ဖန်ခွက်မှာ ရေတဝက်

padonmarJune 23, 20171min34120

(၁)ဒီကနေ့ မနက် အလုပ်သွား၊
တူလေးမောင်းတဲ့ ကားနဲ့ လိုက်၊
မီးပွိုင့်တွေမှာ ဒစ်ဂျစ်တယ် နံပါတ်တွေ တော်တော်ပြောင်းပြီးနေတာ သတိထားမိ၊
အရင်က မီးဝါချိန် ကွေ့လိုင်းကို လုထွက်ရ၊
အခု ကွေ့လိုင်းပေးရင်ပေး၊မပေးတဲ့နေရာမှာ အသွားနဲ့ အပြန်ကို အချိန် နည်းနည်း ခွာလွှတ်အောင် ချိန်ထားတော့ လွယ်လွယ်ကူကူ ကွေ့လို့ရ ၊
CCTV Camera တွေလည်း ဒီရက်ထဲ အတော်များများ ပွိုင့်တွေမှာ တွေ့ရ။
Road Traffic Accident နည်းနည်းကျလာလောက်တယ် မှန်း။

(၂) Ambulance တွေ တီးတော်တီးတော်နဲ့ မောင်းလာကြ၊
ဆန့်ကျင်ဖက် ယာဉ်ကြောက တက်မောင်း၊မီးပွိုင့်ကျတော့ မီးနီကာစကို ခပ်ဆိုင်းဆိုင်းဖြတ်မောင်းသွား၊ တည့်ကားတွေ မမောင်းသေးဘဲ ရပ်စောင့်ပေးနေ၊
အရေးကြီး လူနာတွေ အသက်မီလောက်မယ်တွေးပြီး ဝမ်းသာ၊

(၃)မီးသတ်ကား ဥဩသံကြား၊
Facebook Myanmar Fire Services Department Page ကိုဖွင့်၊အချိန်နဲ့ တပြေးညီ သတင်းတက်နေ၊
မီးသတ်ရဲ့ ပြောင်းလဲတိုးတက်မှုကို အသိအမှတ်ပြု၊
မထိန်းနိုင်တဲ့ မီးကြီးတွေရဲ့ နှိပ်စက်မှု လျော့လာမယ်လို့ ယုံကြည်၊

(၄)ဘုရင့်နောင် တံတားပေါ်ကဖြတ်၊
လှိုင်သာယာဖက်ကိုကူး၊
တံတားဖြတ်ခ မကောက်တော့၊
ကားတွေလည်း တံတားကြေးပေးဖို့ တန်းစီ မစောင့်ရတော့၊
ပြည်သူဂုတ်ပေါ်က ဝန်ထုပ်တွေ လျော့လာတယ်လို့ ခံစားရ၊

(၅) နေ့လည် Export Earning ရောင်းဖို့ MICB (Myanma Investment and Commercial Bank) ကို တက်စီနဲ့သွား၊
(အိုးဝေ တို့ Uber တို့ Hello Cabတို့ ခေါ်ကြည့်ဖို့ စိတ်ကူးမရမိ၊ သူများတွေကတော့ အဆင်ပြေတယ်ပြော)
အရင်ကဆို ပွဲစားတွေကတဆင့် ရောင်းသူ ဝယ်သူ Exporter -Importer ဈေးညှိရတယ်။ တနေ့တည်းကို ဈေးတက်လိုက်ကျလိုက် ၊ကံဆိုးလိုက် ကံကောင်းလိုက်၊တခါတလေ ဈေးကျသွားရင် ရောင်းမရလို့ အရောင်းကျန်ခဲ့လိုက်၊ဈေးတက်သွားရင် ဝယ်မရလို့ အဝယ်ကျန်ခဲ့လိုက်၊
အခုတော့ ဘဏ်က မနက်ကတည်းက ဈေးသတ်မှတ်ဝယ်ပေးတယ်၊ရောင်းပေးတယ်။
အပြင်ဈေးထက်လည်း မနည်းဘူး(များတောင် များသေး)
ပထမ စဝယ်ခါစက ကြိုးနီရှိသေးတယ်၊သူ့ဘဏ်ထဲက ကျပ်ငွေစာရင်းပဲ ပြန်ထည့်ရတယ်။
အဆင်မပြေလို့ မရောင်းကြတော့ ပုဂလိကဘဏ်က ငွေစာရင်းထဲ ပြောင်းချင်ပြောင်းထည့်ပေးတယ်။ ဝန်ဆောင်ခ ကျပ် ၁၀၀ဝ တဲ့၊ ပေးပျော်ပါတယ်။
ဘဏ်ဝန်ထမ်းတွေက အရင်ထက် ပိုဖော်ရွေ ကူညီပေးလာ၊
စီးပွားရေးကို စိတ်အေးချမ်းသာ လုပ်ခွင့်ရအောင် တဆင့်ချင်း ပြောင်းလာတယ်လို့ ပီတိဖြစ်၊

(၆) အပြန်ကျ YBS 56 ကားကြီးကို စောင့်စီး၊
မှတ်တိုင်မှာ ၃မိနစ်စောင့်၊
ကားပေါ်ရှေ့ပေါက်က တန်းစီတက်၊
သတ်မှတ်တဲ့ ယာဉ်စီးခ ကျပ်၁၀ဝ ကို ပုံးထဲထည့်၊
ဖိုင်ဘာခုံသစ်တွေပေါ် ထိုင်စီး၊
အကော်ဒီယံအုန်းကျော်ရဲ့ ရှာပုံတော်ကြူးလို့ပင် ဆိုတဲ့ သီချင်းကြား၊
အဲကွန်းက အေးစိမ့်နေ၊
လိမ်မော်ရောင် ဦးစားပေးခုံတွေ တွေ့၊
အရေးကြီးတာက ဆင်းခါနီး ထရပ်တော့ မပုတု လက်လှမ်းမီတဲ့ လက်ကိုင်ကွင်းတွေ အများကြီး၊
မှတ်တိုင်ရောက်တော့ တွန်းချမခံရဘဲ အေးအေးဆေးဆေးဆင်း၊
အများပြည်သူသွားလာရေး သက်သာချောင်ချိလာတာကို သတိထားမိ(မနှစ်က FB မှာ ဒီလို စီးတော်ယာဉ်မျိုး ဘယ်တော့ စီးရပါ့မလဲ တမ်းတမိတာ မှတ်မှတ်ရရ ပြန်ပေါ်လာ)

(၇)စနေနေ့က ဆယ်တန်းအောင်စာရင်းမှာပါတဲ့ တူမလေးရဲ့ အမှတ်စာရင်းကို တနင်္လာနေ့မှာ FB ကတွေ့၊ဆုချမယ်လို့ရေးပေးလိုက်၊
မအောင်တဲ့ တူလေးရဲ့ အမှတ်စာရင်းလည်း သိရ၊ကျတဲ့ဘာသာ အမှတ်ပြန်စစ်ပေးဖို့ ကျပ် ၅၀၀ဝ ပေးလိုက်၊
တကယ်မကျရင်လည်း ကလေးဘဝ တနှစ်မနာတော့၊
တကယ်ကျရင်လည်း ကျောင်းဖွင့်ပြီး မကြာခင် အတန်းပြန်တက်ပြီး သေချာ ပြန်ကြိုးစားခွင့်ရ၊
(အချိန်တွေသာ နောက်ပြန်ရွှေ့ရနိူင်ရင် ကိုယ်တို့ ဆယ်တန်းအောင်တော့ ၁၉ ဇူလိုင် အာဇာနည်နဲ့ မျက်ရည်ဖြိုင်ရအောင် နောက်ကျ၊အမှတ်က ၃လလောက်မှ သိရ၊ ကိုယ့်ဖာသာ အမှတ် ၉ဝ လောက်ရမယ်ထင်တဲ့ ဘိုင်အိုကို ၇ဝ ပဲ ရတာကို ပြန်စစ်ခွင့် ရချင်မိ)
ကလေးတွေရဲ့ ပညာရေး ပိုကောင်းလာတော့မယ်လို့ ယူဆ၊

(၈)ကုတင် ၅၀ဝ ဆေးရုံက မိတ်ဆွေကို သတင်းမေးသွား၊
ခွဲစိတ်ပြီး အတော်သက်သာနေတာတွေ့ရ၊
ဆေးဖိုး မကုန်ကြောင်းပြောပြ၊
ဆရာဝန် သူနာပြု ဆက်ဆံရေးလည်း ကောင်းတယ်ပြော၊
လူနာနဲ့ လူနာစောင့်အတွက် တန်ဖိုးသင့်က နေ့စဉ် စားစရာဝေလို့ ဝယ်စားစရာ၊ ချိုင့်ပို့စရာ မလိုကြောင်း ပြောပြ၊
မဝေးတော့တဲ့ တချိန်မှာ ကျန်းမာရေးတွက် နိုင်ငံခြားထွက်စရာ မလိုတဲ့ ရွှေခေတ်ရောက်လာမယ်လို့ မျှော်လင့်၊

(၉) မြို့ထဲမှာ တိုလီမုတ်စထွက်ဝယ်၊
ပလက်ဖောင်းပေါ်မှာ ဈေးသည်ရှောင်စရာ မလိုဘဲ လမ်းလျှောက်လို့ရ၊
လမ်းပိတ်ပြီး ခင်းတဲ့ ဆိုင်ကြီးတွေလည်း မရှိတော့၊
မုန့်စားချင် ညဈေးတန်း သွားဝယ်စား၊
လမ်းသွားလမ်းလာများရဲ့ အခွင့်အရေး မဆုံးရှုံးတော့လို့ ပြုံးပျော်မိ၊

(၁၀) ညအိမ်ပြန်ရောက် အေးဆေး
ကမာ္ဘတဖက်က သူငယ်ချင်းများနဲ့ Viber က ဆက်သွယ်၊
ဂဇက်ရွာထဲဝင် မွှေနှောက်၊
FB က ဘာထူးလဲ လိုက်ဖတ်၊
(တချိန်က VZOနဲ့ proxy ကျော် ဆိုတာလေး သတိရ)
Bill ပိုက်ပိုက်ကုန်ပေမယ့် အဝိုင်းလည်ချိန် လျော့လာ၊
ကိုယ်နင်းနေတဲ့ ကမာ္ဘလည်း ပြားလာပါပြီ၊

သာမာန်ပြည်သူတယောက်ရဲ့ ဘဝ ဆိုတဲ့ ဖန်ခွက်မှာ ရေတဝက် ရှိနေပါတယ်။
1.4.2016 ကမှ စတဲ့ သက်တမ်း တနှစ်ကျော်မှာ ဖန်ခွက်ထဲ ရေတဝက်တောင် ရှိလာပြီလို့ ဝမ်းသာအားရပြောမိပါတယ်။
အပြစ်တင်ချင်လည်း တင်ပေါ့နော်။
(ဟိုဘဘတုံးကတော့ ရပ်နိုင်ပေ့ အော်ပေးမိတာ ကိုယ့်ပါးစပ်တောင် မပိတ်သေး လက်ပံတောင်းမှာ ချော်လဲသွားရော)

20 comments

  • ဦးကျောက်ခဲ

    June 23, 2017 at 10:47 pm

    ကျန်တာတော့ ပြည်တွင်းနေမဟုတ်လို့ မသိ …
    နံပါတ် (၈) … ဆေးရုံတွေက တန်ဖိုးသင့်နေ့လည်စာ အဟာရအလှုတော့ အတော်သဘောကျ ၊ ရေများရာ မိုးမရွာပဲ တကယ်လိုအပ်နေသူတွေအတွက် လှုရတာမို့ ပီတိလည်းဖြစ်မိတယ် ။ လူနာလည်း မဟုတ် ၊ လူနာရှင်လည်း မဟုတ် ထမင်းတစ်နပ်အတွက် သိက္ခာကို ချနင်းတဲ့ လူတန်းစားကိုလည်း အဲသည့်မှာ တွေ့ဖူးတော့တာပဲ…
    ဥုံ … ဒေါ်လှဈေး ငြိမ်စေသောဝ် ၊ ဖန်ခွက်မှာ ရေမြန်မြန် ပြည့်စေသောဝ် :k:

  • kai

    June 24, 2017 at 5:34 am

    အင်းလေ..
    ရေထည့်ဖို့ ဖန်ခွက်ကြီးတောင်ရှိနေတဲ့ ခေတ်ပဲဟာ.. နော..။ :k:

  • surmi

    June 24, 2017 at 9:29 am

    အကောင်းဖက်ကို အတော်များများဦးတည့်လာတာကိုတော့တွေ့နေရပါပြီ ။အရပ်သားပြည်သူများ (အထူးသဖြင့် ဂဇက်ရွာသူားများ) အနေနဲ့လည်း လစ်ကွက်ဟာကွက် အီးပုံတက်နင်းမိမယ့်အကွက်လေးတွေ မြင်ရင် ကြားရင် တွေးမိရင် တတ်အားသ၍ ရေးသားလှုံ့ဆော်ဖို့လည်း လိုအပ်တယ်လို့မြင်မိပါတယ်ဗျို့ ။
    အဲ့ဒီလို ဆွေးနွေးဝေဖန်အကြံပြုကြသူများကိုလည်း
    * အဘ တ, တွေ
    * အဘ ဘောမတွေ
    * စစ်ခွေး အရိုးကိုက်တွေ
    * အဘ မျှော် အဘ ကိုးးး တွေ
    * ကြက်ဥကြော်တွေ
    * Anti NLD တွေ
    * ဖွတ် ဝင်စားတွေ
    စသည်ဖြင့် ” ရိ ထေ့ ငေါ့ စွာ ဆဲ စောင်းးးး ရန် လှောင် ” ခြင်းများကိုပြုလုပ်တာတွေ ကိုလည်း နဲနဲလျော့ချကြရင်ဖြင့် ပိုမိုကောင်းမွန်လာမယ်လို့လည်းမြင်မိကြောင်းပါဗျားးး ။
    အားလုံးရွေးချယ်ပြီးလျောက်ခဲ့တာဒီတစ်လမ်းတည်းဘဲမဟုတ်လား ။
    လမ်းသွားရင်းစူး စူးတဲ့သူကလည်း ဆူး စူးလို့ အော်ချင်အော်မိလိမ့်မယ် ချော်လဲတဲ့သူကလည်း ချော်လဲလို့ ငိုချင်ငိုလိမ့်မယ် ဒါပေမယ့် နောက်ဆုံး ဒီလမ်းကိုဘဲလျောက်လာခဲ့ကြသူတွေအချင်းချင်း ရန်စောင်ခုတ်ထစ် အသေသသတ်နေရင်တော့ . . . .
    ** ဟင်္သာ ၉၀၀၀ဝ × ၁၀၀,၀၀ဝ :mrgreen:

    • ဦး လေး မန်း

      June 24, 2017 at 11:26 am

      ကိုဆာမိ​ရေ တဖက်​က​လျော့​လေ သူတို့ကပိုအခွင်​့အ​ရေးယူ​လေ လုပ်​​နေတာ​လေး​တွေလဲ​တွေ့မိသဗျ။ တခါတ​လေ​တော့လဲ ရင်​ကြား​စေ့​ရေးအတွက်​ရင်​​လေးသား။

    • ဇီဇီ

      June 30, 2017 at 1:26 pm

      လက်မည်းဂျီး
      လက်မည်းဂျီး

      :mrgreen:

  • ဦး လေး မန်း

    June 24, 2017 at 11:23 am

    ကြိုက်​သဗျာ ဖန်​ခွက်​မှာ​ရေတဝက်​ကြီးများ​တောင်​ရှိ​နေတာ မြင်​တဲ့သူ​တွေ များလာပါ​စေ။

  • နွေဦး

    June 24, 2017 at 1:01 pm

    ဖန်ခွက် ထဲက ရေက တဝက်တောင်ကျန်သေးတယ်..
    လူတွေရဲ့ စိတ်ဓါတ်တွေ တဝက်ထဲဘဲ ကျန်တော့တယ်..
    တောတွေတောင်တွေကတော့ ပြုတ်ပြုတ်ပြုန်း ပါဘဲ..
    ဖန်းခွက်ထဲက ရေ တက်ညီလက်ညီ နဲ့ ဖြည့်လို့ ပြည့်ပါမယ်..
    လူတွေရဲ့ စိတ်က တဝက်ထက် အောက်မကျအောင် လူငယ်တွေက စပြင်ကြရပါမယ်..
    တောတွေက ပြန်စိုက်လို့ ရပေမဲ့ တောင်တွေက တော့ ပြန်ဖို့လို့မရနိုင်တဲ့ ဆုံးရှုံးမှုပါ..

  • aye.kk

    June 24, 2017 at 1:47 pm

    ဖန်ခွက်ထဲက
    ရေတဝက်ကို
    ပြည့်အောင်ဖြည့်နိုင်ဖို ့အတွက်
    နိုင်ငံသားအားလုံးမှာတာဝန်ရှိနေသည်။

  • padonmar

    June 24, 2017 at 9:00 pm

    ဖန်ခွက်ထဲ ရေတဝက် ရှိနေတာတွေ့ရင်
    -Optimist က ရေတဝက်ကြီးတောင် ရှိနေတယ် ပြောပြီး
    -Pessimist က ရေ တဝက်ပဲ ရှိပါလား လို့ ဝေဖန်တတ်သတဲ့။
    (နောက်ဆက်တွဲရေးကြတာကတော့ Opportunist က ဘာမှ မဝေဖန်ဘဲ အဲဒီရေကို ယူသောက်ပစ်လိုက်တယ်တဲ့ :D)

    တခါတလေတော့ အကောင်းမြင်တတ်လွန်းတာလည်း အားနည်းချက် ဖြစ်တတ်တယ်။

    • kai

      June 25, 2017 at 6:04 am

      ရေထည့်ဖို့ ဖန်ခွက်ကြီးတောင်ရှိနေတယ်လို့ပြောတဲ့.. စူပါအော့ပ်တီမစ်စ် ကိုတော့ ထည့်မရေးတော့ဘူးပေါ့..။ 🙁

      • ဇီဇီ

        June 30, 2017 at 1:28 pm

        အာ့ဒါကျ ရွဲ့ဒါ ဖစ်ဝါးးဘီ

        :mrgreen:

  • Foreign Resident

    June 25, 2017 at 9:56 am

    ဒေါ်စု အစိုးရကို
    Federal / Democracy Principal ကိုထိတဲ့ ချောင်းဆုံတံတား ကိစ္စကလွဲရင် ၊
    ကြီးကြီးမားမား အပြစ် မမြင်ပါဘူး ။ Silly လေးတွေကတော့ ရှိမပေါ့ ။

    • kai

      June 25, 2017 at 10:53 am

      ဖယ်ဒရယ်နားမလည်တာကို.. ပြောရရင်တော့..
      ရန်ကုန်တိုင်းဝန်ကြီးချုပ်က.. ရန်ကုန်မြို့တော်ကိစ္စတွေ ဝင်ရှုပ်နေတာကိုပဲ.. ကြည့်ပါဦး..။
      ရပ်ကွက်နေလူထုတောင်… သူတို့ရပ်ကွက်ကိစ္စ.. မြို့နယ်ကိစ္စ..ပြည်နယ်တိုင်းကိစ္စ..နိုင်ငံကိစ္စ.. အုပ်ချုပ်ရေးပိုင်း အားလုံးဆက်စပ်နေတယ်လို့ ထင်နေကြတာကိုး..။

  • weiwei

    June 26, 2017 at 9:25 am

    အန်တီဒုံက အကောင်းမြင်ဝါဒသမားဆိုတော့ ဘာလေးပဲကြည့်ကြည့် အကောင်းဘက်ကကြည့်ပေးတတ်တာ ဖတ်ရတာနဲ့တင် စိတ်ချမ်းသာမှုကို ဖြစ်စေပါတယ်။ လူ့စိတ်ဆိုတာကလဲ စိတ်ချမ်းသာစရာကိုသာ သိချင် ကြားချင်တာဆိုတော့ အဲလိုလူတွေပဲ များမယ်ဆိုရင် စိတ်တွေ ငြိမ်းချမ်းနေကြမှာ …
    တကယ့်လက်တွေ့မှာ ပြသနာက ရုပ်ပိုင်းဆိုင်ရာတိုးတက်ပြောင်းလဲမှုထက် စိတ်ပိုင်းဆိုင်ရာမှာ လိုအပ်နေတာ ..
    နမူနာအနေနဲ့ ကိုယ့်နေရာလေးတစ်ခုပဲကြည့်လိုက်ရင် ကျွန်မရုံးခန်းက အရင်က ကျွန်မအသက်ထက်ပိုကြီးတဲ့စားပွဲကြီးနေရာမှာ ခေတ်မှီတဲ့ ဈေးကြီးတဲ့စားပွဲကြီးနဲ့ အစားထိုးလိုက်ပါပြီ .. အရင်က ဟောင်းနေလို့ အသံစုံထွက်တဲ့အဲကွန်းကြီးနေရာမှာ အဲကွန်းအသစ်နဲ့ အစားထိုးလိုက်ပါပြီ .. ပိတ်စနဲ့လိုက်ကာနေရာမှာ ခေတ်မှီလိုက်ကာအစားထိုးလိုက်ပါပြီ .. ဇ ရှိပါတယ်လို့ပြောဖူးတဲ့ ကားစုတ်လေးနေရာမှာ ကားသစ်ဖြစ်သွားပါပြီ .. သန့်ရှင်းရေးဝန်ထမ်းတွေလဲ ပိုတိုးပေးလိုက်ပါပြီ .. အဲဒီလိုဆိုတော့ သိပ်ကောင်းသွားတယ်လို့ ထင်ချင်စရာကြီးဖြစ်နေတယ် … သူများတွေကလဲ အားကျချင်စရာပေါ့ .. ဒါပေမယ့် .. ဒါပေမယ့်ပေါ့ ..အရင်က တစ်ဝက်လောက်ပဲရှိတဲ့စိတ်ဓါတ်ကနေ အပြည့်ဖြစ်ဖို့မျှော်လင့်ချက်နဲ့နေနိုင်ခဲ့ပေမယ့် .. အခုအချိန်မှာ အဲဒီတစ်ဝက်ဆိုတဲ့စိတ်ကလေးတောင် အောက်ဆုံးပြန်ကျသွားပြီ .. နောက်ထပ် ဘယ်နှစ်နှစ် ထပ်ပြီး မျှော်လင့်ရမလဲလို့ တွေးမိရင်ဖြင့် …

  • သင့်အေးရိပ်

    June 26, 2017 at 9:58 am

    တီဒုံ မြင်သလိုပဲ မြင်မိပါတယ်။
    မြို့ထဲမှာ အဲကွန်း ကားကို ၁၀ဝ နဲ့ ပေးစီးလို့ ရလာတာလောက်ကို ပုံကြီး ချဲ့ပြောနေစရာ မလိုပေမယ့် အသိအမှတ်ပြုပါတယ်။ ရေတစ်ဝက် ရှိလာတာပါ။

    အရင်က မြို့အစွန်က လာသမျှှ ဘတ်စ်တွေဟာ
    ဆူးလေမှာ ပြုံတိုးပြီး ဂိတ်ဆုံးကြတော့ စံပြ ဘုန်းကြီးလမ်းလောက်ကနေ ဆူးလေထိ မဟာဗန္ဓုလလမ်းတို့ အနော်ရထာလမ်းတို့ဟာ သွားလာလို့ မရတဲ့အထိ ပိတ်ဆို့နေခဲ့တာ။

    အခုတော့ ဆူးလေ ဂိတ်ဆုံး စနစ်ကို ဖျက်ပစ်ပြီး
    မော်တင်ဆုံး/ဗိုလ်တစ်ထောင်ဆုံး/ စံပြဆုံး စသည်ဖြင့် ဖြန့်ချ ဆုံးစေလိုက်တော့. . . မြို့ထဲလမ်းတွေ အတော် ချောင်သွားတာ မျက်မြင်။
    ဒါလည်း ရေတစ်ဝက် ရှိလာတာပါပဲ။

    နယ်တွေ ထွက်ကြည့်တော့လည်း လမ်းတွေဟာ အရင်ထက် ပိုကျယ်လာ ပိုကောင်းလာတာ မြင်ရသမို့
    ရေတစ်ဝက် ခွက်ကလေးတွေ များ များလာပြီထင်တာပါပဲ။

    ရေအပြည့်ဖြစ်လာဖို့
    Dအစိုးရခမျာ ဒီလိုပဲ အအော် အဆဲခံရင်း
    အပြစ်တင် ကဲ့ရဲ့ခံရင်းနဲ့ပဲ. . .
    ဆက်လုပ်နေလိမ့်အုန်းမယ်လို့ ထင့်
    😆

  • အောင် မိုးသူ

    June 26, 2017 at 3:37 pm

    ရေလည်း မြန်မြန်ပြည့်ပါစေ။ အဲကွန်း YBS တွေ တောင်ဥက္ကလာဘက်မရောက်သေး အစုတ်တွေပဲ ရှိသေးလို့။ စောင့်မျော်နေတယ်။

    • သင့်အေးရိပ်

      June 26, 2017 at 5:40 pm

      အခုလကုန်ထိပဲ ယာဉ်အိုဟောင်းတွေ ပြေးဆွဲခွင့် ရှိတော့မှာပါ မိုးသူရေ။
      ဒီနေ့ ၂၆/၆/၂၀၁ရအစိုးရထုတ် ကြေးမုံသတင်းစာ
      (မျက်နှာဖုံး)မှာ ဖတ်လိုက်ရတယ်။
      1995 ခုနှစ်အောက် ထုတ်ထားတဲ့ ကားတွေကို
      ဒီလကုန်ထိပဲ သုံးခွင့်ပေးမှာတဲ့။

      ကားအသစ်တွေနဲ့ အစားထိုးမယ့် အစီအစဉ်
      လမ်းကြောင်းထဲ မိုးသူတို့ဘက် ပါပါလိမ့်မယ်။
      😆

  • ဇီဇီ

    June 30, 2017 at 1:29 pm

    ဖန်ခွက်ထဲက ရေကို သွန်ဖို့ ချောင်းနေသူကျ ဘာခေါ်မတုန်း မသိ?
    ဟီးဟီး

    :k:

Leave a Reply