အင်္ဂလိပ်သဒ္ဒါတတ်ကျွမ်းလိုသော် – ပါမောက္ခမျိုးကျော်မြင့်

kaiMay 23, 20172min1943

အင်္ဂလိပ်သဒ္ဒါတတ်ကျွမ်းလိုသော်

အရင်လက adjective clause လေးတွေအကြောင်းအထိုက်အလျောက် ဖော်ပြခဲ့ပြီးပါပြီ။ လိုအပ်တာလေးတွေကို ဒီလမှာဖြည့်စွက်ပေးဖို့ရည်စူးထားပါတယ်။ မစိုးရိမ်ကြပါနဲ့။ စစ်တပ်ကလူကြီးတွေလို ကိုယ့်ဖို့လို အပ်တာလေးတွေကို အကုန်ယူပြီး ပြည်သူလူထုကိုတော့ ဗိုက်ဟောင်းလောင်းနဲ့ထားခဲ့ဖို့ မရည်ရွယ်ပါဘူး။
Adjective clause ဆိုတာ (၂)မျိုး (၂)စား ရှိပါတယ်။ identifying clause နဲ့ Non-identifying clause ဆိုပြီး (၂)မျိုးရှိပါတယ်။ identifying clause လေးတွေကို comma မပါဘဲသုံးပြီး non-identifying clause လေးတွေကိုတော့ comma လေးတွေနဲ့ သုံးရပါတယ်။ ဒီနေရာမှာ တချို့ကထင်မယ်။ ဒီဆရာအလကားလာပြီးရှုပ်နေတယ်။ ဒီ comma လေးတွေကိုချန်ထားခဲ့မယ်။ မေ့ထားခဲ့မယ်ဆိုရင်ဖြစ်ပါတယ် စသဖြင့်ပေါ့လေ။ဒီတော့ အောက်မှာဖော်ပြထားတဲ့ ဝါကျလေး(၂)ခုကိုယှဉ်ကြည့်လိုက်ပါ။ comma လေးတွေရဲ့အရေးပါပုံထင်ထင်ရှားရှားမြင်ရပါလိမ့်မယ်။
“My mother, who lives in San Jose, loves to see her grandchild.”
“My mother who lives in San Jose loves to see her grandchild.”
Mother’s Day က ဒီမေလထဲမှာနော်။ ပထမဝါကျမှာ မည်သူမဆို မိခင်ရယ်လို့ တဦးတည်းတယောက်တည်းသာရှိတဲ့အတွက် non-identifying clause ဖြစ်နေသည့်အတွက် comma လေးတွေထည့်ပေးထားရ ပါတယ်။ အဲ ဒုတိယဝါကျလို comma မပါဘဲရေးမိရင်တော့ ဒုက္ခလှလှတွေ့ရပြီ။ ဘယ့်နှယ် မိခင်ကတယောက်မကပါလား။ ဘယ်မိခင်ကို ပြောမှန်းသိရအောင် comma မပါဘဲ identifying clause အနေနဲ့ သုံးထားတယ်ဆို တော့ငရဲရောက်ဖို့နီးနေပါပြီ။ သား/သမီးမှားပါပြီမေမေရဲ့ comma လေးတွေမေ့ကျန်မိလို့ ပြီးစလွယ်ပြီးထားခဲ့ရတဲ့ ကျေးဇူးတွေ၊ ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ ကျေးဇူးတွေကို စော်ကားမိသလိုဖြစ်ပါပြီဆိုပြီး တောင်းပန်ကန်တော့ရပြီပေါ့။ ကိုယ့်အမေကလွဲပြီး ဘယ်သူ့ကိုအမေတော်ချင်သေးလဲဟဲ့လို့ မေးရတော့မလို ဖြစ်နေပြီ။ ထားပါတော့ မိခင်ဆိုတာ သား၊သမီးအပေါ် ခွင့်လွှတ်တတ်၊ ကြင်နာတတ်တော့ ခွင့်လွှတ်မှာပါ။

အဲရောယောင်ပြီး ဒီလို ရေးမိရင်တော့ သွားစိုက် ဆရာဝန်ဆီရောက်ဖို့ တော်တော်လေးနီးစပ်ပါတယ်။
“My wife, whose father is in Burma, loves to work in the garden.”
“My wife whose father is in Burma loves to work in the garden.”
ပထမဝါကျမှာ Adjective clause လေးကို comma နဲ့စပြီး comma နဲ့ဘဲဆုံးထားတော့ ဇနီးသည် တဦးတည်း တယောက်တည်းဆိုတာ ထင်ရှားပါတယ်။ ဇနီးသည်အနေနဲ့ကျေနပ်စရာပေါ့။ အဲ ဒုတိယဝါကျ မှာတော့ comma မပါတဲ့ identifying clause အနေနဲ့သုံးထားတော့” ဟဲ့ဘယ်လိုကြီးလည်း၊ ထင်ယောင်ထင်မှားရှိနေသလားဆိုပြီး၊ထင်ယောင်ထင်မှားဖြစ်စရာဆိုတော့ အန္တရာယ်များလှပါတယ်။ ဒီတော့ identifying clause နဲ့ Non-identifying clause တို့ရဲ့ ကွဲပြားခြားနားမှုဟာ အရေးကြီးပါတယ်။ non-identifying clause ဆိုတာ ဒီ adjective clause က အထူးပြုနေတဲ့ noun လေးဟာ ဘာလည်းဘယ်သူလည်း တိတိကျကျသိ နေပြီးသားဖြစ်တဲ့အတွက် ထပ်မံပြီး identify လုပ်စရာမလို၊ တနည်းအားဖြင့် ထပ်မံပြီးဖြည့်စွက်ပြီး ရှင်းပြနေစရာမလိုတဲ့အတွက် comma လေးတွေ သုံးပြီး ပြထားပါတယ်။ ဥပမာ-
“John, who is my neighbor, works for Cisco.” ဆိုတဲ့ဝါကျလေးမှာ John ဆိုတတည်းက ဘယ်သူကိုဆိုလိုမှန်းသိနေပါပြီ။ who is my neighbor ဆိုတဲ့ adjective clause လေးက အပိုထည့်ထားခြင်းသာ ဖြစ်ပါသည်။ ဒါကြောင့် comma လေးတွေနဲ့သုံးရတဲ့ non-identifying ပေါ့။ အဲ ” The man who is my neighbor works for Cisco.” ဆိုတဲ့ဝါကျမှာတော့ The man ဆိုရုံနဲ့ ဘယ်သူ့ကိုပြောမှန်းမသိနိုင်သေးပါဘူး။ဒီတော့ who is my neighbor ဆိုတဲ့ adjective clause က ရှင်းပြမှ ဘယ်သူကိုဆိုလိုမှန်း သဘောပေါက်သွားပါတယ်။ ဒါကြောင့် comma မပါဘဲ identifying clause အနေနဲ့သုံးထားရခြင်းဖြစ်ပါတယ်။ မှတ်ရလွယ်အောင် အမည် နာမ တိတိကျကျရှိတဲ့ noun လေးတွေကို non-identifying clause နဲ့သုံးပြီး မတိကျနိုင်တဲ့ noun များကို identifying clause နဲ့ သုံးရတယ်။ comma မလိုဘူးလို့ မှတ်ထားလိုက်ပါ။

အရင်လက relative pronoun ငါးမျိုး ကို ဖော်ပြခဲပါတယ်။ မှတ်မိအုံးမယ်ထင်ပါတယ်- who, whom, whose, that, which ဒီလမှာ (၂)ခုဖြည့်စွက်ပြီး ဖော်ပြလိုပါတယ်။ when, where တို့ပါ။ ဒီ when, where ကို အများအားဖြင့် adverb clause အနေနဲ့သုံး တတ်ကြပါတယ်။ ဒီတော့အထူးသဖြင့် adverb clause အနေနဲ့သုံးတဲ့ when နဲ့ adjective clause အနေနဲ့သုံးတဲ့ when တို့ကို ကွဲပြားခြားနားစွာ နားလည်ထားဖို့လိုပါတယ်။ ဥပမာ-
” I love the summer when the weather is warm and cozy.” ဆိုတဲ့ဝါကျမှာ ” when the weather is warm and cozy.” ဆိုတာ adjective clause လေးဖြစ်ပါတယ်။ ဒီ Adjective clause လေးဟာ Summer ဆိုတဲ့နာမ်လေးကို အထူးပြုနေပါတယ်။ ဒါပေမယ့် ” I love going out when the weather is warm and cozy.” ဆိုတဲ့ဝါကျမှာကြတော့ ” when the weather is warm and cozy.” ဆိုတာ adverb clause လေးဖြစ်ပါတယ်။ ဘယ်အချိန်မှာ အပြင်ထွက်ရမယ်ဆိုတာကို အဖြေပေးနေတဲ့အတွက် တနည်းအားဖြင့်ဘယ်အချိန်မှာ အပြင်ထွက်ရတာကို သဘောကျမှန်းသိအောင် ဖော်ပြပေးနေအတွက် adverb clause လေးဖြစ်နေပါ တယ်။
အရင်လက ဖော်ပြခဲ့သလိုပါဘဲ။ who သည် ကတ္တားကိုအစားထိုးသည်။ whom သည် ကံကို အစားထိုးသည်။ whose သည် ပိုင်ဆိုင်မှုကို ပြသောနာမ်နှင့် နာမ်စားတို့ကို အစားထုိုးသည်။ which သည် လူမဟုတ်သော အရာ ဝတ္ထုများကို အစားထိုးသည်။ အလားတူပါဘဲ when သည် then သို့မဟုတ် prep+noun ကို အစားထိုးပြီး where သည် there သို့မဟုတ် prep + noun တို့ကို အစားထိုးပါသည်။ ဥပမာ-
” I was born in December. It can get very cold in December.”
” I was born in December. It can get very cold then.”
” I was born in December, when it can get very cold.”
” He lives in San Jose. He has many relatives there.”
” He lives in San Jose. He has many relatives in San Jose.”
” He lives in San Jose, where he has many relatives.”
ကဲ – Adjective Clause လေးတွေအကြောင်း အထိုက်အလျောက်တော့ ပြည့်စုံသွားပါပြီ။ နောက်မှ revision အနေနဲ့ပြန်လည်လေ့လာကြသေးတာပေါ့။ ဒီလတော့ ဒီမှာပဲ နားကြရအောင်။

3 comments

  • သျှားသက်မာန်

    May 23, 2017 at 3:47 pm

    thank you

  • ဒီပို့စ်လေးတွေက ဗဟုသုတရလို့ ဖတ်ရတာကြိုက်တယ်..
    ဒါမယ့် သဂျိီးရယ်.. နဂိုကမှ စာဆို မဖတ်ချင်ပါဘူးဆို.. စာတွေက ပူးကပ်.. စာပိုဒ်တွေက မချဲထားတော့ ဖတ်ချင်စရာမကောင်းပုစ်..

    ဒါနဲ့ ဆာလုဏ်းပေါဏ်းဿပ်ပုမ် ဆိုတာ ဘာတုန်း…
    (မေးဖို့ကို မေ့နေတာ.. ချဲ ကို ဘယ်လိုပေါင်းရမှန်းမသိလို့ သွားကြည့်ရင်း သတိရသွားလို့)

    • kai

      July 1, 2017 at 5:17 pm

      စာလုံးပေါင်းသတ်ပုံကို သတိရရအောင်ရေးထားတာ..။ 🙂

Leave a Reply