အသက်ရှည်ဖို့ ဒါတွေ လုပ်မယ်.
ကျုပ် အရွယ် က ရှင်းရှင်းပြောရရင် သေဖို့ နီး ပြီ..
အို နာ သေ ဆိုတာ အမှန် ဖြစ်မယ်ဆိုရင် ကျုပ်က အိုတဲ့ အဆင့်မှာ..
ပြီး ရင် နာ.. သေ.. ဖို့ ဖြစ်နေပြီ..
တချို့က မအိုခင် မနာခင် မသေခင် ဘာတွေလုပ်သင့်တယ် ..ဘာတွေ ရှောင်ရမယ် ..အဲလိုတွေ ပြောကြတာပါဘဲ..
သူတို့ပြောတဲ့ ဟာတွေထဲက ကောင်းတာလေးတွေ စုပြီး လုပ်ကြည့်ရမှာဘဲ..
သူတို့ပြောသလို မအို မနာ မသေ တော့ဖြစ်မှာ မဟုတ်ဘူး..
အိုမှာ နာမှာ သေမှာ ပါဘဲ..
အဲဒီတော့ အိုရင်း နာရင်း သေမဲ့အချိန်ကို အမြန်မရောက်အောင်
လူပြောသူပြော နည်းလေးတွေ ရှာကြည့်တာဘဲ.. ။
တချို့က ရယ်သောသူ အသက်ရှည် ၏ တဲ့ ..
အသက်ရှည်အောင် တနေ့လုံး ထိုင် ရီ နေရမယ် ဆိုရင် အဆင်ပြေမှာ မဟုတ်ဘူး..
အရပ်က ဖမ်းပြီး အရူးထောင် ပို့မှာ.. ။
တချို့ကလဲ ပျော်ပျော်နေ သေခဲ..တဲ့..
မသေအောင် အပျော်တွေချည်းရှာနေရင်း
ကာရာအိုကေတို့ မာဆတ်တို့လို သွားရင် လဲ တရားမဝင် ဖွင့်တဲ့ဆိုင်တွေဘဲမို့
တရားဝင်ဆိုင် ရှာမရတာနဲ့ အဖမ်းခံရမှာဘဲ.. ။
လူငယ်တွေလို အပျော်ရှာမယ်ကြံပြန်တော့
ဒီအရွယ်ကြီးကျမှ AIDS တို့ HIV တို့ဆိုတာနဲ့ သင့်ပါ့မလား.. ။
…..
အသက်ရှည်ရှည် နေနိုင်မဲ့နည်းလေးတော့ ကိုယ့်အတွက် ကိုယ် ရှာရတော့မယ် ..
၁ ။ ။ အစားအသောက် ကို မျှတအောင် စားမယ် ။
အသက်ကြီးလာလို့ သွားတွေက သိတ်မကောင်းတော့တာမို့ အစာ မာမာတွေ သိပ်မစားဖို့ လိုတယ် ။ အစာစားရင် ကြေညက်အောင် ဝါးဖို့ လိုမယ် ။ အလွန်အကျွံ မစားမိဖို့လဲ လိုမယ် ။ အစာအိမ်နဲ့ အူလမ်းကြောင်းတွေက ငယ်ငယ်ကလို မသန်မာတော့ဘူး..။ သူတို့ကို ပင်ပင်ပန်းပန်းလုပ်ခိုင်းရင် သူတို့ မြန်မြန်သေမှာ ။သူတို့သေရင် ကိုယ်လဲ သေမှာ.။
၂ ။ ။အိပ်ချိန် မှန်မှန် နဲ့ အိပ်ရေးဝအောင် အိပ် ပါမယ် ။
အသက်ကြီးလာတော့ ခန္ဓာကိုယ်ထဲမှာ အပျက်အစီးတွေများလာပါတယ် ။ ဒါတွေကို ပြုပြင်ဖို့ အချိန်ပေးရပါမယ် ။ ငယ်ရွယ်တုန်းကတော့လှုပ်ရှားသွားလာရင်းနဲ့ ပြုပြင် နိုင်ပေမဲ့ အသက်ကြီးလာတဲ့အခါ ရပ်နားပြီးပြုပြင် မှ အဆင်ပြေမှာမို့ ခန္ဓာကိုယ်ကို ရပ်နားပေးဖို့လိုပါတယ်..။ အိပ်ပျော်နေချိန်မှာ ခန္ဓာကိုယ်ထဲမှာ လိုအပ်တဲ့ အနားယူ ပြုပြင် မှုတွေ လုပ်နိုင်ဖို့ အါပ်ချိန်ကို များများပေးရပါမယ် ။
၃ ။ ။ စိတ် ကို အေးချမ်းအောင် ထားပါမယ် ။
စိတ်ဆိုတာ အလွန် လှုပ်ရှားပြီး ထိန်းရခက်တယ် လို့ ဘာသာရေး တရားတွေမှာ ဆိုပါတယ် ။ ဘာသာရေးလိုက်စားပြီး တရားရိပ်သာတွေမှာ သွားနေဖို့ စဉ်းစားပြန်တော့ ကိုယ့်အပူထက် ရိပ်သာ အပူက ပိုကြီးနေကြတာ.. ။ စိတ်အေးအောင် ဆို ဘယ်မှာဘဲ နေနေ စိတ်ထဲ ဘာမှ မထားမှ ဖြစ်မယ် ။ အဓိက က စပ်စုတဲ့စိတ် သူများအကြောင်းသိချင်တဲ့စိတ် က စိတ် ကို ပူအောင် လုပ်တဲ့အထဲ အဓိက ဘဲ ။ ပြီးတော့ ဆရာကြီး လုပ်ချင်တဲ့ စိတ် ငါသိတယ် ငါတတ်တယ် ငါလုပ်မှ ဖြစ်မယ် ဆိုတဲ့စိတ် ။ အဲဒီစိတ်တွေက စိတ်အေးအောင် မလုပ်နိုင်ဘူး..။ ဒါ့ကြောင့် ခေါင်းထဲ ရှင်းအောင် ဘာမှ မထည့်မှဖြစ်မှာ..။
၎ ။ ။ ခန္ဓာကိုယ် ကို ဂရုစိုက်နေပါမယ် ။
သူတပါးတွေကို ဂရုစိုက်စရာမလိုပါ ။ မိမိခန္ဓာကိုယ်ကိုသာ ဂရုတစိုက်နဲ့ ပိုးမွေးသလို မွေးပါမယ် ။ ရာသီဥတုဒဏ်မခံ ရအောင် နေပူ မိုးရွာ အအေးဒဏ် မခံရအောင် မျှမျှ တတ နေနိုင်အောင် သတိထားရပါမယ် ။ ရာသီ အပြောင်းအလဲကြောင့်ဖြစ်တတ်တဲ့ တုတ်ကွေးလို အာဂန္ဓု ရောဂါတွေကို မဖြစ်ရအောင် ဂရုစိုက်ပါမယ် ။ ရာသီစာကြောင့်ဖြစ်တတ်တဲ့ ဝမ်းဖေါဝမ်းရောင် လို ရောဂါ မဖြစ်ရအောင် အစားကို ဆင်ခြင်ပါမယ် ။ ရုတ်တရက် ထိခိုက် အနာတရမဖြစ်စေဖို့ အသွားအလာ ဆင်ခြင်ပါမယ် ။ လမ်းဖြတ်လမ်းကူး ယာဉ်အန္တရာယ် ကင်းအောင် ဂရုစိုက်ပါမယ်..။
၅ ။ ။ ကျန်းမာရေး ဗဟုသုတ ရှိအောင် နေပါမယ် ။
လူဆိုတာ အိုလာပြီဆိုတော့ အချိန်မရွေး နာလာလိမ့်မယ် လို့ မျှော်လင့်ထားရပါမယ် ။ ဒါ့ကြောင့် ကျန်းမာရေးနဲ့ ဆိုင်တဲ့ ဗဟုသုတ တွေကို လေ့လာထားပြီး ခေတ်နဲ့အညီ မျက်ခြေမပြတ်အောင် နေရပါမယ် ။ ရာသီချိန်လိုက် ဖြစ်တတ်တဲ့ ရောဂါတွေ ၊ နိုင်ငံတကာမှာ ဖြစ်နေတဲ့ ရောဂါ အသစ်အဆန်းတွေ ၊ ဒီရောဂါတွေ ရဲ့ ကုထုံးတွေ ၊ မြန်မာဆေးမြီးတိုတွေ ..ဒါတွေလဲ သိအောင် လေ့လာထားပါမယ် ။ တော်ရုံ ဝေဒနာ လောက်က ဆေးမြီးတိုနဲ့ ပျောက်ချင်ပျောက်မှာ..။ ပြီးတော့ ဆေးရုံ ဆေးခန်း ဆရာဝန်တွေ ..ရိုးရိုး ဆရာဝန် အထူးကုဆရာဝန်တွေကိုလဲ လေ့လာထားပါမယ်..။ မတော်တဆ ကိုယ်ဖြစ်နေတဲ့ ရောဂါ ဆေးရုံ ဆေးခန်းပြရမယ်ဆို ဘယ်ဆရာဝန်ပြသင့်လဲလို့ သိအောင် လို့ပါ..။ မရွေးမမှန်ရင် ဆရာဝန်က ရောဂါတခြား ကုထုံးတခြားနဲ့ ဆရာများ သားသေ ဖြစ်မလား ဆေးအတွက် လေး ဆိုတာမျိုး ဖြစ်မလား မပြောနိုင်ဘူးလေ..။
ကိုယ်တွေက သူများတွေလို ထစ်ကနဲရှိ နိုင်ငံခြားထွက် ပြီး ဆေးစစ် ဆေးကု လုပ်နိုင်လောက်တဲ့ ပိုက်ဆံက မရှိတော့ မြန်မာစကားပုံ အတိုင်း အသက် ဥာဏ်စောင့် ဆိုသလို လုပ်ရမှာကိုး..။
ခုပြောတဲ့ ကျုပ် ရဲ့ ကိုယ့်ကိုယ်ကို အသက်ရှည် အောင် နေဖို့ နည်းက အလုပ်ဖြစ်မယ် ထင်ပါတယ်..။ တကယ်လို့ မိတ်ဆွေတွေလဲ ဒီနည်းကို နှစ်သက်တယ် ဆို လိုက်နာ ကျင့်သုံး နိုင်ပါတယ် ။ ဒီနည်းက နွေဦးရဲ့ ကိုယ်ပိုင် နည်းဖြစ်ပေမဲ့ နိုင်ငံတကာမှာ ရီဂျစ်စတာ (ရေစစ္စရီ ) မူပိုင် လုပ်မထားတဲ့ အတွက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ် ။
နွေဦး တွေးမိသလို ရေးမိပါသည် ။
သင့်တင့် မျှတတဲ့ အချက်တွေပါ …
အသက် ဉာဏ်စောင့် ၊ ဥစ္စာ ကံစောင့် ဆိုပေမဲ့ …
နာ – ဆိုတဲ့ နေရာမှာ “ကင်ဆာ” ဆိုရင်တော့ ကုလို့လည်း ပျောက်မှာမဟုတ် …
တသက်လုံးရှာခဲ့သမျှ ရှိတာလေးတွေပဲ ကုန်မှာဆိုတော့…
ဝေဒနာလည်း မခံနိုင် ၊ မြန်မြန်သေဖို့ပဲ ရွေးလိုက်မှာ…
Was this answer helpful?
LikeDislikeအို,နာ,သေ
ကင်းတဲ့သတိပဋ္ဌာန်ဆေးကိုမှီဝဲပါ။
Was this answer helpful?
LikeDislikeအသက်ကလေးရယ် ရှည်စေလိုရင် ချစ်တတ်အောင်သင် တဲ့။
သီချင်း ကြားဖူးတာပဲ။
အသက်ကြီးလို့ အသက်ရှည်ချင်ရင် စမီးလေးတွေကို များများချစ်ပါ

Was this answer helpful?
LikeDislikeအင်ဖော်မေးရှင်းတွေအတွက် ကျေးဇူးတင်ပါတယ်
Was this answer helpful?
LikeDislikeအသက်ရှည်ချင်ရင် အသက်များများရှုရမတဲ့။
သွေးထဲတို့ ခေါင်းထဲတို့ နှလုံးထဲတို့ အောက်စီဂျင်များများရောက်အောင်ဆိုလားပဲ။
ကျနော်တို့က အသက်ရှုဖို့ကို စိတ်ရှည်လက်ရှည်မရှုဖြစ်ကြဘူးတဲ့ဗျ။
မက်ဒီတေးရှင်းတို့ တရားထိုင်တာတို့နဲ့ ကြည်လင်တယ် ဆိုတာလည်း အဲဒီ အခြေခံ ဆိုလားပဲ။
အဲ။
လေကောင်းလေသန့်ရတဲ့ နေရာမှာဖြစ်ဖို့တော့လိုတာပေါ့လေ။
Was this answer helpful?
LikeDislikeကိုယ်နဲ့ Tone တူတဲ့ အဖော်အပေါင်းလေး ရှိထားဖို့လည်း လိုမလားလို့။(ကြီး/ငယ်၊ ကျား/မ မဟူပေါ့)
နို့မို့ အထီးကျန်ဖြစ်ပြီး Depression ၀င်တတ်လို့။
Was this answer helpful?
LikeDislikeအူးကျောက်စ်ပြောသလို မြန်မြန်သေဖို့ပဲ ရွေးမယ်။ နာတာရှည်တော့ မဖြစ်ချင်ဘူး။
Was this answer helpful?
LikeDislikeတစ်ခါတလေလည်း ရှည်ချင်တယ်
တစ်ခါတလေလည်း မရှည်ချင်ဘူး ဘလိုနေရပါ့
Was this answer helpful?
LikeDislikeအင်း………………………………..
နံပါတ် ၅ တစ်ခုပဲ လုပ်နိုင်တယ် …..
Was this answer helpful?
LikeDislikeအမှန်တော့ သမီးတို့ကသာ လူငယ်တွေဖြစ်ပြီး ရောဂါထူပြောနေကြတာ.. ကိုယ့်ကိုကိုယ်ကြည့်လိုက်ရင် နေထိုင်မှုပုံစံက ကျန်းမာရေးနဲ့ မညီညွတ်ဘူး.. အပေါ်က အချက်တွေဆို တစ်ချက်မှ မလုပ်ဖြစ်
ခုလိုပြောပြပေးတာ ကျေးဇူးတင်ပါတယ်ရှင့်.. ကြီးငယ်မရွေး လူတိုင်း လုပ်သင့်တာတွေလို့ ထင်မိပါတယ်..
Was this answer helpful?
LikeDislikeအသက်ကလေးရယ်တဲ့ ရှည်စေလို မန်းတောင်ရိပ်ကို ခို ဆိုသလိုပေါ့…
ခုက ရှောင်ရမယ့်အစားအစားတွေရယ် လူနေထူထပ်တဲ့ ပတ်ဝန်းကျင်နဲ့ ကားပေါများလှတဲ့ မြို့ကြီးရဲ့ အငွေ့အသက်တွေရယ်… အချိန်တွေ မအားလပ်ကြတဲ့သူတွေရယ်…
အင်း ဘယ်လိုပြောရမှန်းတောင်မသိတော့ပါဘူး။
အဓိကကတော့ စိတ်ပေါ့လေ… အေးချမ်းနေရင်တော့ အများကြီးမဟုတ်တောင် နည်းနည်းလေးတော့ ဆွဲဆန့်ထားလို့ ရကောင်းပါရဲ့…
Was this answer helpful?
LikeDislikeကြိုက်တယ်ဗျာ…တတ်နိုင်သမျှလိုက်နာဖို့ကြိုးစားပါ့မယ် ကိုနွေဦးရေ
Was this answer helpful?
LikeDislikeတရားအားထုတ်မယ်ဆိုတာလေးပါရင်လည်းပိုကောင်းမလားလို့
Was this answer helpful?
LikeDislike