မိသားစုတစ်စု၏ ခရီးရှည်စတင်ဖြတ်သန်းခြင်း

manawphyulayJuly 11, 20171min28410


နေ့စဉ်ကောင်းမွန်တဲ့ ဘဝကိုဖြတ်သန်းနိုင်ဖို့ဆိုတာက မိသားစုတစ်စုရဲ့ အခြေခံပန်းတိုင်ဖြစ်ပါတယ်။ မိဘဖြစ်လာပြီဆိုတာ ခရီးရှည်ကြီးတစ်ခုကို အစပြုလိုက်တာပါပဲ ဖြစ်ပါတယ်။ မိသားစုတိုင်းမှာ ရည်မှန်းထားတဲ့ ပန်းတိုင်တွေ အသီးသီးရှိကြမှာပါ။ မိဘဖြစ်လာပြီဆိုတာနဲ့ ခရီးရှည်ကြီးတစ်ခုကို အစပြုလိုက်တာပါ။ ဒီ ခရီးကို ကလေးနဲ့အတူ ချီတက်ကြရပါတော့တယ်။ မိဘဖြစ်ခြင်းကို ခရီးတစ်ခုနဲ့ ဥပမာပေးပြီးပြီဆိုတော့ ကလေးနဲ့အတူ ဘယ်လို ခရီးဆက်ကြမလဲဆိုတာ သိမှတ်ထားသမျှ ရေးသားလိုက်ရပါတယ်။ မွေးကင်းစကလေးတွေဟာ အဆင့်ဆင့်ကြီးထွားလာမှာ ဖြစ်တာ ကြောင့် အမြဲထွေးပိုက်ထားလို့ မရနိုင်သလို ဖွံ့ဖြိုးစအရွယ်ဖြစ်တဲ့အတွက် ချုပ်တည်းထားလို့လည်း မရပြန်ဘူး။ စတင်ထိုင်တတ်လာပြီး လေးဘက်ထောက်သွားမယ်၊ နောက် လမ်းလျောက်တတ်မယ်၊ ပြေးမယ် စတဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးလာတာနဲ့အမျှ ဒီခရီးရှည်မှာ ကလေးကလည်း သူ့လမ်းသူလျောက်နိုင်တဲ့ လူတစ်ယောက်အဖြစ် ပါဝင်လာမှာဖြစ်ပါတယ်။ သမီးလေးက ငယ်ငယ်က တွန်းလှည်းထဲ ထည့်ထားတာများတော့ လမ်းစလျှောက်တတ်လာတဲ့အချိန်ကျတော့ ခြေဖျားထောက်ထောက်ပြီး သွားနေတဲ့အတွက် ပုံမှန်လမ်းလျှောက်ဖို့ ပြန် ပြန်လုပ်နေရပါတယ်။

မိဘဖြစ်လာမယ့် ကျွန်မတို့အနေနဲ့ ကလေးတွေကို ထိထိရောက်ရောက်ဘယ်လို စောင့်ရှောက်ကြ မလဲဆိုတာကို စိတ်ဝင်စားကြမှာပါ။ လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနဲ့ဘဆိုသလိုပဲ ကလေးတစ်ယောက်ရဲ့ ပထမဆုံးရှင်သန်ကြီးပြင်းရတဲ့ ပတ်ဝန်းကျင်က မိဘနှစ်ပါးပါပဲ။ မိဘတွေအနေနဲ့ ကလေးတွေကို ဘယ်လို ကလေးမျိုး ဖြစ်စေချင်တာလဲ။ ကလေးတစ်ယောက်ဟာ လမ်းပေါ်မှာ အမှိုက်မပစ်ဖို့ဆိုတဲ့ စည်းကမ်းကို လိုက်နာဖို့ဆိုရင် မိဘကိုယ်တိုင်က အမှိုက်ကို စနစ်တကျ စွန့်ပစ်ပြဖို့တော့ လိုအပ်ပါတယ်။ နောက်တစ်ချက်က အရင်ဆုံး သရုပ်ဆောင်ပြဖို့လည်း မမေ့ပါနဲ့။ ကျွန်မသမီးလေးဆိုရင် ကိုယ်ချွတ်လိုက်တဲ့ ဒိုင်ဗာကို ကိုယ်ယူပြီး အမှိုက်ပုံးထဲ ထည့်တတ်အောင် တစ်ခါပဲ ရှေ့ကလုပ်ပြထားတဲ့အတွက် သူ့ဘာသာ ထည့်တဲ့အကျင့်လေးရနေပြီ ဖြစ်ပါတယ်။ ဒါတောင် မလွှတ်ပစ်တဲ့ ကြွပ်ကြွပ်အိပ်လည်း ယူပြီး အမှိုက်ပုံးထည့် ထည့်နေတဲ့အတွက် ပြန်သုံးလို့ရကြောင်း သူ နားလည်အောင် ပြောပြထားပေးပါတယ်။ နောက် ထမင်းစားပြီး ဖွတဲ့အခါ တံမြက်စည်းလှည်းရမယ်ဆိုတဲ့ အသိလေး သွင်းပေးထားတဲ့အတွက် အမှိုက်ဖွပြီးရင် တံမြက်စည်းနဲ့ ဂေါ်ပြား ပြေးယူပြီးလှည်းတော့တာပါပဲ။ ကလေးတွေရှေ့မှာ ကိုယ်က ဘယ်လိုပုံစံနေပြမှာလဲ။ ဘာတွေကို တန်ဖိုးထားပြကြမလဲဆိုတာက အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုရင် ကလေးဆိုတာ အတုခိုးတတ်ကြပါပြီး သင်လွယ်တတ်လွယ်ရှိ ကြပါတယ်။

သမီး ၅ လ ၆ လသားထဲက ဘေဘီရမ်သမ်လေးတွေ အမြဲဖွင့်ပြဖြစ်ပြီး ယခုတိုင် အိပ်ချိန်ဆိုရင် ကြည့်ပြီးမှ အိပ်လေ့ရှိပါတယ်။ နောက်တစ်ချက်က သူ့အတွက် ငြိမ်ဆေးတစ်ခုဆိုလည်း မမှားပါဘူး။ နောက်ဒီထဲမှာပါတဲ့ ဇာတ်ကောင်လေးတွေ ဘာတွေလုပ်လဲဆိုတာ လိုက်မှတ်တတ်နေပါပြီ။ ဒါကြောင့် ပြသတဲ့အခါ ကလေးတွေအတွက် အသုံးဝင်မယ့်အရာလေးတွေ ပြသရင် ပိုမိုသင့်လျော်ကောင်း မွန်ပါတယ်။ တခါတလေ မိဘကပြောတဲ့ မလုပ်ရဘူးနော်ဆိုတဲ့ တားမြစ်မှုကို ကလေးတွေက နားမထောင်ချင်တတ်ပါဘူး။ ဒါပေမယ့် ပြတဲ့ကာတွန်း ဇာတ်ကောင်လေးတွေရဲ့ ကောင်းတဲ့ အပြုအမူလေးတွေကိုတော့ ကလေးတွေက အတုခိုးတတ်ကြပါတယ်။ ကလေးတွေကို ကောင်းတဲ့ အပြုအမူတွေလုပ်ဆောင်ချင်အောင်၊ တန်ဖိုးထားမှုလေးတွေ မှန်ကန်အောင် ယခုလို ဘေဘီရမ်သမ်လေးတွေဖြစ်ဖြစ် ပုံပြင်ပြောပြတာဖြစ်ဖြစ်ကနေ အတွေးတွေ ပေးလို့ရပါတယ်။ ပုံပြင်ကတော့ အမြဲပြောပြဖို့ မိဘတွေက အချိန်အားရင် တော်ရဲ့၊ အချိန်မအားရင်တော့ ပြောပြနိုင်မှာ မဟုတ်ပါဘူး။

တခါတရံမှာ ကလေးနဲ့ မိဘကြားနားလည်မှုလွဲနေတာတွေ ရှိတတ်ပါတယ်။ မိဘ ကလည်း စိုးရိမ်လို့အော်တယ်။ ကလေး ကလည်း ဖြစ်ချင်တာလုပ်ရဖို့ ဇွတ်လုပ်မယ်။ မလုပ်ရရင် အော်ဟစ်ငိုယိုမယ်။ ဒါက မိဘနဲ့ ကလေးတွေကြား အမြဲဖြစ်နေကျ ပုံစံတွေပါ။ ဒီအခါ ကလေးပြောတာ သေချာနားထောင်ပေးပြီး၊ ခွင့်ပြုနိုင်ရင် ကလေးကိုခွင့်ပြုပေးဖို့လိုသလို၊ ကိုယ်မဖြစ်စေချင်တာကိုလည်း သေချာ ရှင်းပြပေးဖို့လိုပါတယ်။ ကလေးတွေရဲ့ စကားကိုနားထောင်ပြီး နားလည်စေတဲ့ စကားလုံးနဲ့ လေးလေးနက်နက် ရှင်းပြမယ်ဆိုရင် ကလေးလေးတွေက မိဘစကားကို နားထောင်တတ်လာပါမယ်။ ကလေးတို့မှတ်ဉာဏ်လေးနဲ့လိုက်ဖက်မယ့် စကားလုံးလေးတွေဖြစ်ဖို့တော့ လိုအပ်ပါတယ်နော်။ ဒါမှ တွေးနိုင်သလောက် ကြောင်းကျိုးခိုင်လုံမှာဖြစ်ပြီး ကလေးတွေအတွက် လိုက်နာဖို့လည်း လွယ်ကူလာ နိုင်မှာ ဖြစ်ပါတယ်။

အခုတမျိုး တော်ကြာတမျိုး စည်းကမ်းတွေက ကလေးကို ထိန်းကြောင်းတဲ့အခါမှာ မထိရောက်ပါဘူး။ ဥပမာ မနက်မိုးလင်းရင် မျက်နှာသစ်ရမယ် မသစ်ခင်မှာ သွားတိုက်ရမယ်ဆိုတာ ကလေး သိထားရပါမယ်။ တစ်ခါတလေ သမီးက ရေချိုးဖို့ ကြောက်တတ်ပါတယ်။ အဲဒီအခါ သူကစားနေတဲ့ ဘောလုံးတွေ အရုပ်တွေနဲ့ ရေကန်လေးထဲ အရင်ထည့်ပြီး ရေလောင်းပြရပါတယ်။ နောက်မှ သူ့ကို ကိုယ်တိုင် မျက်နှာသစ်ခိုင်း ရေထိခိုင်းရပါတယ်။ ယခုဆိုရင် ပုံမှန်အားဖြင့် မနက်မိုးလင်း အိပ်ရာက နိုးလာတာနဲ့ teeth လို့ ပြောပြီး သွားတိုက်တဲ့ပုံစံ လုပ်ပြပါတယ်။ သဘောကတော့ သူ မျက်နှာသစ်မယ်ဆိုတဲ့အဓိပ္ပာယ်ပဲ ဖြစ်ပါတယ်။ သားသားမီးမီးရှိတဲ့ မေမေဖေဖေများအတွက် ခရီးရှည်ကြီးကို စတင်ဖြတ်သန်းတဲ့အခါ တွေ့ကြုံရတာလေးတွေကို ရေးသားလိုက်ရခြင်းပင် ဖြစ်ပါတော့တယ်။

မနောဖြူလေး

10 comments

  • စိတ်ဝင်စားစရာကောင်းပြီး ဗဟုသုတရပါတယ် အစ်မရေ.. တစ်ခါတစ်လေ ကိုယ်လည်း ငါ့ကလေးဆိုရင် ဘယ်လိုလေးပျိုးထောင်မလဲဆိုပြီး စိတ်ကူးယဉ်ခဲ့ဖူးပါတယ်.. အမေနဲ့ မောင်လေးနဲ့ စိတ်ဆိုးကြပြီဆိုုရင် အမေ့ကို ပြောတယ်.. အမေက အလိုလိုက်ထားတာကိုး ဆိုပြီး.. အမေက နင့်ကလေးကျမှ သိလိမ့်မယ်တဲ့.. :mrgreen:

    ဆယ်ကျော်သက်အရွယ်ကလည်း သတိထားပြီး ထိန်းရမယ့်အရွယ်ပဲနော်.. အဲဒါကတော့ ကိုယ်တွေ့ရယ် :mrgreen:

    • manawphyulay

      July 11, 2017 at 2:47 pm

      မွေးပြီး စတင်အသိလေးဝင်လာထဲက လမ်းကြောင်းမှန်ရောက်ဖို့ မိဘတွေက ပ့ပိုးပေးရမှာပါညီမလေးရေ… မမလည်း အားရင် အားသလို ရေးကြည့်မလို့ စိတ်ကူးမိတာလေး စတင်အကောင်အထည်ဖော်လိုက်တာပါ…နော်..

  • kai

    July 11, 2017 at 4:51 pm

    နွားနို့.. ကြက်ဥ၊ အမဲသား.. များများကျွေးပါ.။ အသက် ၄နှစ်မပြည့်ခင် ဦးနှောက်ဖွံ့ဖြိုးနေချိန်.. အသားကုန်ကျွေးပါ..။
    ကျန်တာတော်တော်များများ.. ဖွံ့ဖြိုးနေတဲ့.. ကလေးဦးနှောက်က.. အလိုလို.. အလုပ်လုပ်သွားပါလိ့မ်မယ်..။
    အဲ.. အဲဒါတွေမကျွေးရင်တော့.. ဘာဘာဘာမှလုပ်မရ..
    သဘောက.. 486 CPU က.. i7 CPU ရဲ့တွက်ချက်နိုင်စွမ်းကို.. ဘယ်လောက်ကြိုးစားကြိုးစားပြီး.. Run..ဦး..။
    …မမှီရေးချမမှီ..။

    • manawphyulay

      July 12, 2017 at 9:41 am

      ဟုတ်ကဲ့သဂျီး… သမီးကတော့ ခုအစုံစးပဲ။ ဒါပေမယ့် သူက အသီးအနှံကိုပိုစားပြီး ပိုကြိုက်တယ်။

  • အင်း..ဘာလိုလိုနဲ့ မနောတောင်မိဘကောင်းတစ်ယောက်ဖြစ်နေပြီနော်
    အောင်မြင်ပျော်ရွှင်တဲ့မိသားစုဘဝလေးကို တည်ဆောက်နိုင်ပါစေ…

    • manawphyulay

      July 17, 2017 at 10:35 am

      ဟုတ်ကဲ့ပါ လေးလေး… ခုထိတော့ ကျွေးဟောင်းဆပ်ရင်း ကျွေးသစ်ချဖို့ ပြင်ဆင်နေတုန်းပါရှင်…

  • Shar Thet Man

    July 17, 2017 at 1:01 pm

    စာအရေးအသားတွေမိုက်တယ်ဗျိုစာအရေးအသားတွေမိုက်တယ်ဗျိ်ု ့

    • manawphyulay

      July 17, 2017 at 3:44 pm

      ကျေးကျေးပါ… တော်သေးတယ် အားပေးတဲ့သူ ရှိနေသေးလို့….

  • ဦးကျောက်ခဲ

    July 17, 2017 at 5:56 pm

    သားတော်မောင်လည်း ခြေဖျားထောက်ပြီး လမ်းလျှောက်လို့ ဟန့်နေရတယ် …
    ရေချိုးဖို့ ပြသနာမရှိပေမဲ့ သွားတိုက်ဖို့ဆိုရင်တော့ စောင်ပုံထဲ ခေါင်းထိုးပြီး ပုန်းတာ…

    • manawphyulay

      July 18, 2017 at 11:16 am

      ဟုတ်လား ဒါပေမယ့် လေးကျောက်သားသားက အတော်လည်နေပြီနော်…

Leave a Reply