အယ်ဒီတာ့သင်ပုန်း – ဩဂုတ် ၂၀၁၇

kaiJuly 23, 20171min3243

အယုံအကြည်မရှိသမ္မတ

သမ္မတထရမ့်အာဏာရသည်မှာ ၆လကျော်ရှိပေပြီ။
ရုရှန်းတို့နှင့်ရှုပ်ထားသမျှ လှုပ်လေပေါ်လေဖြစ်ကုန်၍ သူ့ခမြာ အလုပ်ကောင်းကောင်းမလုပ်နိုင်ရှာ ရှင်းလင်း/ဖြုတ်ထုတ်ပွဲကြီးများနှင့်သာ လုံးလည်လိုက်၍နေပါသည်။
ဟိုလိုရှင်း၍ဒီလိုပေါ် ဒီလိုရှင်းကာဟိုမှာပေါ်နှင့် ရှေ့ဖုံးနောက်ဖိ ဘေး၌ပွင့်ကုန်၏။
ဟိုးယခင် ဝါးတားဂိတ်ခိုးဝင်မှုအရေးကြောင့် နှုတ်ထွက်လိုက်ရသည့် သမ္မတရစ်ချက်နစ်ဆင်လမ်းစဉ်လိုက်ကာ ဖွင့်ဖေါ်မီဒီယာတို့အား ရန်သူအဖြစ်”ချ”ပေရာ ချခံရသည့်သူများမှာ အခြေခံဥပဒေအရအကာအကွယ်ရထားသည့် စတုတ္ထမဏ္ဍိုင် ခိုင်ပြီးသူများဖြစ်နေ၍ (သမိုင်းအစဉ်အလာအရ) တိုက်သူသာ မူးလဲမည့်သဘောဖြစ်သည်။
သို့နှင့် သမ္မတကြီးခမြာ နိုင်ငံ့အရေးဖြစ်သော သူကတိထားခဲ့သည့် အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုဥပဒေအသစ်ပြန်ဆွဲရေး၊ အခွန်စနစ်ပြင်ဆင်ရေး၊ ယုတ်စွအဆုံး ကမ္ဘာနိုင်ငံရေးကစားကွက်များပင် ထိထိရောက်ရောက်မလုပ်နိုင် ခံစစ်နှင့် ချာချာလည်နေပါသည်။
ဤအတိုင်းဆက်သွားပါလျှင် အပျက်အပျက်နှင့်နှာခေါင်းသွေးထွက်ယုံမက လူပါထွက်ရတော့မည့်သဘောတည်း။
ရစ်ချက်နစ်ဆင်ခေတ်က အယုံအကြည်မရှိအဆိုတင်သွင်းခြင်းမှသည် နှုတ်ထွက်ရသည်အထိ ၂နှစ်ကျော်ကြာခဲ့သည်ဆိုကြပေရာ ယခုသမ္မတ မည်မျှခံမည်နည်း။

အချစ်များနှင့်ရုရှားမှ From Russia with Love

မည်သို့ဆိုစေ။ သမ္မတထရမ့်သည် ပေးထားသည့်ကတိများတည်အောင်ကြိုးစားသည်။ ပထမရက်၁၀ဝအတွင်း၌လည်း တိုင်းပြည်စီးပွားရေး၊ စတော့ရှယ်ယာဈေးကွက်အပါအဝင် အကုန်တက်နေပေရာ သူ့ပေါ်လစီ မှန်နေသည်ဟုပင်ဆိုရမည်။ အမေရိကန်တို့ကမ္ဘာလွှမ်းမိုးမှုနှင့် ကမ္ဘာ့ပုလိပ်ရာထူးမှမူကားလျှောကျသွားဟန်ရှိသော်ငြား သမ္မတရည်ရွယ်မှန်းထားဟန်တူသော ရုရှားပြည်နှင့်ဆက်ဆံရေးအဆင်ပြေလာကာ ကမ္ဘာအားပူးတွဲအုပ်ချုပ်ဆရာလုပ်နိုင်ပါလျှင် သမိုင်းတွင်မရှိသေးသည့် ကမ္ဘာ့အခင်းအကျင်းကြီးတခုပင်ထွက်ပေါ်လာနိုင်ကောင်းသည်။
အမှန်တကယ်တွင်လည်း ရုရှားပြည်သည် ယခင်ဆိုဗီယက်ယူနီယံခေတ်လို ကွန်မြူနစ်မဟုတ်တော့ပါချေ။ အရင်းရှင်ဒီမိုကရေစီ အမေရိကားပြည်နှင့်  ဆင်နေသော နိုင်ငံရေးစနစ်ပင်မဟုတ်ပါလား။
သယံဇာတပေါသော ရုရှားပြည်နှင့် နည်းပညာမြင့်သော အမေရိကားပြည်တို့ ပူးပေါင်းဆောင်ရွက်ပါလျှင် မြေကမ္ဘာကျော်၍ အခြားဂြိုလ်များအထိရောက်ရှိသွားနိုင်သည် တမုံ့။
သို့ငြား .. ရုရှန်းစပိုင်တို့အစွမ်းဖြင့်အမေရိကန်၏အရင်းအမြစ်တို့သာ ရုရှားပြည်ဆီပါသွားပါလျှင် “အမျှ”ပေးကြရမည်ဖြစ်၍ ပူးတွဲအုပ်ချုပ် ကမ္ဘာ့သိပ္ပံနည်းပညာတို့ အညွှန့်သစ်တက်လာပါလျှင်ကား”သာဓု”ခေါ်ပါလေ။

အာဏာရ တဆယ့်ခုနှစ်လ

ဒေါ်အောင်ဆန်းစုကြည်အာဏာရသည်မှာ၁ရလရှိပါပြီ။
အခြေခံဥပဒေအရ တားမြစ်ထားသဖြင့် မြန်မာသမ္မတမဖြစ်မူပဲ သမ္မတအားကြိုးဆွဲနေရာယူ တဆင့်ခံအုပ်ချုပ်ရပေရာ တာဝန်ယူတာဝန်ခံခြင်း အဆင့်ဆင့်တို့ လျှော့ရဲပျော့ပြဲကုန်သည် မြင်ရပါ၏။
အာဏာပါဝါကို ပါတီဥက္ကဌရာထူးဘက်မှယူ၍ ထိမ်းချုပ်ခြင်းပြုရပေရာ ပါတီဩဇာသည် အစိုးရအပေါ်လွန်စွာလွှမ်းမိုးလာသည်ကို သတိထားမိသည်။ သို့နှင့် အစိုးရတရပ်အနေဖြင့် တာဝန်ယူတာဝန်ခံမှုတို့ ချွတ်ချော်ကုန်သည်ပြောရမည်။
လက်ရှိနိုင်ငံအခြေအနေကြည့်လျှင်လည်း စီးပွားရေး၊ငြိမ်းချမ်းရေး၊ နိုင်ငံရေး လူမှုရေးတို့တွင် အခြေအနေကောင်းများမပေါ်လာသေး။ သည်းခံ၊သည်းခံ သည်းခံရင်းနှင့်ပင် ရှိသမျှအညွှန်းကိန်းတို့ ထိုးကျနေပေရာ မဟာဗျူဟာစတျက်တဂျီ၊ မူဝါဒပေါ်လစီတို့ မှားယွင်းနေသည်ပြောလျှင် လွန်မည်မထင်။
မမုန်း၍ပြောသည်မှတ်ပါလေ။

ကျောရိုးမပါ၊ သွေးသန့်မရှိ

သမိုင်းလှန်သော ပြည်ထောင်စုမြန်မာနိုင်ငံဟူသည် လွတ်လပ်ရေးရပြီးမှ အင်္ဂလိပ်အလိုတော်အရ နယ်နမိတ်မြေအတိအကျနှင့်တိုင်းနိုင်ငံနှင့် မွေးဖွားပေါ်လာသည်ပြောရမည်။
၁၉ရာစုအတွင်း ကြေးစားစစ်သားများနှင့် ၃ကြိမ်စစ်ခင်းပြီး မြန်မာပြည်ကို အရှေ့အိနိ္ဒယကုမ္ပဏီမှသိမ်း၍ အင်္ဂလိပ်ဘုရင်မဗစ်တိုးရီးယားအား မွေးနေ့လက်ဆောင်ပေးပစ်ရာတွင် မြန်မာပြည်ဟူသည် အိနိ္ဒယပြည်အောက်မှတိုင်းဒေသတခုသာလျှင်ဖြစ်သည်။ ၁၉၃၅တွင်မှ အင်္ဂလိပ်တို့ ” Government of Burma Act” ဖြင့်ခွဲထုတ်ပေး၍ တိုင်းပြည်တခုအဖြစ် ကိုယ်ပိုင်အုပ်ချုပ်ရေးရလာသည်ဖြစ်ပါ၏။ မြန်မာဥပဒေကျောရိုးသည်ပင် The Indian Contract Act, 1872 အောက်မှတဆင့်သွားထားရပေရာ အင်္ဂလန်ဥပဒေပါမောက္ခ Andrew Burrows ၏စကားအရဆိုလျှင် “a legal system without legal textbooks” ဖြစ်ပါသတည်း။

အင်္ဂလိပ်လက်အောက် ကိုလိုနီဘဝတွင် မြန်မာပြည်၌ တိုင်းရင်းသားလည်းမရှိ၊ အားလုံးတန်းတူညီမျှနှင့် အိနိ္ဒယသားတို့အများစုဖြစ်လာသော ပြောင်းခိုသူ( Immigrant) တို့တိုင်းပြည်တည်း။
ဤသည်ကို ၁၉၂ရတနှစ်ထဲတွင် ရန်ကုန်ဆိပ်ကမ်းတခုတည်းမှ ပြောင်းခိုသူ ၄၂၈၃၀ဝယောက် ဝင်လာကာ ထိုအချိန်အမေရိကပြည် နယူးယောက်မှ ပြည်ဝင်ဆိပ်ကမ်းမှစာရင်းကိုကျော်လွန်သွားသည်ကပြသည်။ ထိုခေတ်တနိုင်ငံလုံးတွင်မှ လူ၁၃သန်းမျှ လူဦးရေရှိသည်နှင့် အချိုးချကြည့်စေလိုသည်။
အထက်မြန်မာနိုင်ငံတွင် ၁၈၉၁ သန်းခေါင်စာရင်းအရ အိနိ္ဒယသား ၅၄.၃%ပြထားကာ ၁၉၃၁သန်းခေါင်စာရင်းအရ ရန်ကုန်ခရိုင်တွင် အိနိ္ဒယသား ၅၃%ပြထားသည်။ ထိုစာရင်းများတွင် သိန်းချီ၍ အခြေချလာကြရာ ချိုင်းနားပြည်မှ ချိုင်းနီးစ်များမပါသေး၊
အဆိုပါ ပြောင်းခိုအခြေချသူတို့သည် မူလဒေသသားတို့နှင့် လူ့သဘာဝယူကြမျိုးပေါင်းစပ်ကြသည်ဖြစ်ပေရာ နှစ်၁၀ဝခရီးတွင်မျိုးဆက် ၅ခုရှိသည်ထားဦး ယခုခေတ်မြန်မာတို့တွင် ပြောင်းခိုသူတို့၏ ဗီဇသွေးမည်မျှ ရောထွေးဆက်စပ်နေမည်ကို မြန်မာအမျိုးသားဝတ်စုံဖြစ်သော အင်္ဂလိပ်အကျီ င်္စတစ်ကော်လာအပေါ်မှ ချိုင်းနားဇာတိတိုက်ပုံ၊ အိနိ္ဒယမူလ ပုဆိုးနှင့်  တို့ဖြင့်တွေးကြည့်ဒက်ထိသိနိုင်ပါမည်။
မြန်မာဟူသမျှ ပြောင်းခိုသူတို့နှင့်အမျိုးမကင်းကြသည်တွင် ဦးဆောင်အင်အားကြီးအုပ်စုတခု လူ့မြို့ပြသဘာဝအလျှောက်လိုလာသည်။ ထိုတွင် သာသနာရေးကို ရှေ့တန်းတွန်းတင်ဤ အဓိကကျောရိုးးပြုရန်ကြိုးစားကြပေရာ အမျိုး၊ဘာသာစကားတူလျှက် သာသနာမတူသူများ တွန်းဖယ်ခံရလျှက် ပွန်းပဲ့တွန်းတိုက်လျှက်ရှိသော ယခုခေတ်မြန်မာကို မြင်ရပါသတည်း။

အင်္ဂလိပ်တို့က မြန်မာပြည်နေသူတို့အား “Semi-Hindooised Aboriginees.” ဟုခေါင်းစဉ်ပေးထားရာမှ ဘာသာစကားအလိုက် အမျိုးခွဲခြင်းကို ၁၉၀ဝပြည့်(လူဦးရေ ၁ဝသန်း)မှစ၍ စမ်းသပ်လုပ်ကြည့်ကြခြင်းဖြစ်ရာ ထိုစဉ်မှစ၍ နဝတခေတ် ၁၉၈၈ရောက်သော် တိုင်းရင်းသား ၁၃၅မျိုးရှိသဗျဟုဆိုပါသည်။
ရာစုနှစ်တခုစာသမိုင်းနှစ်အတွင်း အမေရိကားထက် ပြောင်းခိုသူအချိုးများခဲ့သော မြန်မာ့မြေဝယ် သွေးသန့်တိုင်းရင်းသားဟု ခွဲထုတ်ရန်သင့်သလော၊ မှန်သလော တွေးကြည့်ကြစေချင်သည်။ ဘိုးဘွားဘီဘင် အခြေချနေထိုင်နေသော အိနိ္ဒယန်း၊ချိုင်းနီးစ် ဇာတိနွယ်များအား မြန်မာလူမျိုးအမည်မပေးခြင်းသည် တရားသလော မှန်သလော စိစစ်ကြည့်စေချင်သည်။
မြန်မာလူမျိုး၊ တိုင်းရင်းသားအများစုတို့တွင် သွေးဗီဇသန့်မရှိစကောင်းနိုင်တော့ပါ။  ဤမျှသွေးနှောနေသူတို့အား ဗီဇအုပ်စုခွဲထားကာ လက်နက်ကိုင်သူပုန်ထနိုင်သူတိုင်းအား ငြိမ်းချမ်းရေးဆွေးနွေးနေပါလျှင် မပြီးဆုံးနိုင်ရှိပေတော့မည်။ ငြိမ်းချမ်းရေးဦးစားပေးအား ပစ်ချ၍ စီးပွားရေးလုပ်ရတော့မည့်အချိန်ရောက်ပါပြီ။

ရောင်နီလေးမျှော်လင့်

ဦးနေဝင်းခေတ်မှသည် စစ်အာဏာရှင်အဆက်ဆက်က ဝန်ထမ်းလောက အစိုးရယန္ဒယားအားဖျက်ဆီးခဲ့သည်ထားလေဦး။ ယခုတနှစ်ခွဲကာလတွင် ရောင်နီလေးတော့မြင်သင့်သည်မဟုတ်ပါလော။
တကယ်တော့ ၂၀၁ဝတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် ဒီမိုကရေစီစနစ်၏မူလအသက်ဖြစ်သော ရွေးကောက်ပွဲဝင်ပြိုင်ရွေးခံနိုင်သည့်အခွင့်ထူးတခုရခဲ့ဖူးသည်။
ထိုခေတ်အချိန်က ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ပါလျှင် ဗိုလ်ချုပ်ကြီး(အငြိမ်းစား)ဦးသိန်းစိန်ဦးဆောင်သော ပြည်ခိုင်ဖြိုးပါတီသည် (၂၀၁၅ကဲ့သို့ပင်) ခွက်ခွက်လန်ရှုံးမည်မှာ သေချာသည်။ သို့နှင့် ဦးသိန်းစိန်အစိုးရ၏ စီးပွားရေးတိုးတက်အောင်လုပ်နိုင်ခဲ့သော ပေါ်လစီများပျောက်ကာနှိုင်းယှဉ်စရာမရှိဖြစ်နိုင်ကောင်းသည်။
ယခုကဲ့သို့ အမျိုးဘာသာသာသနာအသံများ မကျယ်လောင်၊ တိုင်းရင်းသားသူပုန်များ ခြံမခုန်နိုင်ဖြစ်ခဲ့ပေမည်။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သည်လည်း ယခုထက်အသက် ၅နှစ်ငယ်သေးကာ ပို၍စွမ်းနိုင်ပါဦးမည်။
(အနည်းဆုံး) ယခုခေတ်အခြေအနေကို လွန်ခဲ့သော ငါးနှစ်ကထဲက ရပြီးဖြစ်နေပေလိမ့်မည်။
ထိုသို့ ရွေးကောက်ပွဲဝင်မပြိုင်ဟူသော ဗျူဟာကို ချခဲ့သူတို့အား နိုင်ငံရေးမိတ်ဖက်မှခွာထုတ်ခါ နောက်နောင်မသုံးတော့မူ၍ ဖယ်ထုတ်ခြင်းသည် တိုင်းပြည်ကောင်းတခုထူထောင်ရာတွင် အခက်တွေ့နိုင်ပါသည်။ နိုင်ငံချစ်သူကြီးများကြားတွင် ထာဝရရန်သူ/မိတ်ဆွေမရှိစကောင်းရယ်ပါ။

အပြင်လူ 外人

ဟိုတချိန်၂ဝရာစုနှောင်းပိုင်းက ချိူင်းနားပြည်မှ ထွက်ခွာခဲ့သူတို့ကို တိုင်းပြည်သစ္စာဖေါက်များအဖြစ်သတ်မှတ်ကာ ကန်ထုတ် မုန်းတီးခဲ့ကြဖူးသည်။ ၂၀၀ဝပြည့်နှစ်နောက်ပိုင်းတွင် ခေါင်းဆောင်ကောင်း ပေါ်လစီကောင်းတို့ဖြင့် ပြန်ကြွလာသော ချိုင်းနားပြည်သည် ထိုသူတို့အင်အားကိုပြန်ရအောင်ယူကာ ယခုခေတ်\စူပါပါဝါဖြစ်လာသော ချိုင်းနားပြည်ကို ထူထောင်ခဲ့သည်ကို ရှေ့တွင်စံပြလုပ်ပြထားလျှက်ရှိပါ၏။ ရှိပါ၏။ ရှိလျှက် မြင်လျှက် ကြားလျှက်နှင့် အတုမယူနိုင်ခြင်းသည်လည်း မှားယွင်းခြင်းတပါး။
၁၉၈၂ နိုင်ငံသားဥပဒေအရ အခြားတပါးနိုင်ငံသားခံယူထားသူတိုင်းသည် မြန်မာနိုင်ငံသားအလိုအလျှောက်ပျက်ပြယ်သည်ဆိုထားပေရာ ပြည်ပရောက်များ မြန်မာပြည်ကိုချစ်၍ဆွေးနွေးတိုင်းသာ အောက်ဆိုက်တာ (Outsider) ဖြစ်လျှက်နေပါသည်။ ဂျပန်ပြည်တွင် နိုင်ငံခြားသားကို ဂိုင်းဂျင်း(အပြင်လူ)ဟု အမည်သမုတ်ကာ တိုင်းပြည်အရေးရပ်ရွာရေးတို့သာမက မူလအလုပ်လုပ်ရာပေါ်လစီပိုင်းဆွေးနွေးခန်းများကပါ ပ,ထုတ်သည်။ ထိုသဘောတူပင် မြန်မာနိုင်ငံသားဟောင်းသည် မြန်မာလူမျိုးဖြစ်လျှက်နှင့် ၈၂ဥပဒေအရ မြန်မာ့အရေးနှင့် မဆိုင်ရေးချမဆိုင်ဟူပါသတည်း။

နောက်လာမည့်ရွေးကောက်ပွဲ ၂၀၂ဝတွင် ၈၈မျိုးဆက်တို့ပါတီထောင် ဝင်ပြိုင်ရွေးခံမည်ကြားရပါ၏။ ပါတီအမည်သညာတွင်စရာကား ရွေးမြဲရွေးဆဲတည်း။ မည်သို့ဆိုစေ.. နိုင်ငံခြားရောက် အခြေချနေထိုင်နေကြ(ရ)သော မြန်မာထုကို စည်းရုံးဆွဲဆောင်ကြပါရန်လေးလေးနက်နက်တိုက်တွန်းပါသည်။ ထိုသူတို့တွင် ဘဝအသိသညာသာမက တက္ကသိုလ်ပညာ၊ ငွေကြေးရံပုံငွေအပြင် အရေးအကြီးဆုံးဖြစ်သော အဆက်အသွယ်ကောင်းတို့ပါလာပါမည်။ တိုင်းပြည်လူဦးရေ၏ ငါးပုံတပုံမျှ မိခင်နိုင်အပြင်ထွက်ထားပေရာ မြန်မာပြည်ရှိလူတိုင်း(တိုင်း) ၏ ဆွေမျိုးရင်းမိတ်ဆွေရင်း တဦးတယောက်စီလည်းပါနေပါလိ့မ်မည်။ မဲဆွယ်မဲယူပွဲတွင်လည်း အသုံးပြုနိုင်ပါမည်။ ယူကြပါလေယူပါလေ။ ဘိုးဘွားတို့ပင် မြန်မာပြည်မွေး၊ မြန်မာရေသောက်ကြသူများအား ဒုတိယတန်းစားနိုင်ငံသားမထားပါလင့်။ မြန်မာလူမျိုးအမည်တပ်ခါ ခေါ်ကြပါလေ။ ခေါ်ပါလေ။

ခွင့်လျှင်ပေး၏

ဒေါ်အောင်ဆန်းစုကြည်ကို(သာ) ချစ်လှစွာသဖြင့် လူထုကြီးမှာ ပေကာနေပါသေးသည်။ ပြင်ခွင့်ကြိုးစားခွင့်အချိန်လည်း ပေးထားဆဲပါတည်း။
အယုံအကြည်ထားလျှက် မည်မျှတောင့်ခံပေးကြဦးမည်လည်းမသေချာ။ အမေရိကားသည် ၂၀၁၈ လာမည့်နှစ်တွင် ကွန်ဂရက်အမတ်များအတွက် အထွေထွေရွေးကောက်ပွဲကြီးရှိရာ ထိုပွဲတွင် ဒီမိုကရက်ပါတီအမတ်တို့ အများစုဖြစ်ပါမူ သမ္မတထရမ့်ထွက်ရမည်မှာသေချာသလောက်ရှိသည်။
မြန်မာပြည်မတော့ ဒီချုပ်အစိုးရသက်တမ်းကုန်နှင့် ၈၈မျိူးဆက်တို့ပါတီ အာဏာရရန်အထိ ၂၀၂ဝ နောက် ၃နှစ်ခွဲစောင့်ရပေဦးမည်။
အသက်တို့လည်းကြီးလာကြပါပြီ။ အချိန်ကားသိပ်မရှိ။ အပြောင်းအလဲများကို တော်လှန်ရေးကြီးအသွင် ဝုန်းဒိုင်းထ၍လုပ်ကြရတော့မည် ဟူလို။

3 comments

  • သင့်အေးရိပ်

    July 25, 2017 at 12:10 am

    ဆိုတော့ ၂၀၂ဝ မှာ သမ္မတကြီး ဦးမင်းကိုနိုင်ကို ကြိုးကိုင်မယ့်သူကရော
    ဘယ်အမျိုးသမီးကြီး ဖြစ်မှာပါလိမ့်။
    အဲ အဲ
    :k:

    • kai

      July 25, 2017 at 6:14 am

      ၁။ မင်းကိုနိုင်သမ္မတမဖြစ်..။
      ၂။ ၂၀၂၀-၂၀၁၅ သက်တန်းတွင် ဒေါ်အောင်ဆန်းစုကြည်အသက်မှာ.. ၇၅-၈ဝတန်း..။
      ၃။ ကြိုတင်ပြင်ဆင်ရန်အချိန်ရောက်လွန်းမက.. ကျော်နေပြီဖြစ်ပါကြောင်း..။ :k:

  • ko six

    July 27, 2017 at 4:47 pm

    အော်
    နောက်ထပ် ရွေးရပေဦးတော့မည်ကိုး

Leave a Reply