America First “အမေရိကားပထမ” ဖြင့် တက်လာသော ထရမ့်၏သမ္မတသက် ရက်၁၀၀ တိုင်ပါပြီ။ အစိုးရတရပ်အတွက် ပထမ ရက်၁၀၀ အတွင်းဆောင်ရွက်ချက်များသည် အရေးကြီး၏။ နောင်ရက်လနှစ်များကိုထင်ဟတ်၏။ သမ္မတသက်တမ်းဒုတိယ၄နှစ်သို့သွားနိုင်/မနိုင် နိမိတ်ပြ၏။

အမေရိကန်တို့သည် အမေရိကား၏စစ်အင်အားကို စူပါပါဝါအဖြစ်ထိမ်းသိမ်းတိုးချဲ့လိုရင်းရှိကြသော်ငြား ဟိုပါဒီပါ ပါလေရာကမ္ဘာ့ပုလိပ်ကြီးနေရာမှကား ထွက်ချင်သူပိုများနေသည်။ Pew Research ရလဒ်များအရမူ မဲပေးနိုင်သူအမေရိကန် ၇၀%အထက်သည် ပြည်တွင်းရေးကိုသာအာရုံစိုက်စေချင်ကြသည်။
သမ္မတထရမ့်၏ အဓိက ကတိကြီးတခုမှာ တိုင်းပြည်၏ အင်ဖရာစရပ်ခြာအခြေခံအဆောက်အအုံကို ဒေါ်လာ ဘီလီယံထောင်ချီရင်းနှီးမြှုတ်နှံရင်း မြှင်တင်ဆောက်လုပ်ရန်ဖြစ်သည်။ Obamacare ကိုဖျက်၍အစားထိုးရန်ဖြစ်သည်။ အမေရိက-မက်ဟီကိုနယ်စပ်တွင် မက်ဆီကန်တို့စရိပ်နှင့်တံတိုင်းကြီးကာရန်ဖြစ်သည်။ အစ္စလမ်မစ်နိုင်ငံများမှ ပြောင်းခိုသူများကို ပြည်ဝင်ခွင့်ပိတ်၍ စိစစ်ထိမ်းချုပ်ရန်ဖြစ်သည်။ ညာစွန်းရောက်မျိုးချစ်တို့နှင့်ကိုက်သည်။ လိုက်သည်။ သို့သော်…

သမ္မတသည် သမီးနှင့်သားမက်အား ကောင်းလှစွာသောလစာပေး၍ အိမ်ဖြူတော်တွင်အလုပ်ခန့်ထားခဲ့ရာ ၂ဦးလုံး ဧရာမလုပ်ငန်းရှင်ကြီးများဖြစ်နေကြသဖြင့် Conflict of Interest (COI)ဖြစ်မည်သေချာနေသည်။ တကမ္ဘာလုံးတွင် စီးပွားရေးရင်းနှီးမြှုတ်နှံထားရှိပြီးဖြစ်သော သမ္မတကိုယ်တိုင်၌ပင် COI လာမည်ရေရာလို့နေသည်။
အခွန်ရှင်းတမ်း Tax Return တွင် ရငွေ၊သုံးငွေ မည်သို့ရသည်/သုံးသည်အလုံးစုံပါလာမည်ဖြစ်ပေရာ အခွန်ရှင်းတမ်းလည်း လူထုသို့ မထုတ်ပြန်ပြရဲ။
သက်တမ်းမရှိ တရားရေးတို့အချုပ် စူပရင်းကို့သ်၏ တရားသူကြီးခုံတနေရာကိုကား ညူကလီယားသုံး၍( ပုံမှန်မဟုတ်သော မဲဆန္ဒအရေအတွက်နှင့်) ရီပါ့ဗလစ်ကန်င်အများစုဖြစ်သောစိနိတ်မှ အတင်းကာရောအတည်ပြုပေးနိုင်ခဲ့သည်။

ကတိသစ္စာ တည်သည်လော၊ မတည်။

ကတိတို့ကား မတည်ရေးချမတည်။ ရက်၁၀၀အတွင်း တည်အောင်လုပ်ကြည့်သည့်ကတိပေးချက်တို့မှာလည်း “ပလုံ”သာမြည်ကုန်သည်။
လက်မှတ်တို့ကိုကား ခပ်သွက်သွက်သာလျှင်ထိုးချေသည်။ စကားကိုလည်း တွန်းတိုက်ပြောသလို သူ၏တွစ်တာမှလည်း ရေးချင်ရာရေးပေရာ ကမ္ဘာအကြီးဆုံးစူပါပါဝါနိုင်ငံကြီး၏ သမ္မတနောက်လိုက်သူများ သောင်ပြင်ပြေးရလေသတည်း။
သို့သော် ဒီမိုကရေစီစနစ်အရ သမ္မတ “ဖြစ်ပြီးစလစ် နံပါတ်တစ်” ဖြစ်လေရာ ကွန်ဂရက်။စိနိတ်တို့တွင် လူနည်းစုဖြစ်သော အတိုက်အခံ ဒီမိုကရက်ပါတီဝင်တို့ ဘာဘာ,ဘာများတတ်နိုင်ပါသနည်း။ ရွေးကောက်ခံသမ္မတ၏အာဏာပါဝါသည် အလုံးစုံကြီးမားပါ၏။ ဘီလီယံနာဖြစ်နေသော ထရမ့်သည် ငွေတို့မိုးပေါ်မှကျ၍ ရထားသည်ကားမဟုတ်။ စီးပွားရေးကြောကို ထုံးလိုချေထားကာ နိုင်ငံရေးကြောကိုတော့ ရေလိုနှောက်ထားနိုင်သူဖြစ်သည်ကို သူလျှောက်ခဲ့သော လမ်းများက ပြ၏။
အမေရိကပြည်သည် သည်သို့ဤပုံဟူ၍ ပုံမှန်အတိုင်း လျှောက်လှမ်းမည်ကားမဟုတ်။ အနာဂတ်သည် စိတ်ဝင်စားစရာများနှင့်အတိတည်း။

စစ်ငွေ့ရိပ်ခြည် သမ်းသည်လော၊ သမ်းသည်။

ဆီးရီးယားကို ဒေါ်လာ၁သန်းခွဲကျော်တန်သော တွန်မဟော့ဒုံး ၅၉လုံးပစ်လွတ်ခိုင်းသည်။
အာဖဂန်နစ္စတန်အစိုးရ၏ သဘောနှင့်မညှိမူပဲ နှူကလီးယားမဟုတ်သည့်ဗုံးများတွင် အကြီးဆုံး “ဗုံးတို့မိခင်”ကို ကြဲချသည်။
မြောက်ကိုရီးယား တည်ထောင်သူ Kim Il Sung ၏ (ပုံမှန်လုပ်နေကျ)၁၀၅နှစ်မြောက် မွေးနေ့အထိမ်းအမှတ်ပွဲကို သွား၍ခြိမ်းခြောက်သည်။
သမ္မတထရမ့်မှ လေယဉ်တင်သင်္ဘောအုပ်စုကြီးကို လွှတ်လိုက်ပေရာ အမိန့်တို့မည်သို့ချွတ်ချော်သည်မသိ သဘောင်္ကြီးမှာ ပြောင်းပြန်ကြီးချီလေ၏။ ထိုအချိန်ကြားတွင်ပင် မြောက်ကိုရီးယားသည် လေနှင့်မဟုတ် ပရိုပဂမ်ဒါတီဗီအားဖြင့် မြောက်ပိုင်းကယ်လီဖိုးနီးယား ဆန်ဖရမ်စစ္စကိုမြို့ကြီးကို နှူဗုံးကြဲချပြသည်။
လွှမ်းခြုံကြည့်ပါလျှင်တော့ ထရမ့်၏နိုင်ငံခြားရေးရာပေါ်လစီတို့ကြောင့် ဤကမ္ဘာမြေသည် စစ်ငွေ့ရိပ်ချည်သမ်းခဲ့ပြီ။ စစ်နှင့် ငြိမ်းချမ်းရေးသည် အတူလာနိုင်ပါသည်လော။ သေချာသည်မှာ စစ်ပွဲတိုင်း တန်ဖိုးကြီးတခုပေးရဆပ်ရစမြဲတည်း။ တတိယကမ္ဘာစစ်ဖြစ်လျှင် နှူကလီးယားသုံးကြမည်ဖြစ်ရာ နှူဓာတ်ရောင်ခြည်သင့်ခြင်းကို ပရုပ်ဆီဖြင့်ကြပ်ပူထိုး၍မပျောက်နိုင်စကောင်း၊ ကုရာနတ္တိဆေးမရှိမူ၍ မျိုးဆက်လိုက်ဓာတ်သင့်ညစ်နွမ်းပျက်ဆီးကြရမည်သာတည်း။

လှိုင်းပြာ လာမည်လော၊ လာမည်

အမေရိကကွန်ဂရက်အမတ်မင်းတို့၏ သက်တမ်းကား ၂နှစ်စီဖြစ်ပေရာ လာမည့် ၂၀၁၈မဲပေးရလဒ်များမှ ရီပါ့ဗလစ်ကန်င်ပါတီနှင့် သူ၏သမ္မတအား လူကြိုက်များ/မများ မူလအခြေအနေကို ကောင်းစွာမြင်နိုင်ပါလိ့မ်မည်။သမ္မတသက်ရက်၁၀၀ မပြည့်မှီလေးတွေ ရီပါ့ဗလစ်ကန်င်ပါတီ၏ကြားဖြတ်အောင်မြင်မှုအဖြစ် ဂျော်ဂျီယာနယ်၆၏ ထိုင်ခုံအား ပွတ်ကာသီကာထိမ်းနိုင်ခဲ့သည်။
သို့သော် အသက် ၃၀အရွယ်ဒီမိုကရက်ပါတီအမတ် Jon Ossoff သည်အနိုင်ရရန် မဲ၅၀% လိုအပ်သည်တွင် ၄၈.၁အထိ ရောက်လာခဲ့ပေရာ လာမည့် ဇွန်တွင်ပြန်ကျင်းပမည့် ထိုရွေးကောက်ပွဲ၌ အခြေအနေ အလွန်ကောင်းနေသည်။ ထိုမှ ၂၀၁၈ ရွေးကောက်ပွဲတွင် အားနည်းနေသော ရီပါ့ဗလစ်ကင်န်၏ထိုင်ခုံနေရာ ၂၄ခုံကိုသာ ဒီမိုကရက်တို့သိမ်းသွားနိုင်ပါလျှင် ကွန်ဂရက်တွင် စူနမိလှိုင်းပြာလွှမ်းကာ ဒီမိုကရက်ပါတီအုပ်စီးသွားနိုင်မည်ဖြစ်ပြီး ရုရှားနိုင်ငံနှင့်ပါတ်သက်နေသော သမ္မတထရမ့်၏အိမ်ဖြူတော်သည်ပင် သက်တမ်း၎နှစ်မပြည့်မှီယိုင်ပြိုသွားနိုင်လေသည်။

ငါတို့မြန်မာပြည် ရွှေပြည်လော၊ ရွှေပြည်

ဒေါ်အောင်စုဆန်းစုကြည်အစိုးရသည်လည်း အုပ်ချုပ်ခဲ့ချိန်၁နှစ်ကျော်ခဲ့ပြီ။
ပြီးခဲ့သော နှစ်ဆန်း၁ရက်နေ့၏ သမ္မတဦးထင်ကျော်မိန့်ခွန်းကား ထုံးစံများမှ မကွဲပြား ပုံမှန်အတိုင်းပင်။ဒေါ်အောင်ဆန်းစုကြည်လည်း သမ္မတရာထူးမျှပင် လှမ်းမယူနိုင်။  နိုင်ငံတော်၏အကြံပေးပုဂ္ဂိုလ်ရာထူးနှင့်သာ ၂ပါးသွားပင်ဆက်၍ကနေလေသည်။ ဧပြီလတွင်း
ကြားဖြတ်ရွေးကောက်ပွဲလေးတခုတွင် NLD လွှတ်တော်ထိုင်ခုံတို့သည်လည်း ပဲ့သွားလျှက်သာဆက်ပါလာသည်။ လူထုက မရွဲ့ကြသေးငြား သည်းခံစိတ်တို့လျှော့လာကြဟန်တည်း။
အများစုပြောကြသည်မှာ မြန်မာစစ်တပ်မှ မူလအာဏာစွဲကိုင်ထားသည် ဟူသတတ်။ လှေကြီးပေါ်မှာ လှေငယ်တင်ထားတဲ့ ဇာတ်ကနေသည်ဟူသတတ်။
ဖခင်ဗိုလ်ချုပ်အောင်ဆန်းကား ဘာမှမရှိသည်မှ ရဲဘော်သုံးကျိတ်ထလုပ်ကာ ဟိုဖက်ပြေးလိုက် ဒီဖက်ဆွဲလိုက်နှင့်  မဟာမိတ်၊ဂျပန်ကမ္ဘာအကြီးဆုံးတပ်တော်ကြီး၂ခုကြား လွတ်လပ်ရေးအတွက် နိုင်ငံရေးကစားခဲ့သည်ကို သတိရဖွယ်ဖြစ်သည်။
လူထုကအာဏာ ကမ္ဘာသိနှင်းအပ်ပြီးပြီမဟုတ်လော။ မဖြစ်လာလျှင် အသူ၏အပြစ်လော။
၆၀%ကျော်သော လွှတ်တော်ခုံအင်အားကိုင်ထားလျှက်မှ ဘာမှမလုပ်နိုင်။
အကောင်းဖက်သို့ကား စမ်းသပ်ရွေ့ယူနေဟန်ရှိသည်။ ပြည်ပရောက် အင်အားစုများအင်အားလည်း ခေါ်မသုံးနိုင်၊ ပြည်တွင်းရှိ အထာကျနေသည် အစိုးရယန္တယားအတွင်းရှိ အရာရှိကြီးများအားလည်း လက်တွဲမခေါ်နိုင်၊ တွန်း၍လည်းမဖယ်နိုင်။ စီးပွားရေးတွင် အပ်မှ လေယာဉ်အထိ ပြည်ပမှတင်သွင်းနေရဆဲတည်း။
လူမှုရေးတွင် ဖောက်ပြန်မှုအပေါင်းခညောင်းနေကာ ရာဇ၀တ်မှုများလည်းထူပြောလှသည်။
ဘာသာရေးဂယက်မှစသော ရိုဟင်ဂျာရေးသည် ကမ္ဘာ့ဇတ်ခုံသို့ပင်ရောက်ကုန်ကာ ထိမ်းမနိုင်သိမ်းမရ ခက်ကုန်လှလေသည်။
အချက်အလက် ၁၊၂၊၃၊၄နှင့်ရွေးကောက်ပွဲကတိ မရှိမူ၍ ကတိတည်စရာလည်းမလိုငြား လုပ်သင့်လုပ်ထိုက်ရာတို့ကို မည်သူမငှဲ့ ရဲရဲတွန်းလုပ်မသင့်လော။ သေမည်ထောင်ကျမည်ကိုပင်မကြောက်ခဲ့သောစိတ်အင်အားသို့ အဘယ်မှာနည်း။
မြန်မာ့အခြေခံအဆောက်အအုံကို ကိုယ်တိုင်ဆောက်ရန်ငွေအင်အားမရှိ။လူအင်အားမရှိ။ နည်းပညာမရှိ။ ငွေရှိ၍ လက်ဖွာနေသောချိုင်းနားပြည်၏ ပိုးလမ်းမသစ်သည် မြန်မာပြည်ကို ဖြတ်ရန်ကားရှိသည်။
ရေကန်အသင့်ကြာအသင့်နှင့် ကမ်းလှမ်းချက်တို့ကို မြန်မြန်ထက်ထက် ညှိယူကာ ဤခရီးသွားရမည်ဖြစ်သော်ငြား တွန့်ဆုတ်နေသေးဟန်မြင်ရပါသည်။

ပြည်သူနှင့်အတူ တင့်သည်လော၊ တင့်သည်။

ပြည်သူနှင့်အတူဟု ဆောင်ပုဒ်ထားသည်။ ယခု၂၀၁၇သည် မြန်မာတို့၏ငြိမ်းချမ်းရေးနှစ်ဆိုလေသည်။ လက်တွေ့တွင် လက်နက်ရှိသူများ မြေပိုင်နယ်နမိတ်ထ,တောင်းကုန်ကြသည်။
၎နှစ်ကားသွားပါလိမ့်ဦးမည်။ ကျမ်းမာရေးတို့ကောင်းနေလျှင် ဖြစ်နိုင်ကောင်းကားရှိ၏။အမေရိကားသို့လည်း လာရပါလိမ့်ဦးမည်။ သမ္မတထရမ့်ဆီမှ မည်၍မည်မျှ ဆွဲချနိုင်မည်လဲစောင့်ကြည့်ကြရန်ရှိသည်။
နိုင်ငံရေးရေချိန်မြင့်သော မြန်မာပြည်သူလူထုသည် မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်နှင့် အာဏာရှင်စနစ်အောက်ရာစုနှစ်ဝက်ကျော်နေခဲ့ကြရသည်ဖြစ်၍ ပညာရေချိန်ကားမတင့်။
ထိုကာလမျိုးတွင် ရေနစ်ကြာ မဖြစ်စေရန်သာ မိုးနတ်မင်းကြီးဆီ ဆုတောင်းရတော့မည်ဟူလို။
ငြိမ်းချမ်းရေးလော။ စီးပွားလော။ ပညာလော။  ။

kai

About kai

Kai has written 897 post in this Website..

Editor – The Myanmar Gazette ||
First Amendment – Religion and Expression –
Congress shall make no law respecting an establishment of religion, or
prohibiting the free exercise thereof; or abridging the freedom of speech, or of
the press; or the right of the people peaceably to assemble, and to petition the
Government for a redress of grievances.