ဝမ်တိန်အသွားလမ်းကို ခံစား၊ဝေဖန်ခြင်း

 

 

 

 

 

 

 

 

 

 

 

 

ဝမ်တိန်အသွားလမ်းကို ခံစား၊ ဝေဖန်ခြင်း

———————————-

၁။
၂၀၁၇၊ မတ်လထုတ်၊
ရွှေအမြုတေမဂ္ဂဇင်းမှာ ပါလာတဲ့
ဆရာဉာဏ်သစ်ရဲ့ “ဝမ်တိန်အသွားလမ်းမှသည်”ဆိုတဲ့
စာပေဝေဖန်ရေး ဆောင်းပါးကို ဖတ်လိုက်ရပါတယ်။

အဲဒါဟာ ဘာသာပြန်သူ”ဝင့်ပြုံးမြင့်”က
“ဝမ်တိန်အသွားလမ်း” အမည်နဲ့ မြန်မာပြန်လိုက်တဲ့
မူရင်းစာရေးဆရာမ WENDY LAW-YONE ရဲ့ THE ROAD TO WANTING ဆိုတဲ့ စာအုပ်ကို ခံစား ဝေဖန်တဲ့ ဆောင်းပါး ဖြစ်ပါတယ်။

ဆရာမ ဝင့်ပြုံးမြင့် ဘာသာပြန်တဲ့
စာအုပ်တွေကို အခုမှ စဖတ်ဖူးတာပါဆိုတဲ့ ဆရာဉာဏ်သစ်က သူ့ဆောင်းပါးထဲမှာ
“ဘာသာပြန်သူဟာ အမှားပေါင်း ၂၀၀
လောက် မှားထားတယ်”လို့ ဆိုပါတယ်။ အဲဒီဆောင်းပါးကို ဖတ်မိတော့မှ
ဆရာမဝင့်ပြုံးမြင့်ရဲ့ ဘာသာပြန်
စာအုပ်သစ် ထွက်ရှိကြောင်း ကြားရုံကြား၊
မြင်ရုံမြင်ပြီး မဖတ်ရသေးတာကို သတိရသွားတာက တစ်ကြောင်း၊ အမှား ၂၀၀
လောက် ပါနေတယ်ဆိုလို့
“ဟ… ဘယ်လို ဖြစ်တာပါလိမ့်” ဆိုပြီး
စာအုပ်ဆိုင်မှာ အပြေးအလွှား
သွားဝယ်ပြီး၊ စိတ်ဝင်တစား ဖတ်မိတာက တစ်ကြောင်း၊ အဲ့ဒီလို အကြောင်းတွေ
တိုက်ဆိုင်ပြီးနောက်မှာ အခုဆောင်းပါးကို တန်ပြန် ရေးမိခြင်း ဖြစ်ပါတယ်။

၂။

ဝမ်တိန်အသွားလမ်း စာအုပ်ရဲ့
မူရင်းစာရေးဆရာမ WENDY LAW-YONE က THE ROAD TO WANTING ကို နိုင်ငံခြား ဘာသာနဲ့
တိုင်းတပါးမှာ ထုတ်ဝေခဲ့ပေမဲ့
တကယ်တော့ ဒီစာအုပ်ဟာ မြန်မာပြည်နဲ့ မစိမ်းသော အကြောင်းအရာတွေနဲ့
ဖန်တီးထားတဲ့ စာအုပ်ပါ။

ဒါ့အပြင် မူရင်းစာရေးဆရာမ WENDY LAW-YONE ဆိုတာကိုက
မြန်မာ့စာနယ်ဇင်းလောကမှာ ထင်ရှားခဲ့တဲ့ “နေးရှင်းသတင်းစာ တည်ထောင်သူ
ဦးလောရုံ”ရဲ့ သမီး ဖြစ်ပါတယ်။

WENDY LAW-YONE ဟာ ၁၉၆၂ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ
ဖခင်ဖြစ်သူ အထိမ်းသိမ်းခံခဲ့ရပြီး၊
ပြည်ပကို ပြောင်းရွှေ့အခြေချခဲ့ရသော၊
နိုင်ငံတကာ စာအုပ်၊ စာပေလောကထဲ ထိုးဖောက်ဝင်ရောက်ကာ
“တန်း”ဝင်ခဲ့သော မြန်မာပြည်ဖွား
စာရေးဆရာမ
ဖြစ်ကြောင်း အားလုံး အသိပါ။

ဝမ်တိန် အသွားလမ်းဟာ မြန်မာပြည်နဲ့ မစိမ်းတဲ့ အကြောင်းအရာလို့ ဘာကြောင့် ဆိုထိုက်ပါသလဲ။

စာအုပ်ထဲမှာပါဝင်တဲ့ ဇာတ်ကောင်
အမျိုးသမီးလေးကိုယ်တိုင်က မြန်မာပြည်တွင်းရှိ ဝေးလံခေါင်ခိုက်သော ဒေသမှ အီကော၊ မြောင်၊ ဝ၊ လီဆူး၊ ဓနု … စတဲ့ လူမျိုးစုတွေထဲကမှ
“လု” ဆိုတဲ့ သေးငယ်သော လူမျိုးစုကလေးထဲက ဖြစ်ပါတယ်။

အဲဒီ လူမျိုးစုကလေးရဲ့ ဒေသမှာ စစ်ဘေး၊ အငတ်ဘေး အကျပ်ရိုက်မှု ဒဏ်တွေကို လု တို့
ကျောကော့အောင် ခံကြရပြီး ဘဝရပ်တည်ရေးအတွက် ရှိသမျှ ထုခွဲရောင်းထုတ်ရတဲ့အပြင် နောက်ဆုံး ကိုယ့်သားသမီးတွေကိုတောင် အိမ်စေဖြစ်ဖြစ်၊
ဘာဖြစ်ဖြစ်ဆိုပြီး ရောင်းစားနေကြရချိန်။

မွေးရပ်မြေကနေ ဖယ်ခွါလာရပြီးနောက်မှာ အိမ်စေဖြစ်လိုက်၊ ပြေးလိုက် လွှားလိုက်နဲ့ ဘဝကို ခက်ခဲစွာ ရပ်တည်ရတဲ့
မိန်းကလေးငယ်ဟာ
အပျိုဖော်ဝင်ပြီးကာစမှာပဲ
မတော်လောဘသား တစ်ယောက်ကြောင့် ထိုင်းနိုင်ငံထဲကို ရောင်းစား
ခံလိုက်ရပါတယ်။

ထိုင်းနိုင်ငံရဲ့
ပြည့်တန်ဆာ လုပ်ငန်းရုံ
(ဆရာမ ဝင့်ပြုံးမြင့်က “ဆောင်ကြာမြိုင်” လို့ ဘာသာပြန်တဲ့) ထဲကို
မသိနားမလည်မှုကြောင့် ရောက်ခဲ့၊
တတ်စွမ်းသမျှ အားနဲ့
ငြင်းဆန်သော်လည်း
အားမတန်လေတော့ မာန်လျှော့ပေရော့။

ပြည့်တန်ဆာ အလုပ်ရုံအတွင်းမှာ
နှိပ်စက်ခံ၊ အသွေးအသား အမြတ်ထုတ်
ခံရတဲ့အပြင် အာဏာပိုင်တွေရဲ့
ဖမ်းဆီးခံရ၊ ဒုက္ခသည်စခန်းကို
ရောက်ရ၊ အဲ့ဒီနောက် အပျော်မယားအဖြစ် ငွေနဲ့ ဝယ်ယူသိမ်းခံရ၊ နောက်ဆုံးမှာတော့ အပျော်မယားကို အလိုမရှိတော့သူရဲ့
နှင်ထုတ်မှုကြောင့်
ဘယ်ဆီဘယ်ဝယ် မှတ်မိရန် ခက်ခဲသော မွေးရပ်မြေ မြန်မာပြည်၊ ငယ်စဉ်အတိတ်ထဲက အရိပ်ဒေသဆီကို ရော်ရီရမ်းကာ
ပျံသန်းရတဲ့ မြန်မာပြည်ဖွား
တိုင်းရင်းသူကလေးရဲ့ အဖြစ်အပျက်
တစ်ခုကို ရေးဖွဲ့ထားတာပါ။

ဒီအဖြစ်အပျက်ကို မူရင်း
စာရေးဆရာမက မြန်မာပြည်တွင်းရှိ
ဒေသဆိုင်ရာ ၊ ထုံးတမ်းဓလေ့ဆိုင်ရာ
အချက်အလက်၊ အခေါ်အဝေါ်တွေ
အများကြီး ထည့်ရေးထားပါတယ်။

ဒီစာအုပ်ကို ဖတ်ပြီးချိန်မှာ
“ရသ ဝတ္ထုဆိုတာတွေကို ဖတ်ရင်
ရသကိုပဲ ခံစားရလိမ့်မယ်လို့
တွေးထားမိရင် အဲဒီအတွေး
မှားယွင်းကြောင်း
ဒီစာအုပ်က သက်သေပြနေသလိုပဲ”လို့
တွေးမိပါတယ်။

ဒီစာအုပ်ဟာ ရသ အပြင် အပိုအဆစ်အနေနဲ့ ဗဟုသုတ ရဖွယ်၊ အတုယူဖွယ်၊ သင်ခန်းစာယူဖွယ်တွေကိုပါ မြန်မာပြည်အတွက်
ထည့်ပေးထားတဲ့ စာအုပ်လို့ ဆိုရမှာပါ။ အထူးသဖြင့် ဝေးလံခေါင်ခိုက်တဲ့ မြန်မာပြည်အစွန်အဖျားတွေဆီက အသိပညာ မဲ့ရရှာသော တိုင်းရင်းသူ
ပျိုမေကလေးတွေအတွက် ဖတ်ကြည့်ပြီး “မှတ်” “သိ”ထားသင့်တဲ့ စာအုပ်လို့တောင် ဆိုရမလိုပါပဲ။

၃။

စာအုပ်အကြောင်းကို ကျွန်တော် နည်းနည်း တို့ထိညွှန်းဆို အပြီးမှာ ဘာသာပြန်သူရဲ့ ကဏ္ဍ၊ ဘာသာပြန်လက်ရာ အပိုင်းကိုလည်း
ပြောစရာ နည်းနည်း ရှိပါတယ်။

ဆရာမဝင့်ပြုံးမြင့် ဘာသာပြန်တဲ့ စာအုပ် တော်တော်များများကို ကျွန်တော် ဖတ်ဖူးပါတယ်။ ဖတ်ဖူးသမျှ အတွေ့အကြုံအရ ပြောရရင်
ဆရာမ ဝင့်ပြုံးမြင့်ဟာ အင်္ဂလိပ်ဘာသာမှသည် မြန်မာဘာသာဆီကို အင်မတန် ကျစ်နေအောင် အားထုတ်ဖန်တီးတတ်တာကို တွေ့ရပါတယ်။
ဝမ်တိန်အသွားလမ်းမှာလည်း ထိုနည်း၎င်းပါပဲ။ စာပိုဒ်တွေရဲ့ ကျစ်လျစ်နေတဲ့ပုံသဏ္ဍာန်ကို သတိမပြုမိဘဲ မနေနိုင်ပါဘူး။ ဝါကျတွေကိုလည်း
အတိုအပြတ်တွေ ခပ်များများ သုံးစွဲလေ့ရှိတာ သတိပြုမိပါတယ်။

ဥပမာ (စာမျက်နှာ ၁၅၄) “…. သူမသည် ထိုင်း မိဖုရား။ တောက်ပနေသော အပြုံး၊ အရောင်စိုနေသော ကေသာ၊ ရတနာ
စီခြယ်ထားသော စိမ်းပြာရောင် ပိုးထည်…သီရိကျက်သရေနှင့် ပြည့်စုံသော မိဖုရား သီရိခေတ်။” သူမသည် ထိုင်းမိဖုရား ဆိုတာရဲ့ နောက်မှာ
“ဖြစ်သည်” တို့၊ “ဖြစ်၏”တို့ ဆက် မရေး၊ ဝါကျကို တုံးတိတိ ဖြတ်ချခဲ့ပြီး ဗြုန်းခနဲ နောက် ဝါကျတစ်ကြောင်း ဆက်ရေးပါတယ်။ အဲဒီလို ဝါကျ
အတိုအတိတွေ ခပ်များများ သုံးတတ်တာ သတိထားမိကြောင်း ပြောလိုရင်း ဖြစ်ပါတယ်။

နောက်ထပ် သတိပြုမိတာကတော့ အင်္ဂလိပ်စကားလုံးကို မြန်မာစကားလုံးနဲ့ ဖလှယ်လိုက်တဲ့နေရာမှာ ဆရာမဝင့်ပြုံးမြင့် ရွေးချယ် သုံးစွဲလိုက်တဲ့
မြန်မာ စကားလုံးတွေ ကိစ္စပါ။ ဆရာမ ဝင့်ပြုံးမြင့် စာအုပ်တွေထဲမှာ ရုတ်တရက် ဖတ်လိုက်ရင် အငြင်းပွားဖွယ်ရာလို့ ယူဆရတဲ့ စကားလုံးတွေ
ပါလေ့ရှိပါတယ်။

ဥပမာ (စာမျက်နှာ ၂၅၉- ပထမဆုံးအပိုဒ်)မှာ … “စတုဂံပုံ အာရုံခံတန်ဆောင်းကို ထောက်ပင့်ထားသော သစ်သားယက်မများ ခြလည်းမစား၊
ဆွေးမြည့်သော လက္ခဏာလည်း မတွေ့ရ။ နံရံနှင့် မျက်နှာကြက်ပေါ်မှ အစွယ်ပြူးပြူး ဘီလူးဂုမာ္ဘဏ် များကား ခရမ်းနှင့် အပြာ၊ ရွှေဝါ နှင့် အနီမြန်းမြန်း
ဆေးသားရောင် ကြိုးကြွနေဆဲ။ (မူရင်းစာသား “The timber beams supporting the rectangular hall show no sign of termite damage or decay.
And the grimacing demons up on the walls and ceilings are vivid and fresh with purple, red, blue and gold paint.”)

အဲဒီ စာပိုဒ်ကို ကြည့်ပါ။ စကားလုံးတွေက ကျစ်နေတဲ့အပြင် နောက်ဆုံးမှာ ပါနေတဲ့ “ဆေးသားရောင် ကြိုးကြွနေဆဲ” ဆိုတာမှာ “ကြိုးကြွ” ကို
ကျွန်တော်တို့ ပြောစရာ ရှိပါတယ်။ “ကြွကြွရွရွ ရှိနေဆဲ” ဒါမှမဟုတ် “ကြွတက်နေဆဲ” စသည်ဖြင့် သုံးမယ်ဆိုရင် ရမယ်ထင်ပါတယ်။ ဒါပေမဲ့ “ကြိုးကြွ”လို့
သုံးထားပါတယ်။ အဲဒီလို စာလုံးတွေ ပါနေတာကြောင့် ဖတ်ရင်းနဲ့ ဖတ်ရတာ စာထောင့်သလိုလို ဖြစ်ပေမဲ့ မြန်မာဘာသာစကား အထားအသိုကို
ဆန်းသစ်တီထွင်လိုစိတ်နဲ့ အားထုတ်ထားတယ်လို့ ယူဆပါတယ်။

ကျွန်တော့်အနေနဲ့ဆိုရင်တော့ ကြိုဆိုပါတယ်။ မြန်မာစာ၊ စကားကို အရှိအတိုင်း တန်ဖိုးထားသင့်တာကို ထိမ်းသိမ်းပြီး တန်ဖိုးဂရု ထားရမယ့်
အပြင်၊ ဆန်းသစ်တဲ့ စကားလုံး အသုံးအစွဲ၊ အထားအသိုတွေကိုလည်း တီထွင် ဖန်တီးသင့်ပါတယ်။

အဲ့ဒီနောက် ဆရာမဝင့်ပြုံးမြင့်ရဲ့ ဘာသာပြန်ပုံကြောင့်ပဲ မူရင်းက ဘယ်လိုမို့လို့ သူက ဒီလို ဘာသာပြန်ထားတာပါလဲ ဆိုပြီး
စပ်စုချင်စိတ် ဖြစ်မိပါတယ်။ အဲဒါကြောင့်လည်း မူရင်းကို ရှာဖတ်ရပါတော့တယ်။ စာပေမိတ်ဆွေတစ်ဦးရဲ့ အကူအညီကြောင့် မူရင်းနဲ့ ဘာသာပြန်ကို
တိုက်တိုက်ရယ်မှ ဆိုင်ပြီး ဖတ်လိုက်ပါတော့တယ်။ မူရင်းနဲ့ တိုက်ပြီး အင်မတန် ဖတ်ကြည့်သင့်တဲ့ စာအုပ်လို့ ဆိုပါရစေ။

နောက်ထပ်လည်း အဲဒီလို အငြင်းပွားဖွယ်ရာ စကားလုံးတွေ ဟိုနား ဒီနားတွေမှာ ထပ်သုံးထားတာ ရှိပါသေးတယ်။ ဆောင်းပါး တအား
ရှည်လျားသွားမှာ စိုးတာကြောင့် တစ်ခု၊ နှစ်ခုပဲ ထပ်မံ ထုတ်ပြပါတော့မယ်။

စာမျက်နှာ ၃၄၃ ရဲ့ နောက်ဆုံး စာကြောင်းမှာ “နယ်သတ်လိုင်းကို ကျော်သည်”လို့ ရေးထားပါတယ်။ သူသူကိုယ်ကိုယ်တွေက “နယ်ခြားစည်း”လို့
ဘာသာပြန်မှာ ဖြစ်ပေမဲ့ ဆရာမ ဝင့်ပြုံးမြင့်ကတော့ “နယ်သတ်လိုင်း” လို့ သုံးထားပါတယ်။

နောက်တစ်ခုကတော့ စာမျက်နှာ ၁၈ဝ မှာ “မင်ဇူသည် ရေထွက်မတတ် လာနေ…” လို့ ရေးထားပါတယ်။ “ချောင်းပေါက်မတတ်”ဆိုတဲ့
မြန်မာစကား အသုံးကို ရှောင်ပြီး “ရေထွက်မတတ်” လို့ သုံးထားတာကို ရှုစားပါ။

၄။

ဆရာဉာဏ်က ဒီစာအုပ်မှာ အမှား ၂၀ဝ ကျော် ရှိတယ်လို့ ပြောတော့ အထူးသဖြင့် ဆရာဉာဏ် ထောက်ပြတဲ့ စကားလုံးတွေကို ကျွန်တော်
ပိုပြီး ဂရုတစိုက် ဖတ်ကြည့်မိပါတယ်။

စာမျက်နှာ ၆ မှာ – ledge ကို ဆရာမ ဝင့်ပြုံးမြင့် ဘာသာပြန်တာ မှားတယ် ကျွန်တော်လည်း ထင်ပါတယ်။ ဘောင်လည်း မဟုတ်၊
ခုံလည်း မဟုတ်တဲ့ ပြတင်းအောက်က ငေါနေတဲ့ဟာကို ဘာလို့ ခေါ်ရမှန်း မသိတာနဲ့ ပြတင်းမင်းတုပ်လို့ ခပ်လွယ်လွယ် ရေးခဲ့ပုံရပါတယ်။

စာမျက်နှာ ၁၄ မှာ – မူရင်း He is known as Prince of Yunnan. ကို “ယူနန်မင်းသားလို့ နာမည်ကြီးတယ်” ဘာသာ ပြန်တာကို
မှားတယ်လိုတော့ ကျွန်တော်ဖြင့် တယ်,မထင်။

စာမျက်နှာ ၄၃ – gas station ဆိုတာ US အခေါ်နဲ့ ဆိုရင် ဓာတ်ဆီဆိုင်ပါ။ UK ဆိုရင် ဂက်စ်ဆိုင်လို့ မှတ်သားဖူးပါတယ်။ gas station ကို
ဂတ်စ်ဆိုင်လို့ ဘာသာပြန်သည် ဖြစ်စေ၊ ဆီဆိုင်လို့ ဘာသာပြန်သည် ဖြစ်စေ၊ ဒါဟာ ပြောပလောက်တဲ့ အချွတ်အချော် မဟုတ်ဘူးလို့ ကျွန်တော်
ယူဆပါတယ်။

စာမျက်နှာ ၄၉ – rafter ဆိုတာကို အဘိဓာန်ထဲ ပြန်ရှာတော့ ဒိုင်းလို့ တွေ့ပါတယ်။ ဆရာမဝင့်ပြုံးမြင့်က “ခေါင်လျောက်ပေါ်မှ တောက်တဲ့ကြီး”လို့
ဘာသာပြန်ထားပါတယ်။ ဇာတ်ကြောင်းနဲ့ လိုက်ဖက်ညီအောင် ဘာသာပြန်ရင်းနဲ့ မြန်မာမှု “အပြုလွန်”သွားတယ်ထင်ပါတယ်။

စာမျက်နှာ ၇ဝ – flies ဆိုတဲ့ စကားလုံးကို “ပလူကောင်”ဆိုပြီး ပြန်ထားတဲ့ ကိစ္စကတော့ ပြင်လက်စ အချောမသတ်မိတဲ့ စာမျက်နှာကြီး
မှားယွင်း ပုံနှိပ်မိတာ ဖြစ်ကြောင်း ဆရာမဝင့်ပြုံးမြင့်ရော၊ ထုတ်ဝေသူ ဆရာမြေမှုန်လွင်(ငါတို့စာပေ)ကပါ FB စာမျက်နှာမှာ ဝန်ခံသွားတာကို
တွေ့လိုက်ပါတယ်။

စာမျက်နှာ ၈ဝ – မူရင်းစာသား But to pray for the happiness of all beings – mosquito and worm and man alike –
was this the most hopeless plea? ကို ဘာသာပြန်ထားတာက – “သို့ရာတွင် ခြင် ၊ လောက်လန်း၊ လူသား စသော ခပ်သိမ်းသတ္တဝါတို့၏
ချမ်းသာကိုယ်စိတ် မြဲဖို့ ဆိုသည်မှာ မျှော်လင့်ချက် လုံးဝ မရှိဆုံး အသနားခံမှု မဟုတ်ပေဘူးလော။” တဲ့။ လောက်လန်းနဲ့ တီကောင်လောက်
လွဲတာလောက်လေးကတော့ စာဖွဲ့နေစရာကို မလို။ ဘာသာပြန်သူကို လှုပ်လှုပ်ရွရွလေးတော့ လုပ်ခွင့် (လှုပ်ခွင့်) ပေးသင့်တယ်လို့ ထင်မိပါတယ်။
ကျွန်တော်သာဆိုရင်လည်း အဲဒီနေရာမှာ တီကောင် ထည့်မလား ။ လောက်လန်း ထည့်မလားဆိုရင် ခြင်နဲ့ တွဲလျက် အဆင်ပြေအောင် လောက်လန်းကိုပဲ
ထည့်မိမယ် ထင်ပါတယ်။

စာမျက်နှာ (၉၉) မူရင်းက – Next came the noodles: fat noodles, thin noodles, fried noodles, crisp noodles, noodles in broths
and sauces- to say nothing of the dumplings, bite-sized shu-mai and loaf-sized bao, stuffed with greens and sweet beans, with shrimp
and pork and sausage and beef. After that came the cakes: turnip cakes. sponge cakes, rice cakes, iced cakes, and moon cakes.
ဘာသာပြန်ထားတာက – ဆန်ပြုတ်ပြီးလျှင် ခေါက်ဆွဲ။ ခေါက်ဆွဲ တုတ်တုတ်၊ ညှပ်ခေါက်ဆွဲ၊ ခေါက်ဆွဲတွန့်၊ ခေါက်ဆွဲကြော်၊ ခေါက်ဆွဲပြုတ်နှင့်
အချဉ်များ။ အဆာသွပ် ပေါက်စီများကား ပြောစရာမလို။ တစ်ကိုက်စာ ရှုမိုင်၊ ပေါင်မုန့်လုံးအရွယ် ဘို၊ သတ်သတ်လွတ်ပေါက်စီ၊ ပဲပေါက်စီ၊ ပုစွန်၊ ဝက်သား၊
ဝက်အူချောင်းနှင့် အမဲသားပေါက်စီ။ ပြီးလျှင် မုန့်ပွဲ၊ မုန့်နီ၊ မုန့်ပွ၊ ဆန်မုန့်၊ ရေခဲစိမ်မုန့် နှင့် — လမုန့်။
ကျွန်တော့်သဘော ပြောရရင်တော့ အဲဒီထဲမှာလည်း တကူးတက စာတစ်တန်၊ ပေတစ်ဖွဲ့ ပြောဆိုအော်ဟစ်နေရလောက်အောင် အမှား
ဆိုးဆိုးရွားရွား မပါဘူးထင်ပါတယ်။

စာမျက်နှာ (၉၉) မူရင်း – trays heaped with scrambled eggs, fried eggs, boiled eggs, egg pies and omelettes:
with sausages the size of cat turds and glassy bacon strips steeped in grease; ကို ဘာသာပြန်ထားတာက – “လင်ပန်းများထဲတွင်
ကြက်ဥဘဲဥများ၊ ဘဲဥကြော်၊ ဘဲဥပြုတ်၊ ဘဲဥမုန့်၊ ဘဲဥ မကြက်တကြက်ကြော်၊ ကြောင်မစင်တုံး ပမာဏရှိသော ဝက်အူ ချောင်းများ၊ အဆီတဝင်းဝင်း
ဝက်ပေါင်သားများ။” အဲဒီမှာလည်း “အနာ”လုပ်ရလောက်တဲ့ “ဖြုတ်ပေါင်ကြား” မတွေ့ပါ။

စာမျက်နှာ ၁၁ဝ မှာ – shore ကို ဆရာမဝင့်ပြုံးမြင့်က “ကန်ခြေ”လို့ ဘာသာပြန်ထားတယ်။ shore ကို အဘိဓာန်ထဲ ကြည့်ရင် ကမ်းခြေ၊
ကမ်းစပ်။ စာအုပ်ဇာတ်ကြောင်းထဲက ပုံပြင်ထဲမှာ- ရှင်ထွေးလေးက ကန်ကြီးထဲက လိပ်မကြီးဆီကို သွားတဲ့နေရာမှာ ရေးတာပါ။ ကန်ရဲ့ အခြေအစပ်၊
ကန်အခြေမို့ “ကန်ခြေ”လို့ ရေးတာ သိသာပါတယ်။ ဘာလို့များ “ကမ်းစပ်”လို့အတိအကျ မလွဲမသွေ ဘာသာပြန်ရမှာတုန်း၊ ဘာသာပြန်သူ သင့်တော်မယ်
ထင်တဲ့ စကားလုံးကို ထည့်သွင်း ဖန်တီးခွင့် ပြုသင့်တယ် မဟုတ်ဘူးလား။ ပြောပလောက်တာတွေ မဟုတ်တာကို တခုတ်တရနဲ့ အမှားတွေ အမှားတွေ ဆိုပြီး
အော်နေရင် နောက်များမှာ ဘာသာပြန် စာအုပ်တွေရေးကြ၊ ထုတ်ကြရမှာတောင် ခပ်လန့်လန့် ဖြစ်ကုန်မှာ စိုးရပါတယ်။

စာမျက်နှာ ၂၂၁ – moped ကို စက်တပ် စက်ဘီးလို့ ရေးရင်လည်း ရသလို၊ မရေးဘဲ စက်တပ် ခြေနင်းဘီး ရေးတာ။ စက်တပ် အနှေးယာဉ်လို့
ရေးလည်း ရတာပဲ။ စက်တပ်ထားသည့် မော်တော်ဆိုင်ကယ် လို့ ရေးတော့ရော ဘာများ အကြီးအကျယ် မှားမလဲ။

စာမျက်နှာ ၂၇၅ – အမွေးနံ့သာခွက်နဲ့ အမွှေးတိုင်ခွက်ကိုတောင် တိမ်းစောင်းပြီး ဘာသာပြန်ခွင့်၊ အားထုတ်ခွင့် မပေးချင်တဲ့ ဆရာဉာဏ်ရဲ့
ဆောင်းပါးကို ဖတ်ပြီးကျွန်တော် ပြုံးမိတဲ့နေရာ ဖြစ်ပါတယ်။

စာမျက်နှာ ၂၇၄ – spirit house ကို “နတ်စင်” လို့ မရေးဘဲ ဗုဒ္ဓ ရုပ်ပွားတော် ထားတဲ့ အခန်းထဲမှာမို့ “ဘုရားကျောင်းဆောင်”ပဲ
ရေးလိုက်တာလို့ ထင်ပါတယ်။

chain around his neck ကို “လည်ပင်းချိန်းကြိုး”လို့ ဘာသာပြန်တာလဲ မမှားဘူး ထင်ပါတယ်။ “ဆွဲကြိုး”ဆိုပြီး ဘာသာပြန်မိမှ
necklace မဟုတ်တဲ့အတွက် တကယ့် အမှား ဖြစ်ပါလိမ့်မယ်။

side arm ဆိုတာ သေနတ်၊ ဗြောက် ဆိုပြီး အတိအကျ ပြောလို့ မရဘူးထင်ပါတယ်။ ခါးမှာ ထိုးထားတဲ့ သေနတ်၊ ဓားမြောင်…
အကုန်ပါနေတာကြောင့် “အပိုဆောင်လက်နက်”လို့ ဘာသာပြန်ထားတာကိုလည်း မှားတယ်တော့ မထင်။

checker ကို “ချက်ကာထိုးတယ်”လို့ပဲ ပြန်ခဲ့တာ တွေ့ပါတယ်။ “ကျားကစားတယ်”၊ “ကျားထိုးတယ်” လို့ ဘာသာပြန်ရင် ပိုသင့်လျော်မှာကိုတော့
ကျွန်တော်လည်း သဘောတူပါတယ်။

tea egg ဆိုတာ ဘဲဥ ပြုတ်ပြီးသားဥကို အခွံခွာပြီး လက်ဖက်တို့ ၊တခြား အရည်တို့ထဲမှာ ပြန်ပြုတ်တာကို ဆိုလိုတာ ဖြစ်မှာပါ။
crescent roll ကို ဘာသာပြန်ရာမှာ လခြမ်းပုံစံလေး ဖြစ်နေတာနဲ့ “လခြမ်းလိပ်”ရေးထားတာထင်ပါတယ်။ iced cake ဆိုတာ အိုက်စကရင်၊ ရေခဲမုန့်
မဟုတ်တာ သေချာပါတယ်။ ဒါကြောင့်ပဲ “ရေခဲစိမ်မုန့်၊ ရေခဲကိတ်” လို့ ဘာသာပြန်ထားတာ ဘာများ ဆိုးနေလဲလို့ မေးချင်လာပါတယ်။

မူရင်းစာရေးသူက လူမျိုးစုတွေကို ရေးရာမှာ Lu လူမျိုး၊ Daru လူမျိုးဆိုပြီး စိတ်ကူးယဉ် ဖန်တီးမှု ပြုလိုက်တယ် ထင်ပါတယ်။ ဒါပေမဲ့
ဘာသာပြန်သူက Daru ကို ဓနုလူမျိုးလို့ အသံလှယ်ထားပါတယ်။ ဒီလို ဘာသာပြန်တာဟာ မြန်မာ့ရေမြေဒေသ နောက်ခံဝတ္ထုဖြစ်တဲ့အတွက် မြန်မာမှု
ပြုတဲ့အနေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ဓနုလို့ ရေးခဲ့ကြောင်းနဲ့ ဒီလို မရေးခင်မှာ မူရင်း စာရေးသူ အန်တီဝင်ဒီကို အသိပေးပြီး၊ သဘောတူတဲ့အတွက်
အဲဒီအတိုင်း သုံးလိုက်တာ ဖြစ်ကြောင်း ကျွန်တော် စုံစမ်း သိရှိရပါတယ်။

၅။

မဖြစ်စလောက် အလွဲအချော်လေးတွေကို ဖြုတ်ပေါင်လေး ဖြဲပြီး “အနာ”ရယ်လို့ ရေးကြီးခွင်ကျယ် လုပ်ကြတဲ့ ကိစ္စကို တုံ့ပြန်တာ ဒီမှာတင်
ရပ်ပါမယ်။ ဆရာဉာဏ်က ဝမ်တိန်အသွားလမ်း စာအုပ်ထဲကနေ သူ့စိတ်နဲ့ ဓါတ်မတည့်တဲ့ ပြစ်တင်ဖွယ်ရာတွေချည်း ရွေးပြောသွားတာ တွေ့ရပါတယ်။
အခု ကျွန်တော်ကတော့ ဝမ်တိန်အသွားလမ်း စာအုပ်ထဲမှာ ဆရာဉာဏ် ရှာမတွေ့သွားတဲ့ အသိအမှတ်ပြုဖွယ်ရာတွေကို ထုတ်နှုတ်ပြပါရစေ။

စာပေဝေဖန်ရေးသမားတစ်ယောက် အနေနဲ့ စာအုပ်ထဲကနေ အပြစ်အနာအဆာတွေချည်း ရွေးထုတ် မပြသင့်ပါဘူး။ ဖန်တီးသူရဲ့ ကလောင်ကို
အရောင်မှိန်ဖျော့သွားစေမယ့် အရေးအသားတွေနဲ့ တစ်ဖက်သတ် သတ်မှတ်ချက်ပြုတဲ့ အခွင့်အရေးကိုလည်း ယူမထားသင့်ဘူးလို့ ကျွန်တော် ယူဆပါတယ်။

ဝေဖန်ရေးသမားဟာ အနုပညာရှင်ရဲ့ အားထုတ်မှုလက်ရာ (အနုပညာပစ္စည်း)ကို “ကောင်း/ဆိုး နှစ်တန်လုံး” ခွဲခြား၊ သတ်မှတ်ပြီး
ကြောင်းကျိုး ညီညွတ်စွာ ဝေဖန်ပိုင်းခြားပြသင့်တယ်လို့ ကျွန်တော် ယူဆပါတယ်။ ကောင်းရင် ကောင်းတယ်၊ မကောင်းရင် မကောင်းဘူး။ သို့သော်…
ကောင်းတာကို မျက်ကွယ်ပြုခြင်း၊ နည်းနည်း မကောင်းတာကို များများ မကောင်းသယောင် တစ်ဖက်စွန်း နင်းပြီး ပြောဆိုဝေဖန်ခြင်း၊ သို့လောသို့လော
ဆွေးနွေးစရာကို ကိုယ့်ဆန္ဒသဘောထားနဲ့ကိုယ် မကောင်းဘူးဆိုတဲ့အထဲ ပြီးစလွယ် ထိုးထည့်ခြင်းတွေ…မလုပ်သင့်ပါ။ ဝေဖန်ရေးသမားကောင်း
တစ်ယောက် လိုက်နာ စောင့်ထိန်းသင့်တဲ့ “ဝေဖန်ရေးသမားကျင့်ဝတ်တွေ”ကို မျက်ကွယ် မပြုသင့်ပါ။

ဒါ့အပြင် ဝေဖန်ရေးသမား တစ်ယောက်ဟာ (ဝေဖန်သူ)မိမိ်အကြိုက်ပေါ်မှာ အခြေခံပြီး အနုပညာသမားရဲ့ လက်ရာ(အနုပညာပစ္စည်း)ကို
ကောင်းတယ် ဆိုးတယ်… တစ်ဖက်သတ် သတ်မှတ်ခွင့် မရှိသင့်ပါကြောင်းနဲ့၊ အရှိကို အရှိအတိုင်း ဓမ္မဓိဌာန်ကျစွာ ဝေဖန်ချိန်ထိုး ပြနိုင်ရမယ် ဖြစ်ပါကြောင်း။

၆။
ဆရာမဝင့်ပြုံးမြင့်ရဲ့ ဘာသာပြန်လက်ရာ “အနုပညာမြောက်တဲ့ စကားလုံးတွေ”ကို ကျွန်တော် ကောက်နှုတ်ပြပြီး မူရင်းရေးသူကိုရော၊
ဘာသာပြန်သူကိုပါ အသိအမှတ်ပြုပါရစေ။

မူရင်း- The inspiration comes to me from window itself, from watching the sunset through the pane. If I stare long enough,
I can erase the sky with its reddish-gold tints and conjure in its place a reddish-gold sea. Soon the clouds start to form a whole
new seascape: of large and small islands, breakers and beaches. A golden archipelago is what I see now, afloat on a fiery ocean.
ဘာသာပြန်- ပြတင်းမှန်တွင် မြင်သာလေ့ရှိနေခဲ့သော နေဝင်ရိုးရီ။ ဆည်းဆာကို တမေ့တမော ကသိုဏ်းရှုပြီးလျှင် ကျွန်မ စိတ်ကူးများက
ပဉ္စလက်ပြသည်။ ရွှေနီရောင်သန်းသော အာကာတပြင်သည် ပတ္တမြားရည်ဝင်သော အဏ္ဏဝါအဖြစ် အသွင်ပြောင်းသွားသည်။ တိမ်လိပ်တိမ်ခဲများ
တိမ်ပန်းချီ ခြယ်ပျိုးလိုက်သောအခါ ကျွန်းကလေးများ လှိုင်းကလေးများ သောင်ခုံတန်းများ အချိုးအစား အမျိုးအပြား စုံတော့သလို။
သမုဒ်ပင်လယ်ပြင်ကြီးကား အလျှံတငြီးငြီး။ ထိုအခါ စိတ်၏စက္ခုအာရုံထဲဝယ် ကျွန်းစုလေးတစ်ခုကတော့ သိင်္ဂါရွှေရည်သန်းတော့သကို။ (စာမျက်နှာ ၆)
—————-

မူရင်း- What woke me was a bright light, a clammy chill. A giant moon was by my side, sidling so close I could feel its
breath on my skin. The cart driver was singing in a warbly voice. He sang about a frog, the great frog in the sky that opened its
mouth once every few weeks to swallow the moon and darken the sky. The cartwheels made a shrieking music, keeping tune to
his song. I searched the skies for signs of the frog, but all I could see was the moon by my side, the round and massive moon.
ဘာသာပြန်- ကျွန်မကို နှိုးယူခဲ့သော အရာမှာ ချမ်းမြမြကမ္ဗလာ နှင့် လမင်းသော်တာ။ အိုဘယ့် . . . လမှန်ဝိုင်းကား ရှိုးတိုးရှန့်တန့် မဝံ့မရဲနှင့်
ကျွန်မဘေးနား နီးနီးကလေးတင်။ သူ့ ဝင်သက် ထွက်သက်ကိုပင် ကျွန်မ အရေပြားက သိနေခဲ့သည်။ နွားလှည်းရှင်သည် အသံနေအသံထားဖြင့်
တေးသီကြွေးလျက်။ သူ့တေးက ဧရာမဖားတစ်ကောင် အကြောင်း။ မကြာခဏ ပါးစပ်ကြီးဖြဲကာ စန္ဒာလကို မျိုရက်နိုင်သည်။ ကောင်းကင်အလုံး
အမှောင်ဖုံးစေ။ ကျွီကျွီအီအီ လှည်းဝင်ရိုးလေး သူ့တေးနှင့် သံစဉ်ညီနေတော့ကာ ဖားကြီးကို အရိပ်အယောင် တွေ့ရလေမလား မိုးပေါ်ကို
မျှော်လိုက်ပြန်တော့ ဝိုင်းဝိုင်းစက်စက် ဖိုးလမင်းကြီးကသာ ကျွန်မဘေးနား မခွဲမခွာ။ (စာမျက်နှာ ၁၁၃)
——————

မူရင်း- Everything around me was spinning. The boys had formed circles and were playing wicker-ball, keeping it aloft with
their heads, knees and feet. The girls were playing with paper streamers, making circles in the air. High above the temple, the
swaying bamboo poles were paying out their pennants-silver and gold, silver and gold- that wiggled and swam in the wind.
ဘာသာပြန်- ကျွန်မပတ်ပတ်လည် တစ်လောကလုံး ချာလည်ချာလည်။ နဖူး၊ ဒူး၊ ခြေ တမော့မော့နှင့် ခြင်းခတ်နေကြသော ခြင်းခတ်ဝိုင်းတွင်းမှ
လုလင်ပျိုများ။ ပန်းစက္ကူကြိုးများ လူးကာလွန့်ကာ မြူးကနေသော လုံမပျိုများ။ ကျောင်းတော်၏ ခေါင်အထွတ်တွင် လေသိမ်းတိုင်းယိမ်းသည့်
ဝါးလုံးတိုင်ရှည်။ ထိုတိုင်ရှည်ဝါးလုံးမှ တံခွန်လုံးကာ ငွေနှင့် ရွှေ၊ ရွှေနှင့်ငွေ လေကစားကာ ကြွားတလူလူဝေ။ (စာမျက်နှာ ၁၁၆)

——————
မူရင်း- We played cards; we played checkers; we played tic-tac-toe. We busied ourselves with the rain; we stared at the rain;
we listened to the rain, for keeping our bedding and clothing dry.
ဘာသာပြန်-ကျွန်မတို့ ဖဲရိုက်ကြသည်။ ချက်ကာ ကစားသည်။ တစ်တက်တိုး ဆော့သည်။ မိုးပဇ္ဖုန်နှင့် အတူ အလုပ်တွေ ပုံလာကြသည်။
မိုးကို ကသိုဏ်းရှု၊ မိုးသံကို နာခံ၊ အိပ်စရာနေရာနှင့် အဝတ်အစားလေးများ ခြောက်သွေ့စေရေး ထွေလီကာလီလေးများ ကြံကြဖန်ကြကာ မိုးကို မာယာဆင်။
(စာမျက်နှာ ၂၀၆)
——————-
မူရင်း- Yes, I see mountains now, rising up through the mist. I see limestone columns, and bridges fragile as fish bones
strung across the chasms. I see the path I must take, up and down through the valleys, past burning fields and lush terraces,
past farmers in their ditches, past women with their heavy loads on the way to their markets, and children harvesting the poppy fields that stain the hills
crimson.
ဘာသာပြန်- ယခုပင် မြင်နေရပြီ။ မြူတွေကြား ထင်ယောင်မှား မှိုင်းဝေရီနေသော တောင်စဉ်တစ်လီ။ ထီးထီးမားမား ထုံးကျောက်
တောင်ရိုးကြီးများ။ သီခေါင်နက်စောက် ချောက်ကမ်းပါးများပေါ် သွယ်တန်းပေးထားသော တံတားငါးရိုးလေးများ။ ကျွန်မသွားရမည့် လမ်းကလေးကလည်း
အထင်းသား။ မီးသင်းလယ်ကွင်း၊ မြရည်လိမ်း လှေကားထစ်စိုက်ခင်း၊ ကန်သင်းရိုးပေါ်မှ လယ်ယာဦးကြီးများ၊ ဝန်စည်စလှယ် သယ်ကာပိုးကာ ဈေးဆီ
ဆင်းသွားသော တောင်သူများ။ ထို့ပြင် ရိုးမတခွင် ကြက်သွေးရောင် လိမ်းကျံပေးလိုက်သော ဘိန်းခင်း။ ဘိန်းခင်းထဲ ဘိန်းခူးနေသော ကလေးများ၊
သူတို့အားလုံးကို ကျော်ဖြတ်ကာ တက်ချည် သက်ချည် သွားရသည့် မြောင်အလျှိုလျှို ကြားလမ်းလေးသည် ကျွန်မသွားရမည့် လမ်း။ (စာမျက်နှာ ၃၃၂)
—————–

၇။
ဆရာဉာဏ်သစ်က “ဆရာမဝင့်ပြုံးမြင့် ဘာသာပြန်တဲ့ ဝမ်တိန်အသွားလမ်း စာအုပ်ကို ဖတ်ရတာဟာ သားကောင်း ငါးကောင်းကို တော်သလို
လျော်သလို ချက်ထားတဲ့ ဟင်းတစ်ခွက် စားရသလိုပဲ”လို့ ဆိုပါတယ်။

ကျွန်တော်နဲ့ သူ သဘောထားချင်း လွတ်လပ်စွာ ကွဲလွဲပါမယ်။ သားကောင်း၊ ငါးကောင်းတွေဖြစ်တဲ့ နိုင်ငံခြားဘာသာနဲ့ စာအုပ်တွေ
ကမ္ဘာ့စာပေလောကထဲမှာ အများကြီး ရှိနေပါတယ်။ အဲဒီထဲက အလျဉ်းသင့်ရာကို ဘာသာပြန်သူတွေက ဟင်းတွေအဖြစ် ချက်ပြုတ်ကာ
ကျွေးနေကြတယ် ဆိုပါစို့။ ချက်တဲ့သူကတော့ ကိုယ့်နည်းကိုယ်ဟန်နဲ့ ချက်ကြတာပါပဲ။ ဟင်းကောင်းတစ်ခွက် ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာကတော့
ချက်တဲ့သူအပေါ်မှာချည်း မူတည်နေတာ မဟုတ်ပါဘူး။ စားတဲ့သူရဲ့ “လျှာရိုးရာ၊ လျှာဓလေ့နဲ့ မကြိုက်/အကြိုက် စိတ်ခံစားမှု”ပေါ်မှာလည်း
မူတည်ပါသေးတယ်။ အငံကြိုက်တဲ့သူက ဆားပေါ့တဲ့ ဟင်းတစ်ခွက်ကို စားမိတဲ့အခါ “စားရတာ အရသာ မရှိဘူး”လို့ ဆိုမှာပါပဲ။ အနေတော်
စားနေကျသူများ အတွက်တော့ ဆားမငံတဲ့ ဟင်းတစ်ခွက်ဟာ အရသာ ရှိနေတာပါပဲ။

ဆိုတော့… ဘာသာပြန်စာအုပ်ဆိုရင် စာလုံး တစ်လုံးချင်းစီကို လုံးကောက်အတိုင်း အတိအကျ (အတိအကျရယ်မှ ပက်ပက်စက်စက် အတိအကျ)
ဘာသာပြန်တာကိုမှ ဖတ်ချင်တဲ့သူအတွက်တော့… စကားလုံး အထားအသိုကို ဖန်တီးသူ စိတ်ကူးသင့်သလို ကွန့်ကာညွန့်ကာ ရေးဖွဲ့ ပြန်ဆိုထားတဲ့
ဒီစာအုပ်ကို “စိတ်ခံတွင်း” မတွေ့တာ မဆန်းပါဘူး။

ကျွန်တော့်အနေနဲ့ ပြောရရင်တော့ ဝမ်တိန်အသွားလမ်း စာအုပ်ကို ဖတ်ရတာဟာ မူရင်း သားကောင်း ငါးကောင်းရဲ့ အရသာအပြင်
ချက်တဲ့သူရဲ့ ချက်ပုံအဆန်း ချက်နည်းတထွေကြောင့် တခြား အဆာပလာအရသာတွေကိုပါ သိရှိခံစားနိုင်တဲ့ ဟင်းတစ်ခွက်လို့ ယူဆပါကြောင်းနဲ့ ၊
မြန်မာဘာသာပြန် စာပေလောကထဲမှ ဟင်းချက်သူတွေ အနေနဲ့ အခုထက် လက်ရာပိုမို ကောင်းမွန်မယ့် ဟင်းအဖုံဖုံကို မပြတ်တမ်း ဆက်လက်ကာ
ချက်ပြုတ် ကျွေးမွေးနိုင်ပါစေကြောင်းထိ ဆန္ဒပြုလိုက်ပါတယ်။

———————-

လေးစားစွာ…

သင့်အေးရိပ်
၂၀၁၇/မေလထုတ်/ရွှေအမြုတေမဂ္ဂဇင်း

 

 

 

 

12 comments

  • သင့်အေးရိပ်

    May 2, 2017 at 9:55 am

    အွန်လိုင်းပေါ်မှာပဲ စာတွေ ရေးနေရာကနေ ပြည်တွင်း ပရင့်မီဒီယာ စာပေမဂ္ဂဇင်းလောကထဲ ဝင်ကြည့်လိုက်ပါတယ်။
    ဒီဆောင်းပါးဟာ ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာမူ ဖြစ်ပါတယ်။ ရှေ့လျှောက်လည်း ပုံနှိပ်စာမူတွေ မကြာခဏ ဖော်ပြခံရအောင် ဆက် ရေးသွားမယ်လို့ တွေးထားပြီး
    စာမူတစ်ပုဒ် ကဗျာတစ်ပုဒ်တိုင်းဟာ မှတ်တိုင် တစ်တိုင်စီ အဖြစ် မှတ်တမ်းကျန်ရစ်အောင် ချန်ရစ်မည် ဖြစ်ပါကြောင်း။

    • manawphyulay

      May 4, 2017 at 4:11 pm

      ပထမဆုံး ပြောျင်တာကတော့ Congratulations! ပါလို့ပြောပါရစေ။ နောက်ပိုင်း စာပေကောင်းများ များများပုံနျိပ်နိုင်မှာပါ။ စာပေကောင်းတစ်ပိုဒ်ကို ဝေဖန်အကဲဖြတ်ထားတာ ဟာကွက်မရှိပါဘူး။ မနောလည်း ဖတ်နေပါတယ်။ ခုထိ ဖတ်လိုက်ချလိုက်ဆိုတော့ တစ်အုပ်လုံးလည်းမပြီးသေးပါဘူး။ ဘယ်သူတွေ ဘယ်လိုဝေဖန်ဝေဖန် စဖတ်ထဲက ဆားပါတဲ့ဟင်းတစ်ခွက်ပဲဆိုတာ သိလိုက်ရပါတယ်။
      ဆရာမဝင်ပြုံးမြင့်ရဲ့ သံစဉ်သံလှုှိုင်းစတ်ခိုင်းစေရာ၊ ဘူဒင်ဘရွတ်လိုစာအုပ်တွေလည်း ဖတ်ခဲ့ဖူးတဲ့အတွက် ယခုစာအုပ်လည်း ဒီထက်ပိုကောင်းတယ်ဆိုတာ ခံစားမိပါတယ်။

      • သင့်အေးရိပ်

        May 5, 2017 at 8:54 am

        ဟုတ်။စာအုပ်ကိုရော ကျနော့်ဆောင်းပါးကိုပါ ကျေနပ်မှု ရှိတယ်ဆိုလို့ ဝမ်းသာစွာ ကျေးဇူးတင်ပါတယ်နော်။

  • ဇီဇီ

    May 2, 2017 at 1:42 pm

    ပထမဆုံးပြောချင်တာက Congratulations! ပါ, သင့်အေးရိပ်!
    :chit:
    ဒုတိယပြောချင်တာက စာအုပ်အပေါ်အမြင်က တူတူပဲ။
    ဘယ်သူတွေ ဘယ်လောက် တိုက်ခိုက်တိုက်ခိုက် ဆရာမ ဝင့်ရဲ့ အားထုတ်မှုကို စာအုပ်မှာ မြင်တဲ့ အတွက် တန်ဖိုးထားဖတ်ခဲ့တာမို့အင်မတန်အရသာရှိတဲ့ စာအုပ်လို့ပဲ မြင်တယ်။

    :chit:

    • သင့်အေးရိပ်

      May 2, 2017 at 2:46 pm

      ဟုတ်။ မပြုံးရဲ့ အားထုတ်မှုကို ကိုယ်တွေက မြင်နေ သိနေသလောက်
      တခြားသူတွေက တိုက်ခိုက်နှိမ့်ချလာတာတွေ မြင်နေရတော့ မနေနိုင်တာနဲ့ ထရေးမိရော မမဂျီးရေ။

      ဒီဆောင်းပါးရေးဖို့ တစ်ပါတ်လောက် စာတစ်အုပ်လုံးကို စစ်စစ်ပေါက်ပေါက် ဖတ်ရ။ noteတွေ ထုတ်ရနဲ့။ ရေးတာ တစ်လ နီးပါးတောင် ကြာသွားတယ်။
      မတ်လတုန်းက မပြုံးကို တိုက်ခိုက်ခဲ့တဲ့ ဆောင်းပါးကို တုန့်ပြန်ချင်တာ မေလကျမှ အကောင်အထည်ပေါ်တော့တယ်။
      😆

      .ရွှေအမြုတေလို မဂ္ဂဇင်းကနေ ( မျှတတယ်လို့ ထင်ရတဲ့)ကိုယ့်သဘောထားလေးကို ချပြခွင့်ရသွားတဲ့အတွက် ကိုယ့်ကိုယ်ကိုလည်း ကျေနပ်မိပါရဲ့။

      😆

  • ဂျစ်စူ

    May 2, 2017 at 6:26 pm

    ဒီာကို ဖတ်ရတာ နှစ်ချို့ ဘီအီးတစ်လုံးကို မော့လိုက်ရသလိုပဲ ခံစားရပါဒယ်

    • သင့်အေးရိပ်

      May 2, 2017 at 11:38 pm

      နှစ်ချို့ ဘီအီးဆိုတာကို မသောက်ဖူးသေးဘူး…
      ဘယ်လို နေလဲဟမ်
      :k:

  • ဦး လေး မန်း

    May 3, 2017 at 7:58 pm

    ဖွဘုတ်​ မှာ ဒီ အ ​ေ ​ကြာင်​း ဖတ်​ ဘူး တယ်​ မူ ရင်​း ​ကော ဘာ သာ ပြန်​ ပါ မ ဖတ်​ ဘူး ​တော့ သူ များ ​ရေးတာဘဲသိ ရတယ်​။ကိုယ်​့ရွာထဲက လူ အ ​ကြာင်​း ​ရေး ထား တာ / စွပ်​ စွဲ ထား တာ ​တွေ ​တွေ့ရ​တော့ ရွာသံ​ယော စဉ်​ နဲ့ စိတ်​ထဲ ဘဝင်​ မကျဘူးရယ်​။
    ခု သင်​့ ​အေး ရိပ်​ ​ရေး လိုက်​မှ ဘဲ သူတို့ ​ရေးထား သ​လောက်​ မဟုတ်​မှန်​း သိ ရတယ်​။​ကျေးဇူးပါ စာအုပ်​ ရှာဖတ်​လိုက်​အုံးမယ်​။ အ ဆင်​ ​ပြေတဲ့တ​နေ့​ပေါ့။

    • သင့်အေးရိပ်

      May 3, 2017 at 10:36 pm

      ဆိုင်တွေပေါ်မှာ အခုထိတော့
      ရှိနေပါသေးတယ် ဦးလေးမန်းရေ။

      ဆရာဥဏ်သစ် ချိုးချိုးဖဲ့ဖဲ့ ရေးထားသလောက်
      ကျိုးကျိုးပဲ့ပဲ့ ဖြစ်မနေတာဆော့ အမှန်ပါပဲ။
      ကျနော်က ဆရာဉာဏ့်ဆောင်းပါးကို
      ဝေဖန်ရေးသမား ရှုထောင့်ကနေ
      ပြန် ချေပတဲ့သဘောပါပဲ။
      😆

      • ဦး လေး မန်း

        May 12, 2017 at 5:21 am

        ဆိုင်​​တွေ​ပေါ်မှာရှိ​နေ​ပေမဲ့ ကို်​ယ်​ကဆိုင်​​တွေရှိရာ မ​ရောက်​နိုင်​​သေးလို့ လိုင်​း​ပေါ်ကဘဲ သူများတင်​သမျှ ​စောင်​့ဖတ်​​နေမိတာ ကိုသူရ​ရေ။

  • ဝင့်ပြုံးမြင့်

    May 8, 2017 at 3:44 pm

    အရေးအကြောင်းများဆို ဒီရွာကြီးပဲ အားကိုးရတာ။ ဖဘဖရင့်တွေက အပေါ်ယံလေးပဲ ရှိတာ။ ခုလည်း မျှစ်ကြော် ချာလပတ်လည်ပြီ ဆိုတော့ ကယ်တင်ရှင်တွေ ဒီရွာကပဲ ထွက်တာလေ။ ကိုသူရ စာရေးတကယ်ကောင်းတယ်။ ချက်နဲ့ လက်နဲ့ ရေးတတ်တယ်။ ဒီဆောင်းပါး သက်ရောက်မှု အားသိပ်ကြီးတာ။ ဆောင်းပါး ပါပြီးတာနဲ့ ဆိုင်တွေပေါ် ဝမ်တိန်နဲ့ ရွှေထီး ၂အုပ်တွဲ တစ်ပြုံကြီး ပြန်ရောက်လာပြီတဲ့။

    • သင့်အေးရိပ်

      May 8, 2017 at 5:24 pm

      ဒီဆောင်းပါး ဒီလိုပုံစံနဲ့ ထွက်လာဖို့… ကျနော့်မှာ ဝမ်တိန်စာအုပ်ကို အထပ်ထပ် ဖတ်လိုက်ရတယ်။
      ပထမဆုံးတစ်ခါက စာဖတ်သူတစ်ယောက်အနေနဲ့ ဖတ်တယ်။ နောက်တစ်ခါကျတော့ စာပေဝေဖန်ရေးသမားတစ်ယောက်အနေနဲ့
      စစ်စစ်ပေါက်ပေါက် ဖတ်ရတယ်။ ဒုတိယအခေါက် ဖတ်ချိန်မှာ ဘေးမှာ မှတ်စုတစ်အုပ် ချပြီး ထောက်ပြချင်တာတွေကို မှတ်ရ
      ကိုယ်ပြောချင်တာတွေကို မှတ်စုထုတ်ရနဲ့။ အတော်လေးတော့ ပင်ပန်းတယ်။

      ပင်ပန်းရကျိုး နပ်ပါတယ်။
      FB ပေါ်မှာလည်း ဒီဆောင်းပါး တင်ပေးအပြီးမှာ စာပေလောကထဲက စာပေသမား မိတ်ဆွေတွေ လာaddကြတယ်။
      ပူညံပူညံလည်း ဖြစ်သွားတယ်။
      ဘာပဲပြောပြော…ကျေနပ်စရာပဲလို့…. မြင်ပါတယ်။

      စာရေးကောင်းတယ်လို့ ချီးကျူးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ခညာ

Leave a Reply