ကာကွယ်ရေးဌာန ညွှန်ကြားရေးမှုးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် – ၃

စစ်ဖက် – အရပ်ဖက် ဆက်ဆံရေးဆိုတာ အရပ်သားအုပ်ချုပ်ရေးစနစ်တွင် မရှိသင့်ကြာင်း အပိုင်း၂မှာ ထောက်ခြံပီးပြီ။ စစ်တပ်ကို မုန်းလို့မဟုတ်ဘဲ အရပ်သားစစ်စစ် Civilian ပီပြင်တဲ့ ယဉ်ကျေးလူ့ဘောင် အဖွဲ့အစည်းတခု Civil Society ပီပြင်ပေါ်ပေါက်ရေး ရည်ရွယ်ပါတယ်။ အဲလိုပြောလို့ စစ်တပ်ကို ရိုင်းတယ် ပြောပြန်ပြီ တလွဲ မတွေးစေလိုပါ။ သူ့သဘာဝကိုယ်၌ ကြမ်းတမ်းခက်ထန် မာကျောတဲ့ သဘောရှိတယ်။ အရပ်သား နိုင်ငံရေးသမား၊ ပညာရှင်လို အိညှက်အိညှက် အပျော့မဆွဲဘူး။ ဝေဖန်လေကန် စေ့စပ်ညှိနှိုင်း အဖြေရှာဖို့ ဖွဲ့ထားတာမဟုတ်။ တုံးဆိုတိုက် ကျားဆိုကိုက် အင်အားသုံးနိုင်အောင် အမိန့်ပေးစနစ်နဲ့ တည်ဆောက်တာ၊ လွန်သွားပြန်တော့ ပေးတာယူ ကျွေးတာစား ခိုင်းတာလုပ်တဲ့ ဖက်ဆစ်တပ် ဘဝရောက်တာပေါ့လေ။ ရှာကြံနှိုင်းရလျင် မိန်းမလိုပဲ မရှိမကောင်း ရှိမကောင်း မပေါင်းလဲခက် ပေါင်းလဲခက်.. အစိုးရမင်းများအဖို့ ပြောတာပါ။ အာဏာရှင်နိုင်ငံတွေမှာတောင် စစ်တပ်ကို နည်းမျိုးစုံသုံး ကန့်သတ်ထားလျင် အရပ်သား အစိုးရအဖို့ ပြောဖွယ်မရှိပြီ။ ကျားကျားလျားလျား ဥပမာ မြင်ချင်လျင်တော့ သားသတ်သမား မြင်ကြည့်ပါ။ အကုသိုလ်ကောင်ဆိုပြီး မထားလို့လဲမဖြစ်၊ အားပေးအားမြှောက် ပြုရလဲအခက်။ ဖြေရှင်းနည်းကတော့ ကျန်းမာရေး အကြောင်းပြချက်နဲ့ သားသတ်ရုံ မြို့ပြင်ထုတ်တာပါပဲ။ သားသတ်သမား ရပ်ထဲရွာထဲ ဈေးရောင်း နေထိုင်သွားလာလို့ ဘာပြသနာမှမရှိ၊ အလုပ်တော့ ပေးတဲ့နေရာလုပ်ပေါ့။
ဒီနေ့ မြန်မာပြည် ဖြစ်ပုံက သားသတ်ရုံ မြို့လည်ကောင် ရောက်ရုံမက သွေးသံရဲရဲနဲ့ လမ်းပေါ် မြင်မကောင်း၊ အနံ့အသက်လည်းဆိုး၊ သားသတ်သမား ဓါးကြီးတရမ်းရမ်းနဲ့ မြို့အနှံ့လျောက်သွားတဲ့အပြင် မြို့စီမံခန့်ခွဲရေး၊ လုံခြုံရေး အုပ်စီးထားလိုက်သေးတယ်။ ဒါကို ပြင်ဖို့မြို့လူထုက အုပ်ချုပ်ရေးအဖွဲ့သစ် တင်ပြီးပြီ။ သားသတ်သမားက မြို့ပြင်မသွားနိုင်ဘူး၊ သားသတ်အလုပ်လဲ မစွန့်နိုင်ဘူး ဓါးကြိမ်းကြိမ်းတယ်။ ရာသီဥတု မိုးလေဝသ မှန်မှ ပြောင်းမယ် ပြောတယ်။ စဉ်းစားနော် ဒီခေတ်မှာ ရာသီဥတု ဘယ်တော့ပြန်မှန်မယ်မှန်းမသိ၊ ဖြစ်နိုင်တာ ပိုဆိုးလာဖို့သာရှိတယ်။ ကောင်းမယ်ဆိုလည်း ဘယ်လောက်စောင့်ရမှန်း မသိ။ ကိုယ့်လက်ထက်လား၊ သားသမီးလက်ထက်လား၊ မြေးမြစ်လက်ထက်လား။
အလုပ်ဆိုတာ အကောင်းကိုသာ အပြုသဘောဆောင် ဦးတည်လုပ်ရမှာမို့ ဖြစ်တာမဖြစ်တာ အသာထား ရောက်နေရာကစ တွန်းအားပေးရပါမယ်။ ကောင်းလာမည့်အချိန် ထိုင်စောင့်လို့တော့ အခုမဖြစ် နောင်လဲမဖြစ်။ ဒီမိုကရေစီအရေး လှုပ်ရှားမှုလိုပါပဲ၊ အစောပိုင်းလှုပ်ရှားမှုများ အချီးအနှီး ပြောဖို့သင့်မလား။ နောင်တော် အမတော်များ မပေးဆပ် မရုန်းကန်ခဲ့လျင် အခွင့်ရသည့်အခိုက် အားထုတ်နိုင်စွမ်း ရှိလိမ့်မည်မဟုတ်။ ဒေါ်စုသာ အချိန်ကောင်း ထိုင်စောင့် အလိုက်အထိုက်နဲ့ လူလိမ်မာလုပ်ခဲ့လျင်၊ နိုင်ငံခြားထွက် စွန့်ခွာခဲ့လျင် စစ်တပ်က သူ့ကို တူတူတန်တန် ပြိုင်ဖက် သဘောထားပါဦးမလား၊ လူထုကရော အမျိုးသားခေါင်းဆောင်အဖြစ် အသိမှတ် ပြုပါ့မလား၊ ပြည်တွင်းပြည်ပ အင်အားစုများရဲ့ ချစ်ကြောက်ရိုသေ တန်ဖိုးထားလေးစားမှု ရနိုင်ပါဦးမလား။
စစ်တပ် သူ့ကိုယ်သူ ထိုင်းဘုရင်ပုံစံ ချိုးနေတာ မျက်စေ့မမှောက်စေချင်။ ထိုင်းမှာလို ဘုရင်ကို မဝေဖန်ရ၊ မသရော်ရ၊ လုပ်မိလျင် ကြီးကြီးငယ်ငယ် ထောင်ဒဏ်။ ခုလည်း ဘာမှ လာမထိနဲ့၊ ထိရင် ဆွဲစိလိုက်မယ်။ တရားရုံးကို ဖိအားပေး ဖမ်းချုပ်လိုက်မယ်။ ဆင်ရိုင်းကို ပုံစံသွင်းသလို မယဉ်ခင်စပ်ကြား အမိန့်ပေးသင်လိုက်၊ အသားနုကို ချွန်းနဲ့ထိုးလိုက်။ ကြာတော့ ဧရာမဆင်ကြီး ကာပြန်ဖို့ မစဉ်းစားရဲတော့ဘူး။ ခိုင်းသမျ နာခံရပြီ။ စစ်တပ်ကို မထိရဲ မကိုင်ရဲအောင် တမင် စပ်စပ်ထိမခံ စန်းစန်းတင့်ပြနေတယ်။ ဒါကို အဟုတ်ထင်ပြီး ကြည့်စမ်း သူတို့ကို နဲနဲမှ ထိမရဘူး၊ လက်ရှောင်တာ အေးတယ်ဆို တသက်လုံး စစ်ကျွန်ခံနေရတော့မယ်။

ချော့ကြိုက်ခလေး ရှော့ခ်တိုက်ပေး
စစ်တပ် သူ့နေရာသူ အချိန်တန် ပြန်မလား မစဉ်းစားနဲ့၊ တရားရုံးတွေသာကြည့်။ ပါးစပ်က ဘယ်လိုပြောပြော ချွန်လုပ်ရဲသူ တရားသူကြီး မရှိ။ အရပ်သား အမှုတွေမှာ ငွေကြေးအဂတိ မကင်းတဲ့အခါ ပြည်ထဲရေး အပေါ်က စစ်တပ်ကို မလှန်ရဲဘူး။ ကိုယ့်အခြင်းခြင်းလဲ မြွေမြွေခြင်း ခြေမြင်သူချည်း။ နင်လုပ် ငါပြန်တိုင်လိုက်မှာပေါ့။ အမြင်မှန်ရလို့ ပြင်ချင်တောင် နောင်ရေး ဘယ်သူ အာမခံမလဲ။ ဖြစ်လာတဲ့အခါ ဘွားဒေါ် ကယ်မလား။ ရုပ်ရှင်မင်းသား ရဲတိုက်လို စောင်မြင်ကတ်ပုဒ်မနဲ့ စံပြ အတီးတောင် ခံရအုံးမယ်။ ပြည်ထဲရေးနဲ့စရဖမှာ မှတ်တမ်းအားလုံး သိမ်းထားပြီးသား။ တပ်တွင်းမှာလဲ ဒီလိုပဲ ပြင်ချင်လဲ စုစည်းမရအောင် သပ်လျှိုခွဲပြီးသား၊ ဇရှိသူများ အထက်ရောက်မလာဘူး။ တရားရေးလိုပဲ မလှုပ်နိုင်အောင် ဖိထားတယ်။ သူတို့ မဖေါက်ထွက်ရဲလို့ ကိုယ့်ဖက်က ဖေါက်ထွက်မယ်ဆိုတော့ အမေစု အမေစုနဲ့ အမေစုက တော်တယ် တတ်တယ် အောက်လူ သောက်သုံးမကျလို့ နိုင်ရာ လက်ညှိုးထိုးတတ်တဲ့ လူလိမ်မာတွေပ အစိုးရမှာ များတယ်၊ လိုနေတာ ကွီးဖြိုးလို တွန်းတွန်းတိုက်တိုက် လူမိုက်လုပ်မည့် နိုင်ငံရေးခေါင်းဆောင်နဲ့ တာဝန်ရှိသူ။ ဖွဖို့လိုချိန် ဖွ၊ စွန့်ဖို့လိုချိန် စွန့်နိုင်ရမယ်။ ခိုင်းတာ လုပ်တတ်တာ နိုင်ငံရေးသမား မဟုတ်ဘူး၊ ဝန်ထမ်းကောင်းသာ ဖြစ်တယ်။

အရပ်သားအုပ်ချုပ်ရေး တည်တံ့ခိုင်မြဲစေချင်လျင် ဘာဖြစ်မှ ညာဖြစ်မှ ဟိုအချိန် ဒီအချိန် တွေဝေနေဘဲ ယနေ့ကစ အားစိုက်ပါ။ ဒီလိုမှမဟုတ် ပိုနေမြဲ ကျားနေမြဲ ရေလိုက်ငါးလိုက်နေလျင် အသားစားကျား သက်သက်လွတ်စားမလား စိတ်ကူးယဉ်တာထက် ပိုမိုက်မဲတယ်။ ဒေါ်စု လွန်ခဲ့သော အနှစ်၃ဝ သူ့အသက် ၄၃နှစ်ဆိုထားတော့။ စစ်ဖက်-အရပ်ဖက် ဆက်ဆံရေး တည်ဆောက် ကူးပြောင်းဖို့ အနှစ် ၄၀ အချိန်ရတယ်။ ခုတော့ အသက် ၇၀ကျော်မှ လုပ်ပိုင်ခွင့် တပိုင်းတစရတယ်။ နောင်ရှစ်နှစ် သူ့အသက်၈၀ကျော်မှာ ဆေးလိပ်လည်းတို နေလည်းညိုပြီ စုလည်း ရိပ်သာဝင်ပေတော့မည်။ လူတွေရဲ့ အတွေးအခေါ် အပြုအမူ ပြောင်းဖို့ အနည်းဆုံး မျိုးဆက်တဆက် အနှစ်၂၀-၃ဝ လိုတယ်ဆိုလျင် ပင်စည်မခိုင် အမြစ်မတွယ်ချိန် ဥယျာဉ်မှုး ပျောက်ကွယ်ပေတော့မည်။ အစားထိုးစရာ ဥယျာဉ်မှုးအသစ်လည်း မမြင်၊ ပေါ်လာလျင်ကောင်းရဲ့၊ မပေါ်ခဲ့သော်…..။
ဒီလောက် ရှည်ရှည်ဝေးဝေးပြော စကားတန်ဆာဆင်တာ စစ်တပ်ကို သူ့နေရာသူ ပို့ဖို့ ခုထဲမှ စမလုပ်လျင် အကုန်လုံး သောက်တုပ်ပလုပ် ကုန်မည်ပြောတာ နတုံးရဲ့…. ရှင်းလား။
တဖက်က သူ့လူတွေ… ဦးရဲထွဋ်တို့ ဦးအောင်မင်းတို့ ဦးကျော်ဝင်းတို့ သုံးပြီး စစ်ဖက်-အရပ်ဖက် ဆက်ဆံရေး သက်ဆိုးရှည်ရေး နှပ်ကြောင်းပေး ပုံဖေါ်တယ်။ ဒီဖက်က ငတုံးနဲ့ငကြောက်၊ စားဖား၊ သာကူး၊ ခိုနီခိုနက်တို့ ဝေလေလေလိုက်တယ်။ စပ်ဆက်လို့ ခုပြသနာ မတက်ခင် ရက်ပိုင်း တက်ကသိုလ်မှာ ပြင်ပဧည့်ပညာရှင်ဆရာတွေ ပညာရပ်နဲ့ မဆိုင်တာ မပို့ချရ ကွီးဖြိုး ညွှန်ကြားတယ်။ တိုင်းအမတ် ဒေါ်စန်ဒါမင်းက မီဒီယာမှာ မလုပ်သင့်ဘူး ဝေဖန်တယ်။ လာပို့ချသူထဲ ကြံ့ဖွတ်အမတ် ဒေါက်တာကံဇော်လို တဖက်ပါတီက ပါပေမဲ့ ပညာရပ်ဆိုင်ရာ လွတ်လပ်ခွင့် ရှိသင့်တယ်ပြောတယ်။ အဲလို လူတွေ ပြောတဲ့အထဲ စစ်အုပ်ချုပ်ရေး သက်ဆိုးရှည်အောင် ရေလာမြောင်းပေးတာတွေ ပါနေလားမသိ။ လွတ်လပ်ပါတယ်ဆိုတဲ့ အနောက်တိုင်း ဒီမိုကရေစီမှာ နာဇီ၊ ဖက်ဆစ်၊ အစ်စလာမ်မစ် အစွန်းရောက်ဝါဒ ဟောပြောခွင့်မရှိ၊ ဟစ်တလာ၊ ဟင်းမလား၊ တိုကျို၊ ဘင်လာဒင် နာမည်ပိတ်ပင်ထားတယ်။ မြန်မာပြည်မှာလဲ အဲလို မတီးမတော်တွေ ဒီမိုကရေစီနဲ့ အရပ်သားစနစ် အဓွန့်ရှည်ရေး အလို့ငှာ တားမြစ်ရမယ်။
တကယ်တမ်း လုပ်ရမှာ စစ်ဖက်-စစ်ဖက် ဆက်ဆံရေးပါ။ စာလုံးပေါင်း မှားတာ မဟုတ်နော်၊ စစ်ဖက်-စစ်ဖက် ထပ်ပြောပါမယ်။ သူတို့ အခြင်းခြင်းကြား မညီမျှမှု မတရားမှုကို မျက်ကွယ်ပြုပြီး အပြင်ပစ်မှတ်ရှာ ရန်သူလုပ်ထားတယ်။ တကယ်က တပ်တွင်း စစ်မှန်သော ညီညွတ်ရေး တည်ဆောက်ရမယ်။ လေနဲ့ ညီညွတ်လို့မရဘူး၊ ပြသနာ ရင်းမြစ်ကို လက်ခံရမယ်၊ ကုစားရမယ်။ ခေတ်မှီတပ်မတော်ဖြစ်ချင်လျင် စစ်လက်နက်ပစ်စည်း ဖြည့်တင်းရုံနဲ့မရဘူး၊ တပ်ဖွဲ့စည်းပုံပါ ပြင်ရမယ်။ ကြည်းတပ်တခုထဲက တပ်မတော်ကို အုပ်စီးထားတာ ပြင်ရမှာပေါ့။ ကွန်ပြူတာဟာ့က်ဒ်ဝဲလ် အသစ် ဝယ်ပြီး အော်ပရေးတင်းစစ်စတမ် နိုင်တီးဂွမ်တီးဆိုလျင် သုံးလို့ဟုတ်ပ့ါမလား။ ပြောတော့ တပ်မတော်.. ဘယ်သူတွေ တပ်ချုပ်၊ ဒုချုပ်၊ ကွပ်ညှိ၊ ကာဝန်၊ ဦး-ရေး-ထောက်၊ ကထစ၊ တိုင်းမှုး လုပ်လဲ။ အားလုံးလိုလို ကြည်းတပ်ကချည်းပါပဲ။ ကာဒုဝန်ကတော့ ရေတပ်ကဆိုလား သတင်းမှာ ဖတ်မိတယ်။ နိုင်ငံတကာ အဆင့်မှီ စတန်းဒတ် တပ်မတော် ဖြစ်ဖုို့ တပ်စီမံခန့်ခွဲမှုအာဏာ၊ အရင်းအမြစ်တွေကို ကြည်း၊ရေ၊လေ တပ်ဖွဲ့အားလုံး ဝေမျှခံစား တာဝန်ယူခွင့် ရှိရမယ်။ တပ်ချုပ်ရာထူးကို အလှည့်ကျ ပေးရမယ်။
ယခင်ကတော့ ရေတပ်၊ လေတပ်ဆိုတာ ပါချီပါချဲ့။ ရေတပ်ကလဲ အင်္ဂလိပ်အစိုးရပေးသွားတဲ့ မေယုတိုက်သင်္ဘောနဲ့ ကင်းလှည့်ရေယာဉ်တွေ အခြေခံ၊ လေတပ်မှာလည်း ခေတ်မမှီတော့တဲ့ စစ်လေယာဉ် တအုပ် (ယူဂိုစလပ်လုပ်လို့ဖတ်ဖူးတယ်) လောက်ပဲရှိ။ သူတို့ကို ပြည်ပ မပြောနဲ့ ပြည်တွင်းကတောင် အထင်မကြီးလို့ နှိမ်တာ ထားတော့။ ဒီနေ့ခေတ်မှာ ဆူပါစွမ်းနှစ်ဂျက်ဖိုက်တာ၊ ဗုံးကြဲလေယာဉ်ပျံတွေ အုပ်လိုက်ဝယ်ပြီ၊ ထပ်လည်းဝယ်ဦးမည်။ ရေတပ်မှာလဲ ဖရီးဂိတ်ဖျက်သင်္ဘော ငါးစင်းတောင် ရှိပြီဆိုလား။ စစ်သင်္ဘော အစီးတရာကျော်သတဲ့။ ရေငုပ်သင်္ဘောပါ ဝယ်ဖို့ချောင်းနေတယ်။ သာမန်အားဖြင့် စစ်လေယာဉ်တစင်း၊ စစ်သင်္ဘော ပစ်အားသည် တပ်ရင်းတရင်းနဲ့ညီဆိုတာမို့ ရေတပ်နဲ့ လေတပ်ရဲ့ စွမ်းအား၊ ကုန်ကျစားရိတ်သည် ကြည်းတပ်နဲ့ နင်လားငါလား ဖြစ်ပြီ။ ကျွဲကူးရေပါလို စစ်လေယာဉ်တစင်း ပျံဖို့၊ စစ်သင်္ဘောတစင်း ပင်လယ်ထွက်ဖို့ ဝန်းရံပေးရတဲ့ နောက်ခံတပ်အင်အားလဲ အဆပေါင်းများစွာ တိုးတာသေချာမည်။ ဒါပေမဲ့ တပ်မတော်သာ ငပိ တပ်မတော်သာ ငပွ တွင်တွင်အော်ရင်း တပ်တွင်း ပကတိအခြေအနေ မျက်ကွယ်ပြုထားတုံးပဲ။ ရေတပ်၊ လေတပ်ကို ဟက်ဒ်ဝဲလ်ပိုင်း တိုးချဲ့အပြီး ဆော့ဖ်ဝဲပိုင်း တိုးမြှင့်ရပါမယ်။ တပ်မတော်အတွင်း ညီမျှတဲ့ အာဏာခွဲဝေမှု ပြုကျင့်ရပါမယ်။ ရေချုပ်နဲ့လေချုပ်ဟာ တပ်မတော်ဖွဲ့စည်းရာမှာ ကြည်းတပ်နည်းတူ ထင်ရှားတဲ့ ဦးဆောင်မှုကဏ္ဍမှ ပါဝင်ရပါမယ်။ တပ်မတော် စစ်ဦးစီးအဖွဲ့ကို ဝေပုံကျပြင်ဆင် ဖွဲ့စည်းရပါမယ်။ အဲဒါ လိုနေတဲ့ ယနေ့ စစ်ဖက်-စစ်ဖက် ဆက်ဆံရေးပါ။
ဘယ်အဖွဲ့အစည်း၊ နိုင်ငံမှာမဆို တဦး၊တဖွဲ့၊ တမျိုးထဲ အုပ်စီးလျင် အစွန်းရောက်တာ၊ ညံ့ဖျင်းသွားတာ ဓမတာပဲ။ စစ်တပ်မှာလဲ ကြည်းတပ်တခုထဲ အုပ်စီးရင် ဆုံးဖြတ်ချက်တွေ မှားယွင်းပါတယ်။ ပိုဆိုးတာ ပြင်ရကောင်းမှန်း မသိတော့ဘူး။ ဒါကြောင့်ပဲ အတန်းစား အလွှာစုံ ပါဝင်တဲ့ ပါတီစုံ ဒီမိုကရေစီ စနစ်သည် တဦးတဖွဲ့ပိုင် တပါတီ အာဏာရှင်စနစ်ထက် သာလွန်ကောင်းမွန်သွားတယ်။ တဦးတဖွဲ့ ဘယ်လောက်တော်တော် အဆုံးမှာ ကျဆုံးကုန်တဲ့ ဂျာမနီနာဇီ၊ ဂျပန်ဖက်ဆစ် ဥပမာရှိတယ်။ သူတို့နဲ့အတူ တိုင်းပြည်ကိုပါ ချောက်ထဲဆွဲချသွားတာမို့ အတွေးအမြင် လူတန်းစား စုံလင်မှ ဦးတည်ချက် မှန်နိုင်တယ်။ ရည်ရွယ်ချက်ကောင်းတိုင်း ပန်းတိုင် မရောက်ဘူး။ ဒါကြောင့် စစ်တပ်အနေနဲ့ မဆိုင်တော့တဲ့ အရပ်ဖက် ဆက်ဆံရေး ဖင်ပိတ်အော်မည့်အစား လုပ်ရမည့် တပ်တွင်း ဆက်ဆံရေးကိုသာ တစိုက်မတ်မတ် စိတ်ထားမှန်မှန်ထား လုပ်ဖို့သာ အရေးကြီးသည် မဟုတ်ပါလော။
နျူရင်ဘတ် စစ်ခုံရုံး သဘာပတိ ဦးကြောင်ကြီး

3 comments

  • kai

    July 17, 2017 at 1:52 pm

    ဟုတ်ပ..
    အခုတော့ ပြောပြီပေါ့…။
    ပထမရွေးကောက်ပွဲကတဲက ဒေါ်စုတို့ ဒီချုပ် ရွေးကောက်ပွဲမဝင်ရအောင် ဝိုင်းတွန်းသမို့.. ၅နှစ်နောက်ကျခဲ့ပြီးပြီ…။
    ရွေးကောက်ပွဲ.. ဝင်ခဲ့ရင်.. အခုလိုပဲနိုင်ခဲ့လိမ့်မယ်…။ ပြည်သူ့ကိုယ်စားလှယ် ၅နှစ်စောဖြစ်လိမ့်မယ်..။
    အင်မတန်အရေးကြီးတာက..
    လက်နက်ကိုင်ထားတဲ့တပ်မတော်ကို.. ပြည်ခိုင်ဖြိုးဖက်လုံးဝနီးပါးယိမ်းပါမသွားနိုင်အောင်.. အခုထက်ပိုဆွဲသိမ်းနိုင်ခဲ့လိမ့်မယ်..။
    မဘသလည်း ဧရာမဘီလူးလိုအင်အားကြီးနဲ့.. ပေါ်လာစရာအကြောင်းမရှိ..။
    ဆိုတော့..
    ပြောရရင်.. ဒေါ်စုက သိပ်အမှတ်သည်းချေကြီးတယ်..။
    အဲဒီတုံးက ဆုံးဖြတ်ချက်မှားချခဲ့သူတွေ.. (အဓိက.. ပြည်ပရောက်တွေ)ကို.. ပြန်လည်းခေါ်မသုံး.. လှည့်လည်းမကြည့်တော့..။
    ဦးဝင်းတင်ရေ..။
    အနိစ္စ.. အနတ္တ…။ :k:

  • ဦးကျောက်ခဲ

    July 17, 2017 at 5:52 pm

    လွန်ခဲ့တဲ့ နှစ်အစိတ်လောက်က ” နျူရင်ဘတ် ” … အခု ” ညွှန်ချုပ် ” …
    ဘာမဟုတ်တဲ့ ကိစ္စတွေ သမိုင်းဘီးလည်တာပေါ့ …
    ဟိုဘက် သည်ဘက် … တစ်ဘက်ပိတ် ၂-ဖွဲ့
    ယာညက်ကြက်မော … ကောက်စားမည့် ၂-ဘက်ပိတ် နစ်ကြောင်အဖွဲ့
    ဘာလာလာ ဒေါင်းတဲ့ … ၂-ဘက်ပွင့် စီးပွါးရေးသမား
    ကောင်းတယ် ချ ချ … :k:

  • Shar Thet Man

    July 20, 2017 at 12:52 pm

    ကာတွန်းလေးကမိုက်တယ်

Leave a Reply