ဟုတ်လား?

aye.kkMarch 3, 20171min1325

စိတ်ကောင်းစေတနာရှိရမယ်

ရိုးသားဖြောင့်မတ်မှုရှိရမယ်

တရားအသိရှိရမယ်

ဒါတွေနဲ ့ပြည့်စုံခြင်းမှမရှိရင်

လောကထဲမှာ လူ ဖြစ်ရကျိုး မနပ်ဘူးနော်။

သူတစ်ပါးကို

ဒုက္ခပေးဘို့မွေးဖွားလာသလား

ကိုယ်ပြန်ရမှာက

ဒုက္ခပဲဆိုတာမသိလို့ပါ

ဒေါသ

လောဘ

မောဟ-ဆိုတဲ့တရားတွေက

လူသားအချင်းချင်းဖျက်ဆီးနေတဲ့တရားတွေဆိုတာ

ဘယ်သူမှငြင်းနိုင်မယ်လို့မထင်ပါဘူးနော်။။

 

5 comments

  • Thint Aye Yeik

    March 3, 2017 at 2:36 pm

    ဆရတော် ဦးဇောတိက(မဟာမြိုင်တောရ) ရေးသားဆုံးမတဲ့
    ဘဝဆိုတဲ့ကျောင်း စာအုပ်ထဲက တရားစကားကိုတောင် သွား သတိရမိတယ် အန်တီအေးရေ…
    လူရယ်လို့ ဖြစ်လာရင် ယောကျာ်းဖြစ်ရလို့ ဆိုပြီး ကိုယ့်ကိုယ်ကို အထင်ကြီးနေဖို့ မလိုသလို မိန်းမ ဖြစ်ရလို့ ဆိုပြီးတော့လည်း
    စိတ်အားငယ်နေစရာ မလိုပါဘူး။ ယောကျာ်းဖြစ်ရုံနဲ့တော့ လူဖြစ်ကျိုး မနပ်ပါဘူးတဲ့။ မြင့်မြတ်တဲ့ယောက်ျားဖြစ်အောင် လုပ်နိုင်မှ
    လူဖြစ်ကျိုး နပ်မယ်…ဆိုတာလေး…။

    အဲဒီ အဆုံးအမကို ဖတ်ပြီးနောက်တော့ ကျနော်ဖြင့်…
    ညံ့ဖျင်းတဲ့ ယောကျာ်းတော့ မဖြစ်စေရဘူးဆိုပြီး လူဖြစ်ကျိုးနပ်ချင်လာတော့တာပဲ။ ဒါလေး သတိရမိသွားလို့။

    ဒေါသ

    လောဘ

    မောဟ-ဆိုတဲ့တရားတွေက

    လူသားအချင်းချင်းဖျက်ဆီးနေတဲ့တရားတွေဆိုတာကိုလည်း ဘယ် ငြင်းနိုင်ပါ့မလဲ။

    မောဟနဲ့ ဒေါသ ဆိုတာကတော့ မရှိအောင် နေနိုင်ရင် အကောင်းဆုံးပေါ့နော်။
    လေဘကတော့… ကျနော်ဖြင့်… မပယ်နိုင်သေးဘူး။
    ဒေါသမဖြစ်အောင် နေနိုင်ပါတယ်။ မောဟ မဖြစ်အောင်လည်း သတိကပ်သင့်သလောက် ကပ်နိုင်ပါတယ်။
    ငယ်ရွယ်တုန်း ပိုက်ဆံ ရှာနိုင်တုန်းမှာ အဖေအို အမေအိုနဲ့ ညီ ညီမတွေကို ပြည့်ပြည့်စုံစုံ ထားချင်စိတ်နဲ့….
    အလူးအလဲ ရှာဖွေ စုဆောင်းနေရလေတော့ လောဘကို အတောမသတ်နိုင်သေးသလိုပါပဲ။
    မတော်လောဘ မဖြစ်အောင်တော့ ထိန်းပါတယ်လေ….

    :k:

  • aye.kk

    March 3, 2017 at 3:35 pm

    တူတော်မောင်သူရ
    သမာအာဇီဝနဲ ့ရှာစားနေတာ
    လောဘလို့ အန်တီကမဆိုလိုပါဘူး။
    ငယ်ရွယ်တဲ့အချိန်မှာ ရှာဖွေစုဆောင်းထားရှိရမှာပါ
    ဒါမှလဲနောင်တစ်ချိန်မှာချမ်းသာစွာနေရမှာပါ။
    ဥပမာဆိုရလျှင်
    ယင်နဲ ့ပျားလိုပါဘဲလို့အန်တီဆိုချင်ပါတယ်။
    ဒေါသ,လောဘ,မောဟတွေကြောင့်
    မောင်နှမအချင်းချင်း,မိသားစုအချင်းချင်း,ဆွေမျိုးသားချင်း
    လူလူချင်း အကျိုးတရားပျက်စီးစေတဲ့ အကြောင်းတရားတွေမို ့
    မဖြစ်ရအောင် နေနိုင်ကြရင်ဖြစ် အကောင်းဆုံးလို့ အန်တီပြောချင်တာပါ။

  • myat pearl phyu

    March 4, 2017 at 11:34 am

    မှန်ပါတယ် အန်တီရေ..စိတ်ကောင်း နဲ့ စေတနာကောင်းတို့ဆိုတာ တကယ့်ကိုအပြောလွယ်သလောက် အလုပ်ခက်တဲ့အရာတွေပါ။
    ကိုယ့်အပေါ်မကောင်းတဲ့သူတွေနဲ့ ကြုံရတဲ့အခါမျိုး ဒုက္ခရောက်နေချိန်မျိုးဆို အတော်ထားရခက်ပါတယ်..။
    ပုထုဇဉ်ပဲလေ..။ အကုသိုလ်စေတသိတ်တွေကို ကုသိုလ်စိတ်၊ ကုသိုလ်ကံတွေနဲ ့ပြန်ထိန်းချုပ်နေရတာပဲမဟုတ်လား..။
    သံသရာမှာ မကောင်းတာတွေပဲ လုပ်ခဲ့တာများတော့ မကောင်းတာဆို လုပ်ဖို့ သိပ်ပြီးအားစိုက်စရာမလိုဘူး..လွယ်မှလွယ်..။
    ဒေါသဖြစ်နေတဲ့စိတ်၊ မကျေမနပ်ဖြစ်နေတဲ့အခါဖြစ်လာတဲ့စိတ်ဆို တကယ့်ကို ခံရခက်ပြီး ပူလောင်နေတာပါ..။
    အဲ့အချိန်မှာ ဖြစ်နေတဲ့ကိုယ့်စိတ်လေးကိုပဲ ငါဒေါသဖြစ်နေတယ် ငါဒေါသဖြစ်နေတယ် ဆိုပြီး သတိထားပြီး သိနိုင်ဖို့ဆိုတာလေးကပဲ
    မလွယ်တာပါ..။
    ခုခေတ်က လူတွေက ငရဲကိုမကြောက်တော့သလိုပဲနော်..။ တစ်ခါတစ်လေ ရလာတဲ့ လူ့ဘဝကြီးကို အမြဲရနေမှာပဲလို့ပဲ သေပြီးရင် နောက်ဘဝမှာ ဘာဖြစ်ဖြစ်ငါနဲ့မဆိုင်တော့ဘူးဆိုတဲ့ အယူမှားတွေတောင်ဖြစ်နေကြမယ်ထင်ပါတယ်။
    ငါလည်း ဝေဒနာတွေခံစားရပြီး သေရဦးမယ်ဆိုတာ မေ့နေကြတာပေါ့ အန်တီရေ..။
    တကယ်တော့ သံဝေဂမြင်မှ တရားတကယ်ရကြမှာပါ..။
    ကိုယ်အချစ်ဆုံးသူတွေ (ဥပမာ မိဘ၊ချစ်သူ၊ညီအကိုမောင်နှမ အရမ်းခင်ရတဲ့မိတ်ဆွေသူငယ်ချင်း) ထဲက တစ်ယောက်ယောက်
    နဲ့ သေကွဲ ကွဲရတဲ့အခါ လောကဓံကို နဖူးတွေ့ ဒူးတွေ့ ဒုက္ခတွေ့ဖူးပြီးတဲ့အခါ
    ကိုယ်အပြင်းအထန်နေထိုင်မကောင်း ကျန်းမာရေးအညံ့တွေကြုံကြိုက်ရတဲ့အခါ
    ပျက်စီးဆုံးရှုံးခြင်းတွေနဲ့ တွေ့ကြုံကြရမှ တရားကို သတိရကြတော့တာပါပဲ..
    ခလုတ်ထိမှ အမိတ ကြတာပါပဲ..။
    ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ခိုင်းတာက ကိုယ်လုပ်သမျှကိုယ်ပဲ ခံ၊စံ ရမှာမုချမလွဲပါ။
    ကိုယ့်စိတ်မှာ ဘာတွေဖြစ်နေသလဲ ..ဆန်းစစ်ကြည့်ဖို့။

    ကိလေသာ ၁ဝပါး

    (၁) လောဘ – ကာမဂုဏ်၌ တပ်မက်မှု၊ တပ်မက်ခြင်းသဘော
    (၂) ဒေါသ – ထိခတ်ပြစ်မှားမှု၊ ထိခတ်ပြစ်မှားခြင်းသဘော
    (၃) မောဟ – မသိမိုက်မဲမှု၊ တွေဝေမိုက်မဲခြင်းသဘော
    (၄) မာန – မောက်မာထောင်လွှားမှု၊ ထောင်လွှားခြင်းသဘော
    (၅) ဒိဋ္ဌိ – မိစ္ဆာဒိဋ္ဌိ အမြင်မှားမှု၊ အမြင်မှားခြင်းသဘော
    (၆) ဝိစိကိစ္ဆာ – သံသယကြီးမှု၊ ယုံမှားခြင်းသဘော
    (၇) ထိန – စိတ်ထိုင်းမှု၊ ထိုင်းမှိုင်းခြင်းသဘော
    (၈) ဥဒ္ဓစ္စ – ပျံ့လွှင့်မှု၊ ပျံ့လွှင့်ခြင်းသဘော
    (၉) အဟိရိက-ဒုစရိုက်မှ မရှက်မှု၊ မရှက်ခြင်းသဘော
    (၁၀) အနောတ္တပ္ပ- ဒုစရိုက်မှ မကြောက်မှု၊ မကြောက်ခြင်းသဘော တွေဖြစ်နေလား…။

    ကိလေသာဆိုတာ
    ဘိုးတော်ဦးဝိုင်းရဲ့ ကြောင်လိုပါပဲ။

    ကြွက်မတွေ့ခင်..
    လိမ္မာလိုက်တာလွန်ရော။
    ကြွက်လည်းတွေ့ရော အဲဒီနောက်ကို
    တန်းတန်းစွဲ လိုက်တော့တာပါပဲ။

    ဒီလိုပဲ…
    ကိလေသာဆိုတာ
    အာရုံနဲ့တွေ့ရင် ထကြွတော့တာပဲ။
    မထကြွအောင် သတိဆိုတဲ့
    ရှုမှတ်မှုက မပြတ် တရစပ်
    ရှိနေနိုင်မှ တော်ကာကျမှာ။

    ရွှေဥမင်ဆရာတော်ဘုရားကြီး ပြောတဲ့အတိုင်းလေး ဝေမျှရင်းနဲ့ comment လေးအဆုံးသတ်လိုက်ပါတယ်။

  • aye.kk

    March 4, 2017 at 3:03 pm

    မြတ်ပုလဲဖြူ
    ကျေးဇူး(အထူး)ပါနော်
    ရွှေဥမင်ဆရာတော်က
    အန်တီတို ့ဇာတိမြို ့နယ်ကဆရာတော်ပါပဲ။
    ချမ်းမြေ့ရိပ်သာမှာအားထုတ်ဘူးတဲ့ဆရာတော်ပါ။
    မနှစ်က အန်တီအသက်(၅၄)နှစ်ပြည့်မှာဓမ္မမိတ်ဆွေ
    ဒေါ်ဝင်းလှကရွှေဥမင်ဆရာတော်ဩဝါဒနှုတ်မြွက်(တရားစာအုပ်)တွေဝေပေးခဲ့တာ
    အမှတ်ရမိတယ်။။

Leave a Reply