“အမယ်ဘုတ်ကဲ့သူ့ချည်ခင်”

“အမယ်ဘုတ်ကဲ့သူ့ချည်ခင်”

 

ကျောင်းတွေလဲဖွင့်ပြီ။

ကျေနပ်ခြင်း မကျေနပ်ခြင်း တို့ဖြင့် မွှမ်းထုံသော

ပွစိပိစိ ကွိစိကွစိ အသံများလည်း ဖေ့ဘတ်ပေါ်မှာလျှံတက် ညံပွက်၍လာလေသည်။

အစုးိရကတော့ တရားဝင်ကြေညာထားလေသည်။

အခြေခံမူလတန်းပညာအဆင့် အတွက် ကလေးငယ်များစာသင်ကြားရေးသည်။

အခမဲ့။

လုံးဝ ကုန်ကျစရာမလို။

ကလေးများအားထောက်ပံ့ကြေးပင်ပေးထားလိုက်သေးသည်။

သူတို့၏ရည်ရွယ်ချက်ကလဲ အမှန်တကယ်ကောင်းမွန်ပါသည်။

 

(၁) တပြည်လုံး မှာ ရှိ တဲ့ ကျောင်း နေ အရွယ် ခလေး ငယ် တိုင်း ၊ ကျောင်း အပ် နှံ ၊ ကျောင်း နေခွင့် ရရန်

(၂) ကျောင်း အပ် နှံပြီး တဲ့ ကျောင်း သား တိုင်း ၊ ကျောင်း ထွက် မသွား ရ ဘဲ ၊ ကျောင်း နေ မြဲ ရန်။

(၃) ကျောင်း နေ မြဲတဲ့ ခလေး ငယ် တိုင်း စာ ကို နား လည် တတ်သိ စေရန်။

(၄) ပထမ အဆင့် နေ နဲ့ ကျောင်း အပ်နှံပြီး တဲ့ ခလေး ငယ် တိုင်း ၊ မူလတန်း အဆင့် သင်ယူ ပြီး မြောက် ရန်။

ဒီအချက်များကို ပြည့်စုံအောင် ကတော့ လွယ်ကူမည်မဟုတ်။

ပညာသင်ကြားရေး ကို ခဏထား။

လက်ရှိကျောင်းအပ်ခြင်းကပင် အခက်အခဲတွေလို့ဆိုလိုပါသည်။

ကိုယ့် နေထိုင်ရာ အိမ်ထောင်စုဇယားပေါက်ရာ အနီးစပ်ဆုံးဒေသရှိ

ကျောင်းတွင်သာ ကျောင်းထားရမည်လို့ သတ်မှတ်ထားပါသည်။

နေရာတိုင်းတွင် အခွင့်အရေးတူညီသော ကျောင်းကောင်းများ မရှိ။

မိဘများကတော့ မိမိသားသမီးကိုကျောင်းကောင်းကောင်းတွင်ထားလိုကြသည်။

ဒီတော့လည်း ရွှေမြန်မာတို့ထုံးစံအတိုင်း ကျော်ဘို့ ခွဘို့ နည်းလမ်းတွေရှာကြလေသည်။

ပုံမှန်မဟုတ်သော အခြေအနေမှေ န၍ ဘောင်ဝင်အောင်ဆောင်ရွက်နိုင်သောလမ်းစများကိုရှာကြသည်။

ပုံမှန်ထက် ပိုသော လုပ်နည်းလုပ်ဟန်အတွက်ဆိုလျှင် ငွေလမ်းခင်းကြရပေမည်။

ဒီတော့ လမ်းခင်းသည့်အတွက် တော့ ကုန်ကျ ကြ ပေမည်ပေါ့။

တစ်ရွာမှာ တစ်မြို့မှာ စာသင်ကျောင်းတစ်ကျောင်းထဲသာရှိသော ဒေသများအတွက်တော့

ရွှေးချယ်စရာမရှိပေမယ့် မြို့ကြီးများပေါ်မှာတော့ ကျောင်းပေါင်းစုံရှိလေသည်။

ဟိုးအရင် ခရစ်ယာန်သာသာနာပြုကျောင်းတွေခေတ်က ကျောင်းများသည်

နာမည်ကောင်းရကြလေသည်။

နာမည်ကောင်းအောင်လဲ လုံးပန်းခဲ့ကြ လေသည်။

ဘိုနာမယ် မှ မြန်မာနာမယ်သို့ ပြောင်းခဲ့ကြသော ကျောင်းအတော်များများကို

ကျောင်းကောင်းအဖြစ်သတ်မှတ်ထားကြသည်မှာ ခေတ်အဆက်ဆက်။

ယခုလက်ရှိခေတ်တွင်လည်း မြို့ကြီးပြကြီးများတွင် နာမည်ကောင်းသော ကျောင်းကောင်းများရှိကြပါသည်။

ကောင်းမွန်သော ကျောင်းများတွင် မိမိသားသမီးကိုသာ ထားလိုကြသည်မှာ မိဘများ၏ ဆန္ဒမွန်။

ကျောင်းကောင်း များ၏ဝိသေသမှာ

စာအသင်အပြကောင်းသောဆရာဆရာမများရှိနေခြင်း

နှစ်စဉ်အောင်ချက်ကောင်းခြင်း

ကလေးများအတွက် လုံခြုံ လုံလောက်သော နေရာထိုင်ခင်းရှိနေခြင်း ဆိုသည့်အချက်များပင်။

ကျနော်စဉ်းစားမိသည်ကတော့ ကျောင်းကောင်း ၍ ဆရာကောင်းရှိနေခြင်းလား

ဆရာကောင်းများရှိနေ၍ ကျောင်းကောင်းနေခြင်းလားဆိုသည့်အချက်ပင်။

လက်ရှိအနေအထားမှာ မိဘများကလည်း ကိုယ့်ကလေးကို ကျောင်းကောင်းကောင်းမှာထားဘို့

ရွေးချယ် ကြသလို ဆရာ ဆရာမ များကလည်း ကျောင်း ကောင်းကောင်းမှာ နေနိုင်ဘို့ လုံးပန်းကြပါသည်။

ထိုသို့တွေးမိသောအခါ အမယ်ဘုတ်ရဲ့ ချည်ခင်ကို စတွေ့ရလေတော့သည်။

ရှင်းရန်ခက်သော ရှုပ်ထွေးသောအဖြစ်အပျက်များကို အမယ်ဘုတ်ရဲ့ ချည်ခင် လို့ တင်စားတတ်ကြပါသည်။

ထို့အတူ မျက်မှောက် မြန်မာ့ပညာရေးလောကသည်လည်း အမယ်ဘုတ်ရဲ့ ချည်ခင်နှင့်အလားသဏ္ဍန်တူလှပါသည်။

 

နာမည် မရှိသောကျောင်း တွင် မိမိသားသမီးများ ကို မထားချင်သလို

ထိုကျောင်းများ ဝေးလံခေါင်ဖျား သော အရပ်ဒေသမှ ကျောင်းများသို့လည်း

ဆရာ ဆရာမ များက တာဝန်ထမ်းဆောင်လိုခြင်းမရှိပါ။

ကလေးမိဘများက ကျောင်းကောင်းကောင်းတွင် ထားခွင့်ရဘို့ ကြိုးစားသလို

ဆရာ ဆရာ မ များ ကလည်း မြို့ကျောင်းတွင် အလုပ် လုပ်နိုင်ဘို့ ကြိုးစားကြပါသည်။

ကျောင်းကောင်းကောင်းမှာ နေနိုင်ခွင့် ရအောင်

ဘယ်လို ကြိုးစား ကြသည်ဆိုသည်ကတော့ ပညာခန်း ဘဲ ဖြစ်ပါသည်။

အဆက်အသွယ် ပေါက်ရောက်မူ့ ငွေကြေး ဒီသုံးချက်ထဲက တစ်ချက်ကိုတော့

သေချာပေါက် အသုံးချ မှ ဖြစ်လာနိုင်သည်ကတော့ အမှန်တရား။

 

မည်သည့် ကျောင်းတွင်နေနေ ကျောင်းသားတစ်ယောက်အတွက်

တူညီသော အခွင့် အရေး သာရမည်ဆိုလျှင် မိဘများကလည်းကျောင်းရွေးမည်မဟုတ်။

သို့သော်ကျောင်းဘယ်လောက်ကောင်းကောင်း  ကလေး ကိုယ်တိုင် မကြိုးစားလို့ကတော့

ရလာဒ်ကောင်းမည်မဟုတ်။

ဆရာ ဆရာမ များ ဘက်ကကြည့်ပြန်လျှင်လည်း မြို့ကျောင်းဖြစ်ဖြစ် နယ်ကျောင်းဖြစ်ဖြစ်

ဖြစ်သင့်သော ရသင့်ရထိုက်သော အခွင့်အရေးသာ ရမည်ဆိုပါက ကျောင်းရွေးမည်မဟုတ်။

ရသင့်ရထိုက်သော အခွင့်အရေးဆိုသည်မှာ မြို့ကျောင်းမှ ဆရာ ဆရာမများထက်

ဝေးလံခေါင်ဖျားသော ဒေသမှ ဆရာ ဆရာမ များအတွက် ထိုက်သင့်သောခံစားခွင့်များကို အပိုဆောင်းပေးရန်လိုအပ်ပါသည်။

မြို့ နှင့် နယ် ခံစားခွင့် အတူတူ သာဆိုပါက သူတူ ကိုယ်တူ မည်သူမျှ နယ်မှာမနေပါ။

သွားရေးလာရေး စားရေးသောက်ရေး နေရေးထိုင်ရေး ခက်ခဲသော ဒေသများစွာရှိပါသည်။

ဝေးလံခေါင်ဖျား သောအ ရပ်ကို မဆိုထားနှင့် မြို့နှင့် မလှမ်းမကမ်းသော ရွာကျောင်းများ

တွင်တာဝန်ထမ်းဆောင်ရသော ဆရာ ဆရာ မများအတွက် ပညာရေးဌာနမှ နေရာထိုင်ခင်း

ပေးနိုင်ခြင်းမရှိ။

ထို့အတွက်အိမ်ငှား အဆောင်ငှားနေရသော ဒုက္ခများရှိနေပေသည်။

ဝယ်စားစရာ ဆိုင်မရှိ၍ မိမိဘာသာ  ဖြစ်သလိုချက်ပြုတ်စားသောက်ရခြင်းများရှိပေသည်။

ထို့ထက်ခက်ခဲသော အခက်အခဲက ကျောင်းသားဦးရေ နှင့် ဆရာ ဆရာမ ဦးရေလုံလောက်မူ့မရှိခြင်းပင်။

ဝေးလံခေါင်ဖျားသော ဒေသတွင် နေထိုင်လိုသောဆရာ ဆရာမ မရှိ။

ကျောင်းသားဦးရေ  အတွက်လုံလောက်သော ဆရာ ဆရာမ မရှိ။

ဒီတော့ အလုပ်တွေ မနိုင်မနုင်းဖြစ်။

ထို့အထဲ တွင် စာသင်ကြားရခြင်းအပြင် အမည်မဖော်ပြနိုင်သော

ညွှန်ကြားမူ့များ

လုပ်ငန်းစဉ်များ ကလဲ ဖိစီးမူ့ တစ်ရပ်အဖြစ်ကြုံရပြန်ပါသည်။

အစည်းအဝေးများ

စာရွက်စာတမ်းများ

သင်ထောက်ကူ အတွက် ပြင်ဆင်ရခြင်းများ

စာရင်းဇယားများပြုစုရခြင်း

စသောအကြောင်းအချက်များစွာနှင့်အတူ အချိန်မလုံလောက်ခြင်း ဆိုသောနောက်ဆက်တွဲများက

တန်းစီ၍လိုက်လာလေသည်။

မြို့ကျောင်းများနှင့်နယ်ကျောင်းများ တာဝန်ထမ်းဆောင်ရပုံ ကြုံတွေ့ရပုံခြင်းအတူတူဖြစ်သော်လည်း

နေ့စဉ် တာဝန်ယူ၍ သင်ကြားရသော အချိန်စာရင်းကတော့ မြို့ကျောင်းက ပို၍ သက်သာသည်အမှန်။

မြို့ကျောင်းမှ ဆရာ ဆရာမ များ တော့ ဆရာဆရာမ ဦးရေ များ သောကြောင့်

တာဝန်ယူ ရသော အချိန်စာရင်းလည်းလျှော့လေသည်။

နောက်ပြီး မိမိသင်ကြားရသော အတန်းတွင် ရှိသော ကျောင်းသားဦးရေ သည် ရှိသင့်တာထက်မပိုသော

ကြောင့်  လာသမျှ ကလေး ကို အကုန် ပြွတ်သိပ်၍ထည့်ထားရသော နယ်ကျောင်းထက်စာလျှင်

လူ သက်သာမည် ကားအမှန်။

နယ်ကျောင်းနှင့် မြို့ကျောင်း ခြားနားချက် က ဒါဘဲလား ဟု မေးခွန်းထုတ်မိသောအခါ

ဖြေရှင်း မရ နိုင်သော ကျူရှင် ဆိုတာကြီး က ခေါင်းပြူ၍လူလုံးပြလေတော့သည်။

ကျူရှင်နှင့်ပညာရေး ပညာရေးနှင့် ကျူရှင် ဘယ်အချိန် ကစပြီး အကျွမ်းတဝင်ဖြစ်လာသလဲ

ဆိုသော အရာကို တွေးမိလေသောအခါ

ငါ့အတွေးများလည်း မီး ခိုးတွေ အူ လေ ပေတော့သည်။။

 

 

ကိုပေါက်(မန္တလေး)

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

2617

3 comments

  • သင့်အေးရိပ်

    June 2, 2017 at 2:52 pm

    ကျနော် ခြောက်တန်းလောက်အထိကတော့
    ကျူရှင်ဆိုတာကို တက်တဲ့သူ သိပ်မရှိ။
    စာမေးပွဲ နီးပြီဆိုရင် အတန်းထဲမှာပဲ အချိန်ပို ဆိုတာ
    ထပ်သင်ပေးတယ်။ ကျူရှင်လိုမျိူး အဖိုးအခ ပေးစရာ မလိုပဲ အချိန် ပို သင်ပေးခဲ့တဲ့ စေတနာကောင်းသော ဆရာ/ဆရာမတွေနဲ့ ကြုံခဲ့ရတာ။
    အဲ့ဒီ ငယ်ငယ်တုန်းက ဆရာ/မတွေကို သတိရလိုက်တာ။

    • kai

      June 4, 2017 at 6:17 am

      အမေရိကားမှာဆို… အဲဒီသဘော…
      ငွေနဲ့ ပညာရေး တိုက်ရိုက်အချိုးကျ..။ :k:

Leave a Reply