ဦးကျောက်ခဲတို့ ကျောင်းသားဘဝက ကွင်းဆင်းရတာ့မယ်ဆို ပျော်လည်းပျော်တယ် စိတ်လည်းပိန်တယ်ခင်ဗျ ။ ပျော်တယ်ဆိုတာက ကျောင်းနေဘက် ဘော်ဒါတွေတလှေကြီးနဲ့ လွတ်လွတ်လပ်လပ်ခရီးထွက်ရတာရယ် ၊ မရောက်ဖူးတဲ့ တောကြိုအုံကြား သွားရတာရယ်ကြောင့်ပါ ။ ညဘက်ဆို ဆရာတွေမသိအောင် ခြင်ထောင်တွေ ပိတ်ကာပြီး အံစာခေါက် ဖဲခိုးရိုက်လို့ရတာလည်း ပါတာပေါ့လေ ။ စိတ်ပိန်တယ်ဆိုတာကတော့ အထွေအထူးပြောစရာမလို အနေအစား ဆင်းရဲလို့ခင်ဗျ ။ ယောက်ျားလေးမို့ ဖြစ်သလိုနေ ဖြစ်သလိုအိပ်ရတာ ထူးထူးထွေထွေ ကိစ္စမရှိလှပေမယ့် ဝါးတီးမကောင်းတာတော့ အတော် ဆယ့်တစ်ကျပ်ကျဖို့ကောင်းတဲ့ အမှုဗျို့ ။ လူတွေက တနေကုန် ပင်ပင်ပန်းပန်း ကွင်းဆင်း ကျောက်နမူနာရှာ သယ်ရပိုးရတဲ့အထဲ ခါနာမဂွဒ်ရင် ရူပါက မလန်းဘူးလေ ။

 

ကွင်းဆင်းရိက္ခာ ဆိုတာကလည်း ရန်ကုန်က ဝယ်ပြီးသယ်လာတဲ့ ဘဲဥသေတ္တာလိုက်နဲ့ ညောင်ပင်လေးဈေးက ငါးကွမ်းရှပ်ခြောက် / ကကူ့ရံခြောက်တွေ ဆိုတော့ တစ်နပ်ကနေ နှစ်နပ်စားပြီးရင် လှည့်မကြည့်ချင်လောက်အောင်ပါပဲ ။ နယ်တွေမှာ ၊ အထူးသဖြင့် ရှမ်းပြည်နယ်ဘက်မှာက မြို့ကြီးတွေမဟုတ်ရင် နေ့တိုင်း ဈေးမရှိ ၊ ဈေးနေ့ရောက်မှ အသားဝယ်လို့ရတာဆိုတော့ မချစ်သော်လည်း အောင့်ကာနမ်း ၊ အနှီငါးခြောက် ဆားငန်ငန် နဲ့ ဘဲဥ ကိုပဲ ခရမ်းချဉ်သီးနိုင်နိုင်နဲ့ချက် ၊ အသီးအရွက်စုံနဲ့ရော ၊ ကိုယ့်အိမ်ကပါလာတဲ့ အသားခြောက်ကြော် ချဉ်ပေါင်ကြော်တွေနဲ့ လွှေးရတာပေါ့ဗျာ ။ ကိုယ်တွေမှာသာ အီဆိမ့် လိမ့်ပျံနေတာ အတန်းဖော် “မြင်းခြံသား ငထွန်း” ကတော့ စခန်းက ချက်ပေးတဲ့ ငါးခြောက်ဟင်းကို သူ့အမထည့်ပေးလိုက်တဲ့ “အညာ ငရုတ်သီးဆားထောင်း” နဲ့ တွဲစားပြီး ရှူးရှူးရှဲရှဲ ဟန်တွေကိုကျလို့ ။

 

အဲသည့်တော့ မောင်ကျောက်ခဲလည်း ငထွန်းရဲ့ ငရုတ်သီးဆားထောင်းကို နမူနာယူပြီး ထမင်းစားမြိန်စေဖို့ စု-တု-ပြု ရတော့တာပေါ့ ။ အညာထောင်းတွေက ငရုတ်သီးခြောက်ကို ညက်ညက်ထောင်းပြီး အသားခြောက် ငါးခြောက်တွေ ရောထောင်းထားကြတာပါ ။ ဘူမိကျောင်းတော်သားတွေက ကျောက်စိုင် ကျောက်သားတွေကိုသာ နမူနာယူဖို့ တူနဲ့ ဖဲ့နေကြတာ ၊ ငရုတ်သီးထောင်းဖို့ဆိုရင်တော့ ဝေါင်ဝေါင်ရှေးကြတာမို့ စားမြိန် လွယ်ကူ မြန်ဆန် အသုံးတည့်အောင် အောက်ပါနည်းအတိုင်း စီရင်လိုက်ပါကြောင်း …
(နှစ်သက်ရင် ဟင်းချိုမှုန့်ထည့်ပါ ၊ ဦးကျောက်ခဲနည်းကတော့ ဟင်းချိုမှုန့် မသုံးပါဘူး ခင်ဗျား)

 

“ပုဇွန်ခြောက်ထောင်း / ငါးရံ့ခြောက်ထောင်း”
– ပုဇွန်ခြောက် နို့ဆီဘူးဝက် (သို့) ငါးရံ့ခြောက် အသားမြောင်းချည်း တစ်ကောင်စာ (ငါးခြောက် တစ်ပြားစာ)
– ကြံသကာခဲ ၁-စင်တီမီတာ ပါတ်လည် တစ်တုံး
– ကြက်သွန်ဖြူ ၆-မွှာ
– ငရုတ်သီးစိမ်း ၈-တောင့် (အစပ်ကြိုက်လျင် ပိုထည့်ပါ)
– ဆား သဘောလောက်
ပုဇွန်ခြောက်ကို ရေမြုပ်ယုံစိမ်ထားပါ (၂-၃ နာရီခန့်) / ငါးရံ့ခြောက်ကို ရေစင်စင်ဆေး အကြေးတွေ ရေယက်တွေဖယ်ပြီး ရေများများနဲ့ စိမ်ထားပါ (၈-နာရီခန့်) ။ ပုဇွန်ခြောက်ကို ရေစစ်ပြီး မွနေအောင်ထောင်းထားပါ / ငါးရံ့ခြောက်ကို တစ်လက်မခန့် အတုံးလေးတွေ ပြန်တုံးပြီး မွနေအောင် ထောင်းထားပါ ။ အရိုးတွေ့ရင်လည်း တပါထဲ ဖယ်ထုတ်ထားပါ ။
ကြံသကာခဲ > ကြက်သွန်ဖြူ > ငရုတ်သီးစိမ်းတွေကို အစဉ်အတိုင်း ကြေသွားအောင်ထောင်းပါ ။ မွနေအောင် ထောင်းထားတဲ့ ပုဇွန်ခြောက် / ငါးရံ့ခြောက်နဲ့ ရောပြီးထောင်းပါ ၊ အရသာပေါ့လျင် ဆားအနည်းငယ် ထည့်ထောင်းပါ ။ အားလုံး သမသွားလျင် ပဲဆီ (သို့) သံလွင်ဆီ သဘောလောက်ဆမ်းပြီး ဗူးထဲထည့် ၊ ရေခဲသေတ္တာထဲမှာသိမ်းပြီး တစ်ပါတ်ခန့်ထား စားသုံးနိုင်ပါပြီ ။

* အနှီ ပုဇွန်ခြောက်ထောင်း / ငါးရံ့ခြောက်ထောင်းကို သံပုရာရည်ညှစ်ပြီး ထမင်းပွဲမှာ ဟင်းရံအနေနဲ့စားစား ၊ နံနက်ခင်း ထမင်းကြော်နဲ့ပဲတွဲစားစား အလွန် နှုတ်မြိန်ပါတယ် ။ နောက်ထပ်အသုံးဝင်တာက ကစွန်းရွက်ကြော် ၊ ဟင်းရွက်သုပ် ၊ ချဉ်ရည်ဟင်းတွေမှာလည်း ဟင်းခတ်အဖြစ်ထည့်လို့ရသလို ငါးပိစိမ်းစားမီးကင်နဲ့ရောမွှေ သံပုရာရည်ညှစ်လိုက်ရင် ငပိထောင်းကောင်းကောင်းတစ်ခွက် ဖြစ်ပါသေးတယ် ။

စွယ်စုံသုံး ပုဇွန်ခြောက်ထောင်း

စွယ်စုံသုံး ပုဇွန်ခြောက်ထောင်း

 

“မန်ကျည်းသီးထောင်း / ဆီးဖြူသီးထောင်း / မရမ်းသီးထောင်း”
မန်ကျည်းသီးစိမ်းထောင်းမယ် ဆိုရင် အရင်ဆုံး အပြင်ခွံတွေ ခြစ်ထုတ်ပါ ။ လက်တစ်ဆုတ်စာ (သို့) နို့ဆီဗူးဝက် လောက်ဆို ရပါပြီ ။
ဆီးဖြူသီး / မရမ်းသီးစိမ်းထောင်းမယ်ဆိုရင်တော့ ၁၀-လုံးလောက်ကို ရေဆေး အစေ့နွှင် အသားထုတ်ပြီး ဆားနဲ့နယ်ပါ ။
ပြီးလျင် ဆန်ဆေးရည်ထဲ ၁၀-မိနစ်ခန့်စိမ်ထားပါ ။
ရေပြန်ဆေး ရေစစ်ထားပါ ။ ပြီးလျှင်-
– စိမ်းစားငပိ မီးကင် (မီးမကျွမ်းစေရ … ခါးတတ်ပါသည်) – စားပွဲတင် ၁-ဇွန်း
– ကြံသကာ – စင်တီဝက်ခန့်
– ငရုတ်သီးစိမ်း – ၂ တောင့်
– အပေါ်က ပုဇွန်ခြောက်ထောင်း ၅-ဇွန်းမောက်မောက်ခန့်ဖြင့် ရောထောင်းပါ ။ ချဉ် ငန် စပ် အထောင်းတစ်ခွက် ရပါပြီ ။

 

“ငါးကွမ်းရှပ် / ပင်လယ်ငါးခြောက်ထောင်း”
– ငါးခြောက် အသားမြောင်း တစ်မိုက်ခန့် ၈-ချောင်း
– ကြံသကာခဲ ၁-စင်တီမီတာ ပါတ်လည် နှစ်တုံး
– ကြက်သွန်ဖြူ ၈-မွှာ
– ငရုတ်သီးစိမ်း အနီ ၁၀-တောင့် (အစပ်ကြိုက်လျင် ပိုထည့်ပါ)
ငါးခြောက်တွေကို ရေဆေးသန့်စင်ပြီး ရေများများဖြင့် ညသိပ် စိမ်ထားပါ ။ ငါးခြောက်များကို ဆယ်ယူပြီး အနည်းငယ် မြည်းကြည့်ပါ ၊ ဆားငန်နေသေးလျင် ရေနွေးပွက်ပွက်ဆူထဲ ဆား စားပွဲတင် ဇွန်းတဝက်ခန့်ထည့်၍ ၁၀-မိနစ်ခန့်ထားပါ ။ ပြီးလျင် ငါးခြောက်များကို ဆယ်ယူ၍ အရွယ်တော်တုံးပြီး မွနေအောင် ထောင်းထားပါ ၊ အရိုးပါလျင် ဖယ်ပါ ။ ကြံသကာခဲ > ကြက်သွန်ဖြူ > ငရုတ်သီးစိမ်းတွေကို အစဉ်အတိုင်း ကြေသွားအောင်ထောင်းပြီး မွနေအောင် ထောင်းထားတဲ့ ငါးခြောက်နဲ့ ရောပြီးထောင်းပါ ၊ ဆီကို စိုစွတ်စေယုံ ဖြန်းပေးပါ ။ ငါးခြောက်ထောင်း ရပါပြီ ။

* အနှီ ငါးခြောက်ထောင်းကို ချဉ်ရည်ဟင်းချက်လိုလျင် ဟင်းခတ်အဖြစ် သုံးနိုင်ပါသေးတယ် ။

ဒါကတော့ ငါးကွမ်းရှပ်ထောင်းပါ

ဒါကတော့ ငါးကွမ်းရှပ်ထောင်းပါ

 

“အသားထောင်း”
– ဆိတ်သား / အမဲသား / ဝက်သား – တစ်ပေါင်/ကီလိုဝက်/၃၀-ကျပ်သားခန့်
– ကြံသကာခဲ ၁-စင်တီမီတာ ပါတ်လည် တစ်တုံး
– ကြက်သွန်ဖြူ ၆-မွှာ
– ငရုတ်သီးစိမ်း အနီ ၈-တောင့် (အစပ်ကြိုက်လျင် ပိုထည့်ပါ)
ဆိတ်သား / အမဲသား / ဝက်သား အဆီမပါ အသားသက်သက်ကို အရွယ်တော်တုံးပြီးလျင်
– ဆိတ်သား / အမဲသား (စပါးလင် ၁-ချောင်း ထုထောင်း ထည့် + ဆားအနည်းငယ်ထည့်၍ နယ်)
– ဝက်သား (ဂျင်း လက်တစ်ဆစ်ခန့်ကို ထောင်းပြီး အရည်ညှစ် ထည့် + ငန်ပြာရည် စားပွဲတင်တစ်ဇွန်းတို့ဖြင့် နယ်) တို့ကို ရေမထည့်ဘဲ မီးမျှင်းမျှင်းဖြင့် ရေခမ်းလုံးပါ ။ အသားများ အေးသွားလျင် ကြံသကာခဲ > ကြက်သွန်ဖြူ > ငရုတ်သီးစိမ်းတွေကို အစဉ်အတိုင်း ကြေသွားအောင်ထောင်းပြီး လုံးထားသော အသားများထည့်၍ သမသွားအောင် ရောထောင်းပါ ။ အရသာ ပြင်းပြင်းစားလိုပါလျင် အသားမှုန့် အနည်းငယ်ထည့်ပါ ၊ ဆီအနည်းငယ် ဆမ်းပြီးလျင် ထမင်းမြိန်စေသော အသားထောင်း တစ်ခွက် ရပါပြီ ။

* ဆတ်သားခြောက် / အမဲခြောက်ကို ရေခမ်းပြုတ်ပြီး အထက်ပါနည်းအတိုင်း ထောင်းစားနိုင်သလို ၊ ပွဲတော်များမှ စား၍မကုန်သော ကြက်ဆင်သား/ကြက်သားကင် များကိုလည်း ယခုလို ထောင်းစားနိုင်ပါသေးတယ် ။ သတိပြုရန်ကတော့ ကြက်ဆင်သားဆိုလျင် ကြံသကာနှင့် ဆား ပိုထည့်ပေးရပါမယ် ။

* အနှီအသားထောင်းကို Mayonnaise သုတ်ထားသော ပေါင်မုန့်/ပေါင်မုန့်မီးကင်တို့ဖြင့် တွဲဖက်စားသုံးလျင် အလွန်အရသာရှိပါကြောင်း ။

 

 

 

 

 

 

ဦးကျောက်ခဲရဲ့ “ဒီမောင့် လက်ရာ”

ဦးကျောက်ခဲ

About ဦးကျောက်ခဲ

ဦး ကျောက်ခဲ has written 54 post in this Website..