ပင်စိမ်းနဲ့ ချက်ကြမယ် – Basil

ဇီဇီAugust 4, 20171min2396

ပြီးခဲ့တဲ့ အပတ်က သတင်းစာဖတ်လိုက်တော့ ပင်စိမ်းအကြောင်းတွေ့တာနဲ့ ပင်စိမ်းချက်နည်းစုပေးမယ်ဆိုပြီး ရွာထဲလှည့်ရှာလိုက်တာ ခေတ်သစ်ပေါက်ကျိုင်း ရဲ့ ကြက်ပင်စိမ်းလေးသွားတွေ့တယ်။

 

ကြက်ပင်စိမ်း ( ခေတ်သစ်ပေါက်ကျိုင်း)

ပင်စိမ်းရွက်နဲ့ကြက်သားကို ထိုင်းတွေအတော်နှစ်သက်ကြပါတယ်…

ပါဝင်သည့်ပစ္စည်းများ

  • ပဲသီးစိမ်း၊
  • ခရမ်းချဉ်သီး၊
  • ငရုပ်သီးစိမ်း၊
  • ကြက်သွန်ဖြူ၊
  • ပင်စိမ်းရွက်၊
  • ကြက်သား။
  • ပဲငံပြာရည်၊
  • ခရုဆီ၊
  • ဆား၊
  • သကြား၊
  • ဟင်းချိုမှုန့်၊။

 

ပြင်ဆင်ချက်ပြုတ်ပုံ

  • ကြက်သားရင်အုံသား(၁၀)ကျပ်သားခန့်ကို အတုံးလေးတွေတုံးပါ
  • ပြီးလျှင်ကြက်သားကိုဆားအနည်းငယ်၊အချိုမှုန့်အနည်းငယ်၊ခရုဆီအနည်းငယ်၊ငရုတ်ကောင်းမှုန့်အနည်းငယ်တို့ဖြင့်နယ်ထားပါ။
  • ပဲသီးစိမ်းကိုလက်နှစ်ဆစ်အရွယ်လောက်လှီးထားပါ၊
  • ခရမ်းချဉ်သီးကို ပါးပါးလှီးပါ၊
  • ငရုတ်သီးစိမ်း(၁၀)တောင့်လောက်ကို ဓါးပြားရိုက်၍နုတ်နုတ်ဆင်းထားပါ။
  • ကြက်သွန်ဖြူ ငါးတက်လောက်ကိုလည်းဓါးပြားရိုက်၍နုတ်နုတ်ဆင်းထားပါ။
  • ပင်စိမ်းရွက်အနည်းငယ်ကိုလည်းရေစင်စင်ဆေးထားပါ။
  • ဒယ်အိုးထဲသို့ ဆီအနည်းငယ်ထည့်၍ဆီပူလာလျှင် အချိုအငံနယ်ထားသော် ကြက်သားနှင့်ပဲသီးစိမ်းကိုထည့်၍ အသားအညှိရောင်သမ်းလာလျှင် အိုးထဲမှခဏဖယ်ထားလိုက်ပါ
  • နောက်ထပ်ဆီ အနည်းငယ်ထည့်၍ ကြက်သွန်ဖြူကိုဆီသပ်လိုက်ပါ
  • ပြီးလျှင် ငရုပ်သီးစိမ်းများကိုထည့်လိုက်ပါ၊
  • ထိုနောက် ဖယ်ထားသောကြက်သားကိုထည့်ပါ၊
  • အနံမွှေးလာလျှင် ပင်စိမ်းရွက်၊ခရမ်းချဉ်သီးတို့ကိုထည့်ပါ။
  • အိုးအဖုံးဖြင့်ခဏလောက်အုပ်ထားလိုက်ပါ
  • ပြီးလျှင်ခရုဆီအနည်းငယ်(လက်ရည်ဇွန်းတစ်ဇွန်း)၊ပဲငံပြာရည်အနည်းငယ်၊ဆားအနည်းငယ်၊အချိုမှုန်ု(သို့)သကြားအနည်းငယ်ဆီထည့်ပါ၊
  • ထိုင်းတွေကတော့ အချိုမှုန့်မစားတော့ သကြားပဲသုံးပါတယ်
  • ရေအနည်းငယ်ထည့်၍မွှေပေးပါ
  • ပြီးလျှင် အရသာနဲ့အနံပြည့်စုံသော ပင်စိမ်းကြက်သားဟင်းကိုရရှိနိုင်ပါသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အာ့နဲ့ ဆက်ရှာလိုက်တာ မေဖလားဝါးရဲ့ ငါးပင်စိမ်းချဉ်စပ်ဟင်းလေးသွားတွေ့ရော။

ငါးပင်စိမ်းချဉ်စပ်ဟင်း (မေဖလားဝါး)

မိုးအေးအေးမှာ အရည်စပ်စပ် ချဉ်ငန်စပ် ငါးဟင်းလေးနဲ့ ဆိုတော့ခံတွင်းတွေ့မှာ သေချာပါတယ်နော်..။ဆီပြန်တွေ၊ အကြော်ဟင်းတွေ စားရတာအီလာလို့ရင်လည်း ဒီလိုဟင်းလေးတစ်ခွက်က ကျန်းမာရေးနဲ့လည်း ပြည့့်စုံ၊ အဟာရလည်း ပြည့်စုံပြီး ထမင်းစားမိန်မှာ ကျိန်းသေပါပဲလို့…။

ကဲ စချက်ကြရအောင်-

လိုအပ်တဲ့ ပစ္စည်းတွေကတော့

  • ငါး ၃ဝသား ခန့်
  • ကြက်သွန်နီ ဥကြီး သုံးဥ
  • ကြက်သွန်ဖြူ ၈ မွှာ
  • ရှမ်းနံနံ (တစ်စည်း)
  • ပင်စိမ်း (တစ်စည်း)
  • ဖက်ဖယ်ရွက် (တစ်စည်း)
  • မရမ်းပြားခြောက် =ဆယ်ပြားခန့် ( မရှိပါက ဟင်းကျက်သွားမှ သံပုရာသီး တစ်လုံးခန့်အရည်ညှစ်ထဲ့ပါ)
  • ခရမ်းချဉ်သီး (နှစ်လုံး)
  • ငံပြာရည် ( ထမင်းစားဇွန်းနဲ့ နှစ်ဇွန်းခန့်)
  • ဆီ ( တမင်းစားဇွန်းနှင့် တစ်ဝက်ခန့်) မထဲ့ပဲချက်ပါကလည်း ရပါတယ်။
  • ငရုတ်သီးတောင့် (ဆယ်တောင့်ခန့်)
  • ငရုတ်သီး အရောင်တင်မှုန့် ( ကော်ဖီဇွန်း တစ်ဇွန်း)
  • နနွင်းမှုန့် (အနည်းငယ်)
  • ဆား
  • ဟင်းခတ်မှုန့် တို့လိုအပ်ပါတယ်။

ဟင်းချက်နည်း

  • ကြက်သွန်ဖြူ၊ နီ ကို နှုတ်နှုတ်စင်းထားပါ။
  • ပြီးတော့ ငရုတ်သီးတောင့်တွေကို ပါးပါးလှီး၊ ဖက်ဖယ်ရွက် တစ်ဝက်၊ ရှမ်းနံနံ တစ်ဝက်၊ ပင်စိမ်းတစ်ဝက် ဆီကို နှုတ်နှုတ်လှီးထားပါ။
  • မရမ်းပြားကို လည်းလှီးထားပါ( မရမ်းပြားမရှိပါက ဟင်းအိုးချခါနီးမှ သံပုရာသီးတစ်လုံးခန့်ကို အရည်ညှစ်ထဲ့လိုက်လို့လည်း ရပါတယ်)
  • ခရမ်းချဉ်သီးနှစ်လုံးကိုလည်း ပါးပါးလှီး
  • ပြီးနောက် အနေတော်တုံးထားသော ငါးထဲသို့ ငံပြာရည် ၊ ဆားနနွင်း၊ ဟင်းခတ်မှုန့် ဆီအနည်းငယ်၊ နှင့် လှီးထားစင်းထားသော ကြက်သွန်နီ၊ဖြူ၊ မရမ်းပြား၊ ရှမ်းနံနံ၊ ဖက်ဖယ်ရွက်၊ ပင်စိမ်းရွက် ၊ ငရုတ်သီးစိမ်းတောင့် ၊ ငရုတ်သီးမှုန့် စသည့်ပါဝင်ပစ္စည်း အားလုံးကို အိုးထဲတွင် နှံသည်အထိရော နယ်ပါ.။
  • ပြီးမှ လုံးရေအနည်းငယ်ထဲ့ကာ ချက်ထားလိုက်ပါ၊၊
  • အရမ်းမမွှေပေးပါနှင့် ။
  • ငါးများမကြေသွားစေရန် ဖြေးဖြေးလေး အိုးကိုလှုတ်ပေးပါ
  • ငါးများကို ရောနယ်ကတည်းက အရသာကဝင်သွားပြီးဖြစ်သောကြောင့် မမွှေပဲ ဖြေးဖြေးလေးလှုတ်ပေးခြင်းဖြစ်သည်။
  • ထိုရေ ခမ်းပါက ကိုယ်လိုသလောက်ရေ
  • အချိန်အဆ ထပ်ထဲ့ကာ ပြန်ချက်ပေးပါ။
  • ထိုရေဆူလာပါက မူလက ချန်ထားသော ဖက်ဖယ်ရွက် ၊ ရှမ်းနံနံ ၊ ပင်စိမ်းရွက်များ ထပ်အုပ်ကာ ငါးချဉ်စပ်ဟင်းတစ်ခွက်ကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ဒါကတော့ ခင်ဇော်နည်း။ အတော်စံနစ်မကျလည်း သည်းခံကြလော့။

ဟိ။

ဟိုတခါ တဂျီး မစားဖူးဘူးပြောလို့ ချက်နည်းပေးမယ် ဆိုပြီး မေ့နေတာ။

 

ပုဇွန်ထုတ် ပင်စိမ်းချက်

  • ပုဇွန်ထုတ်ကို ကျနော်က ခေါင်းရော လက်တွေပါ အခွံသင်လိုက်တယ်။
  • ပြီးရင် နနွင်း၊ငံပြာရည်၊ငပိစိမ်းစားနည်းနည်းနဲ့နယ်ထားပါ။
  • ကြက်သွန်ဖြူ /နီ/ဂျင်း နဲ့ ငရုတ်သီးခြောက်ထောင်းပြီး ဆီသတ်ပါ။
  • ဆီသတ်ထားသည့်ကြက်သွန် အနံမွှေးလာလျှင် ပုဇွန်ထည့်ချက်ပါ။
  • ပုဇွန်ကထွက်တဲ့ရေ မခမ်းခင် ပင်စိမ်းနုတ်နုတ်စဉ်းပြီးအုပ်ထား အရသာမြည်းပါ။
  • နောက်တစ်မျိုးက ငရုတ်သီးစိမ်းနဲ့ချက်ချင်ရင် ဆီသတ်ဖို့ထဲ ငရုတ်သီးခြောက် ထောင်းမထည့်ပဲ ဟင်းအိုးချခါနီးမှ ငရုတ်သီးစိမ်းခွဲထည့်ရုံပဲ။

 

တခြားပင်စိမ်း ဟင်းချက်နည်းလေးတွေသိရင် ပြောသွားကြအူးနော်။

ပင်စိမ်း ဘယ်နှစ်မျိုးဆိုလား ကိုကိုကျောက် ရှင်းပြဖူးသတော့။
မမှတ်မိဘူးး
ဟီးဟီး

:k:

6 comments

  • kai

    August 5, 2017 at 1:35 pm

    ချဉ်ပေါင်ရွက်ဟင်းချိုမှာ ပင်စိမ်းထည့်တာသောက်ဖူးတယ်..။
    ကောင်းသား..။

    မှန်းပြီး ချဉ်ပေါင်ဟင်းချို လေထဲထည့်ချက်ကြည့်မယ်.။ :k:
    =============
    ငါး-ချဉ်ပေါင်ဟင်းချို ( ၃ယောက်စာ)
    ချဉ်ပေါင်ရွက် ၅ပင်ကို နွှင်၍ရေဆေးပါ။ ပိုချဉ်လိုလျှင် အညွှန့် အရိုးများပါထည့်ပါ။
    ကြက်သွန်နီ(လက်သီးဆုပ်ခန့်အလုံးကြီး) တစိတ်ကို ခပ်ထူထူလှီးထားပါ။
    ကြက်သွန်ဖြူဥမွှာ ၄ခုကို ဓါးပြားရိုက်ထားပါ။
    ငရုပ်သီးစိမ်း(နီ) ၂တောင့်ကို ဓါးပြားရိုက်ထားပါ။
    ခရမ်းချဉ်သီးအသေးတလုံးကို လေးစိတ်စိတ်ထားပါ။
    ငါးပြားလက်၄လုံးခန့် catfish fillet ကို ဆီအနည်းးးးငယ်ထည့်၍ ကြက်သွန်ဖြူနှင့်အတူ ကြော်ပါ။
    ကြက်သွန်ဖြူအရောင်ပြောင်းလာလျှင် ခရမ်းချဉ်သီး၊ စိမ်းစားငပိ၊ ငရုပ်သီးစိမ်း(နီ) ။ ကြက်သွန်နီ တို့ထည့်မွှေပါ။
    ၂မိနစ်ခန့်နေလျှင် ချဉ်ပေါင်ရွက်များပစ်ထည့်ပါ။ နွမ်းသွားလျှင် သောက်ရေသန့် ၂ဗူးထည့်၍ ပွက်ပွက်ဆူသည်အထိ တည်ပါ။
    ဆားနှင့်အချိုမှုန့်ချိန်ဆထည့်ပါ။
    တက်လာသော အမြှုပ်တချို့ဆယ်ပြီးနောက် ပင်စိမ်း ၃ညွှန့်ထည့်ခါ နောက်တမိနစ်နေလျှင် မီးပိတ် အိုးမှချ၍ စားသုံးနိုင်ပါပြီ။
    =
    အိနိ္ဒယသားတွေလည်း ချဉ်ပေါင်ဟင်းချိုရှိသဗျ..။ သူတို့က.. မကျည်းသီးဖျော်ရည်ပါထည့်တယ်။

    http://www.easyvegrecipes.com/2015/04/gongura-pulusu.html
    http://squapl.com/recipe/pulicha-keerai-gongura-soup-1268
    A Healthy Appetizing Soup Made From Pulicha Keera

    SERVES: 2 PREP TIME:5 MINS + COOK TIME: 25 MINS
    N
    1 cup pulicha keerai (gongura) 2 big onions (chopped) 3 green chillies (chopped) 3 Tomatoes (chopped) 1/4 cup coriander leaves 1/2 teaspoon turmeric powder 2 teaspoon jeera salt (as needed) 3 garlic pods
    Wash the separated keerai leaves and drain the water completely. Keep them aside. Chop the onions, green chillies and tomatoes. Grind garlic and jeera to a smooth paste. In a vessel, boil the leaves in sufficient amount of water. Add salt and coriander leaves to it. After few minutes, add onions, tomatoes and green chillies to the keerai. Then add garlic – jeera paste and turmeric powder to the boiling keerai and mix well. Remove the vessel from the flame when you get a nice aroma. Stir well and serve warm.
    You can follow this procedure for any keerai of your choice. You may adjust pepper and salt as per your taste for this soup.

  • သင့်အေးရိပ်

    August 8, 2017 at 11:30 am

    ချက်နည်းတွေ မှတ်ထားပြီလေ။ ယောကျာ်း ရရင် ချက်ကျွေးဖို့။ အဲလေ. . .
    မိန်းမရရင် ကိုယ့်မိန်းမကို ချက်ကျွေးခိုင်းဖို့။
    :k:

  • Shar Thet Man

    August 9, 2017 at 4:41 pm

    ဗိုက်ဆာနေတာနော်….

  • manawphyulay

    August 15, 2017 at 2:49 pm

    ပင်စိမ်းနံ့တော့ မခံနိုင်ဘူး။ ဖျော်ရည်တွေဘာတွေမှာပါရင်တော့ ဖယ်ပြီးသောက်ကြည့်ဖူးတယ်။

  • ဦးကျောက်ခဲ

    August 16, 2017 at 5:20 pm

    မြန်မာပင်စိမ်းနဲ့ ထိုင်းပင်စိမ်း (ga pow) က အမျိုးပဲတော်တာ မတူ…
    ထိုင်းပင်စိမ်းက အရွက်နုတယ် ရိုးတံစိမ်းတယ် ၊ မြန်မာပင်စိမ်းက ရိုးတံနီ…
    သိသာတာတော့ ဆီသတ်ပြီးကြာကြာထားရင် မြန်မာပင်စိမ်းက သက်သွားတယ်…
    မြန်မာပင်စိမ်းမျိုးကို အသုတ် ၊ အပြုတ်တွေနဲ့ တွဲစားတယ်…
    ဟင်းကျက်မှ အပေါ်ကအနံ့အနေနဲ့အုပ်တယ် …
    မြန်မာ ထိုင်း ဗီယက်နမ် လာအို ခမာ ဟင်းတွေအတော်များများမှာ သုံး၏… :k:

Leave a Reply