၂၀၀၆ ခုနှစ်မှစ၍ အယ်ဒီတာ့သင်ပုန်းရေးခဲ့သည်မှာ ယခုလအပါအ၀င်တွင် သင်ပုန်းဝင်ပုဒ်ရေ ၁၀၀ ပြည့်ပါသည်။
ယခုဧပြီလသည် မြန်မာတို့၏နှစ်သစ် ၁၃၇၉သို့ ကူးပြောင်းသောလလည်းဖြစ်၏။ အမေရိကရောက်မြန်မာတို့အတွက်မူ ဇန်န၀ါရီမှစ၍ ခရစ်နှစ်ကူး၊ ချိုင်းနီးနယူးရီးယားနှင့် ယခုမြန်မာနှစ်ကူး ဆင့်ဆက်လာခဲ့ပေရာ (တိုင်းရင်းသားတို့၏နှစ်ကူးများထည့်မတွက်ပါသေးငြား )ကူးလှချည့်
မြန်မာဟုသာဆိုရပေမည်။
မှန်ပါသည်။ ကူးသည်များသလို ကုန်သည့်အချိန်တို့မြန်လှပါ၏။ မြန်သောအချိန်တို့ကို သုံးသတ်ချုံ့ခြုံရေးပါမည်။

စာနယ်ဇင်း
ဤသူဦးဆောင်ထုတ်ခဲ့သော ဂဇက်တို့သည် မြန်မာပြည်ပ နိုင်ငံရပ်ခြားတွင် ပုံမှန်ထုတ်အကြာဆုံးနှင့် စောင်ရေအများဆုံးဖြန့်နိုင်ထုတ်နိုင်ခဲ့သည်ဟု ဂုဏ်အတင်းယူကာဆိုရမည်။ မြန်မာပြည်အထိပင် ခြေလှမ်းကျယ်၍ ထုတ်ဝေနိုင်ခဲ့သည်။
ဟံသာဝတီဦးဝင်းတင်သည် နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့တွင် အကြံပေးအယ်ဒီတာအဖြစ်လုပ်ကိုင်စဉ် ၁၉၅၄ မှ ၁၉၅၇ ထိ “ဒို့ပြည် သတင်း” သတင်းစာ စောင်ရေ ၅ဝဝ ခန့် ထုတ်ခဲ့ဖူးသည်ဆိုပါသည်။ မြန်မာပြည်ပထုတ်အစောဆုံးတခု ဖြစ်နိုင်ကောင်း၏။ ထိုခေတ်က မြန်မာနိုင်ငံပြင်ပတွင်
အပြီးတိုင်အခြေချနေထိုင်ကြသည့် မြန်မာလူဦးရေလည်း မများသေးမူ၍ ဤမျှသာစွမ်းနိုင်သည်ရှိ၏။ ၁၉၈၈ မှစ၍”မဟာမြန်မာရွေ့ပြောင်းမှုကြီး”ဖြစ်သည်တွင် နိုင်ငံရပ်ခြားတွင်အခြေချနေထိုင်သူမြန်မာ သန်းချီလာသည်။
သို့နှင့် ထိုင်း၊မလေးရှား၊ ဂျပန်၊ ကိုရီးယား၊ ထိုင်ဝမ်စသည့်နိုင်ငံတို့တွင် မြန်မာအသိုင်းအ၀ိုင်းတွင်းဆိုင်ရာ စာစောင်၊သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများထွက်လာဖူး၏။ အပြောင်းအရွေ့ အတည်မကျသေးများကြောင့် အချိန်ကြာထုတ်မသွားနိုင်။ ဗီဇာကိစ္စ၊နေရေးထိုင်ရေးအဆင်ပြေသော
အမေရိကားတွင်ကား လော့စ်အိန်ဂျလိစ်၊ ဆန်ဖရန်စစ္စကို၊ နယူးယောက်၊ ဖို့ဝိန်း၊ ဘော့စတွန်တို့တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်များရှိပါ၏။ သက်တမ်းမကြာနိုင်ခဲ့သေး၊ ပုံမှန်မထုတ်နိုင်ခဲ့အား၊ စောင်ရေမများနိုင်ပေ။

အင်တာနက်
ပုဂံဆိုင်ဘာတက်ခ်မှစခဲ့သော မြန်မာ့အင်တာနက်သည် ယခုခေတ်ကာလတွင်မူ လွန်စွာခြေလှမ်းကျယ်နေပေပြီ။ ယခင်ခေတ်က ဆင်ဆာပိတ်၊ ယူဖတ်တို့မှ ထိန်းထားသော လမ်းကြောင်းပျက်၍ လုံးဝနီးပါးလွတ်လပ်နေပြီဟုပင်ဆိုရမည်။
၂၀၀၇ သင်္ကန်းရောင်တော်လှန်ရေးအားဖြင့် မြန်မာတို့အတွက် ပုဂံဖိုရမ်၊ ပလန်းနက်ဖိုရမ်တို့ခေတ်မှသည် ဘလောဂ့်ခေတ်တခု အခြေကျဖြစ်ခဲ့ဖူးသည်။
မြန်မာတို့၏ အိုင်တီနှင့်နည်းပညာခေတ်သည် ထိုမှစသည်ဆိုချင်သည်။ ထိုခေတ်အချိန် ၂၀၀၂ခုနှစ်က ဤသူသည် Yadanar.com ဖြင့် ဖိုရမ်အပါအ၀င် eCommerce ဖြင့်ပါဝင်ခဲ့ဖူးသည်။ ယခုဧပြီလ ၄ရက်နေ့တွင်လည်း MandalayGazette.com မှတ်ပုံတင်ထားသည်မှာ
၁၁နှစ်တင်းတင်းပြည့်လေပြီ။
လက်ရှိအခြေအနေတွင် ဆိုရှယ်မီဒီယာဖေ့စ်ဘုတ်သည် မြန်မာတို့၏ဘ၀ကို လွှမ်းမိုးလွန်းလာသည်။ ပုဂ္ဂိုလ်ရေးနေ့စဉ်လှုပ်ရှားမှုအသေးစိတ်များကိုပင် ဖေ့စ်ဘုတ်တွင်တင်ကြလေရာ ယူအက်စ်ဖယ်ဒရယ်အစိုးရမှပင် ပြည်ဝင်ခွင့်ဗီဇာတောင်းသူတို့အား ဖေ့စ်ဘုတ်၊တွစ်တာတို့မှတဆင့် ခြေရာခံကြည့်နိုင်ရန်ပင်လမ်းညွှန်မှုတို့ထုတ်လာသည်အထိတည်း။

သံရုံးများ
ယခင်က ၀ါရှင်တန်ဒီစီတွင် မူလသံရုံးကြီးနှင့် သံအမတ်၊ နယူးယောက်တွင် ကုလသမဂ္ဂဆိုင်ရာသံရုံးတို့ရှိရာမှ ၂၀၁၅မှစ၍အယ်လ်အေတွင် ကောင်စစ်ဝန်ချုပ်ရုံးဖွင့်လာသည်။ လော့စ်အိန်ဂျလိစ်၏ ပထမဆုံး ကောင်စစ်ဝန်ချုပ်သည် ဦးအောင်ကျော်ဇံဖြစ်သည်။
ယခုဧပြီလတွင်းတွင်မူ ဦးအောင်ကျော်ဇံရာထူးတိုး၍ မြန်မာပြည်ပင်ပြန်တော့မည်။ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကား အမေရိကအနောက်ဖက်ကမ်းရိုးတမ်းတွင်အခြေကျခဲ့ပြီ။

ဘာသာရေးကျောင်းများ
အယ်လ်အေတွင် ဘုန်းကြီးကျောင်းများတိုးလာသည်။ ရှိပြီးသည်များ နေရာတိုးချဲ့လာသည်။ အမေရိကားတွင် ဘုန်းကြီးကျောင်းအများဆုံးရှိရာမြို့သည် လော့စ်အိန်ဂျလိစ်ဖြစ်ပါ၏။
တနိုင်ငံလုံးတွင်လည်း ဘုန်းကြီးကျောင်းများ၊ ချခ်ျများ၊ ဗလီများတိုးလာလျှက်ရှိနေသည်ကို ၀မ်းသာစရာကြားရ၏။ စာမျက်နှာ ၂၃တွင် ကြည့်နိုင်ပါသည်။ ကွန်မြူုနတီစင်တာအနေဖြင့်ကား ကိုယ်ပိုင်အဆောက်အဦ၊မြေနေရာဖြင့်တခုမျှပင်မရှိ။

အသင်းအဖွဲ့များ
ဆိုင်ရာ ပရောဖက်ရှင်နယ်( ဆရာဝန်၊ သွားဆရာဝန်၊ အင်ဂျင်နီယာ၊) များ၏ အသင်းများကား နှစ်သုံးဆယ်ကျော်လေးဆယ်သက်တန်းများလည်း ရှိပါ၏။
မြန်မာ-တရုတ်အသင်းများစွာရှိပါ၏။ SCBA ဆိုလျှင် ယခုနှစ်တွင် အနှစ် ၄၀ပြည့်အထိမ်းအမှတ်စာအုပ်ပင်ထုတ်နိုင်ခဲ့ပြီ။ သင်္ကြန်ပွဲလည်း ကြီးကျယ်စွာကျင်းပလေ့ရှိသည့် နယူးယောက်မှ မြန်မာတရုတ်အသင်း၊ ရခိုင်အသင်းတို့သည်လည်း မှတ်တမ်းဝင်ထင်ရှားပါသည်။ VOA, RFA
ဝန်ထမ်းမိသားစုများ၊ ကုလသမဂ္ဂမိသားစုများ၏ အသိုင်းအ၀ိုင်းသည်လည်း နှစ်ကာလရှည်ကြာ၍ စုစည်းနိုင်ကြသည်ရှိပါ၏။
သို့သော်ငြားနိုင်ငံအနှံ့လွှမ်းခြုံနိုင်သည့်သက်တန်း၁၀နှစ်အထက် အစိုးရမှတ်တမ်းဝင်အသင်းကြီးများမှာ လက်ချိုးရေ၍ပင်ရကောင်း၏။ အယ်လ်အေမှ NetMAA နှင့် ချင်း၊ကရင်၊ကချင်တိုင်းရင်းသားတို့၏ ဘာသာရေးနွယ်အသင်းတော်များသာဖြစ်လိမ့်မည်။

ယဉ်ကျေးမှု
၁၉၈၈ နောက်ပိုင်း မြန်မာများလာသောနှစ်တို့ဝယ် မြန်မာပြည်မှစပွန်ဆာလုပ်ခေါ်ယူကျင်းပသည့်အဆို၊အက အနုပညာပွဲများခဲ့ပါ၏။
မြန်မာ့ရုပ်ရှင်ပွဲတော်များကျင်းပနေကြသလို မြန်မာ့အစားအသောက်ပွဲတော်လည်းလုပ်ဖူးသည်။ သင်္ကြန်ကား မြန်မာစုမိရာမြို့တိုင်း၌ကျင်းပကြသည်။ ဆိုင်ရာမြန်မာ့ရိုးရာပွဲတော် ထမနဲ၊သီတင်းကျွတ်တို့လည်း ရာသီအလိုက်ပုံမှန်လုပ်ကြသည်ကို သတင်းစာ သတင်းပုံများတွင်ရိုးအီရမလောက် မြင်နေနိုင်ပါ၏။
မြန်မာသံစုံတီးဝိုင်းကြီးလည်းရောက်။ ရုပ်သေးအဖွဲ့လည်းရောက်၊ ဆိုင်းဝိုင်းလည်းရောက်၊ ယဉ်ကျေးမှုတက္ကသိုလ်မှ ပါမောက္ခအကဆရာမကြီးများကိုပင် အမေရိကပြည်သို့ဖိတ်ခေါ်၍ ဒုတိယမျိုးဆက်မြန်မာကလေး၊လူငယ်များကို မြန်မာ့ရိုးရာအကတို့သင်ပေးခဲ့သည်လည်း ရှိခဲ့၏။
သဘင်ပညာရှင်များဖြစ်သည့် ရွှေမန်းတင်မောင်၊ တင်မောင်ဆန်းမင်းဝင်း၊ မန္တလေးသိန်းဇော်၊ နန်းဝင်းတို့ပင်လာရောက်၍ အကပညာ သင်ကြာပြသခဲ့ကြ၊ ပြသကြဦးမည်သိရပါသည်။
မြန်မာစာပေ၊ယဉ်ကျေးမှု၊ဘာသာတရားတို့ကိုသင်ကြားပေးနေသော ဘုန်းတော်ကြီးကျောင်းများ၊ ကွန်မြူနတီအစုအဖွဲ့များလည်း ပြည်အနှံ့ရှိ၏။

အစားအသောက်
မြန်မာရှိလျှင် မြန်မာစားသောက်ဆိုင်များလည်းရှိပါမည်။ ထိုင်ဝမ်၊ ဟောင်ကောင်တို့တွင် ကြာခဲ့သော ဆိုင်များရှိသည်။ မြန်မာစကားအော်ဟစ်ပြောနေကြသော ရပ်ကွက်များလည်းရှိသည်။ မြန်မာဆန် လက်ဖက်ရည်ဆိုင်များလည်း ရှိကြပေသည်။
အမေရိကားတွင် မြန်မာ-တရုတ်များအခြေချများရာ ဆန်ဖရမ်စစ္စကိုတွင် မြန်မာအစားသောက်ဦးစားပေး စားသောက်ဆိုင်ကြီးများရှိခဲ့သည်။ ရှိနေဆဲ၊ သို့သော် မြန်မာဇာတိနွယ်များအား မူလဖေါက်သည်အဖြစ်စားသုံးနိုင်ရန်ရည်ရွယ်ရပ်တည်နိုင်ခဲ့ကြသည်ကားမဟုတ်။ သို့မူ၍ အရသာမှအစ
အမေရိကန်ကြိုက်လုပ်ထားကြရပေသည်။
အမေရိက၏ အစောဆုံးမြန်မာစားသောက်ဆိုင်သည် လော့အိန်ဂျလိစ်မှာကားမဟုတ်။ ၀ါရှင်တန်ဒီစီလော၊ နယူးယောက်လော၊ ဆန်ဖရမ်စစ္စကိုလော မသေချာ။ သိသူများမှတ်တမ်းတင်နိုင်ရန် စာပို့အသိပေးစေလိုပါသည်။
ထင်ရှားအောင်မြင်နေသည်မှာ ကိုတင်အေး၏ Rangoon Ruby ၆ဆိုင်ဖြစ်သည်။လော့စ်အိန်ဂျလိစ်တွင်မူ ယခုနှစ်ပိုင်းတွင်မှ မြန်မာစားသောက်ဆိုင်များ အလျှိုလျှိုဖွင့်လာကြသည်ကိုလည်း တွေ့ရ၏။ အယ်လ်အေတခုထဲတွင်ပင် ၆လအတွင် ၃ဆိုင်ဖွင့်လာသည်ကိုသတိထားမိပါသည်။
ပွင့်လင်းလာသောမြန်မာပြည်သို့အလည်အပါတ်သွားသော တိုးရစ်အမေရိကန်များ သိန်းချီများလာသလို မြန်မာပြည်မှပြန်လာအပြီး မိခင်နိုင်ငံရောက်လျှင်လည်း မြန်မာအမှတ်တရများအား ဆွေမျိုး၊မိတ်ဆွေများအား မိတ်ဆက်ပြောပြရင်း မြန်မာအစားအစာတို့ကို ရှာကြ စားကြပါလိမ့်မည်။ တိုး၍သာတက်ရန်ရှိပါသည်။ အခင်းအကျင်း အစားအသောက်တို့ကို စံနှုန်းထား ချိန်ဆပြင်ရန်ကားလိုပါလိ့မ်မည်။ ဒေသန္တရအရ အဖမြန်မာနိုင်ငံတော်သည် ချိုင်းနားနှင့်အိန္ဒိယကြားကျနိုင်ငံဖြစ်ကာ အင်္ဂလိပ်ကိုလိုနီနှစ်ရာချီဖြစ်ခဲ့ရကား မြန်မာတို့အစားအသောက်အမယ်မျိုးစုံစား၏။ သိ၏။။ စိတ်ဝင်စား၏။ ယခုပင်လျှင် အမေရိက ဆုရှိဈေးကွက်၌ မြန်မာတို့လွှမ်းမိုးကြီးစိုးထားနိုင်သည်မဟုတ်ပါလော။
မြန်မာတို့ကိုယ်တိုင်မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ကြေးအိုး၊ ဒန်ပေါက်တို့လုပ်ရောင်းလာနိုင်လာသည်။ မြန်မာဘီယာ၊ မြန်မာ့တိုင်းရင်းဆေး၊ တိုက်ပုံ၊ပုဆိုး၊ထမိန်များ ရောင်းဝယ်ချုပ်လုပ်သည့် စတိုးဆိုင်များလည်းရှိပြီ။
ချဉ်ပေါင်ရွက်၊ ဒညင်းသီး၊ ဆူးပုတ်ရွက်၊ ငပိစိမ်းစား၊ ငပိရည်ကြို၊ ပဲပုပ်ခြောက်လည်းရသည်။ ပုဇွန်ခြောက်၊ ငရံ့၊ ငါးသလောက်လည်း စားနိုင်သည်။ အချိုခြောက်။လက်ဖက်ခြောက်လည်း အန္တရာယ်ကင်းကင်းနှင့် သောက်နိုင်ပြီ။
လက်ဖက်စိုကိုမူမထုတ်နိုင်သေးငြား မြန်မာပြည်မှ မှာသွင်း၍ US FDA စစ်ချက်ယူထုတ်နိုင်သူရှိပြီ၊ ပဲကြော်ကား လက်ရာကောင်းလှပေစွဟု မြန်မာပြည်မှ ဧည့်သည်များကပင်ပြောယူကြရ၏။ ကိုမောင်မောင်သိန်း၏ အလွမ်းပြေပဲပြုတ်လည်း ပြည်တ၀ှမ်းလွှမ်းခဲ့ပြီ။

သင်သေသွားသော်
သားသမီးများရပြီ။ တချို့မြေးများရပြီ၊ တချို့တချို့ မြစ်၊တီများပင်ရပြီ။
တဖြုတ်ဖြုတ် တဖြတ်ဖြတ်ကြွေလွင့်ကြပြီ၊ တရက်တည်းပင် တမြို့ထဲ၌အသုဘအခမ်းအနား ၃ခုထိ ထပ်သည်တို့ရှိလာသည်ကို သတိထားမိသည်။
၈၈ မျိုးဆက်ဟုဆိုသူတို့ပင် အသက် ၅၀တန်းဝင်ကြကျော်လာကြပြီ။ ၈၈မျိုးဆက်ဟူသည် Baby Boomers (1946-1964)၏နောက်ဆုံးတန်းနှင့် Generation X(1965-1984)တို့ဖြစ်ပါ၏။
ယခုအသက်၄၀-၅၀အသက်တန်းသမားများသည် ဆိုင်ရာ မိ/ဘတို့အား နှုတ်ဆက်ခွဲခွာရသည့် အချိန်ကာလသို့ ၀င်ရောက်လာပြီဆိုလိုရင်း။ အသင့်ပြင်ထားရမည်။
သဘာဝတရားဖြစ်၍ မကြာမတင်ဟု ဆိုရမလောက် နောင် အနှစ် ၂၀-၃၀အတွင်း မိမိတို့အလှည့်လာပါလိ့မ်မည်။
သေသွားပါသော် ဘာများ ယူသွား၊ပါသွားနိုင်ပါသနည်း။ ?

အရှေ့တောင်အာရှမှ အမေရိကသို့ အခြေချသူတို့တွင် အစောဆုံးဆိုကြရမည့် ဂျပန်၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်လူမျိုးတို့ကို နမူနာလှမ်းမျှော်ကြည့်ပါမူ သူတို့သည် ဆိုင်ရာဇာတိနွယ်မိခင်တိုင်းပြည်နှင့်သာ စခန်းသွားကြလျှင် နေထိုင်လွယ်၊ စီးပွားဖြစ်လွယ်သည်။ အင်အားရှိသည်။ ထိုးဖေါက်လွယ်သည်။
အလုပ်အကိုင်ရှိသည်။ ယဉ်ကျေးမှုပွဲလုပ်ကြ၊ခေါ်ကြ၊ပျော်နိုင်ကြသည်။
မျိုးဆက် ၂ဆက် ၃ဆက်အထိ ဆိုင်ရာနိုင်ငံ၏ အနွယ်တို့နှင့် စက်၍သာ ချမ်းသာကြသည်။အလုပ်အကိုင်ရကြသည်တို့များ၏။ ဆိုင်ရာ လူမျိုးအသိုင်းအ၀ိုင်းမှ ထွက်၍ အခြားလူမျိုးအသိုင်းအ၀ိုင်းသို့မျောပါရောက်ရှိသွားသူရှားပါ၏။
ဖယ်ဒရယ်မှလည်း ဆိုင်ရာဘာသာစကားတတ်သူ မူလဇာတိနွယ်သူတို့ကို ခေါ်၍သုံး၏။ ဆိုင်ရာ ကျောင်း ကောလိပ်၊တက္ကသိုလ်တို့တွင်လည်း မူလဇာတိနွယ် ယဉ်ကျေးမှုဓလေ့မှတဆင့်သာ မိမိကိုရှေ့ရောက်အောင်တွန်းတင်ပို့နိုင်သည်။
မူလ ဇာတိနွယ်အမျိုးကိုမမေ့စကောင်းသလို မေ့၍ဖျောက်၍လည်းမဖြစ်နိုင်။ မဖြစ်ရ။

နောင်ရာစုနှစ်ဝက်တွင် အမေရိကသမိုင်းရေးပါမူ ယခုခေတ်၏မြန်မာ-အမေရိကန်တို့သည် ခေတ်ဦးတခုကို ဦးဆောင်ခဲ့သူများဖြစ်နေပါလိ့မ်မည်။ မြန်မာ-အမေရိကန်သမိုင်း စ၍ရေးခဲ့သူများဖြစ်နေပါလိ့မ်မည်။
အခြားလူမျိုးတရာ့တပါးကြား၌ အောင်မြင်သောလူမျိုးအသိုင်းအ၀ိုင်းဖြစ်ပါစေရန် အချင်းချင်းအားပေးကူညီ စည်းလုံးကြသူများဖြစ်စေလိုပါသည်။
မြန်မာဂဇက်သည် ပုံနှိပ်စာလုံးတို့ဖြင့် တလုံးခြင်းမှတ်တမ်းတင်နေပါသည်။ သင်နှင့်သင့်အမည် ကဗျည်းမှော်ကွန်းကျန်ရစ်ပါစေသတည်း။

kai

About kai

Kai has written 939 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.