အပြုံးနဲ့ကြိုဆို အငိုနဲ့နှုတ်ဆက်

toyoSeptember 2, 20101min531

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မိတ်ဆွေတစ်ယောက်ရဲ့ ဇနီးသည် ဆုံးပါးသွားလို့ “အသုဘ” သွားမေးဖြစ်တယ်။ အသက်က (၄၈)နှစ်။ ကျွန်တော့်ထက် တစ်နှစ် ငယ်ပါတယ်။ အလုပ်အကိုင်က ဆရာဝန်,မ။ ကင်ဆာရောဂါကို (၁၂)နှစ်ကြာအောင် ကြံ့ကြံ့ခံရင်း နောက်ဆုံး လက်မြှောက် အရှုံးပေး သွားခဲ့ရတာပါ။ သမီးလေး (၃)ယောက် ကျန်ရစ်ခဲ့ပါတယ်။

နောက် (၂)ရက်ကြာတော့ ဂွတ်တလစ်မှာ နေတဲ့ ကျွန်တော့် အဒေါ်တစ်ယောက် ဆုံးပါးသွားပြန်ပါတယ်။ သူကတော့ အသက် မငယ်တော့ဘူးလို့ ပြောရင်လည်း ရပါတယ်။ အသက် (၆၈)နှစ်ပါ။

လေဖြတ်ပြီး အိပ်ယာထဲမှာ (၆)လ လောက် ဝေဒနာ ခံစားပြီးမှ ကွယ်လွန်သွားရတာပါ။ အလွန်ပင်ပန်း ဆင်းရဲပါတယ်။ အိပ်ယာထဲမှာ ကြာရှည်လဲလျောင်း နေရတဲ့ အတွက် ဖြစ်ပေါ်လာတဲ့ “အိပ်ယာနာ” (bed sore) တွေကြောင့် အပြင်းအထန် နာကျင်ကိုက်ခဲမှုကို ခံစားပြီး ကွယ်လွန်သွား ရတာပါ။ မြင်ရတာ မသက်သာလွန်းလို့ ဆုံးပါးသွားတာကိုဘဲ ဝဋ်ကျွတ်သွားတာဘဲလေ လို့တောင် သဘောထား မိ လိုက်ပါတော့တယ်။

ကနေ့ နေ့လယ် (၁၂)နာရီမှာ “အသုဘ” ချပါတယ်။ မရောက်တာ အတော်ကြာနေပြီ ဖြစ်တဲ့ “ရေဝေး” ကို ရောက်ခဲ့ရ ပြန်ပါပြီ။ “ရေဝေး” သုဿန်ရဲ့ မြင်ကွင်းတွေကတော့ အရင်တုန်းကလိုဘဲ ဘာမှ မပြောင်းလဲ သေးပါဘူး။

. . . ကားတွေ တစ်စီးပြီး တစ်စီး ဆိုက်လာမယ် . . .  လိုက်လံပို့ဆောင်သူတွေ မျက်နှာ မသာမယာနဲ့ ကားတွေပေါ်က ဆင်းလာမယ် . . . ဆလွန်းကားပေါ်က မိသားစုဝင်တွေ /ဆွေမျိုးတွေ မျက်ရည်ဖြိုင်ဖြိုင် နဲ့ ဆင်းလာကြမယ် . . . ပြင်ဆင်ထားတဲ့  “ကွယ်လွန်သူ” ရဲ့ ရုပ်အလောင်းကို တစိမ့်စိမ့် ကြည့်ကြရင်း နောက်ဆုံးခရီးကို “အငို နဲ့ နှုတ်ဆက်” ကြမယ် . . .  စိတ်မခိုင်တဲ့ သူတွေဆိုရင် အော်ကြ၊ ဟစ်ကြမယ်။ ရင်ဘတ် စည်တီးကြမယ် . . . အပူလုံးဆို့ပြီး “တက်” သွားလို့ ဝိုင်းပြီး နှိပ်ကြ နှယ်ကြရမယ် . . . နောက်ဆုံးတော့ အလောင်းကို မီးသဂြိုဟ်စက် ထဲ ထည့်လိုက်မယ် . . . ခေါင်းတိုင်က အငွေ့တလူလူ ထွက်လာမယ် . . . ခဏနေရင် လူတစ်ယောက်ရဲ့ အသွင်သဏ္ဍန် ကနေ “ပြာအိုး” တစ်အိုးအဖြစ် ပြောင်းလဲ ရောက်ရှိသွားရပါတော့တယ် . . .

ဒီမြင်ကွင်းတွေကတော့ “ရေဝေး” ကို ဘယ်အချိန်ရောက်ရောက် မပြောင်းလဲနိုင်တဲ့ မြင်ကွင်းတွေပါ။ လူတစ်ယောက် ရဲ့ ဘဝခရီး အဆုံးသတ် မြင်ကွင်းတစ်ခု ပါ။ လူ့ဘဝရဲ့ နောက်ဆုံးခရီးကို “အငို နဲ့ နှုတ်ဆက်” ကြရတဲ့ မြင်ကွင်းပါ။ လူတန်းစားအမျိုးမျိုး၊ အသက်အရွယ် အစုံစုံ သာပြောင်းလဲ နေလိမ့်မယ်။ အားလုံးကတော့ လူ့ဘဝရဲ့ အပြန်ခရီးကို “အငို နဲ့ နှုတ်ဆက်” ကြတဲ့ ပွဲပါဘဲ။

လူ့ဘဝကို အလာတုန်းကတော့ ဒီလိုမဟုတ်ခဲ့ပါဘူး။ အားလုံးက အပြုံးပန်းတွေနဲ့ ကြိုဆိုခဲ့ကြတယ် မဟုတ်လား။ ကိုယ့်ရဲ့ မိခင်၊ ဖခင်၊ အဖိုး ၊ အဖွား ၊ ဦးလေး အဒေါ် တို့ရဲ့ ပီတိ ရွှန်းဝေနေတဲ့ အပြုံးပန်းတွေနဲ့ ကျွန်တော်တို့တစ်တွေ အကြိုဆိုခံခဲ့ကြရပါတယ်။ လူ့ဘဝထဲကို ရောက်လာခဲ့ကြတဲ့ သူတွေ အားလုံးလောက်ပါဘဲ။ သိပ်ပျော်စရာကောင်းလှတဲ့ “အလာ ခရီး” ပေါ့ဗျာ။

အပြန်ခရီးကတော့ လိုက်ပါ နှုတ်ဆက်သူတွေ များလှပေမယ့် ပျော်စရာတော့ မကောင်းလှ ပေဘူးပေါ့ဗျာ။ အားလုံးဟာ မျက်နှာ ညှိုးညှိုးငယ်ငယ် နဲ့ ချည်းပါဘဲ။

“မသာတစ်ခေါက် ၊ ကျောင်း ဆယ်ခေါက်” ဆိုတဲ့ ဆိုရိုးစကားလေးကို သိကြမှာပါ။ “အသုဘ” ကို တစ်ခေါက် လိုက်ပို့လိုက်တာဟာ “ဘုရားကျောင်းကန်” ကို (၁၀)ခေါက် သွားရတာလောက် ကုသိုလ်ရပါတယ် တဲ့။ ငယ်ငယ်တုန်းက လူကြီးတွေ ပြောကြတာပါ။ ဪ ဟုတ်လားပေါ့။ ငယ်ငယ်ကတော့ ဒီလိုဘဲ သိခဲ့ပါတယ်။

ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေကလည်း “ကုသိုလ်” ဆိုတာကို တော်တော် ခုံမင်နှစ်သက်ကြပါတယ်။ ဘာမှ ရေရာ သေချာမှု မရှိလှတဲ့ လူ့ဘဝ ကြီးထဲမှာ “နေဖို့ဘဲဖြစ်ဖြစ်” ၊ “သေဖို့ဘဲ ဖြစ်ဖြစ်” ကုသိုလ်တော့ များများတော့ ရအောင်လုပ်ရမယ်လို့ ထင်မြင် ယူဆကြပါတယ်။ ဒါကြောင့် လှူကြတယ်၊ တန်းကြတယ် ၊ ဥပုဒ်သီတင်း ဆောက်တည် ကြတယ်၊ အဓိဌာန် ဝင်ကြတယ် ၊ ဇီဝိတ ဒါန (ငါးလွှတ်၊ ငှက်လွှတ်) တွေ လုပ်ကြတယ်၊ တရား အားထုတ်ကြတယ် ၊ အသုဘတွေ လိုက်ပို့ကြတယ်။ ကုသိုလ် ရအောင်လို့ တဲ့။

အမှန်ကတော့ “မသာတစ်ခေါက် ကျောင်းဆယ်ခေါက်” ဆိုတာ ကုသိုလ်ယူဖို့ ပြောတာ မဟုတ်ပါဘူး။ “သံဝေဂ” ရနိုင်အောင် လို့ပါ။ ထိတ်လန့် နိုင်ကြအောင်လို့ပါ။ ဪ – ငါလည်း  တစ်နေ့မှာ  ဒီနေရာကို ဒီလို အဖြစ်မျိုးနဲ့ ရောက်ရမှာဘဲ၊ ဒီနေရာ၊ ဒီအခန်း ၊ ဒီ ကုတင်ပေါ်မှာ လဲလျှောင်း ရမှာ ဧကန်မုချဘဲ။ ကိုယ့်ကိုယ်ကို “ငါ” ထင်နေတဲ့ ဘဝကနေ “ငါ” မဟုတ်တဲ့ အရိုးပြာအိုး တစ်အိုး အဖြစ်နဲ့ နိဂုံး ချုပ်ရမှာပါလား . . လို့ သံဝေဂတရား ဖြစ်ပေါ်မှသာ “ကျောင်းကန်ဘုရား ဆယ်ခေါက်သွားသလောက်” အကျိုးရှိမှာကို ဆိုလိုတာပါ။

ဒါပေမယ့် (ကျွန်တော်ထင်ပါတယ်) . . အသုဘ ပို့သူ (၁၀၀)မှာ , ဒီလို နှလုံးသွင်းတဲ့သူ တစ်ယောက် မရှိလောက်ပါဘူး။  “လူ” ဆိုတဲ့ သတ္တဝါဟာ အင်မတန် “အတ္တ” စိတ် ကြီးမားသလို၊ အင်မတန်လည်း “မျှော်လင့်ချက်” ကြီးမားတဲ့ သတ္တဝါမျိုးဘဲဗျ။

အခုနေ ကမ္ဘာကြီးကို ဂြိုဟ်သိမ်ဂြိုဟ်မွှား တစ်ခုက ဝင် “ဆောင့်” လိုက်လို့ ကမ္ဘာ့လူဦးရေ သန်းပေါင်း (၆၀၀၀)ဟာ အားလုံးနီးပါး သေကြေပျက်စီး လိမ့်မယ်။ လူ (၁၀၀)လောက်ဘဲ အသက်ရှင် ကျန်မယ်လို့များ ဆိုခဲ့ရင် အဲဒီ ကျန်ခဲ့တဲ့ လူဦးရေ (၁၀၀)ထဲမှာ ကိုယ်တော့ ပါမှာဘဲ မျှော်လင့်ကြတဲ့သူချည်းပါဘဲ။

ထိန်ပင်၊ ရေဝေး စတဲ့ သုသာန်တွေကို ရောက်လို့ ငါလည်း ဒီနေရာကို လိုက်ပို့ခံရမယ်၊ ဒီနေရာမှာ လဲလျောင်းရလိမ့်မယ်၊ ဒီနေရာမှာ မီးသင်္ဂြ ိုဟ်ခံရ လိမ့်မယ် ဆိုတာ “စိတ်ကူးထဲမှ သေသေချာချာ ပုံဖော်ပြီး” များ တွေးမိဘူးပါရဲ့လားဗျာ။ အသုဘစင်ပေါ်မှာ ငြိမ်သက်စွာ လဲလျောင်းနေတဲ့ ကိုယ့်ကို လူအများက ဘေးကနေဝိုင်းပြီး ကြည့်နေတာ/ပြီးရင် မီးသင်္ဂြ ိုဟ်စက်ထဲ ထိုးသွင်းခံလိုက်ရတာ/ “ငါ” ဆိုတာ ဒီလောကကြီးထဲကနေ အပြီးအပိုင် ကွယ်ပျောက်သွားတာ။  ဟာကွာ “နိမိတ်မရှိ ၊ နမာမရှိ” လို့ဘဲ ပြောကြလိမ့်မယ်။ ကျွန်တော်တော့ ခဏ ခဏ တွေးကြည့်မိ ဘူးတယ်။ တွေးကြည့်ရတာ စိတ်တော့ မသက်သာ စရာပေါ့ လေ။ ဒါပေမယ့် ဒါဟာ လုံးဝ မလွဲချော်နိုင်တဲ့ အမှန်တရား တစ်ခုဘဲ မဟုတ်လား။

လူတို့ရဲ့ ဘာသာစကားမှာ “သေခြင်း”(Death) ဆိုတဲ့ စကားလုံးလောက် နားခါးတဲ့ စကားလုံး သိပ်ရှိမယ် မထင်ပါဘူး။ သိပ်ကို  နားခါးပါတယ်။ သူငယ်ချင်းတစ်ယောက် ကို ကြည်စယ် ကြည့်စမ်းပါ။ “ညက အိပ်မက်ထဲမှာ မင်း သေသွားတယ် လို့ အိပ်မက် မက်တယ်ကွာ” လို့ ပြောကြည့်။ ပြီးရင် သူ့မျက်နှာကို အကဲခတ် ကြည့်။ ဘယ်လို ဖြစ်သွားမယ်လို့ ထင်ပါသလဲ ?

ကျွန်တော်တို့ ဗေဒင်သမားတွေလည်း လူတွေကို ဗေဒင်ဟောတဲ့ နေရာမှာ “သေခြင်း” တရားနဲ့ ပက်သက်လာရင် အတော် သတိထားပြီး ပြောရပါတယ်။ ဒီ စကားလုံးက လူတိုင်း ကြောက်ကြတယ်လေ။ “သေ” ဆိုတာ မပြောနဲ့ဦး။ ဒီနှစ် ခင်ဗျား ကျန်းမာရေးကို သတိထား လို့ ပြောလိုက်ရင်တောင်မှ အနည်းနဲ့ အများ တုန်လှုပ် သွားကြတာချည်းပါဘဲ။

သူ့ဟာသူ ရာထူးဘယ်လောက် ကြီးကြီး၊ ငွေကြေး ဘယ်လောက် ချမ်းသာ ချမ်းသာ ၊ ဘယ်လောက် နာမည်ကျော်ကြား ကျော်ကြား ၊ မတုန်လှုပ်တဲ့သူ မရှိပါဘူး။ “ခင်ဗျား သေကိန်း ရှိတယ်” လို့ တည့်တည့် ပြောချလိုက်ရင်တော့ မျက်ဖြူပါ လန်သွားမလား မသိပါဘူး။ (ဒီလိုတော့ တစ်ခါမှ မပြောဘူးပါဘူး ၊ သေခြင်းတရားကိုလည်း ဘုရားမှ တစ်ပါး ဘယ်သူမှ တပ်အပ်သေချာ မသိနိုင်ပါဘူး)

ဒီနေရာမှ ပြောရမယ် ဆိုရင် – လူတစ်ယောက်ဟာ ရာထူး၊ ဂုဏ်သိန် ၊ ဓန ဥစ္စာ ၊ ကျော်ကြားမှု စတဲ့ အရာတွေကို များများ ပိုင်ဆိုင်ထားလေလေ သေရမှာကို ပိုကြောက်လေလေ ဆိုတာကို သွားတွေ့ရတယ်ဗျ။ ဒေါ်လာ တစ်ဘီလီယံ လောက် ချမ်းသာတဲ့ သူဌေးကြီးတစ်ယောက် နဲ့ လမ်းဘေးက တစ်ကောင်ကြွက် သူတောင်းစား တစ်ယောက် ဘယ်သူက သေခြင်းတရားကို ပိုကြောက်သလဲ မေးရင် သူဌေးက ပိုကြောက်တယ်လို့ ဖြေရမှာဘဲဗျ။ ကိုယ့်ရဲ့ ပိုင်ဆိုင်မှုတွေ အရမ်းကြီးမားလေလေ သေရမှာ ကြောက်လေလေ ပါဘဲ။ လမ်းဘေးက တစ်ကောင်ကြွက် သူတောင်းစားကတော့ သူ့ဘဝက နေလည်း မထူး၊ သေလည်း မထူး ဘဝလေ။

ဒါလည်း အရမ်းပြောတာ မဟုတ်ပါဘူး။ ကိုယ့်ဆီကို ဗေဒင်လာမေးတဲ့ လူတွေကို ကြည့်ပြီး အတွေ့အကြုံအရ ပြောတာပါ။

တွေးကြည့်ရင် လူတွေရဲ့ ဘဝက အရမ်းသနားဖို့ ကောင်းပါတယ်။ လူဆိုတာ မွေးဖွားလာပြီး တစ်နေ့ကျရင် သေကြရမှာဘဲ ဆိုတာ သိနေပါရက်နဲ့ သေခြင်း ကို ထိတ်လန့် နေကြရတဲ့ ဘဝ။ သေခြင်း တရားကို နေ့စဉ်နဲ့ အမျှ တိုက်ခိုက်နေကြရတဲ့ ဘဝ။ သေတော့ သေကြမှာဘဲ . . ဒါပေမယ့် စောစော မသေ အောင် နည်းမျိုးစုံနဲ့ အားထုတ်နေကြရတဲ့ ဘဝ။ ဘယ်လို အားထုတ်ထုတ်/ငြင်းဆန်ဆန် ၊ နောက်ဆုံးတော့လည်း မရဏမင်းရဲ့ လက်တွင်းကို သက်ဆင်းကြ ရတော့တာပါဘဲလေ။

သေခြင်းသေ , သက်တမ်းစေ့အောင် နေလိုက်ရရင် တော်သေးတာပေါ့လို့လည်း တွေးတတ်ကြတယ်။ ဒါပေမယ့် သက်တမ်းစေ့ အောင် နေရတော့ကော ကျေကျေနပ်နပ်ကြီး သေချင်ကြသလား။ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်စမ်းပါ။

ကျွန်တော့်တို့ အဖွားဘဲ ကြည့်။ သူ အသက် (၇၀)လောက်က ပြောဘူးတယ်။ ငါ နောက်ထပ် (၅)နှစ်လောက် နေရရင် တော်ပါပြီ တဲ့။ နေရပါတယ်။ အသက် (၇၅)နှစ်ကျတော့ တစ်ခါ ဒီအတိုင်းဘဲ ပြောပြန်တယ်။ နောက်ထပ် (၅)နှစ်ေလောက် နေရရင် တော်ပါပြီ တဲ့ ။ လုပ်ပြန်ရော။ ပြောကြပါစို့ဗျာ။ နောက် (၅) နှစ် (၅) နှစ် နဲ့ သက်တမ်းတိုး သွားလိုက်တာ အသက် (၉၀)အထိ ရောက်သွားပါတယ်။  ဒါတောင်မှာ အသက် (၉၀)မှာ နောက် (၅)နှစ်လောက် ဆိုတာ ပြောသေးတာဘဲဗျ။ ဒါပေမယ် ့ဒီတစ်ခါတော့ နေမသွားလိုက်ရပါဘူး။ အသက် (၉၂)မှာ ဆုံးသွားပါတယ်။

ကျန်ခဲ့တဲ့ သူတွေကတော့ ပြောကြပါတယ်။ ဒီ အသက်လောက် ဆိုရင်တော့ “သေပျော်ပါပြီ” တဲ့။ ဆိုလိုတာက လူ့ဘဝမှာ နေရတာ “တန်” သွားပြီပေါ့ဗျာ။ ဒါပေမယ့် အဖွားကွယ်လွန်ချိန်မှာ ကျွန်တော် အနားမှာ ရှိပါတယ်။ အဲဒီမှာ ကျွန်တော် သေသေချာချာ သိလိုက်တာက အဖွားဟာ အသက် (၉၂)နှစ် အထိ နေသွားရမယ့် သူ မသေချင်သေးဘူးဆိုတာ ကျွန်တော် သိလိုက်ပါတယ်။ သူ မသေချင်သေးဘူး။ စကား မပြောနိုင်တော့ပေမယ့် သူ့မျက်နှာမှာ မသေချင်သေး ဘူးဆိုတာ အထင်းသား ပေါ်နေပါတယ်။

ကျွန်တော်တို့တစ်တွေ အသည်းအသန် မကျန်းမမာ ဖြစ်ပြီး ပြန်လည် “နလံပြန်ထ” လာတဲ့ အခါများမှာ ပြောကြတဲ့ စကားလေး ရှိတယ် မဟုတ်လား။ “ဒီတောင်တော့ ကျော်သွားပါပြီ” တဲ့။ ဒါပေမယ် ့လူတွေ အားလုံး မေ့နေကြတဲ့ အချက်က လူတိုင်း လူတိုင်းမှာ “လုံးဝ မကျော်လွှားနိုင်တဲ့ တောင်တစ်လုံး” စီတော့ ရှိနေကြတယ် ဆိုတာပါဘဲ။

ဒီတော့ ကျွန်တော်တို့ဟာ မွေးဖွားလာပြီးရင် တစ်နေ့ သေကြမှာဘဲ ဆိုတာကို လက်မခံချင်ပေမယ့်လည်း လက်ကို လက်ခံရတော့မှာဘဲ မဟုတ်လားဗျာ။ ကြောက်နေလို့ ဘာအကျိုးရှိမလဲ။ ကြောက်နေတော့ကော အသေက လွတ်ဦးမှာလား။ ဒီတောင်က လွတ်ရင်လည်း နောက်ထပ် နောက်ထပ် တောင် တစ်လုံးကတော့  စောင့်နေဦးမှာ ဘဲလေ။

“လူဟာ သေမျိုးမို့ ဘယ်အသက်အရွယ်မှာဘဲ သေရ သေရ ၊  ငါ , သေခြင်းတရားကို ကျေကျေနပ်နပ်ကြီး လက်ခံပြီး သေလိုက်မယ်” လို့ ယတိပြတ် ဆုံးဖြတ် ထားတာဟာ အကြောက်တရားကို လျော့နည်း စေပါတယ်။ အမှန်ကို အမှန် အတိုင်း ၊ အရှိကို အရှိ အတိုင်း လက်ခံလိုက်တာဟာ “ဘူတံ ၊ ဘူတော ပဿတိ” ဆိုတဲ့ ဗုဒ္ဓရဲ့ တရားတော် နဲ့လည်း ညီညွတ်ပါတယ်။

ကျွန်တော် စိတ်အပျက်ဆုံး ကိစ္စ တစ်ခု ရှိပါတယ်။ အဲဒါက ကိုယ်သေရမယ့် အချိန်မှာ “ပြုံးပြီး မသေနိုင်ဘဲ” “မဲ့ပြီး သေရမယ့်” အဖြစ်ကိုပါ။ တစ်ချို့လူတွေ သိပ်အားကျဖို့ကောင်းတယ်။ သေခြင်းတရားကို ပြုံးပြုံးလေး ရင်ဆိုင် သွားလိုက်တာများ။ ကွယ်လွန်ချိန်ပြီးမှာတောင် သူတို့မျက်နှာပေါ်က အပြုံးရိပ်ဟာ ကွယ်ပျောက် မသွားခဲ့ပါဘူး။ တချို့ကျပြန်တော့လည်း ထိတ်လန့်ကြောက်ရွံ့ခြင်း ကြီးစွာနဲ့ ကွယ်လွန်သွားရပုံများ- သေပြီးချိန်မှာတောင် မျက်နှာမှာ “ထိတ်လန့်နေတဲ့” ပုံရိပ် ကို ဖုံးဖိလို့ မရပါဘူး။

ဒါတွေဟာ ဘာကြောင့် ဖြစ်ရတာလဲ ဆိုတော့ နံပါတ် (၁)က – သေခြင်းတရားကို လက်မခံလိုဘဲ အတင်း ငြင်းဆန် နေတာကြောင့် တကြောင်း။ နံပါတ် (၂)က “ဘဝတိုတိုလေးထဲ နေရခိုက်” မှာ ကိုယ်ပြုခဲ့တဲ့ အပြစ် ဒုစရိုက်တွေက များလွန်း ကြောင့် တကြောင်း ဆိုတာ သွားတွေ့ရပါတယ်။ ဒီအချက် နှစ်ခုကလည်း တစ်ခုနဲ့ တစ်ခု ဆက်စပ် နေတယ်ဗျ။

သေရမှာကို နှလုံးသားထဲက သိပြီး လက်ခံထားတဲ့လူဟာ “လောဘလည်း နည်းသွားတယ်၊ ဒေါသလည်း နည်းသွားတယ် ၊ ကိုယ်ကျိုး အတ္တလည်း နည်းသွား ပါတယ်”။ “လူ့ဘဝရဲ့ အချည်းအနှီး ဖြစ်ပုံ” (နောက်ဆုံးတော့ ဘာမှ မဟုတ်ပုံ) ကို သိလိုက်ရတဲ့အတွက်  “မာန်မာန” ထောင်လွှားမှုကိုလည်း နည်းပါးသွားစေပါတယ်။

သေရမှာကို သဘောတရားအရသာ သိပြီး နှလုံးသားထဲက လက်မခံနိုင်သူကတော့ “လောဘကြီးစရာ ရှိရင်လည်း လွှတ်ကြီးတော့မှာပါ။ ဒေါသကြီးစရာ ရှိရင်လည်း လွှတ်ကြီးတော့မှာပါ။ မာန ထောင်လွှားစရာ ရှိရင်လည်း မိုးထိအောင် ထောင်လွှားတော့မှာပါ။ ခွင့်လွှတ်ခြင်းဆိုတဲ့ သဘောတရား၊ ကိုယ်ခြင်း စာနာခြင်းဆိုတဲ့ သဘောထား တွေလည်း ကွယ်ပျောက်လာနိုင်စရာ ရှိပါတယ်။ (ငါ မသေနိုင်သေးဘူးလို့ ထင်နေတော့ တာကိုး)

တကယ်တော့ သေခါနီး အချိန်မှာ လူတစ်ယောက် အထိတ်အလန့်ဆုံး ဖြစ်စေတဲ့ ကိစ္စက “သေခြင်း” တရားထက် စာရင် “မသေခင် ကိုယ်ပြုခဲ့တဲ မတရားမှုတွေက သက်သေလာခံခြင်း” က ပိုပြီး    အင်အားကြီးမားပါတယ်။ ကျွန်တော်ဟာ “သေမင်း တံခါးပေါက်” အနားကို အကြိမ်ကြိမ် ရောက်ခဲ့ဘူးသူမို့ ဒါကို ကြုံတွေ့ ခံစားဖူးသူပါ။

ဒီအချိန်မှာ ကိုယ်ဘယ်လိုမှ မတွေးဘဲနဲ့  “ကိုယ်လုပ်ခဲ့တဲ့ ကောင်းမှုရော၊ မကောင်းမှုပါ” (စိတ်အာရုံထဲမှာ) တဖျတ်ဖျတ်နဲ့ ပေါ်လာတဲ့ ကိစ္စဟာ အတော်လည်း ထူးဆန်းလှပါတယ်။ အတော်လည်း တုန်လှုပ်မိခဲ့ရပါတယ်။  ကိုယ်တွေ့ပါ။  ဒီကိစ္စဟာ ကိုယ်ပြုခဲ့တဲ့ အကုသိုလ် ကြီးမားရင် ကြီးမားသလောက် “မဲ့ရွဲ့ တွန့်လိမ်ပြီး” အရုပ်ဆိုးစွာ သေဆုံးခြင်းကို ဖြစ်စေနိုင်ပါတယ်။

ဒီတော့ မိတ်ဆွေတို့ . . ရေ။ ကျွန်တော်တို့ဟာ “သေမျိုး” တွေ ဖြစ်လို့ တစ်နေ့ သေကြရမှာကို (အသက်အရွယ် မရွေး၊ သေနိုင်တာကိုု) နှလုံးသား ထဲကနေ ကျေကျေနပ်နပ်ကြီး လက်ခံလိုက်ကြရင် ပိုမကောင်းပေဘူးလား။ ဘယ်အသက်မှာမဆို ရုတ်တရက် သေနိုင်တာမို့ “နေရာတကာမှာ ကိုယ့်အတွက်၊ ကိုယ့်မိသားစု အတွက် ချည်းသာ” ရှေ့တန်းချင်တဲ့ စိတ်ကလေးကို အသာနောက်ဆုတ်ပြီး “ငါ မသေခင် လူ့လောကကြီးအတွက် ဘာတွေ လုပ်ပေးနိုင်ခဲ့ မလဲ” ဆိုတာ တွေးကြည့်ရင် ပိုမကောင်းဘူးလားဗျာ။

လူ့လောကကြီးအတွက် လုပ်ပေးရမယ် ဆိုလို့ သိပ်ခက်ခက်ခဲခဲလည်း ထင်မနေနဲ့ဦး။ သိပ် အခက်ကြီး မဟုတ်ပါဘူး။ တိုတောင်းတဲ့ ဘဝခရီးတစ်ကို အတူလျှောက်လှမ်း နေကြသူချင်း “ကိုယ့်လောက်မှ ကံမကောင်းသူ” “ကိုယ့်ထက် အင်အားနည်းပါးသူ” “ကိုယ့်ထက် နွမ်းပါးချို့တဲ့သူ” တွေကို ကိုယ့်အိပ်ထဲကနေ “တစ်စိတ် တစ်ဖဲ့လောက်” ကူညီပေးတာဟာ လူ့လောကကြီး အကျိုးကို ဆောင်ရွက်ပေးနေတာဘဲ မဟုတ်လားဗျာ။

ကုန်ကုန် ပြောရင် ဘတ်(စ်)ကားစီးနေရင်းနဲ့ ကိုယ်ဝန်ဆောင်တွေ၊ အဖိုးအဖွားအရွယ်တွေကို ကိုယ်ထိုင်နေတဲ့ နေရာလေး ဖယ်ပေးခြင်းလောက်ဟာလည်း လူ့လောက အကျိုးကို ဆောင်ခြင်းပါဘဲ။ အချုပ်ကတော့  “အတ္တ” မကြီးဖို့၊ “ငါ , တကော မကော” ဖို့၊ “တစ်ကိုယ်ကောင်း မဆန်ဖို့” ၊ “ဝေမျှပေးဖို့” ၊ “ကြင်နာသနားတတ်ဖို့” ပါဘဲ။

ရစရာရှိရင် ရှေ့ဆုံးကတက်ပြီး ကိုယ့်အိတ်ထဲ အကုန်ကျုံးထည့်ချင်တတ်တဲ့ “လူ့ စရိုက်” ကလေးကို နဲနဲ ပြုပြင်ပြီး သေလမ်းကို သွားနေကြတဲ့ “ဘဝတူ အချင်းချင်း” အားကြီးသူက အားနည်းသူကို ကူညီဖေးမ ပေးကြမယ်ဆိုရင်ဖြင့် ဘယ်လောက်များ ကောင်းလိုက် လိမ့်မလဲဗျာ။

ဒီလို သေခြင်းတရားကို ကျေကျေ နပ်နပ် လက်ခံပြီး လူ့လောကအကျိုးကို ကိုယ်စွမ်းသလောက် (မသေခင်) အကျိုးပြုခဲ့မယ်ဆိုရင် ကွယ်လွန်ချိန်မှာ လူတိုင်းမှာမတွေ့နိုင်တဲ့ အပြုံးပန်းကလေး နဲ့ ခင်ဗျားရဲ့ နောက်ဆုံး အချိန်ကို နှုတ်ဆက်ထွက်ခွာနိုင်ပြီပေါ့ဗျာ။ ဒီတော့ ကျန်ရစ်ခဲ့တဲ့ သူတွေမှာလည်း “အငို နဲ့ နှုတ်ဆက်” ကြရပေမယ့် ရင်ထဲမှာတော့ အပြုံးပန်း ဆင်နိုင်ကြတော့မှာ မဟုတ်ပါလား။ ကျွန်တော် ပြောချင်တာကတော့ ဒါလေးပါဘဲ။ ကိုယ်တိုင်လည်း ဒီလို အပြုံးနဲ့ သေနိုင်အောင် ကြိုးစားအားထုတ်လျှက်ပါ။

.

လမ်းခွဲမှာ ဝမ်းမနည်းကြပါစေနဲ့ဟု ဆုတောင်းပေးလိုက်ပါသည် ခင်ဗျား။ ကျန်းမာလို့ ချမ်းသာကြပါစေ။

One comment

  • timothy

    September 2, 2010 at 9:11 am

    Thank you Toyo for reminding death. Nothing is more important than death yet people tend not to hear or concern about the death. In our tradition, it is lack of Mingakar if one talks about the death. One of the foreigner who done the robe to become high status of monk said he wanted to practice Vipassana Insight meditation in the mortuary where he could sit in front of the corps, he could feel the death which in turn aided his meditation.
    We comes across the cemeteries designed like a beautifully kept parks where children are playing at their leisures and enjoying it. Look at the Commonwealth war cemetery at down town Rangoon where we used to go to take memorable photos and scenic views better than other parks. We could see the cemeteries in the churches in the residential areas where people happily living their normal stressful lives.
    We should remind ourselves from time to time with suffering, ageing and death to purify our wild minds in this cruel world.
    My elders always teach me to use my human intelligence to learn the insight meditation, learn the surrounding and finally yourselves. We attain the life of human being now so that we should not lose the chance of life time how short or long we never knew.
    For those who pursue the trade of greed, lies, self-centred aggression and never attempt to learn the life will always find the unavoidable death with great suffering. The Lord Buddha even encountered the individuals who could not be shown the Vipassana pathway. Thank you again.

Leave a Reply