ကျွန်တော် ဟိုတနေ.တုန်းက စီးတီးမတ်မှာ လမ်းကြုံရင်း ဈေးဝင်ဝယ်လိုက်တယ်ဗျ။ တကယ်လမ်းကြုံလို့ဗျ၊ ၀ယ်စရာဆိုလို့ အယ်လကာလိုင်း ဓာတ်ခဲ ၂ လုံးပဲ ၀ယ်စရာ ရှိတာ။ ဒါနဲ့ ငွေရှင်းကောင်တာနားက ဓာတ်ခဲစင်က ဓာတ်ခဲကိုဖြုတ်ပြီး Express Counter မှာ သွားတန်းစီဖို့ သွားတာပေါ့။ ဘာလို့ သွားလည်းမေးဦးမယ်။ Express Counter ရဲ့ဆိုင်းဘုတ်မှာ less than 8 items only လို့ ရေးထားတာကိုး။ ဈေးဝယ်စင်တာတွေက ပစ္စည်းနည်းနည်းပဲ ၀ယ်တဲ့သူတွေ အဆင်ပြေအောင် ထားပေးထားတာပေါ့။ ပိုက်ဆံရှင်းဖို့ အကြာကြီးမစောင့်ရအောင်လေ။ အဲ… ကောင်တာနားရောက်ခါနီး အန်တီကြီးတယောက် ခြင်းတောင်း ၂ လုံးကိုင်ပြီး ၀င်သွားပါလေရော။ သူဝယ်တာ အမျိုး ၂၀ လောက်ရှိမယ်။ စာမဖတ်ဘူးလားလို့ သူ့မေးလို့ ရှိရင် သူရထားတဲ့ ဘွဲ့တွေ တသီတတန်းကြီး ရွတ်ပြပါလိမ့်မယ်။ ငါသိတယ် ငါတတ်တယ်ပေါ့ ငါ ဂရုမစိုက်ဘူး(သူ့မျက်နှာက ဖော်ပြနေပါတယ်။) ။ ဒါဆိုရင် ဘာလို့ဝင်လဲ? မေးစရာပဲ။

ငွေရှင်းကောင်တာက ကောင်မလေးကတော့ ဘာပြောမှာလည်း၊ ဘာမှမပြောဘူးပေါ့။ ဘာလို့လည်းဆိုတော့ စားသုံးသူဖြစ်နေတာကိုး။ ဒါပေမယ့် တကယ်တော့ ဒါတွေက လူပြောမှ လုပ်ရမှာ မဟုတ်ဘူးလေ။ ကိုယ့်အသိစိတ်နဲ့ လိုက်နာရမယ့် စည်းကမ်းတွေပါ။ တကယ်တမ်း အဲဒီအဖြစ်အပျက်တွေမှာ ကျွန်တော့် မျက်စိရှေ့မှာ အဲဒီ အန်တီကြီးနဲ့ ကြုံလို့ အဲဒီအန်တီကြီးလို့ ခေါင်းစဉ်တပ်လိုက်တာ။ တကယ်တော့ လူတော်တော်များများ အဲဒီလိုလုပ်နေကြတာပဲ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ နိုင်ငံခြားသူ တယောက်ကတော့ Express Counter မှာ မဟုတ်ပဲ အခြားကောင်တာမှာ သွားတန်းစီပါတယ်။ သူ့မှာလည်း ၀ယ်ထားတာတွေက များတာကိုး။

ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ စည်းကမ်းလိုက်နာမှုပိုင်းမှာ တော်တော်ကိုလိုပါသေးတယ်။ စည်းကမ်းတွေ တော်တော်များများတွေဟာ စာအုပ်၊ ဆိုင်းဘုတ်မှာပဲရှိသေးတယ်။ ကွမ်းတံတွေး မထွေးရ ဆိုတဲ့နေရာ၊ ရဲပတောင်းခတ်နေတာပဲ။ အမှိုက် မပုံရဆိုတဲ့နေရာ အမှိုက်က တောင်ပုံယာပုံ။ တစ်ခါက မြန်မာဧည့်လမ်းညွှန်တယောက် နိုင်ငံခြား ဧည့်သည်တစ်ယောက်ကို အလုပ်အရ လိုက်လံပြသရပါတယ်။ အဲဒီဧည့်သည်ဟာ ဆိုင်းဘုတ်တွေကို crazy ဖြစ်ပါသတဲ့။ ဆိုင်းဘုတ်တွေကိုလည်း တက်အားသ၍ ဧည့်လမ်းညွှန်ကို ဘာသာပြန်ခိုင်းပါတယ်။ တခါကြတော့ ဆိုင်းဘုတ်တခုကို ညွှန်ပြရင်း ဧည့်လမ်းညွှန်ကိုပြောပါတယ်။ ဒီတခါတော့ဘာသာပြန်စရာမလိုဘူး၊ငါဒီဆိုင်းဘုတ်သိတယ်။ ဤနေရာမှာအမှိုက်ပုံပါ လို့ရေးထားတာ မဟုတ်လားတဲ့။ ဧည့်လမ်းညွှန်ကကြည့်လိုက်တော့ လားလား ဤနေရာမှာအမှိုက်မပုံရလို့ ရေးထားတာပါတဲ့။

ကျွန်တော်တို့ မြန်မာတွေဟာ တခါတရံမှာ စည်းကမ်းဖောက်ရတာကို ဂုဏ်ယူချင်ကြတယ်။ စည်းကမ်းဖောက်လိုက်ရတာ၊စည်းကမ်းဖောက်နိုင်တာဟာ အရမ်းပါးနပ်လို့၊ လည်လို့ ဆိုပြီး ဂုဏ်ယူကြတယ်လေ။ နောက်တခုရှိသေးတယ် ငါကဘာမို့လို့၊ ပညာဘယ်လောက်တတ်လို့၊ ငါက ချမ်းသာလို့၊ ငါ့အသိုင်းအ၀ိုင်းကဘာမို့လို့၊ ဒါတွေ မလုပ်နိုင်ဘူး။ နားလည်ပေးပေါ့ကွ အစရှိတဲ့ ငါတွေ၊နားလည်မှုတွေနဲ့ ခုတုံးလုပ်ပြီး စည်းကမ်းဖောက်ကြတယ်လေ။ တကယ်တော့ ဘာမှ မဆိုင်ဘူးလို့ ထင်ပါတယ်။ အထက်ကပြောခဲ့သလိုပဲ ငါ့ပိုက်ဆံနဲ့ငါဝယ်တာ ဘာဂရုစိုက်စရာလိုလဲ ငါဝင်ချင်တဲ့ကောင်တာဝင် ငွေရှင်းမယ် ဆိုတာတွေက မလုပ်သင့်ဘူးထင်ပါတယ်။ ကိုယ့်စည်းကမ်းဖောက်မှုကြောင့် သူများတကာ အနှောက်အယှက် ဖြစ်ရတာမကောင်းပါဘူး။

ဒါတွေကိုတိုင်းတပါးသားတွေက တွေ့ရင် အရမ်းရှက်စရာကောင်းပါတယ်။ တချို့တိုင်းတပါးသားတွေက အဲဒီအပေါ်မှာအခွင့်ကောင်းယူပြီး မြန်မာ့မြေပေါ်မှာ စီးပွားရှာရင်းနဲ့မြန်မာတွေကို နှိမ်ပါတယ်။ နှစ်ပြားမတန်အောင်ပြောပါတယ်။ အထူးသဖြင့် အာရှသားတွေပါ။ ဂျပန်၊ ကိုးရီးယား၊ တရုတ်တွေပါ။ အဖြူကောင်တွေလည်းပါပါတယ်။ ဒါပေမယ့်သူတို့ဆီက စည်းကမ်းရှိတဲ့ ဓလေ့ကို အတုယူပြီး နိုင်ငံကြီးသားပီသအောင်နေသင့်ပါတယ်။ နိုင်ငံခြားသားကို အထင်ကြီးစရာ မလိုပါ။ နိုင်ငံတကာမှာ မြန်မာတွေ အနှိမ်ခံနေရတာ စည်းကမ်းမရှိတာလည်း အကြောင်းတခုဖြစ်ပါလိမ့်မယ်။

စည်းကမ်းချမှတ်သောသူများသည်လည်း တဖက်သက် အမြင်များဖြင့် မကြည့်ဘဲ ဘက်ပေါင်းစုံမှ ကြည့်ရှု၍ ကောင်းမွန်သင့်တော်သော စည်းကမ်းကောင်းများချမှတ်နိုင်ပါစေ။ (City Mart, Shopping Mall တွင်လည်း မြန်မာလိုရေးသင့်ပါတယ်။) စည်းကမ်းလိုက်နာသောသူများသည်လည်းပဲ ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနှင့် စည်းကမ်းမပျက်ကြပါနှင့်။ စည်းကမ်းသည်လူ၏ တန်ဖိုးပါ။ မြန်မာများ စည်းကမ်းရှိရှိ ရိုးရိုးသားသားနှင့် အလျင်အမြန်တိုးတက်ကြီးပွားနိုင်ကြပါစေ။

About eros

Eros Mario has written 45 post in this Website..

La bellezza è dipende dalla vista della persona. စန္ဒယားလှထွဋ် သီချင်းများကို ခုံမင်စွာ နားထောင်တတ်သူ တဦးရယ်ပါ။