ပဲခူးမြစ်ရေကြီးချိန် ရေဆင်းကူးသူ သေဆုံး

toyoSeptember 2, 20101min595

ပဲခူးမြစ်ရေ မြင့်တက်နေချိန် ဩဂုတ် ၃၁ ရက်နေ့ ညနေ၌ ပဲခူးမြို့ ဇိုင်းဂနိုင်း (မြောက်ဘက်) တွင် ရေဆင်းကူးသူ အမျိုးသားတဦး ရေစီးဖြင့် မျောပါသေဆုံး သွားကြောင်း သိရသည်။

bago-flood-sep 02ပဲခူးမြို့ ရွာသစ်ရပ်ကွက်ရှိ နေအိမ်များကိုသွားရန် လှေဆိပ်တွင် လှေစောင့်ဆိုင်းနေကြစဉ် (ဓာတ်ပုံ – ဧရာဝတီ)

“အပြင်က ပြန်လာပြီး အကျႌချွတ်၊ ရေထဲ ဒိုင်ဗင်ထိုးပြီး ရေဆင်းကူးတာ ပြန်ပေါ်မလာတော့ဘူး။ ညမိုးချုပ်တဲ့အထိ လိုက်ရှာကြတာ အလောင်းပဲ ပြန်ရတယ်”ဟု မျက်မြင်သက်သေတဦးက ဆိုသည်။

နှစ်စဉ် မြစ်ရေမြင့်တက်နေချိန်တွင် ဒေသခံများက ရေဆင်းကူးလေ့ရှိသော်လည်း ထိုနေ့က မြစ်ရေသည် နက်နေပြီး ရေစီးသန်ချိန်ဖြစ်၍ သေဆုံးခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

မြစ်ရေကြီးမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများလည်းရှိကြောင်း ဇိုင်းဂနိုင်းရပ်ကွက်မှ ဒေသခံတဦးကဆိုသည်။

မြစ်ရေမြင့်တက်မှုကြောင့် ပဲခူးမြို့ပေါ်ရှိ ရွာသစ်၊ ကျောက်ကြီးစု၊ ဇိုင်းဂနိုင်း တောင်ပိုင်းနှင့် မြောက်ပိုင်း၊ ကျွန်းသာယာ၊ မဇင်း စသည့် ရပ်ကွက်များတွင် လှေဖြင့် သွားလာနေရပြီး အနောက်တောသို့ သွားရာ ရွှေသာလျောင်းလမ်းမနှင့် ရပ်ကွက်တချို့ရှိ နေအိမ်များ ရေနစ်မြုပ်မှုကြောင့် ပြောင်းရွှေ့နေထိုင်ရကြောင်း သိရသည်။

“အိမ်တွေမှာ နေလို့ရတဲ့လူတွေကတော့ နေကြတယ်။ ရေဘေးဒုက္ခသည် တထောင်နီးပါးကတော့ ဘုန်းဘုန်းတို့ကျောင်းမှာ ထားပေးတယ်။ သုံးရက်လောက်ရှိပြီ။ ရေတက်နေတာ” ဟု ပဲခူးကားလမ်းမကြီးပေါ်ရှိ သီဟိုဠ် ရွှေနံ့သာ ရုပ်ရှင်တော်မြတ်ဘုရား ဘုန်းကြီးကျောင်းမှ ဆရာတော်တပါးက မိန့်ကြားသည်။

ရေဘေးဒုက္ခသည်များကို ပဲခူးမြို့ရှိ စီးပွားရေး လုပ်ငန်းရှင်များက နေ့စဉ် ထမင်းထုပ်၊ ခေါက်ဆွဲထုပ်များ ဝေပေးလျက်ရှိကြောင်း အဆိုပါ ဘုန်းကြီးကျောင်းတွင် လာရောက်ခိုလှုံနေသော ရေဘေးဒုက္ခသည်တဦးက ပြောသည်။

“ကြံ့ခိုင်ရေးကတော့ ဘုန်းကြီးကျောင်းမှာ လာထိုင်ကြည့်နေတာပဲ။ မြို့ပေါ်က ပိုက်ဆံချမ်းသာတဲ့လူတွေ လာဝေတဲ့ ပစ္စည်းတွေကို ထိုင်ပြီး စီမံခန့်ခွဲနေတာပဲ” ဟု ၎င်းက ဆိုသည်။

ပဲခူးမြို့အဝင်ရှိ ခေါင်းဆေးကျွန်းအနီးတွင် ရန်ကုန်-မန္တလေး အဝေးပြေး ကားလမ်းမကြီးအား ရေကျော်လုဆဲဆဲ အခြေအနေသို့ ရောက်ရှိနေကြောင်း သိရသည်။

ဩဂုတ် ၂၈ ရက်နေ့ ညနေပိုင်းမှ စတင်ကာ ပဲခူးမြစ်ရေ ဆက်တိုက် မြင့်တက်လာရာ စက်တင်ဘာ ၁ ရက်နေ့ နေ့လယ်တွင် စိုးရိမ်ရေမှတ် ကိုကျော်လွန်ပြီး ၉၁၂ စင်တီမီတာသို့ ရောက်ရှိလာကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အစိုးရ သတင်းစာမှတဆင့် ကြေညာထားသည်။

bago-flood-sep 02ပဲခူးမြို့ ကျောက်ကြီးစုကျေးရွာတွင် ရေကြီးသောကြောင့် ဘောကွင်းလှေကို အသုံးပြုနေရသည့် ကလေးနှစ်ဦး (ဓာတ်ပုံ – ဧရာဝတီ)

ပဲခူးမြစ်ရေသည် တနှစ်လျှင် ၂ ကြိမ်မှ ၃ ကြိမ်အထိ မြင့်တက်လေ့ရှိပြီး ယခု မြစ်ရေကြီးခြင်းသည် ၂၀၁ဝ အတွင်း ပထမဆုံးအကြိမ် ဖြစ်ကြောင်း၊ မြစ်ရေမြင့်တက်သည့်အခါတိုင်း မြေနိမ့်ပိုင်းရပ်ကွက်မှနေအိမ်များ ရေနစ်မြုပ်ကြောင်း ပဲခူးမြို့ခံများက ပြောသည်။

“ရေကြီးတော့ သွားရေးလာရေး ခက်ခဲတာပေါ့။ ဟိုတနေ့က စက်ရုံကနေ ပြန်အလာ မြောင်းထဲချော်ကျတာ ပေါင်တခုလုံး ပွန်းပဲ့ကုန်တယ်” ဟု ပဲခူးမြို့ ကျောက်ကြီးစုရပ်ကွက်တွင် နေထိုင်သူတဦးက ပြောသည်။

“သောက်ရေကန်တွေ ရေမြုပ်ကုန်တော့ သောက်ရေပြဿနာ ဖြစ်နေတယ်။ ရေကျတာကလည်း နှေးနေတော့ ရေဘေးဒုက္ခသည်တွေ ဘုန်းကြီးကျောင်းမှာ နောက် ၂ ရက် ၃ ရက်လောက်နေရမယ်” ဟု ၎င်းက ဆိုသည်။

မြစ်ရေသည် ယနေ့တွင် ပြန်လည်ကျဆင်းနေသော်လည်း ရေအကျနှေးကွေးနေကြောင်း သိရသည်။

5 comments

  • unclegyi1974

    September 2, 2010 at 11:36 pm

    သူများနိုင်ငံတွေမှာရေကြီးသတင်းတီဗီထဲကြည့်ရ ရင်ကယ်ဆယ်ရေတွေဘယ်လိုလုပ်နေတယ်၊
    ဘယ်လိုကူညီစောက်ရှောက်နေတယ်နဲ့၊

    ပဲခူးမှာကောဘယ်လိုတွေကူညီနေကြပါလိမ့်။

  • etone

    September 3, 2010 at 2:15 am

    သေချိန်ရောက်တော့လည်း ကိုယ့်သဘောနဲ့ ကို်ယ်ရေထဲဆင်းရင်းသေပါရောလား ။

  • juezinko

    September 3, 2010 at 7:22 am

    ကိုယ်ဘယ်နေ့သေမယ်ဆိုတာ ဘယ်သူမှမသိကြပါဘူး……

  • thihayarzar

    September 4, 2010 at 3:43 am

    မြန်မာနိုင်ငံမှ လူမှုကယ်ဆယ်ရေး ကြံခိုင်ရေးနှင့်ဖွိ့ဖြိုးရေးအသင်း ပြည်သူစွမ်းအား အရံမီးသက် တပ်ဖွဲ့တွေကနေ လူတွေအမြောက်အမြားနဲ့ ကယ်ဆယ်နေပါတယ်… မော်တော်ဘုက်များ ရဟက်ယာဉ်များနှင့်ပါ ပစ္စည်းများနေရာရွေ့ပေးခြင်း သောက်ရေသန့်ဘူးများအား လိုက်လံပေးဝေခြင်း စားစရာများ ပေးဝေခြင်းများ ကို ပဲခူးတိုင်းမှုးကိုယ်တိုင် ရေထဲဆင်းပြီး ပေးဝေနေပါတယ် … နိုင်ငံတော်အစိုးရမှလည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးနေပါတယ် …

  • thihayarzar

    September 4, 2010 at 3:44 am

    ဖြစ်ချင်တာပါ …. ဖြစ်နေတာမဟုတ်ပါဘူး ….

Leave a Reply