နာနာဘာဝနဲ့အတူ နေထိုင်ခြင်း

Good IdeaSeptember 1, 20101min1107

အပိုင်း (၁)

လူတချို့က နာနာဘာဝ တဆေ၊ သရဲတွေရှိတယ်ဆိုတာကို မယုံကြပါဘူး။ ကျနော်လည်း အစတုန်းက မယုံပါဘူး။ မယုံဆို ကိုယ်ကိုယ်တိုင်က အခြောက်ခံရတာမျိုးမကြုံမှမကြုံ

ဘူးတာပဲကိုးဗျ..

သရဲတွေအမျိုးမျိုးရှိတယ်လို့လဲ ကြားဖူးနေတာပေါ့ဗျာ။ ရုပ်ရှင်တွေ ရုပ်ပြစာအုပ်တွေ၊ ဗွီဒီယိုတွေထဲမှာ တော့ တွေ့ဖူူးပါတယ်။ ရုပ်ဆိုးဆိုးကြီးတွေ ကြောက်စရာ ရွန်စရာပုံစံကြီးတွေနဲ့လေ။ အသက် ၂၃ နှစ်အရွယ်အထိ တခါမှ သရဲ၊ တဆေ တွေက ခြောက်တာတို့ ကိုယောင်ပြတာတို့မကြုံဖူးပါဘူး။

ဒါပေမယ့် ကျနော်တို့ မြန်မာနိုင်ငံမှာ စည်းပွားရေးအကြပ်အတည်းတွေကြောင့် မွေးရပ်မြေကို ခေတ္တအနေနဲ့ ကျောခိုင်းခဲ့ပြီး တိုင်းတပါးဖြစ်တဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကို ကျနော် ၂၀၀၅ ခုနှစ်က ရောက်လာခဲ့ပါတယ်။

ရောက်ရောက်ချင်းမှာပဲ ကျနော်နဲ့ရန်ကုန်မှာ အတူအလုပ်လုပ်ခဲ့ဘူးတဲ့ ကျနော့်သူငယ်ချင်းက ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့ရဲ့ အပြင်ဘက်က ဘန့်မိုင်ရီဆော့ ဆိုတဲ့ တည်းခိုခန်းနဲ့ စားသောက်ဆိုင်မှာ အလုပ်လုပ်နေပါတယ်။

ကျနော်သူ့စီကို အလုပ်ရှာဖို့သွားတော့ သူနေတဲ့နေရာကိုရောက်သွားတယ်။ သူအလုပ်လုပ်တဲ့ နေရာ မဲဆောက်မြို့အပြင်ဘက်လောက်ကျတယ်။ မဲဆောက်မြို့မှာ အကြီးဆုံးလို့ပြောလို့ရတဲ့ Central hall hotel နဲ့ဘေးချင်းကပ်လျက်ပေါ့။

ခြံဝန်းအကျယ်ကြီးနဲ့ပါ အထဲမှာ အမိုး၊ အကာ၊ အခင်းတွေအားလုံးကို ကျွန်းသစ်တွေနဲ့ ပြုလုပ်ထားတဲ့ လုံးခြင်းအိမ် တည်းခိုခန်းတွေ ၃ဝ ကျော်ရှိသလို စားသောက်ဆိုင်ကြီးက လည်း အကုန်လုံး ကျွန်းသစ်တွေအပြည့်နဲ့ဆောက်ထားပြီး ရွာလေးတရွာစာလောက်ရှိတာပါ။

ခြံဝန်းထဲမှာကတော့ သစ်ပင်အကြီးကြီး အုံ့အုံ့ကြီးတွေ အများကြီးပါ။ ဒီသစ်ပင်တွေပေါ်မှာလည်း တည်းခိုခန်းအဖြစ်ဆောက် ထားတဲ့ အိမ်လေးတွေလည်း ရှိပါတယ်။ အလုပ်ရှင်သူဌေးကတော့ ထိုင်းလူမျိုးပါ ဝန်ထမ်းအယောက်လေးဆယ်လောက်က ကျနော်တို့နိုင်ငံက တိုင်းရင်းသားတွေပေါ့။

ကျနော်လည်း အဲဒီမှာ ကျနော့သူငယ်ချင်းတွေရှိတာရယ် ကျနော်တို့ မြန်မာလူမျိုးတွေ အများကြီး ရှိတာရယ်နဲ့ တခြားမှာ အလုပ်ရှာဖို့မစဉ်းစားတော့ပဲ အဲဒီမှာဝင်လုပ်ခဲ့တယ်။

အဲဒီမှာ ကျနော်က တည်းခိုခန်းဌားတဲ့ နေရာမှာအလုပ်လုပ်ပါတယ်။ လုံးခြင်းအိမ်တွေက တလုံးနဲ့ တလုံး ပေ၂ဝ စီလောက်ခြားထားပါတယ်။ အပန်းဖြေချင်တဲ့ လူတွေကတော့ အဲဒီမှာ ငွေကုန်ကြေးကျခံပြီး လာတည်းကြပါတယ်။

တချို့နိုင်ငံခြားသားတွေဆိုရင် သစ်ရိပ်ဝါးရိပ်တွေနဲ့ အေးတယ်ဆိုပြီး လပြတ်နဲ့ ငှားနေကြတာတွေလဲရှိပါတယ်။
ဒီအထဲမှာရှိတဲ့ သစ်ပင်ကြီးတွေဟာ တစိမ့်စိမ့်ကြည့်ရင်ကြက်သီးထစရာကြီးတွေပါ။ ဘာကြောင့်လည်းဆိုတော့ နှစ်ချို့ပင်တွေဖြစ်တော့နေ့ခင်းဘက်တောင် တယောက်တည်းဆို ဒီအပင်တွေအောက်မှာ နေဝံ့စရာ မရှိပါဘူး။

အဲဒီမှာ အလုပ်လုပ်နေတဲ့ ထိုင်းလူမျိုး လက်သမား အဘိုးကြီးတယောက်က ပြောပါတယ်။ ဒီနေရာဟာ လွန်ခဲ့တဲ့ နှစ် ၂ဝ ကျော်လောက်က အလွန်ထူထပ်တဲ့တောကြီးဖြစ်သလို လူသတ်ကုန်းလို့ခေါ်လို့ ရလောက်အောင် မြင်းဆေးသမားတွေ၊ လူမိုက်တွေသတ်ထားတဲ့ အလောင်းတွေကို လာပစ်ကြတာလို့ ပြောပါတယ်။

ဒီ့အပြင်အဲဒီနောက်ကျောဘက်မှာ ရှိတဲ့ ပြောင်းဖူးခင်း၊ စပါးခင်း၊ ပဲခင်းတွေမှာ အလုပ်လုပ်ကြတဲ့ မြန်မာနိုင်ငံသားတွေကို လည်း ထိုင်းသူဌေးတွေက လစာမပေးနိုင်တာမျိုးဖြစ်လာရင် သတ်ပစ်ကြတယ် လို့ပြောပါတယ်။

အဲဒီတောကြီးကို ထိုင်းသူဌေးတယောက်က ဝယ်ယူပြီးနေရာတွေကို ရှင်းလင်းပြီးတော့ မြန်မာနိုင်ငံက ကျွန်းသစ်တွေကို ဈေးပေါပေါနဲ့ ခိုးဝယ်ပြီး ဒီတည်းခိုခန်းနေရာကြီးကို ဆောက်ခဲ့တာလို့ပြောပါတယ်။

၂၀၀ရ ခုနှစ်လောက်မှာ …

စားသောက်ဆိုင်မှာ စာပွဲထိုုးလုပ်နေတဲ့ အထဲက သန်းလင်းဦးဆိုတဲ့ ကျနော့်သူငယ်ချင်းရဲ့မိန်းမမှာ သရဲဝင်ပူးနေတယ်ဆိုလို့ ကျနော်သွားကြည့်တော့ အဲဒီအနားမှာ ဝန်ထမ်းတွေ အယောက် ၂ဝ လောက် ဝိုင်းအုံကြည့်နေကြပါပြီး သန်းလင်းဦးရဲ့ မိန်းမ နွယ်လင်းချိုကတော့ အလယ်မှာထိုင်ပြီး သူနေ့တိုင်းတွေ့မြင်နေတဲ့ သူငယ်ချင်းတွေကို အခုမှ တွေ့ဖူးတဲ့လူတွေလို အထူးအဆန်း လိုက်ကြည့် နေတယ်။

ဟေ့ … ဘာလုပ်နေကြတာလဲ။

သနွယ်လင်းချိုကို သရဲဝင်စီးလို့တဲ့ဟ။

ဟုတ်ပါမလားကွာ မင်းတို့ကလည်း သရဲဝင်စီးတယ်လဲပြောတယ် နွယ်လင်းချိုုက အရင်ရုပ်ပဲဟာ။ ဘာမှလည်းမပြောင်းဘူး။
အာ…. မင်းကလည်း သူယောက်ကျာ်းတောင် သူလက်ကိုင်လို့မရဘူး။ ခုန သန်းလင်းဦးနဲ့ လင်မယားနှစ်ယောက်ရန်ဖြစ်ပြီး နွယ်လင်းချိုကငိုပြီးအောက်ဆင်းသွားတာ ပြန်တက်လာတော့ သူ့ယောက်ကျာ်းတောင် သူမသိတော့ဘူး။ ဒါပေမယ့် ထမင်းနဲ့ကြက်ကြော် တောင်းစားလို့ငါတို့ မှာပေးထားတယ်ကွ။

ကျနော်တို့ပြောနေရင်းမှာပဲ စားပွဲထိုးသူငယ်ချင်းတယောက်က ကြက်ကြော်နဲ့ ထမင်းနဲ့ယူလာပြီး နွယ်လင်းချို ရှေက စားပွဲပေါ်မှာတင်လိုက်သည်။ ညနေ ၆ နာရီလောက်အချိန်ဆိုတော့ ဆိုင်မှာကလည်း ဧည့်သည်ကလည်း မရှိသေးတော့ စာပွဲထိုးတွေအားလုံး ဝိုင်းအုံနေကြလေသည်။

ကျနော်တို့အားလုံးကသူ့ကို ဝိုင်းကြည့်နေကြချိန်မှာပဲ နွယ်လင်းချိုက ထမင်းကြော်ပန်းကန်ထဲက ကြက်ကြော်ကို ကမန်းကတန်း ကောက်ကိုင်ပြီး အားပါးတရစားနေသည်။

ဒီအချိန်မှာပဲ ဆိုင်သန့်ရှင်းရေးလုပ်တဲ့ ကရင်အဖွားကြီးက နွယ်လင်းချိုစားနေတာကိုကြည့်ပြီး မေးလိုက်သည်။
နင်ကဘယ်ကလာတာလဲ…

ငါက … ဒီခြံထဲကပဲ။

ဘာလို့သူများသားသမီးခန္ဒာကိုယ်ထဲကိုဝင်ရတာလဲ။

ကျမသူကိုမကျေနပ်ဘူး။ သူ့ကိုသတ်မယ်။ သမီးမောင်လေး မျက်နှာကို တံတွေးနဲ့ ထွေးတယ်။ နှပ်ချေးတွေနဲ့လည်း ပတ်တယ်။
ဒါနဲ့ … နေဦးနင့်နာမည်က ဘယ်လိုခေါ်လဲ။ မြန်မာလူမျိုးပဲလား။ ဘယ်လိုဖြစ်ပြီး သေသွားတာလဲ။ ငါတို့ကိုပြောပြလေ။ ငါတို့လည်း မြန်မာတွေပဲဟာ…

ဒီလိုမေးလိုက်တော့ ခုနမျက်နှာကျောတင်းတင်းနဲ့ ပြန်ဖြေနေတဲ့ နွယ်လင်းချိုတဖြစ်လဲ သရဲမက မျက်နှာငြိုးငယ်သွားပြီး စားလက်စ အရိုးပဲကျန်တော့တဲ့ ကြက်ရိုးကို ပန်ကန်ထဲပြန်ထည့်လိုက်ပါတယ်။

သမီးနာမည်က နွယ်နီ သမီးမောင်လေးက အောင်ထွန်း သမီးတို့က ဒီခြံထဲမှာနေလာခဲ့တာ အနှစ် ၂ဝ ကျော်ခဲ့ပြီ သမီးရဲ့အသက်က ၂၄ နှစ်ပါ။ သမီးမောင်လေးက ၅ နှစ်ပါ။ သမီးတို့က မြန်မာနိုင်ငံကနေ ဒီမှာ အမကြီးတို့နဲ့ ကောက်စိုက်လုပ်ငန်း လိုက်လုပ်ရင်းလိုက်လာတာပါ။

အဲဒီတုန်းက … တစ်ရက် လယ်ထဲသွားရင်း ထိုင်းလူမျိုး ၅ ယောက်က သမီးတို့ အမကြီးကို ဝိုင်းပြီး မုဒိမ်းကျင့်ကြတယ်။ အဲဒါနဲ့ သမီးတို့မောင်နှမ ၂ ယောက်က အော်ငိုတော့ အဲဒီလူတွေထဲက ၃ ယောက် က အာာာာာာာ … ဒီကလေးတွေ ဆိုပြီး အဲဒီနားမှာရှိတဲ့ ရွှံ့ဗွက်အိုင်ထဲမှာ နှစ်ပြီး သတ်တယ်။

မကြီးလည်း သစ်ပင်မှာ ဇွဲကြိုးချပြီးသေလိုက်တယ်။ ဒါပေမယ့် မကြီးက သမီးတို့နဲ့ ကွဲသွားတယ်။ အခုသမီးတို့မောင်နှမ ၂ ယောက်က ဒီခြံကြီးထဲမှာပဲ နေနေကြတာ။

နေစမ်းပါဦး နင်တို့က ခါတိုင်း ကိုယ့်ဘာသာကိုနေနေပြီး ဒီနေ့ကြမှ နွယ်လင်းချိုကိုယ်ထဲမှာဘာလို့ဝင်လိုက်ရတာလဲ။
သမီးနဲ့ သမီးမောင်လေးက ဟိုနားက တံတားပေါ်မှာ ပက်လက်လှန်အိပ်ပြီး ကြယ်တွေရေနေကြတာ အဲဒါ ဒီအမက ငိုပြီး ရောက်လာတယ်။ အဲဒါ သမီးမောင်လေးက သူဘာဖြစ်လို့ ငိုတာလဲဆိုပြီး သူမျက်နှာကို သွားကြည့်တာ။ အဲဒါ ဒီအမက တံတွေ့နဲ့လည်းထွေးတယ်။ နှပ်ချေးနဲ့လည်း ပတ်တယ်။ အဲဒါနဲ့ သူထပြန်တော့ သမီးသူ့ခြေထောက်ကိုဆွဲလှဲလိုက်ပြီး သူလဲတော့ ဝင်လိုက်တာ။

သရဲမလေးဖြစ်တဲ့ နွယ်နီက ဒီလိုရှင်းပြလိုက်မှ အားလုံးက သနားဂရုနာသက်ပြီး စိတ်မကောင်း ဖြစ်သွားကြပါတော့တယ်။
အခြားစာပွဲထိုး တစ်ယောက်က ဝင်မေးလိုက်သည်။

နင်ထမင်းထပ်ယူဦးမလား…

နွယ်နီခေါင်းရမ်းသည်။

ကြက်ကြော်ယူဦးမလား…

အင်း … ယူဦးမယ်…

နောက်ထပ် ကြက်ကြော်တပွဲ ရောက်သည့်အခါတွင် ကျနော်တို့ထဲမှာ အကြီးဆုံးဖြစ်တဲ့ ဆိုင်သန့်ရှင်းရေး လုပ်တဲ့ ကရင်ဖွားကြီးက သူ့ကိုသေသေချာချာကြည့်ပြီး ထပ်ပြောလိုက်သည်။

သမီး … နောက်ဆို သူများခန္ဒာကိုယ်ထဲကို မဝင်ရဘူးသမီး … လူသားတွေမှာလဲ ဒုက္ခ သောကတွေနဲ့ ရှိနေကြတယ်။ သမီးနဲ့ သမီးမောင်လေး လရောင်အောက်မှာ ကစားနေတာကို သူက လူဆိုတော့ မြင်နိုင်စွမ်းမရှိတော့ မမြင်ရဘူးလေ။ အဲဒါကြောင့် သမီးတို့ကို ရည်ရွယ်ပြီးလုပ်တာလဲမဟုတ်ဘူး သမီးရဲ့ ကျေနပ်လိုက်နော်… စိတ်မဆိုးရဘူး။ ဒီလိုမျိုးလုပ်လို့ ပရောဂ ဆရာတွေကို သွားပြလိုက်ရင် သမီးပဲ အရိုတ်ခံရမှာ ဒီလိုမလုပ်ရဘူးကြားလား. .. အခုပဲ သူ့ယောက်ကျား နဲ့ သူ့မိဘတွေ စိတ်သောကရောက်နေ ကြရပြီ… နောက်ပြီး ဒီခန္ဒာက သမီးရဲ့ ကိုယ်ပိုင်ခန္ဒကိုယ်မဟုတ်ဘူးလေ… ဘဝချင်းကလည်း မတူတော့ သမီးနေရာ သမီးလေး ပြန်တော့နော်…

ပြောနေစဉ်အချိန်မှာပဲ ကောင်မလေးမှာ မျက်ရည်တွေ ထိန်းမရအောင် ရှိုက်ကြီးငင် ငိုယိုပြီး လူအုပ်ကြားထဲကနေ ထွက်ပြေးပြီး ဆိုင်လှေကားအဆင်းမှာပဲ ငုတ်တုတ်ထိုင်ပြီး အနည်းငယ် အော့အန်ကာ နွယ်လင်းချိုရဲ့ ခန္ဒကိုယ်ထဲကနေ ထွက်သွားပါတော့တယ်။

((ဒီဇာတ်လမ်းလေးကို ဖတ်ဖြစ်ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါဟာ … ကျနော့်ရဲ့ ကိုယ်တွေ ဖြစ်ရပ်မှန်လေးပါ။ ဒီသရဲမလေးနဲ့ သန်းလင်းဦး နွယ်လင်းချိုတို့ နောက်ပိုင်းမှာ ဘယ်လို ဇာတ်လမ်းတွေထပ်ဖြစ်တယ်ဆိုတာကို ထပ်မံတင်ပြပါဦးမယ်။ ကျနော်ရေးတာရှည်သွားတဲ့အတွက် တောင်းပန်ပါတယ်။))

(နတ်မောက်သားဘလော့ဘ်မှ ကူးယူဖော်ပြသည်။)

7 comments

  • bigcat

    September 2, 2010 at 3:30 am

    သရဲရယ် တပ်ချုပ်ကြီး ကိုယ်ထဲကိုဝင်ပြီး ၂၆မိုင် မာရသွန်ကို ဝင်ပြေးလိုက်စမ်းပါ။ ကြက်ကင်မကဘူး ဘဲကင်ပါကြွေးပါ့မယ်။

  • winne

    September 2, 2010 at 4:01 am

    နာနာဘာဝ နဲ့ တူတူနေထိုင်ခြင်းဆိုလို့ ဘာများလဲလို့ သရဲဝင်ပူးတာ ဖြစ်နေတာကိုး… သရဲတွေက လူတွေကို ပြောကြတဲ့ မျက်စိမမြင်တဲ့ဟာတွေတဲ့ သူတို့ကို မမြင်မစမ်းနဲ့ ဝင်ဝင်တိုက်လို့ မတိုက်မိအောင် လိုက်ရှောင်နေရလို့တဲ့လေ။

  • etone

    September 2, 2010 at 4:33 am

    ဖတ်လို့ကောင်းတယ် ဒါမျိုးလေးတွေလည်းရှိတတ်ပါတယ် ။ ကိုကြောင်ကြီးပြောသလိုပဲ သရဲကလည်း ဟိုတယောက်ကိုယ်ထဲဝင်ပူးရမှာ ။ မိန်းမစိတ်ပေါက်ပြီး 26 မိုင်ပြေးပါစေကွာ ။ ပြီးရင် ဂါဝန်လှလှ sponsor ပေးမယ် ။ 😛 😛

  • lovesickkalay

    September 2, 2010 at 5:25 am

    ဖတ်လို.ကောင်းပါတယ်.. စိတ်ဝင်စားတယ် အဲလိုလောကသားတွေနဲ့ပက်သက်တဲ့အကြောင်းတွေဆိုရင်စိတ်ဝင်စားတယ်..

  • sofiadimple

    September 3, 2010 at 3:23 am

    အင်းသူ့ခမျာသနားပါတယ်နော်။ကြက်ကြော်တော့ကြိုက်ရှာတယ်ထင်တယ်။

  • tunaung

    October 3, 2010 at 4:40 am

    ကိုကြောင်ကြီး အကြံကောင်းတယ်26မိုင်မပြေးခိုင်းနဲ့dj နဲ့ကခိုင်းရမှာ…….

  • မန်း ရိပ်

    October 3, 2010 at 6:14 am

    ဆန်းကြယ်တဲ့ အဖြစ်တွေရှိပါတယ် ဒါပင်မယ့် သိပ်ပံပညာလို သတ်သေပြလို့မရလို့သာ လူတွေယုံကြည်မှုနည်းတာပါ

Leave a Reply