“ရှိစေကောင်း၏ မကောင်း၏ “

“ရှိစေကောင်း၏ မကောင်း၏ “

ပြီးခဲ့တဲ့လ ရန်ကုန်ကို ကျနော် ရောက်တော့ အဝေးရောက်မန်းလေးသားတွေဆုံကြတာပေါ့။
ရန်ကုန်မှာလူတစ်ယောက်နဲ့တစ်ယောက်တွေ့ဘို့ဆိုတာ တယ်မလွယ်လှပေဘူး။
နာရီဝက် တစ်နာရီလောက်ထို်င်စကားပြောဘို့အရေးကို နှစ်နာရီလောက်ကြိုတင်ပြီး
အိမ်ကဒါမှမဟုတ်တည်းတဲ့ဆီကထွက်လာမှ ချိန်းတဲ့နေရာကိုရောက်နိုင်တာပါ။
ကားကြပ် ကားဆက်ပြတ် လမ်းပိတ် ဆိုတဲ့ လမ်းခရီးကိုနှောင့်နှေးစေနို်င်တဲ့အကြောင်းတရားကအများကြီးကိုး။
အဲ့ဒီနေ့ က သူငယ်ချင်းတွေဆုံကြမယ့်နေရာရွေးတော့ တစ်ယောက်က ကြည့်မြင့်တိုင်ကလာမယ်။
ကျနော် ကလှိုင်သာယာကလာမယ်။
တစ်ယောက် မြို့ထဲဘက်ကလာမယ်။
တစ်ယောက်က တာမွေကလာမယ်ဆိုတော့ ၄ယောက်လုံးနဲ့ကြားကျတဲ့နေရာဘဲရွေးလိုက်ပါတယ်။
ရွှေဂုုံတိုင်တံတားနားက မယ်ညို ဆိုတဲ့ဆိုင်မှာထိုင်ကြဘို့ ချိန်းလိုက်ပါတယ်။
ဒါတောင်လှိုင်သာယာက လာတဲ့ကျနော်က ၁၅မိနစ်လောက်နောက်ကျပြီးမှရောက်လာပါတယ်။
အခုတွေ့တဲ့သူငယ်ချင်းသုံးယောက်က မန်းလေးတုန်းက တစ်ကျောင်းထဲ တစ်တန်းထဲ အတူတက်ခဲ့တဲ့သူတွေ။
ကျနော်ကသာမန်းလေးမှာအခုချိန်ထိ နေနေတာ သူတို့က မန်းလေးကိုစွန့်ပြီးရန်ကုန်ရောက်နေကြတာ
ဆယ်စုနှစ်တစ်ခု စွန်းနေပြီ။
စတွေ့တွေ့ခြင်းဆိုတော့ တစ်ယောက်နဲ့တစ်ယောက်မာကြောင်းသာကြောင်းမေးကြ
သားရေးသမီးရေးအကြောင်းပြောကြ
စီးပွားရေး အလုပ်အကိုင်တွေအကြောင်း ငြီးငြူကြပေါ့။
နောက်အတော်လေးကြာတော့ စိတ်ချမ်းသာစရာကောင်းတဲ့ ငယ်ငယ်ကအကြောင်းတွေဘက်ရောက်ကုန်တာပေါ့။
ငယ်ဖြစ်ဟောင်းတွေအကြောင်းရောက်တော့ ငယ်သူငယ်ချင်းတွေအကြောင်းရောက်တော့တာပေါ့။
ဘယ်သူနဲ့တော့ မတွေ့တာကြာပြီ။
ဘယ်သူက ဖြင့် ဘယ်မှာရောက်နေတယ်။
ဘယ်သူကဖြင့် သောင်သာတယ် ကြီးပွားနေတယ်။
ဘယ်သူကဖြင့်အဆင်မပြေရှာဘူး။
ဘယ်သူ့သတင်းက တော့ မကြားရတာကြာပြီ။
ဘယ်သူကဖြင့်မရှိတော့ဘူးပေါ့။
အဲလို့ပြောနေရင်းနဲ့ ငယ်ငယ်က ပွေခဲ့ တေခဲ့ ပေခဲ့တဲ့အကြောင်းတွေရောက်သွားတော့
ငယ်မူပြန်ပြီး တဝါးဝါး တဟားဟားနဲ့ပေါ့။
ဘေးဝိုင်းတွေကကြည့်ကွက်ကြည့်ကွက်လုပ်လာတာကြောင့်အားနာလို့လာပါတယ်။
ဒါနဲ့ဘဲနှစ်နာရီလောက်ထိုင်စကားပြောပြီး ပြန်ဘို့လူစုခွဲပါတယ်။
အဲ့အချိန်ဆိုင်ကထွက်တော့မယ့်အချိန် တင်အေး ကကျနော်ကိုမေးလာပါတယ်။
“ကိုပေါက် ကျောက်သပိတ်က ကိုကြီး ရော ရှိသေးလား”
“ရှိမရှိ ငါလဲ မသိဘူးဟ။
အဲ့ဘက်မရောက်တာအတော်ကြာပြီ။
မနှစ်ဆီ ကသူတို့ ဘက်ရောက်တော့ သူတို့ အိမ်နေရာက တိုက်ကြီးဖြစ်နေပြီ။
မင်းတို့ ငါတို့ ငှားနေကျ စာအုပ်ဆိုင်လေးလဲ မရှိတော့ဘူး”
အဲ့အချိန် ဘတ်စကားရောက်လာတော့ ကျနော်လဲ ကားပေါ်တက်လိုက်ခဲ့ပါတယ်။
နေ့လည်ခင်းဆို လူရှင်းတော့ အဲကွန်းဘတ်စ်ပေါ်မှာထိုင်စရာရပါတယ်။
ဒီတော့လဲ ထိုင်ရင်း ငိုက်ရင်းနဲ့ “ ကိုကြီး”အကြောင်းကခေါင်းထဲရောက်လာပါတော့တယ်။
ကိုကြီးက ကျနော်တို့ရဲ့ငယ်သူငယ်ချင်းပါ။
သူတုို့ က ကျောက်သပိတ်ထိပ်မှာလက်ဖက်ရည်ဆိုင်ဖွင့်တယ်။
စာအုပ်ဆိုင်လေးဖွင့်တယ်။
သူ့စာအုပ်ဆိုင်လေးမှာကျနော်တို့လူငယ်ကြိုက်တွေကိုတိုးတိုးတိတ်တိတ်ငှားတယ်။
အခုတော့ ကိုကြီး နဲ့မတွေ့တာအတော်ကြာပေါ့။
ကိုကြီး ကို တွေးမိတော့ ကျောက်သပိတ်က ပါလာပါတယ်။
ကျောက်သပိတ်ပါလာတော့ ဟိုအိမ်တွေအကြောင်းဆက်တွေးမိပါတယ်။
ဟိုအိမ်တွေအကြောင်း တွေးမိတော့ ဟိုဟာလုပ်စားတဲ့မိန်းကလေးတွေအကြောင်းတွေးမိပါတယ်။
ဟိုဟာလုပ်စားတာတွေက ဘယ်အချိန်ကစ ခဲ့တာလဲလို့တွေးကြည့်တော့အတွေးတွေက ဟိုးရှေးပဝေသဏီထိရောက်သွားပါလေရော။
*******************************************************************
ခန္ဓာကိုယ်နဲ့ ငွေကြေး လဲလှယ် ပြီး ဘဝ ဝမ်းကြောင်းရတဲ့ လူတန်းစားဆိုတာ
ရှေး ရှေးကတည်းက ရှိခဲ့တာပါ။
သူတို့ကိုလည်း အမည်နာမတံဆိပ်အမျုးိမျိုးတတ်ခဲ့ကြတာပေါ့။
ဟိုးရှေးရှေးက တော့ တိုင်းပြည်ကြီးရဲ့မရှိမဖြစ် အဆင်တန်ဆာတွေမို့ ပြည့်တန်ဆာတဲ့။
ပညာတတ်အသိုင်းအဝိုင်းများတော့ ဘိုလိုဘဲခေါ်ပါတယ် ပရောစီကျူ့တဲ့။
အများအခေါ်ကတော့ မကောင်းတာလုပ်စားတဲ့မိန်းမတဲ့။
ဟိုး တစ်ခေတ်က ခေါ်တော့ မိန်းမရွှင်တဲ့။
အခြေခံလူတန်းစားသုံး အများသုံးကတော့ ရင့်ရင့်သီးသီး ဖာသည်တဲ့။
တွင်ကျယ်တဲ့ဘန်းစကားကတော့ ကြက်တဲ့။
အခုခေတ်အသုံးနည်းသွားတဲ့ ဘန်းစကားကတော့ ကွိတ် တဲ့။
စာချုးိလေးတောင်ရှိပါသေးတယ်။
မိန်းမပျင်းတော့ ကွိတ် ၊ယောက်ျားပျင်းတော့ ပုလိပ်တဲ့။
အခုခေတ်မှာတော့ ယဉ်ကျေးစွာခေါ်ကြပါတယ် လိင်လုပ်သားတဲ့။
အမေပေးလိုက်တဲ့ လယ်တစ်ကွက်ကိုရောင်းစားတဲ့သူလို့ အနက်ဝှက်ပြီး ပြောသူလဲရှိပါရဲ့။
ဒီတော့လဲ သူတို့ လုပ်ကိုင်စားသောက်တဲ့ နေရာဒေသကိုလဲ
ပြည့်တန်ဆာအိမ်တဲ့ ဆောင်ကြာမြိုင်တဲ့၊ဖာအိမ်တဲ့၊ကြက်တန်းတဲ့၊ဘိတဲ့၊
ဘယ်လိုဘဲခေါ်ခေါ် ဒီအမည်တပ်ခံလိုက်ရတာနဲ့ မကောင်းမူ့ ဆိုတာကြီးက တွဲပါပြီးသားပါ။
အများပြည်သူ ဝင်ထွက်သွားလာရန်မသင့် တဲ့ အရပ်လို့ သတ်မှတ်ပြီးသားပါ။
ဒါပေမယ့်လည်း ဒီအိမ်တွေနဲ့ ကင်းနိုင်သလား မေးရင်အများစုကတော့
မကင်း ဘူးဆိုတဲ့ အဖြေဘဲထွက်လာမှာပါ။
ဒီလို အိမ်တွေ ဒီလိုလူတန်းစားတွေ ကို မရှိစေရဘူးဆိုပြီး
ဥပဒေတွေနဲ့ ပြဌာန်းပြီးလဲ ထိန်းချုပ်ပါတယ်။
ဘာသာတရား အဆုံးအမ နဲ့လဲ ထိန်းချုပ်ပါတယ်။
လူမူ့ရေးဆိုင်ရာကိုယ့်ကျင့်တရား နဲ့ လဲ တိုင်းတာပြပြီးထိ်န်းချုပ်ပါတယ်။
ဒါပေမယ့် လဲ ဒီလူတန်းစား ပပျောက်အောင်လုပ်နိုင်ခဲ့သလားမေးရင်
ဟင့် အင်း လို ့ ဘဲဖြေရပါမယ်။
ဘယ်လိုဘဲပြောပြော ခေတ်အဆက်ဆက် မတိမ်ကောခဲ့တဲ့ လုပ်ငန်းထဲမှာ ဒီလုပ်ငန်းလဲ ပါဝင်နေတာပေါ့။
အထူး သဖြင့် လူတန်းစား သာတူညီမျှဖြစ်ရေးလို့ ကြွေးကြော်ခဲ့တဲ့
ကွန်မြူနစ်စံနစ်တွေ ဆိုရှယ်လစ်စံနစ်တွေထွန်းကားချိန်မှာ တောင် ဒီအိမ်တွေက ရှိနေပါတယ်။
ပြည့်တန်ဆာ ပပျောက်ရေး ဆိုပြီး စီမံချက်တွေဆွဲ
ပြင်းထန်တဲ့ပြည့်တန်ဆာဥပဒေတွေနဲ့ နှိပ်ကွပ်ခဲ့ပေးမယ့်လဲ
ဒီလုပ်ငန်းတွေကတော့ ပန်းပန်လျှက်ပါဘဲ။
ဒီလုပ်ငန်းတွေဟာဘယ်အချိန်ကစပြီးရှိနေခဲ့လဲလို့ပြန်ကြည့်လိုက်တဲ့အခါ
ကျနော်တို့ မသိလိုက် မမှီလိုက်တဲ့ ဘုရားရှင်လက်ထက် မှာကတည်းက ရှိနေခဲ့တယ်လို့သိနေခဲ့ရပါတယ်။
ဆရာကြီး ပါရဂူ ဘာသာပြန်ထားတဲ့ “ အမ္ဗပါလီ “ဆိုတဲ့ ပြည့်တန်ဆာမလေးအကြောင်းကို ဖတ်မိတဲ့အခါ
သူတို့ရဲ့အရေးပါပုံကို သိလာရပါတယ်။
သိပ်မဝေးသေးတဲ့ ကျနော်တို့ရဲ့ရတနာပုံရွှေ့မန္တလေးမှာရော ဒီလို အိမ်တွေရှိခဲ့သလားဆိုပြီး နောက်ခံသမိုင်းကြောင်းကိုပြန်စစ်ကြည့်လိုက်တော့
ဆရာချစ်စိန်လွင်ရေးခဲ့တဲ့ ဆောင်ကြာမြိုင်မှတ်တမ်း ထဲမှာ ဒီအိမ်တွေအကြောင်း ပါတာကိုသတိရလိုက်ပါတယ်။
အဲ့အထဲမှာပါတဲ့အချက်အလက်တွေက အမှန်တွေလား စိတ်ကူးယဉ်လားဆိုတာတော့ကျနော်လဲအတိအကျမသိပေမယ့် ဆရာချစ်စိန်လွင်ကလဲ မလေ့လာဘဲမရေးဘူးဆိုတာ ကိုတော့ ယုံကြည်ပါတယ်။
ဘုရင်မင်းမြတ်က အဲ့ဒီခေတ်က နာမယ်ကျော် ပြည့်တန်ဆာခေါင်းမ “မိစပ်”ကိုတွေ့ဘူးချင်တာကြောင့်သူ့လက်စွဲတော်ဦးရွှေမောင်ကို စီစဉ်ခိုင်းကာ
ရုပ်ဖျက်ပြီး နှစ်ဦးသား သွားတွေ့ကြတာ ဘုရင်မင်းကြီး ကိုယ်တော်တိုင်ပျော်ပါးတာကို ဖတ်ရပါတယ်။
ရတနာပုံခေတ်က” ပြည်ကြီးပျော်ဘွယ်” ဆိုတဲ့ အရပ်မှာနာမည်နဲ့လိုက်အောင်
ဒီလိုအိမ်တွေရှိတယ်ဆိုတာကိုလဲသိလိုက်ရတဲ့အပြင် အဲဒီအိမ်တွေကိုလူပျိုတော်သားတွေ
မူးမတ်တွေ ဝန်ကြီးတွေ ကုန်သည်ကြီးတွေသာမကဘဲ အိမ်ရှေ့မင်းသားကိုယ်တိုင်တောင်
လာရောက်ပြီး ပျော်ပါးကြတယ်ဆိုတာ ဖတ်လိုက်ရတော့ ဒီလိုအိမ်ဆိုတာ လူတန်းစားမရွေးပျော်ပါး
တဲ့နေရာ လို့ ပြောရင်လဲ မမှားဘူးထင်ပါတယ်။
တကယ်လို့သာတရားဝင်ခွင့်မပြုဘူးဆိုရင် ဘုရင်မင်းမြတ် ကိုယ်တိုင်ရောက်ပြီးနောက်ရက်
အော်တိုမက်တစ်ပိတ်လိုက်ရမှာပါဘဲ။
ဒီတော့ ရတနာပုံခေတ်မှာ ဒီအိမ်တွေရှိတာ တရား ဝင်ရှိတယ်လို့ ဘဲသတ်မှတ်ရပါမယ်။
အဲလိုဆိုတော့ ကျနော်တို့ကြီးပြင်းခဲ့တဲ့ ခေတ်ကာလ ဆိုရှယ်လစ်ခေတ် မှာရောဘယ်လိုရှိခဲ့ပါသလဲလို့
ပြန်ပြီးငဲ့စောင်းကြည့်မိပါတယ်။
****************************************************************************
အခုချိန်အသက်၅ဝကျော်မန်းလေးသားမှန်ရင် မသွားဘူး ဘူး လို့ပြောရင် ရပေမယ့်
မကြားဘူး ဘူး လို့ ငြင်းလို့မရတဲ့နာမည်တွေရှိပါတယ်။
မန္တလေးရဲ့အသဲနှလုံး ခေါ်ခေါ် ပြည့်ဝမ်းဘဲခေါ်ခေါ် ဘယ်လိုခေါ်ခေါ် ခေါ်လို့ရတဲ့ဈေးချိုတော်နားမှာ
“နေပြည်တော်”ဆိုတာ ရှိမယ်။
၁၉ ဒီလမ်း ဧရာဝတီမြစ်ကမ်းအဆုံးတာရိုး နားမှာ နာမည်ကျော် ကျောက်သပိတ်ဆိုတာရှိမယ်။
နာမည်ကျော်စိန်ပန်းမှာလဲ ရှိတယ်။
တက္ကသိုလ် နားမှာလဲရှိမယ်။
အနောက်ကျုံးကအာဠဝီ တံတားနားမှာ “ငပလီ” ဆိုတာရှိမယ်။
လူတကာပါးစပ်ဖျားမှာနာမည်မကျော်ပေမယ့် တိုးတိုးတိတ်တိတ်နဲ့ကျိတ်ပုန်းစားကြတဲ့ဘိလေးတွေလဲရှိမယ်။
အချက်ပေးမှ သာ ဝင်လို့ရမယ့် သီးသန့်လူတန်းစားတွေသာဝင်ထွက်ခွင့်ရှိတဲ့အိမ်တွေလဲရှိမယ်။
မန်းလေးမြို့လေးပြင်လေးရပ်မှာ ဒီလိုအိမ်လေးတွေမရှိတဲ့နေရာ မရှိသလောက်ပါဘဲ။
အဲဒီအထဲမှာနာမယ်အကျော်ဆုံးကတော့ ကျောက်သပိတ်ပါဘဲ။
ဖိုးဖဲဖာ “ဖ” သုံးလုံး အလွယ်တကူရတဲ့နေရာဘဲဖြစ်ပါတယ်။
လောင်းကစား လုပ်လို့လဲရပါမယ်။
မူးယစ်ဆေးဝါးလဲရပါမယ်။
အသွေးအသားတောင့်တမူ့ကို ဖြေဖျောက်လို့လဲရနိုင်ပါတယ်။
မိုက်မိုက်ကန်းကန်း လူတွေလဲရှိပါမယ်။
အန္တရာယ်ပေါင်းစုံကလဲစောင့်ကြိုနေပါမယ်။
ပြောရ ရင်တော့ မကောင်းမူ့တွေနဲ့ မွှမ်းထုံနေတဲ့နေရာလဲ ဖြစ်ပါတယ်။
မင်းမနိုင်ရပ်ကွက်လဲဖြစ်ပါတယ်။
အချို့သောသူများအတွက်ကြီးမားသောစီးပွားရေးစားကျက်လဲဖြစ်ပါတယ်။
၁၉လမ်းဆုံး လို့ ပေါက္ကရိုဘက်ဝင်တဲ့လမ်းကလေးကိုကျော် တာရိုးပေါ်ရောက်ပြီဆိုတာနဲ့
အကြိုတော်တွေရဲ့အသံကိုကြားရမှာဖြစ်ပါတယ်။
ကျောက်သပိတ်တို့ ကျွဲစွန်းတို့ဆိုတာရေတက်ချိန်ဆိုရင် ဝါးဖောင်တွေ ရပ်နားတဲ့နေရာလေးဖြစ်ပါတယ်။
သူ့အနောက်ဘက် ဧရာဝတီ နဲ့ မြစ်ကျိုးအင်းလေးကြားမှာ ကျွန်းကလေးလိုဖြစ်နေတဲ့ နေရာလေးလဲရှိပါတယ်။
အဲ့ဒီ ကျွန်းကလေးက လွပ်လပ်သောနယ်မြေဖြစ်ပါတယ်။
ခေတ်အဆက်ဆက် ပန်းပန်လျှက်ရှိတဲ့နေရာလဲဖြစ်ပါတယ်။
တာရိုးပေါ်မှာ အကြိုတော်တွေကထိုင် စောင့်။
ပျော်ချင်သူလာခဲ့ရင်ဖောင်တွေပေါ်မှာတင်ပျော်လို့ရသလို့ ကျွန်းကလေးတွေပေါ်သွားချင်တယ်ဆိုရင်လဲ
ပို့ပေးမယ့် ကူးတို့လေးတွေကလဲအဆင်သင့်ပါဘဲ။
ပါလာတဲ့ကားတွေ ဆိုင်ကယ်တွေ စက်ဘီးတွေက တော့ ဒီဘက်ကမ်းက တာရိုးပေါ်စိတ်ချလက်ချထားသွားရုံပါဘဲ။
ဒီလုပ်ငန်းတွေက တရား မဝင်ဘူးဆိုပေမယ့် တရားဝင်နီးပါးလွပ်လပ်နေတာကတော့အားလုံးအသိပါဘဲ။
ခေတ်အဆက်ဆက် ကတည်း က ပိတ်လိုက် ဖမ်းလိုက် တောင်းလိုက်ပေးလိုက်ဖွင့်လိုက် ဖမ်းလိုက်နဲ့
မပြီးဆုံးနိုင်သော မုန့်လုံးစက္ကူ ကပ်ဇာတ်လမ်းက အဆုံးမသတ်နိုင်သေးတာအခုထိပါဘဲ။
ဒီလိုနေရာတွေရှိနေတာဟာ မန္တလေးတစ်မြို့ထဲမှာသာရှိနေတာမဟုတ်ပါဘူး။
ရန်ကုန်လိုမြို့ကြီးတွေမှာ ပိုလိုတောင်ပေါများပါသေးတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပြောရင် မြန်မာပြည့် အနှံ့အပြားမှာဒီလိုဆောင်ကြာမြိုင်တွေရှိနေတာပါ။
ကြေးနိ်မ့်တာနဲ့ကြေးမြင့်တာသာကွာခြားပါမယ်။
ရှိတာကတော့ ရှိနေတာပါဘဲ။
*****************************************************************************
ကျနော်တို့ နိုင်ငံမှာ ဒီလုပ်ငန်းကို အင်မတန်မှစက်ဆုပ်ဘွယ်ကောင်းလှတဲ့ မကောင်းမူ့လုပ်ငန်းလို့သတ်မှတ်ထားပါတယ်။
ဒီလုပ်ငန်းနဲ့ဆက်နွယ်ပြီးလုပ်ကိုင်စားသောက်တဲ့လူတွေကို လည်း တစ်ဆင့်နိမ့်လူတန်းစားအဖြစ်ခွဲခြားဆက်ဆံကြပါတယ်။
ဒါပေမယ့်လည်းဒီလုပ်ငန်းနဲ့ဘဲ အသက်မွေးခဲ့ကြတဲ့လူတွေမနည်းပါဘူး။
ဒီလူတန်းစားကို နိမ့်ကျတဲ့လူတွေလို့သာသတ်မှတ်ပေမယ့် ဒီလူတွေနဲ့သွားရောက်ပျော်ပါးသူတွေရှိနေတာလဲငြင်းမရပါဘူး။
ဒီလုပ်ငန်းတွေကို ဥပဒေနဲ့မညီညွတ်ဘူး တရားမဝင်ဘူးလို့ သတ်မှတ် ထားလိုက်တဲ့အခါ
တရားဥပဒေကိုထိန်းသိမ်းစောင့်ရှောက်ဘို့အတွက် တာဝန်ပေးထားသူတွေထဲက
မသမာသူအချို့က ဒီတားမြစ်ချက်ကို ချိုးဖောက်တဲ့လူတွေအပေါ်မှာ
အခွင့်အရေးယူပြီး စီးပွားရေးဈေးကွက်ဖြစ်အောင်ဖန်တီးလို့ ယူပါတယ်။
အဲ့ဒီတော့လိုင်းကြေးဆိုတဲ့ဝေါဟာရနဲ့အတူ
ဒီအလုပ် နဲ့ လုပ်ကိုင်စားသောက်ရတဲ့ မိန်းကလေးတွေက ခေါင်းပုံဖြတ်ခံရပါတယ်။
ဖောက်သည်ဆီကယူထားတာတော့ တစ်ကျပ် ဟိုပေးဒီပေးက သုံးမတ်ဆိုတော့
ဒီကလေးမတွေမှာ ပြားစွန်းဘဲ ရပါတော့တယ်။
ပုန်းလျှိူးကွယ်လျှိုးနေရတဲ့ဘဝဖြစ်တော့ ဆေးကုသခွင့်မရပါဘူး။
ဒီတော့ သူတို့ နဲ့ပျော်ပါးတဲ့လူတွေဆီကိုလဲ ရောဂါတွေပျံ့နှံ့လို့သွားပါတယ်။
နောက် အနိုင်ကျင့်နှိပ်စက်မူ့ပေါင်းစုံကို ခံရပါတယ်။
ငွေအနေနဲ့လဲခေါင်းပုံအဖြတ်ခံရသလို လူလဲ အနိုင်ကျင့်ခံရပါတယ်။
လိင်ဆက်ဆံတဲ့နေရာမှာ ကွန်ဒုန်းသို့မဟုတ် အကာအကွယ် ယူပြီးမှ ဆက်ဆံတာဟာ
နှစ်ဦးနှစ်ဘက်အတွက် ကျန်းမာရေးအရသင့်တော်ပါတယ်။

တစ်ခါက လို့ဆိုပါစို့။
ဒီကိစ္စကိုတရားဝင်ခွင့်ပြုထားတဲ့နိုင်ငံမှာပေါ့။
မြန်မာပြည်က သွားတဲ့လူတစ်ယောက်က ဆောင်ကြာမြိုင်တစ်ခုကို ရောက်သွားတဲ့အခါမှာ
ပျော်ပါးမယ့် မိန်းကလေးကို ကွန်ဒုံးမသုံးဘဲ ဆက်ဆံမယ်လုပ်တော့
ကလေးမ က ငြင်းပါတယ်။
အငြင်းခံရတော့ မြန်မာပြည်လို မှတ်ပြီး ပြဿနာရှာတာပေါ့။
အဲ့ဒီအချိန်မှာ လုံခြုံရေးက ရောက်လာပြီး ဒီကိုလာရင် ဒီကစည်းကမ်းလိုက်နာပါ။
မလိုက်နာနိုင်ရင် အေးဆေးပြန်ပါဆိုပြီး ပြောပါသတဲ့။
မြန်မာပြည်မှာသာ ဆိုရင်တော့ ဒီလို ငြင်းဆန်တဲ့မိန်းကလေးကို
ဖောက်သည်ပျက်အောင် စိတ်ငြိုငြင်အောင်လုပ်ရမလားဆိုပြီး
ပါးနဲ့ နား နဲ့ ဝမ်းဆက်တွဲပြီးအရိုက်ခံရမှာအသေအချာပါဘဲ။
တရား ဝင်ဖြစ်ခြင်း မဖြစ်ခြင်း သည် လုပ်ကိုင်စားသောက်တဲ့မိန်းခလေးအတွက်
လုံခြုံမူ့ အတိုင်းအတာမှာကွာခြားမူ့ရှိနေမှာပါ။
ကျနော်တို့ဆီမှာ က တရား ဝင်မဟုတ်တော့ ဥပဒေကြောင်းအရ အကာအကွယ်မပေးနိုင်ပါဘူး။
ဒီတော့ အနှိပ်စက် အညဉ်းဆဲခံပြီးတော့
လူတန်းစေ့မနေရ သက်တန်းစေ့မနေရဘဲ ဘဝဆုံးသူတွေများလာပါတယ်။
နောက်မတော်လို့များအဖမ်းခံရရင် ဥပဒေစက်ဝန်းအောက်ကျရောက်ပြီးအပြစ်ပေးခံရသူတွေက
ဒီမိန်းကလေးတွေဘဲဖြစ်ပါတယ်။
သူတို့နဲ့ပျော်ပါးတဲ့ သူတွေက တော့ သက်သေအဖြစ်ထွက်ဆိုလိုက်ရင်အပြစ်ကလွတ်သွားသလိုပါဘဲ။
ပြန်တွေးကြည့်ရင် လူနဲ့ရင်းပြီးငွေရှာရတာကလဲ ဒီမိန်းကလေးတွေပါဘဲ။
စိတ်ဒဏ်ရာလူဒဏ်ရာနဲ့ ဘဝလမ်းဆုံးရတာတွေကလဲ ဒီမိန်းကလေးတွေပါဘဲ။
ဒီတော့ ကျနော်တွေးမိတာကတော့ ဟိုပေတံ ဒီပေတံနဲ့ တိုင်းတာပြီး
ဂုဏ်သိက္ခာနဲ့ချိန်စက်ပြီး ဒီလုပ်ငန်းကို တရား မဝင်ထားနေတာကတော့ နည်းနည်းလွဲနေပြီလို့ထင်ပါတယ်။
မရှိဘူးလို့ ဘူးခံငြင်းနေပေမယ့်လည်း လက်တွေ့မှာတော့ ရှိနေတာဆိုတော့
ကိုယ့်ဘာသာကိုယ်လိမ်နေရသလိုခံစားရပါတယ်။
ဖြစ်သင့်တာ တစ်ခုကတော့ ဒီလုပ်ငန်းကို တရားဝင်လို့သတ်မှတ်လိုက်မယ်ဆိုရင်
ဖြစ်လာနိုင်တဲ့အကျိုးအပြစ်တွေကို စီစစ်ပြီး တိကျတဲ့ သတ်မှတ်ချက်တွေနဲ့လုပ်ကိုင်ခွင့်ပေးသင့်တယ်လို့ထင်မိပါတယ်။
သေချာတာတစ်ခုကတော့ ဒီလို အကြံပေးတာဟာ နှမ သားချင်းမစာနာလို့ ပြောတာမဟုတ်သလို ရှိသမျှမိန်းကလေးအားလုံးဒါလုပ်စားချင်အောင် တိုက်တွန်းတာမဟုတ်ပါဘူး။
တရား ဝင်ခွင့်ပြုလိုက်တာနဲ့ရှိသမျှ မိန်းကလေးတိုင်းက လည်း ဒါကို အလွယ်တကူ လုပ်မစားတာကတော့သေချာပါတယ်။
တရားဝင်ခွင့်ပြုလိုက်တာ က ကိုယ့်ဘဝပေးအခြေအနေအရဒီအလုပ်ကိုလုပ်ကိုင်စားသောက်သူတွေကို
နစ်နာမူ့ပေါင်းစုံကို ဥပဒေဘောင်အတွင်းက နေကာကွယ်ပေးနိုင် မယ်လို့ ယုံကြည်မိလို့ပါ။
အရွယ်ရောက်သူ ယောက်ျားတိုင်းဟာ သွေးသားဆန္ဒဆိုတာ ရှိနေမှာပါဘဲ။
တရားဝင်သွားလို့ရတဲ့နေရာတွင်ရှိနေရင် ဒီလိုနေရာကို သွားပြီးဖြေဖျောက်ကြမှာဖြစ်ပါတယ်။
ဒီစိတ်ကြွနေချိန်မှာ ကောင်းခြင်းဆိုးခြင်း မှားခြင်း မှန်ခြင်းကို တွေးတောမိမှာမဟုတ်ပါဘူး။
စိတ်ပြေပျောက်ဘို့ကလွဲပြီးဘာမှစဉ်းစားနိုင်မှာမဟုတ်ပါဘူး။
ဖြေဖျောက်စရာနေရာလို့ မရှိတဲ့အခါမှာ ကိုယ့် နီးစပ်ရာကို ဒုက္ခပေးတော့တာပါဘဲ။
ဒါကြောင့်လဲ သက်ငယ်မုဒိန်းမူ့တွေ အလိုမတူကျင့်ကြံတာတွေ
လူကြားလို့မှမကောင်းတဲ့ ကိုယ့်သွေးသားအရင်းတွေနဲ့မှားယွင်းကြတာတွေဖြစ်လာတာပါ။
ဒီလိုတရားမဝင်ဘူးဆိုတဲ့နေရာတွေသွားမိရင်အခွင့်မသင့်ရင် ဥပဒေစက်ဝန်းအောက်ရောက်မယ်၊
ဒီနေရာသွားတာဟာ ရှက်စရာနေရာတစ်ခုလိုခံစားရမယ်၊
ရိုးသားမူ့ ကင်းမဲ့သလိုခံစားရမယ်၊
ရောဂါလဲရနိုင်တယ်။
ဒီတော့ တော်ရုံလူ မသွားရဲတော့ပါဘူး။
တူတူတန်တန် သွားလို့ရတဲ့နေရာသာရှိခဲ့ရင် ဒီလို အဖြစ်ဆိုးတွေ လျော့နည်းသွားမယ်ထင်ပါတယ်။
တရားဝင်ခွင့်ပြုတယ်ဆိုပေမယ့်လည်း ဒီအလုပ်ဟာ ကောင်းမွန်တဲ့အသက်မွေးဝမ်းကျောင်းမဟုတ်ဘူး
ဆိုတာကိုတော့လုပ်ကိုင်စားသောက်သူတွေ ကို အသိပညာပေးဘို့လိုအပ်ပါတယ်။
ပြဿနာတစ်ခုပြေလည်ဘို့ အတွက် ယာယီလုပ်ကိုင်တယ်လို့ဘဲ နားလည်အောင်ပြောပြဘို့လိုပါမယ်။
ကဲ ဒီလုပ်ငန်း တွေ ကို ရှိစေကောင်း၏ မကောင်း၏လို့ဆုံးဖြတ်ပြီး အကောင်အထည်ဖော်နိုင်သူတွေက
ကျနော်တို့မဟုတ်ပါဘူး။
ဥပဒေရေးရာ ကျွမ်းကျင်သူတွေ၊အမိန့်အာဏာသုံးပြီး ချမှတ်ပေးနို်င်သူတွေကဘဲဒီကိစ္စကို
အလေးထားပြီးစဉ်းစားဘို့ ဆုံးဖြတ်ပေးဘို့လိုအပ်တယ်လို့ ဘဲ အကြံပေးချင်မိပါတယ်။

ကိုပေါက်(မန္တလေး)
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

2 comments

  • ကထူးဆန်း

    August 4, 2017 at 9:47 am

    — ရဲတွေ ရဲ့ အနိုင်ကျင့်မှု
    — ဖောက်သည်တွေရဲ့ လူမဆန်မှု
    — မာမာစံ ခေါ်ခေါ် ဖာခေါင်းခေါ်ခေါ် သူတို့ ရဲ့ ခေါင်းပုံဖြတ်မူ
    — ဘယ်လောက် ရှိနေရှိနေ တစ်လလုပ်စာ တစ်ရက် နှစ်ရက်စာ တစ်ပါတ်ရှာစာ လိုဖြစ်နေ
    — ရိုးသားစွာ လစာ နဲ့ လူတန်းစိ မနေနိုင်သရွေ့ .. မိဘဆွေမျိုးတွေရဲ့ လိုအပ်ချက် ဆေးဘိုး နေစရာထိုင်ခင်း မဖြည့် နိုင်သရွေ့
    — လူသားတွေ ရှိနေသရွေ့
    — အမြစ်မဖြတ်နိုင်ပါဘူး … ကာကွယ်ပေးဖို့ ဘဲ လုပ်သင့်ပါတယ် …
    ဘာသာရေး မိရိုးဖလာ ယဉ်ကျေးမှု့ စသည်စသည်တို့ စကားလုံးအောက်မှာ နစ်မြုပ်နေသေးတဲ့ မြန်မာနိုင်ငံ
    အမိန့် အာဏာအသုံးချနိုင်သူတွေကလည်း အများအကြိုက် လိုက်သူများတော့ ….. လေးပေါက်ရေ ဝေးတော့ ဝေးနေဦးမှာဘဲ ..။

Leave a Reply