ယနေ့ခေတ် မြန်မာနိုင်ငံသား အမျိုးသား၁၀ယောက်မှာ ၉ယောက်ခန့်ရဲံ့ ခန္ဓာကိုယ်အရွယ်အစားဟာ အလွန်မှ အားမရစရာလေးတွေ တွေ့တွေ့နေရပါတယ်။နိုင်ငံတကာအားကစားပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ အားကစားသမားတွေတောင်မှ တောင့်တောင့်တင်းတင်းသန်သန်မာမာ အရွယ်အစားမရှိတာမို့ သာမာန်အမျိုးသားတွေအနေနဲ့ ပြောဖွယ်ရာမရှိပါ။

ဒါပေမယ့် ယခုနောက်ပိုင်းခေတ်မြန်မာလူငယ်တွေဟာ စာသင်ကျောင်းမှာတည်းကိုက သေးသေးညှက်ညှက်အရွယ်အစားတွေကို ပုံမှန်အရွယ်အစားလို့ခံယူထားကြပြီး အတန်းထဲမှာ အရပ်အမောင်းကောင်းတဲ့လူပါလာပြီဆို လောရှည် လောရှည်နဲ့စနောက်ကြတဲ့အစဉ်အလာတောင် ဖြစ်နေကြပါပြီ။

မိန်းကလေးတွေထဲမှာဆိုလည်း ကျွန်မတို့လို သာမာန်အမျိုးသမီးတစ်ယောက်ရှိသင့်တဲ့အရပ်အမောင်းရှိတဲ့လူတောင် အတန်းထဲမှာ အရပ်ရှည်ထွက်နေမှာစိုးလို့ ဒူးကွေးထားရလောက်အောင် ရှက်စရာတစ်ခုဟု ခံယူလာခဲ့မိတာအမှန်ပါ။

လူငယ်လေးတွေစိတ်မှာ ဘာလို့ရှက်စရာတစ်ခုလိုလှောင်ပြောင်ကြလဲ၊ဘာလို့ ရှက်စရာတစ်ခုဟုခံယူကြလဲဆိုရင် မြန်မာလူငယ်တွေအများစုဟာ သေးသည်ထက်သေးငယ်လာကြတဲ့အတွက် အများဖြစ်နေတာကိုပဲပုံမှန်လို့လက်ခံကုန်ကြလို့ပါပဲ။

 

အရင်းကိုစစ်ရရင် အစိုးရမကောင်းခဲ့လို့၊တိုင်းပြည်ဆင်းရဲမွဲတေလို့ ဆိုတဲ့ခေါင်းစဉ်အောက်ပဲပြန်ရောက်ရမှာပါ။

မှားယွင်းမှုပေါင်းများစွာနဲ့ပညာရေးယန္တရားကြီးဟာ လူငယ်တွေကို တုံးအ ညံ့ဖျင်းစေရုံမက ဖွံ့ဖြိုးကြီးထွားမှုကိုပါဖိနှိပ်ပစ်ခဲ့ပါတယ်။

 

အစိုးရစာသင်ကျောင်းတွေမှာ အားကစားကိုလောက်လောက်လားလားအားပေးမှုမရှိခဲ့ခြင်း၊ကစားရန်နေရာလုံလုံလောက်လောက်မရှိခြင်း၊

ကာယအချိန်တွေမှာ ခြေမြှောက်၊လက်မြှောက်၊အမှိုက်ကောက်လောက်သာ အဖြစ်သဘောလုပ်ဆောင်စေခြင်း တို့ကလည်း

တစ်ခြား တစ်ခြားသော နိုင်ငံတွေကလူငယ်တွေနဲ့ ကျန်းမာကြံ့ခိုင်မှုကွာဟကုန်စေခြင်းရဲ့အခြေခံတွေပါပဲ။

 

ကျောင်းတွင်းပညာရေးအပြင် ကျူရှင်တွေအင်အားကောင်းမှုကြောင့် ကလေးငယ်တွေဟာ ကျောင်းပြီး ကျူရှင် ၊ကျူရှင်ကနေ ကျောင်းတန်းသွားဓလေ့ဆိုးကြီးရဲ့နှိပ်စက်မှုဒဏ်ကို ယနေ့ကာလထိခံနေရဆဲပါ။

ကလေးတွေရဲ့ဆန္ဒကိုရှေ့တန်းမတင်တဲ့ မိဘတွေရဲ့မြန်မာပြည်ပညာရေးအပေါ်စိုးရိမ်သံသယကြီးမှုတွေရဲ့ သားကောင်ဖြစ်လာရရှာသူလေးတွေမှာ ကာယဥာဏဖွံ့ဖြိုးကြီးထွားမှုကိုအထောက်အပံ့ပေးနိုင်ဖို့ ကိုယ်ပိုင်အချိန်တွေပျောက်ဆုံးကုန်တာ ယခုတိုင်ပါ။

ထို့အပြင် အချိန်ပိုလေးရှိလို့ကစားခုန်စားလိုစိတ်ရှိခဲ့ရင်တောင် နေထိုင်ရာဝန်းကျင်တွေမှာ ကျယ်ဝန်းလုံခြုံတဲ့နေရာရယ်လို့မရှိကြတာကြောင့် မိဘတွေအနေနဲ့ ဘယ်နေရာမှာမှ စိတ်ချလက်ချ လွှတ်မထားဝံ့ကြပါဘူး။

 

တောသူတောင်သားကလေးငယ်တွေအနေနဲ့မှာတော့ ပြင်ပကျူရှင်ချိန်နည်းပါးခြင်း၊ကစားခုန်စားရန်နေရာကျယ်ပြန့်ခြင်းတို့ရှိကြပါတယ်။သို့သော် ခုန်ပေါက်ကစားတာနဲ့ညီမျှတဲ့ အစာအဟာရပြည့်မှီဖို့ ဖြည့်တင်းနိုင်ခြင်းမရှိကြပါဘူး။

မြန်မာလူမျိုးဟာ တစ်နေ့ ထမင်း၃ကြိမ်စားရရင် ပြည့်စုံပြီလို့မှတ်ယူထားတဲ့အတိုင်း ကျေးလက်တောရွာတွေက ကလေးငယ်တွေဟာ တစ်နေ့ တစ်နေ့ ထမင်းကလွဲလို့ မုန့်ပဲသွားရေစာနဲ့ အပို အစာအာဟာရ မှီဝဲနိုင်သူရှားပါးကြပါတယ်။

ဆင်းရဲ ရှားပါးလွန်းတဲ့အရပ်တွေ၊မိုးခေါင်ရေရှားတဲ့အရပ်တွေ၊ပင်လယ်ကမ်းနားတံငါရွာတွေမှာဆို ထမင်းတောင်နပ်မမှန်ကြသူတွေ ဒုနဲ့ဒေးပါ။ကလေးသူငယ်တွေဟာ ဖွံ့ဖြိုးကြီးထွားဖို့ထက် မနိုင်ဝန်တွေကြောင့် အရွယ်မတိုင်ခင်ကုန်းချိပုညှက်ကုန်တာတွေလည်း အများအပြားတွေ့ခဲ့ရပါတယ်။

 

အဆိုးဆုံးကတော့ ယနေ့ကာလ နိုင်ငံအတွင်းမှာ ကူးစက်မြန်တဲ့နာတာရှည် ရောဂါဆိုးတွေလွယ်လွယ်ကူကူ ကြီးကိုလျင်မြန်စွာကူးစက်နေကြတာပါပဲ။

အစားအသောက်နဲ့ဆေးဝါးကွပ်ကဲမှုဦးစီးဌာနရဲ့ တင်းကြပ်သေချာစွာစစ်ဆေးအရေးယူမှုလက်တံအောက်ကလွတ်နေတဲ့ စည်းကမ်းမဲ့လောဘသားကောင်တွေဟာ စစ်ဆေးအရေးယူခဲ့ရသူတွေနဲ့ယှဉ်ရင် အဆပေါင်း သိန်းသောင်းလောက် ကွာခြားနေပါတယ်။အစားအသောက်၊ဆေးဝါးနဲ့အခြားအခြားသော လူသုံးကုန်တွေ၊ဓာတုပစ္စည်းတွေမှတဆင့် ရောဂါဘယတွေထူပြောလာခြင်း။

ထိရောက်စွာလက်လှမ်းမှီမှီကာကွယ်နိုင်မအားနည်းနေသေးခြင်း။

ဆိုးရွားစွာပြန့်ပွားနေမှန်းသိသည့် ရောဂါဘယတွေအပေါ် အခမဲံ ဆေးကုသတိုက်ကျွေး ထိုးနှံမှုတွေ မဆောင်ရွက်ပေးနိုင်သေးခြင်းတွေကြောင့် တဖြည်းဖြည်းနဲ့ မြန်မာလူမျိုးတွေရဲ့စိတ်လက္ခဏာ၊ရုပ်လက္ခဏာတွေဟာ အနုတ်ဘက်သို့ ကျပြီးရင်းကျဆင်းနေခဲ့ပါပြီ။

 

အမျိုးပျောက်မှာ စိုးကြောက်သူတွေအတွက် အဓိကထိတ်လန့်ရမယ့်အကြောင်းတရားတွေမို့ မယောင်ရာဆီလူး ပူပမ်ကြောင့်ကြမှုတွေ၊ရန်ဒေါသမီးတွေကိုအသာထားလို့ လက်ရှိဖြစ်ပျက်နေတဲ့ အမျိုးတကယ် သေးကွေး၊ပုညှက်၊အနာထူ၊အသက်တို၊ဘ၀ပျောက်သွားနိုင်တဲ့အရေးကို ဆင်ခြင်သုံးသပ် တွေးပူတတ်ကြပါစေလို့ သတိပေးလိုက်ရပါတယ်။

နန်းတော်ရာသူ……

•*¨နန်းတော်ရာသူ •*¨

About •*¨နန်းတော်ရာသူ •*¨

•*¨နန်းတော်ရာသူ •*¨ has written 72 post in this Website..

လူအချင်းချင်းမိတ်ဖက်ခြင်းတွင်၊ကိုယ်စိတ်ရွှင်သာ ကြင်နာပါမှ၊နှစ်ဦးနှစ်ဘက် ချမ်းမြေ့တတ်၏။ စိတ်ရင်းအမှန်ဖြင့်ခင်မင်တတ်စွာနဲ့ နန်းတော်ရာသူ