးကောက်ပွဲ ပြီးစီးသွားပြီး မည်သည့်အစိုးရပင် တက်သည်ဖြစ်စေ ၎င်းအနေနှင့် နာရေးကူညီသည့် လုပ်ငန်းကိုသာ ဆက်လက် လုပ်ကိုင်သွားမည်ဟု ဆိုသည်။

ရုပ်ရှင် သရုပ်ဆောင် ဦးကျော်သူသည် ၂၀၀၁ ခုနှစ် ဇန်နဝါရီလတွင် နာရေးကူညီမှုအသင်းကို စာရေးဆရာ၊ ဒါရိုက်တာကြီး ဦးသုခ၏ လမ်းညွှန်မှုဖြင့် ဦးစီးတည်ထောင်ခဲ့ကာ ၂၀၀ရ မတ်လတွင် သုခ ကုသိုလ်ဖြစ် ဆေးခန်း တိုးချဲ့ဖွင့်လှစ်ခဲ့သည်။ ယခုအခါတွင် အာဟာရသုခ စားသောက်ဆိုင်ကို ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

ဦးကျော်သူသည် ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့သော နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဒုက္ခသည်များအတွက် အကူအညီများ ပေးခဲ့ပြီး ယခုနှစ် နွေရာသီက ရေရရှိမှု ခက်ခဲ့သည့်အချိန်တွင် ရေလှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။ ယခုလက်ရှိ တွင်လည်း နာရေးကူညီမှုလုုပ်ငန်းများ အပါအဝင် လူမှုရေးလုပ်ငန်းများကို စိုက်လိုက်မတ်တတ် လုပ်ကိုင်လျက် ရှိသည်။

8 comments

  • eros

    September 1, 2010 at 2:43 am

    သာဓု၊ သာဓု၊ သာဓု။

  • winne

    September 1, 2010 at 3:07 am

    ရုပ်ရှင် အသင်းက လူတွေ မသေကြတော့ဘူးလား သေရင် မသိတော့ဘူးဆိုတော့ ရှင်နေတဲ့ လူတွေ မပတ်သတ်ရဘူးပေါ့နော်.. ကောင်းတာ လုပ်တဲ့ လူတွေ ကောင်းကျိုးပေးပါစေ။

    • Maung Dae`

      September 1, 2010 at 4:03 am

      ရုပ်ရှင်အစည်းအရုံးထဲမှာလည်း ဦးကျော်သူကို သဘောကျနေတဲ့သူတွေရှိနေမှာပါ… ဒါပေမယ့်လည်း… ကြောက်ကြတာပေါ့နော်…

  • bigcat

    September 1, 2010 at 3:13 am

    နာရေးအသင်းရဲ့ လှုပ်ရှားမှုတွေနဲ့ သူတို့ရဲ့ အမြင်တွေ ပေးဆပ်မှုတွေကို တယောက်ယောက် ပုံမှန်ပို့စ်တင်ပေးနိုင်ရင် သိပ်ကောင်းမယ်လို့ထင်ပါတယ်။ အခုလည်း မိုးမခနဲ့ ကိုကျော်သူ့ ဖေ့စ်ဘွ့ခ်မှာ ကိုကျော်သူရေးတာတွေ မကြာခဏဖတ်ရပါတယ်။ သူတို့ကိုယ်တိုင် ပြောလို့မဖြစ်တာတို့ဘာတို့ ကို ပြည့်ပြည့်စုံစုံ သိရရင် ပိုပြီးကောင်မလားလို့ပါ။

  • Ba Gyi Taw

    September 1, 2010 at 9:58 am

    သာဓု ပါကိုကျော်သူ ။ ကိုယ့်အတွက်ရော အများအတွက်ရော ကုသိုလ်ရမှာပါ ။

  • toe2

    September 1, 2010 at 11:37 am

    ကောင်းပါတယ် …. အများအတွက်လုပ်တာပဲ လုပ်သာလုပ်

  • intro

    September 1, 2010 at 11:44 am

    ဦးကျော်သူရဲ့ လုပ်နိုင်၊ လုပ်ရဲတဲ့ စိတ်ဓါတ်ကို တော့ အရမ်းလေးစားမိပါတယ်ဗျာ… သူ့လို ဘာကိုမှ မငဲ့ကွက်ပဲ လုပ်နိုင်၊ လုပ်ရဲ ဖို့ကတော့ တော်ရုံနဲ့ မလွယ်ပါဘူး…

  • cruz

    October 13, 2010 at 3:23 pm

    ဒီရုပ်ရှင်အစည်းအရုံးကလူတွေ သေရင် ဟိုတုန်းကလိုဖျာလိပ်နဲ့ပတ်ပြီး ပို့တာ ခံရချင်တယ်နဲ့တူတယ်

Leave a Reply