အနုပညာရှင်များ ပြည်ပဖျော်ဖြေရေး သွားရန် စိုးရွံ့

toyoSeptember 2, 20101min678

ပြည်ပနိုင်ငံသို့ ဖြေဖျော်ရေး သွားရောက်ခဲ့သည့် အနုပညာရှင်များအား ပြည်ပရောက် မြန်မာများက ကန့်ကွက်ဆန္ဒပြကြ သောကြောင့် ပြည်ပခရီးစဉ်များ ထပ်မံ သွားရောက်ရန် စိုးရွံ့နေကြကြောင်း သိရသည်။

NewYork_Concert

အမေရိကန်နိုင်ငံတွင် ယခုလအတွင်း သွားရောက်ဖျော်ဖြေကြမည့် အနုပညာရှင်များ (ဓာတ်ပုံ – myanmarcelebrity.com)

ဇူလိုင်လနှင့် ဩဂုတ်လမှ စတင်ကာ အင်္ဂလန်နိုင်ငံ လန်ဒန်၊ မန်ချက်စတာ၊ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ၊ ဘတ်ဖဲ လိုး၊ မင်နီဆိုးတားနှင့် အယ်လ်ဘနီ မြို့ များသို့ သွားရောက် ဖျော်ဖြေခဲ့ကြသည့် အနုပညာရှင်များအား စစ်အစိုးရ၏ ဝါဒဖြန့် ဇာတ်ကား “အရုဏ်ဦးမှာ ဖူးသည့်ကြာ” တွင်ပါဝင်သည်ဟု ဆိုကာ ပြည်ပရောက် မြန်မာများက ဆန္ဒပြခဲ့ကြ သကဲ့သို့ ယင်းကိစ္စများမှာ အင်တာနက် အုပ်စုမေးလ် များတွင် ပျံ့နှံ့ နေခဲ့သည်။

သရုပ်ဆောင် ဆုပန်ထွာက ဂျပန်နိုင်ငံ ခရီးစဉ်တခုကို မေသန်းနုနှင့် အတူသွားရန် စီစဉ်ထား သော်လည်း ယခုကဲ့သို့ ဆန္ဒပြမှုများ ရှိနေသဖြင့် မလိုက်ရဲ တော့ကြောင်း ပြောပြသည်။

ယခင်လက Ovation Band နှင့်အတူ အမေရိကားဖျော်ဖြေရေး ခရီးစဉ်ကို သွားရာ ဝိုင်းစုခိုင်သိန်းအား “အရုဏ်ဦးမှာ ဖူးသည့်ကြာ” ပေါ်လစီဇာတ်ကားတွင် ပါဝင်သောကြောင့်ဟု ဆို၍ ပြည်ပရောက်မြန်မာများက ဆန္ဒပြကြသဖြင့် ဝိုင်းစုခိုင်သိန်းမှာ စင်ပေါ်သို့ပင် မတက်ရဲခဲ့ကြောင်း၊ လန်ဒန်ခရီးစဉ်တွင်လည်း မင်းသား နေတိုးကို Shopping ထွက်နေသည့် အချိန်၌ပင် ဆန္ဒပြခဲ့ကြောင်း ဆုပန်ထွာက ဆိုသည်။

“ဇူးဇူးမောင်နဲ့လည်း ဂျပန်သွားဖို့ရှိတာ မသွားရဲတော့ဘူး။ တကယ်တော့ ကျမတို့အားလုံး ဖိအားတခုကြောင့် လုပ်နေရတာပါ။ ကိုယ်က ဒီနိုင်ငံရဲ့ ပေါ်လစီအတိုင်း သွားနေရတာပါ။ ကိုယ့်တိုင်းပြည်ကို အားလုံး ချစ်တဲ့သူချည်းပါပဲ” ဟု သူက ဆက်ပြော သည်။

နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် အများအပြားပါဝင်ထားသော “အရုဏ်ဦးမှာ ဖူးသည့်ကြာ” ဇာတ်ကားကို ဒုတိယ ဗိုလ်မှူးကြီး ဟောင်း တဦးဖြစ်သော ဒါရိုက်တာ တင်သန်းဦးက ရေးသားရိုက်ကူးပြီး ကာကွယ်ရေး ဝန်ကြီးဌာန အပြင် နေပြည်တော်တိုင်း၊ ရန်ကုန်တိုင်း၊ အလယ်ပိုင်းတိုင်း၊ အနောက်တောင်တိုင်း စသည့် တိုင်း စစ်ဌာနချုပ် များမှ တိုင်းမှူးများ၊ ဌာနဆိုင်ရာများကပါ ဇာတ်ကားဖြစ်မြောက်ရေး အတွက် ပံ့ပိုး ကူညီပေးခဲ့ကြကြောင်း သိရသည်။

ယင်းဇာတ်ကားကို နဝရတ်ရွှေစင် ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ၂၀၀၉ ခုနှစ် စက်တင်ဘာလမှ စတင်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း နှစ်ပတ်လည် ဂုဏ်ပြုဇာတ်လမ်းအဖြစ် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

“အရုဏ်ဦးမှာ ဖူးသည့်ကြာ” ဇာတ်ကားတွင် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ နာမည်ကြီး သရုပ်ဆောင်များ ဖြစ်ကြသော ကျော်ရဲအောင်၊ လွင်မိုး၊ လူမင်း၊ ခန့်စည်သူ၊ နေတိုး၊ ပြေတီဦး၊ အောင်ခိုင်၊ အရိုင်း၊ ငှက်ပျောကြော်၊ ကင်းကောင်၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ အိန္ဒြာကျော်ဇင်၊ မြတ်ကေသီအောင်၊ သက်မွန်မြင့်၊ မျိုးသန္တာထွန်း၊ မယ်လိုဒီ၊ ဆုကဗျာ၊ စိုးပြည့်သဇင်၊ မိုးဟေကို၊ မေသက်ခိုင်၊ ပုလဲဝင်း၊ ပွင့်နဒီမောင်၊ ရတနာမိုင်၊ အေးမြတ်သူ အစရှိသည့် သရုပ်ဆောင်များစွာ ပါဝင်ထားသည်။

ထိုဇာတ်ကားတွင် လွတ်လပ်ရေးရပြီးနောက်ပိုင်း ကျောင်းသားလှုပ်ရှားမှုနှင့် နိုင်ငံရေးလုပ်ရှားမှုများကို တင်ပြထားသော်လည်း သမိုင်း အမှန်ကို ပြင်ဆင်ကာ ရိုက်ကူးထားခြင်းကြောင့် ဝေဖန်မှုများစွာ ခံခဲ့ရသည်။

ယင်းဇာတ်ကားတွင် ပါဝင်သည့် သရုပ်ဆောင်များအား နာမည်အတိအကျ စာရင်းခေါ်ယူခြင်းဖြစ်ပြီး မပါဝင်သည့် သူများကို ဇာတ်ကားရိုက်ကူးခွင့် ၁ နှစ်ပိတ်ပင်မည်ဟု သတိပေးခဲ့ကြောင်းလည်း အနုပညာရှင်များထံမှ သိရသည်။

“ဒီဇာတ်ကားရိုက်လို့ ပြည်တွင်း၊ ပြည်ပက ပရိသတ်တွေ ဝေဖန်တာကိုခံခဲ့ ရပါတယ်။ တကယ်တော့ အနုပညာရှင်တွေအနေနဲ့ ငြင်းနိုင်တဲ့ အင်အား၊ ငြင်းပိုင်ခွင့် တခါတလေမှာ လုံးဝ မရတတ်ပါဘူး။ ဒါကြောင့်ပရိသတ်တွေ အနေနဲ့  ဘယ်လိုဇာတ်လမ်း မျိုးမှန်း မသိရကောင်းလား၊ ရိုက်ရလား ဆိုပြီး မဝေဖန်စေချင်ပါဘူး” ဟု အမျိုးသား သရုပ်ဆောင် တဦးက ပြောသည်။

ဇူလိုင်လ ၃၁ ရက်နေ့က အင်္ဂလန်နိုင်ငံသို့  ရောက်ရှိ နေသော မြန်မာနိုင်ငံမှ နာမည်ကြီး ရုပ်ရှင် သရုပ်ဆောင် နေတိုး၊ သရုပ်ဆောင်အဆိုတော် ထွန်းထွန်း၊ ကျော်ကျော်ဗို အပါအဝင် ၁ဝ ဦး ပါဝင်သည့် အဖွဲ့ ကို လန်ဒန်နှင့် မန်ချက်စတာမြို့များရှိ မြန်မာများက ပြင်းထန်စွာကန့်ကွက်  ဆန္ဒပြခဲ့ကြသည်။

ဇာတ်ကား တရားဝင်ပြသသည့်နေ့ကတည်းက  မြန်မာပရိသတ်များထံမှ  သမိုင်းကိုပြင်ဆင်၍ ရိုက်ကူးသည့်အတွက် ဝေဖန်မှုများ ရှိသည့်အပြင်၊ ပြည်ပရောက် မြန်မာများထံမှ  မိမိနိုင်ငံ၏ သမိုင်းကြောင်းကို မသိနားမလည်ဘဲ ငွေကြေးကြောင့် ရိုက်ကူးသည် ဆိုကာ ဝေဖန်သံများ အနုပညာအသိုင်းအဝန်းတွင် ပျံ့နှံ့နေခဲ့ကြောင်း သိရသည်။

“ပေါ်လစီကားရိုက်လို့ ပိုက်ဆံပိုရလားဆိုတော့ မရပါဘူး။ တဘက်မှာလည်း ကိုယ့်စားဝတ်နေရေးအတွက် လူကြီးတွေ  ကြည်ဖြူအောင် သူတို့ ခိုင်းတဲ့အတိုင်း လုပ်ရတဲ့ သဘောပါပဲ။ တော်ကြာ ၁ နှစ်ပိတ်တယ်တို့၊ ၂ နှစ်ပိတ်တယ်တို့ ဆိုတာတွေက သူတို့ လက်ထဲမှာပဲ ရှိတာ” ဟု ဟာသ သရုပ်ဆောင် တဦးက ပြောသည်။

စက်တင်ဘာလ ၄ ရက်နေ့၌ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုတွင် ပြုလုပ်မည့် ရှိုးပွဲတခုတွင် အဆိုတော် ရဲလေး၊ မင်းမော်ကွန်း၊ L ဆိုင်းဇီ၊ ဝိုင်းဆု ခိုင်သိန်း၊ ရေဗက္ကာဝင်းတို့ ပါဝင်ဖျော်ဖြေမည်ဟု ပွဲစီစဉ်သူ ကိုချစ်ခင်က ဆိုသည်။

“အနုပညာသမား တယောက်ကို ဒီလိုလုပ်တာမျိုးတော့ မဖြစ်စေချင်ပါဘူး။ ဆန္ဒပြမယ့် သူတွေဘက်ကလည်း ပြချင်ပြပေါ့၊   ကျနော်တို့ ဘက်ကလည်း လုပ်စရာရှိတာ ဆက်လုပ်သွားမှာပဲ။ ပွဲဖျက်လိုက်တာတို့၊ အဆိုတော်ကို ဖယ်လိုက်တာမျိုး တို့တော့ မလုပ်ဘူး” ဟု သူက ပြောသည်။

ဆန္ဒပြမှုများဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့် စက်တင်ဘာ ၁၁ ရက်နေ့တွင် လော့စ်အိန်ဂျလိစ်တွင် ပြုလုပ်မည့် ပွဲ၌ ဝိုင်းဆု ခိုင်သိန်း မပါဝင်တော့ကြောင်း ကြေညာထားသည်။

“သူတို့ မကြိုက်တဲ့ ဇာတ်ကားကို ရိုက်လို့ သရုပ်ဆောင်တွေကို ဆန္ဒပြတယ်ဆိုတာ လွဲနေတယ်လို့ထင်တယ်။ တကယ့် တကယ်တမ်း လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရအောက်မှာ နေနေရတဲ့ သူတယောက် အနေနဲ့ အာဏာသုံးပြီး ခိုင်းလာရင် လုပ် ရမှာပဲလေ” ဟု လန်ဒန်ရောက် မြန်မာကျောင်းသားတဦးက ဝေဖန်သည်။

မိုးကြိုးသွား ဆိုသူက 8888 peoplepower ဝက်ဘ်ဆိုက်၌ ဆန္ဒပြ လှုပ်ရှားသူများမှာ ဝိုင်းဆုခိုင်သိန်းကို ပုဂ္ဂိုလ်ရေးအရ မုန်း၍ မဟုတ်ကြောင်း၊ ၂၀၀ရ ရွှေဝါရောင်တော် လှန်ရေးတွင် နအဖ က ဆန္ဒပြသူအားလုံးကို နှိမ်နင်းခဲ့သကဲ့သို့ ဒီမိုကရေစီ ဘက်တော်သမားများသည်လည်း အနုပညာသများ အမေရိကန်နိုင်ငံသို့ လာရောက်ဖျော်ဖြေစဉ် ဝိုင်းဝန်းဆန္ဒပြခြင်းသာ ဖြစ်ကြောင်း ရေးသားထားသည်။

“လူကို တိုက်တာ မဟုတ်ပါဘူး။ လုပ်ရပ်ကို တိုက်တာပါ။ ဆန္ဒပြလိုက်တဲ့အတွက် ဝိုင်းစုခိုင်သိန်း မသေသလို၊ ဟိုတယ် အပျံစားမှာ နေပြီးမှ ပြန်ရတာပါ။ နအဖ ထက်စာရင် အမေရိကားမှာ ဆန္ဒဝိုင်းပြသူတွေက သိမ်သိမ်မွေ့မွေ့ တုံ့ပြန်တာပါ။ ဝိုင်းဆုခိုင်သိန်း သေမသွားပေမယ့်လည်း ဒီမိုကရေစီ ဘက်တော်သားတွေ အများကြီး သေခဲ့ရတာပါ” ဟု မိုးကြိုးသွားက ရေးသားထားသည်ကို တွေ့ရသည်။

မြန်မာ အနုပညာရှင်များမှာ ပြည်ပသို့ သွားရောက်ဖျော်ဖြေရန် ခက်ခဲမှုများ ရှိနေသကဲ့သို့ ပွဲစီစဉ်သူများ အနေနှင့်လည်း ပြည်ပ ပရိသတ်အကြိုက် အနုပညာရှင်များကိုသာ ရွေးချယ်ခေါ်ယူသွားတော့မည် ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ပြည်ပပွဲများ စီစဉ်ပေးနေသူ တဦးကဆိုသည်။

“ပြည်ပမှာ ဒီလို ဆန္ဒပြတာတွေဖြစ်တော့ နောက်ဆို ပွဲစီစဉ်သူတွေက နိုင်ငံရေး ဇာတ်ကားတွေမှာ ပါတဲ့ သူတွေဆို ခေါ်ဖို့ တော်တော်ခဲယဉ်းသွားမယ်။ အနုပညာရှင်တွေ ပို့ပေးပြီးမှ ပွဲဖျက်ရတယ်ဆိုရင် စီးပွားရေးသမားတွေ ဘက်က ဘယ်လိုမှ အဆင်မပြေဘူး” ဟု သူက ပြောသည်။

8 comments

  • bigcat

    September 2, 2010 at 2:35 am

    နောက်တခါလာရင် ရိုက်ထုတ်မယ်။

  • လင်းဝေကျော်

    September 2, 2010 at 3:01 am

    အရေးလုပ်ပြီး သူ့သွား ဆန္ဒပြနေတယ်။
    ဟိုက စာရင်းမရှိ အလကားဟာမ။
    ခိုင်းတာလုပ်ရတာ ချွတ်ဆိုချွတ်၊ မှုတ်ဆိုမှုတ် အဆင့်ပဲရှိတာ။

    • True Faith

      September 2, 2010 at 5:42 am

      ကိုလင်းဝေကျော်ရေ…

      စိတ်ကို ထိန်းပါဗျာ။ မြန်မာတွေရဲ့ ချစ်စရာ ဓလေ့ဟာ ယဉ်ကျေးတာလည်း ပါပါတယ်။ မကြိုက်ဘူးဆိုရင်လည်း ယဉ်ကျေးစွာ ပြောနိုင်ပါတယ်။ ကျနော်လည်း သူတို့ကို မကြိုက်ပါဘူး။

      ဒါပေမယ့် ကိုယ့်မှာလည်း နှမ၊ အမေစသဖြင့် မိန်းမသားဆွေမျိုးတွေ ရှိနေလေတော့ မကောင်းဘူးလေဗျာ။ ပို့စ်ဖတ်သူတွေထဲမှာလည်း မိန်းမသားတွေ ပါနိုင်တာဆိုတော့ လူမြင်မတင့်တယ်လို့ ပြောတာပါ။ ဆရာလုပ်တယ် မထင်ပါနဲ့ဗျာ။ ပြီးတော့ စိတ်လည်း မဆိုးပါနဲ့။

  • intro

    September 2, 2010 at 3:21 am

    ဒီနိုင်ငံကတော့ သိတယ်မဟုတ်လား၊ သိတယ်မဟုတ်လား၊ လိုတာနဲ့ အသုံးချခံနေရတာ…

  • kopauk mandalay

    September 2, 2010 at 8:39 am

    မိတ်ဆွေတို့ရေ အနုုပညာသည်ဆိုတာ ခေတ်အဆက်ဆက် ပဲ့ပြားပင်လို့ လေလာရာဘက်ကို ယိမ်းလို့နေရတဲ့သူတွေပါ။
    အရေးအခင်းကာလတုန်းက သီချင်းတွေလိုက်ဆိုရ လိုက်ဟောပြောလိုက်ရနဲ့လုပ်ခဲ့တဲ့သူတွေ အခုကျတော့လည်း
    ပါဝင်လို့ဖျော်ဖြေရပါတယ်။
    နောက်တစ်ယောက်ပြောင်းရင်လဲဒီလိုဘဲဖြစ်အုံးမှာပါ။
    သူတို့က အသုံးချခံရတဲ့လူတွေဖြစ်နေတာကိုတော့ နားလယ်ပေးစေချင်ပါတယ်လို့။
    သူတို့ကိုယ်စား ဝင်ပြီးမေတ္တာရပ်ခံပေးချင်ပါတယ်။
    ကြိုပြီးပြောလို်က်ပါမယ် ကျနော်နဲ့ထိစပ် ပါတ်သက်သူမှာ အခုလက်ရှိ နာမယ်ကြိးနေတဲ့အနုပညာသယ်တစ်ယောက်မှ မပါဘူးနော်.

  • မန်း ရိပ်

    September 2, 2010 at 2:22 pm

    kopauk mandalay ပြောတာမှန်တယ်

  • MTY

    September 2, 2010 at 2:33 pm

    ဟုတ်ပါတယ်ဗျာ…Kopauk mandalay..ပြောတာ…အနုပညာသည်မှမဟုတ်ဘူး…လူတွေမှာဒီသဘောချည်းပါဘဲ…စားဝတ်နေရေးက ရှိသေး…လူတိုင်းမမာနိုင်ဘူး…

  • ultimate

    September 9, 2010 at 4:24 am

    မိုးကောင်းတုန်းတော့ ရွာထားကြဦးပေါ့ကွာ။ ပြည်သူချစ်တဲ့ အနုပညာရှင်တွေကိုအသုံးချပြီး ဝါဒဖြန့်တာ။ ဇာတ်ကားထဲမှာဆို ဦးနုကို တောင် မကောင်းပြောထားသေးတယ်။ အရှက် မရှိ ဘဲ “ကိုုယ့်ဖယောင်းတိုင် မီးလင်းအောင် ကျန်တဲ့ဖယောင်းတိုင် ကို မီးလိုက်မှုတ်တာ´´ ။ သူတို့ခေတ်ဆိုတော့ လည်း အနုပညာရှင်တွေက ခိုင်းတဲ့အတိုင်းလုပ်ရတာပါ။ မလုပ်ရင် ပြသ နာတက်သွားမှာ။ မင်းသား၊မင်းသမီးတွေ ကလည်း ဒီလိုဇာတ်ကားမျိူးကို မရိုက်သင့်ဘူးလေ။ မရိုက်ချင်ဘူးပြောလည်း မရိုက်ဘဲနေလို့မှ မရတာ။ ဒါကြောင့်…………………….

Leave a Reply