ခိုင်ထူး၏ဖွင့်ပြောခြင်းများ ( ၂၀၁၆ ဇွန် ) – ခိုင်ထူး အမှတ်တရ

kaiAugust 12, 20171min1864

ဒီလအတွက် မြန်မာပြည်ကအနုပညာရှင် အင်တာဗျူးကဏ္ဍကို ခိုင်ထူးနဲ့ လုပ်ဖြစ်ပါတယ်။ ကြားနေဖတ်နေကျမဟုတ်တဲ့ ဖွင့်ပြောခြင်းတွေကိုတွေ့ရမှာပါ။ ခိုင်ထူး နှင့် စကားပြောခွင့်ရဖို့ ကူညီပေးခဲ့သော ပါမောက္ခ ဒေါ်နီလာမြင့်ထူး နှင့်သူငယ်ချင်း ကျော်စန်းဦး တို့ကို ကျေးဇူး အထူးပါ ခင်ဗျာ…။
Q – တူးတူး သီဆိုခဲ့တဲ့ အဆင်သင့်ပဲဟေ့ စီးရီးစ် ကိစ္စ နဲ့ စလိုက်ချင်ပါတယ်။ အဆင်သင့်ပဲဟေ့ ကို ကိုခိုင်ထူး ဆိုဖို့ သေသေချာချာ ပြင်ဆင်ထားပြီးမှ ဘာဖြစ်လို့ တူးတူး ကို ပေးဆိုလိုက်ရတာပါလဲ…။ အဲဒါ ကို ကျွန်တော် စိတ်ဝင်စားပါတယ်…။
KH = အရင်က Aces နဲ့ သီချင်း မလုပ်ဖူးသေးဘူးဗျ။ တစ်ယောက်နဲ့ တစ်ယောက် သိတ်စိမ်းနေတယ်။ တစ်ယောက်နဲ့ တစ်ယောက် သဘောမပေါက်နိုင်ဘူး ဖြစ်နေတယ်။ အဲဒီ အခွေကို ရင်းလိုက်တဲ့ သဘောပေါ့။ ဒါပေမယ့် ဒါတွေက အကျိုးတော့ မယုတ်ပါဘူး။ ကျွန်တော် မထုတ်ဘူးဆိုတာက ကိုယ့်ဟာကိုယ် စလုပ်ကတည်းကလည်း ထုတ်ဖို့ရည်ရွယ်ချက် မထားဘူး။ သဘောပေါက်လား။

Q – ရင်းနှီးမှုတည်ဆောက်တဲ့ သဘောပေါ့။
KH = အဲဒါ မရပဲနဲ့ တစ်ယောက်နဲ့ တစ်ယောက် မသိပဲနဲ့…၊ အဲဒီတုန်းက Aces ကလည်း သူ့ အရှိန်နဲ့ သူ နာမည်ကြီးနေတာကိုး။ တော်ရုံတန်ရုံ ပေါ့သေးသေး သွားလုပ်လို့မရဘူး။ ကျွန်တော်တို့ တလေးတစား တစ်ယောက်နဲ့ တစ်ယောက် Respect ပေါ့။ သူတို့နဲ့ ရောရောနှောနှောနေတယ်။ ကျွန်တော့် ပုံစံ ကျွန်တော့် သဘောထားကို သူတို့ သိလာတယ်ပေါ့။ အဲဒါအတွက် ကျွန်တော် ဒီအခွေကို လုပ်လိုက်တာပေါ့။ သူတို့ကို ပြောတော့ မပြောဘူးပေါ့ဗျာ။ အခုမှ ခင်ဗျားကို ဖွင့်ပြောတာပါ။
Q – အဲဒါ ကျွန်တော် ရေးလို့ရလား ဗျ။
KH = ရပါတယ်။ ရေးပါ။

Q – ပြီးခဲ့တဲ့ ၂ လလောက်က ခိုင်ထူးချစ်သူတွေကြားမှာ အငြင်းပွားမှု တွေရှိခဲ့ပါတယ်။ စစ်ကိုင်းလမ်း နဲ့ ပတ်သက်လို့ပေါ့။ ကိုနေဝင်း က စစ်ကိုင်းလမ်း ၂ ဆိုပြီးတော့ ကိုရန်ပိုင်ကို ရေးပေးလိုက်ပါတယ်။ အဲဒီသီချင်းထဲမှာ စစ်ကိုင်း မန္တလေး နောက်ဆုံး ကားတော့ မှီကောင်းမယ် ထင်ရဲ့ ဆိုတဲ့ စာသားပါခဲ့ပါတယ်။ အဲဒီမှာမှ စစ်ကိုင်းလမ်းဆိုတာ ရန်ကုန်တက္ကသိုလ်ထဲက စစ်ကိုင်းလမ်းမဟုတ်ဘူး။ မန္တလေး ဘက်က စစ်ကိုင်းလမ်း…၊ တချို့ကလည်း ကြည့်မြင်တိုင်ဘက် က စစ်ကိုင်းလမ်း ဘာညာပေါ့ဗျာ။ ငြင်းကြပြုကြတာတွေ ရှိခဲ့ပါတယ်။
KH = ကျွန်တော် သိသလောက်ကတော့ တချို့က ရထားသံ မကြားရဘူးတဲ့။ ကြားရတယ်လို့။ ညဘက်မှာ လူခြေတိတ်တဲ့အချိန် ၁၁ နာရီလောက်ဆိုရင်…၊ လှည်းတန်းက ဆွဲတဲ့ ဥဩသံ…၊ ရေနွေးငွေ့ စက်ခေါင်းတွေလေ…။ အဲ့ဒါကြောင့် သူက ကြားရတာ…။ နောက်တစ်ခုက သည်းမြေပင်အိုရိပ် ဆီ ဆိုတဲ့ စာသား…၊ မန္တလေး စစ်ကိုင်းလမ်း ပေါ်မှာ သည်းမြေပင်အို မရှိဘူးဗျ…။ ကျွန်တော်တို့ စစ်ကိုင်းလမ်းထဲမှာ ပဲ ရှိတယ်…ခင်ဗျားသတိထားမိလား…။ ကန့်ကော်ပင်တွေအောက်မှာ…။ အဲဒါ ကျွန်တော့် အိမ်နောက်ဖေး စစ်ကိုင်းလမ်းမှာ နေတဲ့ အချိန်မှာ ရေးတာ ဖြစ်နေတယ်…။ အရင်တုန်းကတော့ မန္တလေး စစ်ကိုင်း လမ်း ဖြစ်ရင်ဖြစ်နိုင်တာ ပေါ့။ ဒါပေမယ့် တကယ်တမ်း အဆုံးသတ်တာက ကျွန်တော့်အိမ် စစ်ကိုင်းလမ်းထဲမှာ အဆုံးသတ်တာ ဖြစ်နေတယ်…။

Q – ကိုခိုင်ထူးကို ရေးပေးတယ်ဆိုတော့ လည်း…။
KH = အဲဒီလိုလည်း ရေးပေး တာလည်း မဟုတ်ဘူးဗျ။ ကျွန်တော်က ကြိုက်လို့ ယူဆိုတာ။ ကျွန်တော်တို့က အဲဒီခေတ်က တစ်မျိုးဗျ။ တစ်ယောက်နဲ့ တစ်ယောက်က သူငယ်ချင်းတွေကိုးဗျ။ အသက်သာ ကွာကြပေမယ့် ညီအစ်ကို သူငယ်ချင်းလိုနေကြတာ။ ဆဲစရာရှိ ဆဲကြ ဆိုစရာရှိဆိုကြ…နာလည်း မနာဘူး။ သိတ်ပြီးတော့ သူက သီချင်းရေးဆရာကြီးဆိုပြီးတော့ ရိုသေကိုင်းရှိုင်းစရာလည်း မလိုဘူး။ သူလုပ်ချင်တာလုပ်…ကျွန်တော်လည်း လုပ်ချင်တာလုပ်တာပဲ။ အခုလို…ဆရာတို့ကလေ ဘာညာ အဲလိုဟာတွေ မရှိဘူး။ ကိုနေဝင်း ပဲ ခေါ်တာပဲ။ ကျွန်တော်လိုချင်တဲ့ သီချင်းကျရင် တောင်းတယ်။ တောင်းတယ်ဆိုတာ…ကောင်းတော့ မကောင်းဘူးဗျ…တော်တော်ဆိုးတာနော်…။ ဘယ်လောက် အထိ ဆိုးလဲ ဆို ကျွန်တော် ယူလိုက်ပြီ လို့…။ ပိုက်ဆံပေးဝယ်တာမဟုတ်ဘူး…။ ဒါပေမယ့် ကိုနေဝင်း တို့ နဲ့ ရင်းနှီးလို့သာ လုပ်ခွင့်ရတာပေါ့။

Q – သူတို့ကလည်း ကိုခိုင်ထူး ကို လေးစားမှု ရှိလို့ ဖြစ်မလား…။
KH = မဟုတ်ဘူးလေ၊ တစ်ယောက်နဲ့ တစ်ယောက်က ဒီလိုလေ…၊ ကျွန်တော့် အိမ်နောက်ဖေး မှာ နေကြတာပဲဗျာ…။ အခန်းက လည်း မရဘူး…၊ အဆောင်လခ လည်း မရဘူး…၊ အကုန်တင်ထားတာ…။ ဇိန်ဇမန် ရယ် ကိုသန်းမြင့် ဆိုတာ ယဉ်ကျေးမှုက တယောက တစ်ခန်း…၊ ကိုရဲ နဲ့ ကိုနေဝင်း က တစ်ခန်း…၊ အများကြီးပဲဗျ…၊ ၆ ခန်းရှိတာမှာ ၄ ခန်းက သူတို့ကို အကုန်ပေးထားတာ…။ နောက်…ကျွန်တော့် အိမ်လေးက တစ်ခု ကောင်းတာက ခြံဝန်း အသေ မဟုတ်ဘူး။ တချို့အိမ်တွေဆိုု ခြံဝန်းခတ်ထားတော့ ဝင်လို့မရဘူး။ ကျွန်တော့်အိမ်ကိုဖြတ်စရာမလိုပဲ လွတ်လွတ်လပ်လပ် ဝင်လို့ထွက်လို့ ရတယ်။ ခေတ်ကြီးကလည်း ကောင်း တယ်ဗျ။ ကောင်းတယ်ဆိုတာ တခါ တလေ ကျ လွမ်းလည်း လွမ်းတယ်။ အဲဒီ မတိုင်မှီ အဆောင်မှာ တီးခဲ့ကြတဲ့ အချိန်…ပိုပျော်ဖို့ကောင်းတယ်။ ကျွန်တော်တို့ တခါတလေ ပိုက်ဆံစုလိုက်လို့ရှိရင် ဘယ်လောက်ရလဲ။ သုံးကျပ်ခွဲတို့ နှစ်ကျပ်ခွဲတို့…။ လဖက်ရည်ဆိုင်ထိုင်ဖို့…ပြန်ရင် စားရပြီလေ။ အဲဒါကို လဖက်ရည်ဆိုင်ကို တစ်ခါတည်း မှာရတယ်…။ နှစ်ကျပ်ခွဲစာ…။ ပေါက်စီ ဆိုဘယ်နှလုံး…၊ ဝက်သားပေါင်း ဘယ်နှခု စသည်ဖြင့်ပေါ့။ ပဲမုန့်ဆို ပဲမုန့်။ ဒီအတိုင်း ဖြစ်အောင် ကြိုးစားပြီး စားပေါ့။ ဒါထက်ပိုပြီး ကျွန်တော်တို့ မစားဘူး။ အကြွေးလည်း မစားဘူး။ စာရင်းရှုတ်လို့ဗျာ။ အဲဒါ တကယ်ကိုလည်း အမှတ်တရပါ…။ ကျွန်တော်တို့ ဒီလိုပဲ ပိုက်ဆံပုံလိုက်တယ်။ ခင်ဗျား ငါးမူး၊ ကျွန်တော် တစ်ကျပ်၊ အကုန်ထည့်…ခင်ဗျား တစ်ကျုပ်ထည့်လို့လည်း ပေါက်စီ စားရမယ် မစဉ်းစားနဲ့။ ခင်ဗျား ကြိုက်တာစား။

Q – အစ်ကို့ သီချင်းတစ်ပုဒ် ဖြစ်တဲ့ စစ်နဲ့ ငြိမ်းချမ်းရေးက မဆလ ခေတ်ကတည်း က အပိတ်ခံခဲ့ရတယ်ပေါ့။ အခုမှ ပြန်ဆိုခွင့်ရ ပရိသတ်ကလည်း ပြန်နားထောင်ခွင့်ရလာတဲ့အခါ ဒီသီချင်း ကို စီးရီးစ်ထဲမှာ ပြန်ထည့်ဖို့ ရှိမလား သိချင်ပါတယ်။
KH = အဲ့ဒီကောင် ကော်ပီ သီချင်းကြီးဗျ။ ကော်ပီကို ကျွန်တော်တို့က ပြင်လိုက်တဲ့ သဘောပေါ့။

Q – ကော်ပီ အစစ်တော့ မဟုတ် ဘူးပေါ့…။
KH = အစစ်ပါပဲ…။ နည်းနည်းပြင်လိုက်တယ်ဆိုတာ စကား ပြောတွေ ဘာတွေ သူတို့ဆီမှာ မပါဘူးပေါ့။ စကားပြောတွေကလည်း ဇာတ်လမ်းတွေက နည်းနည်းတော့ ရှတ်တယ်ဗျ။ ဒါ အခုမှ ပွင့်ပွင့်လင်းလင်း ပြောတော့မယ်…။ အဲဒီသီချင်းက ဘာလို့ တောက်လျှောက်မကျလဲ ဆိုတော့ စကားပြောတွေက ကွန်မြူနစ်တွေ ရေးတဲ့ ကဗျာတွေ ဖြစ်နေတယ်။

Q – ကိုခိုင်ထူး မင်္ဂလာဆောင်တွေ ဘာတွေ ဆိုပါသလား…။
KH = ဆိုတယ်…။ ဆိုတယ် ဆိုတာက သူတို့ခေါ်ရင် ဆိုပါတယ်။ ဒါပေမယ့် အသက်ကြီးတဲ့လူတွေ ဘယ်သူခေါ်တော့မလဲ။ ၆ဝ ကျော် အဘိုးကြီးတွေလေ။ သိတယ် မဟုတ်လား။ သူတို့ ကလေး တွေ နဲ့ သူတို့ပါပဲ။ ဒါက ဝမ်းနည်းစရာ တော့ မဟုတ်ပါဘူး။

Q – အခု အချိန်မှာ ဘယ်လို သီချင်းမျိုးတွေ လုပ်ချင်စိတ်ပေါက်နေလဲ။
KH = အခုကတော့ နည်းနည်း ရွဲ့ချင်စိတ် ပေါ်လာတယ်။ အမြင်မတော်တာလေးတွေပြောချင်လာတယ်။

Q – သရော်ချင်တာပေါ့။
KH = သရော်တယ် ဆိုတာ က ခက်တယ်ဗျ။ သရော်တာက မလုပ် တတ်လို့ ရှိရင် ဘာဖြစ်သွားမလဲ ဆိုတော့

Q – ဆဲသလို ဖြစ်နေတာပေါ့။
ခိုင်ထူး- နောက် ဇာတ်လမ်းဆိုတာ ဆရာလိတ်သီချင်းတွေ သိတ်ကြိုက် တာ။ တကယ်ပြောတာ။ ပြန်စဉ်းစား ကြည့်။ အဖေရောက်တဲ့ အခါ ပြန်နှိုးပါ
ပြန်နားထောင်ကြည့်။ အကုန်ဇာတ်လမ်း တွေနော်…ဝတ္ထုလေးတွေ ကို ရေးထားတာ သိတ်ကောင်းတာ။

Q – ဆရာလိတ် သီချင်း တစ်ပုဒ်မှ မဆိုဖူးဘူးလား။
KH = ဆိုဖူးတယ်။ ကိုထီးပွဲမှာ အပေးအယူ။ အဲဒါ ကြိုက်လို့ကိုဆိုတာ။ ဆရာလိတ်က တကယ်ကိုတော်ခဲ့တဲ့ လူပါ။ သူရေးခဲ့တဲ့ စာလုံးတွေ သူတွေးခဲ့ တာတွေ ပြန်စဉ်းစားလို့ရှိရင်…။ သီချင်း
ရေးချင်ရင် သူ့ သီချင်းတွေ အကုန်ပြောင်း
ပြန်ပြန်ရေးကြည့်။ စဉ်းစားပါဦး ဆိုရင် မစဉ်းစားနဲ့ ပေါ့။ ခွင့်မတောင်းပေမယ့် ရပါတယ် ဆိုရင် ခွင့်တောင်းကို တောင်းရ
မယ် တောင်းမှ မင်းသွားလို့ရမယ် စသည်ဖြင့်ပေါ့။ တွေးကြည့်တာပါ။

 

မှတ်ချက်။   ။ မြန်မာဂဇက် – Black Chaw မှအင်တာဗျူး၍ ၂၀၁၆ ဇွန် လထုတ်တွင် ပုံနှိပ်ဖေါ်ပြပြီးဖြစ်သည်။

4 comments

  • သင့်အေးရိပ်

    August 12, 2017 at 5:18 pm

    ကိုယ်နဲ့ အလှမ်းဝေးတဲ့ အနုပညာ နယ်ပယ်က ဆိုပေမယ့်
    သူ့သီချင်းတွေကြောင့် ဆွေမျိုးရင်းချာလို
    ဆွေမျိုးရင်းချာတစ်ယောက်ကို လက်လွှတ် ဆုံးရှုံးလိုက်ရသလို ခံစားရတယ်။
    ပြန် ရမယ်ဆိုရင် လိုချင်မိတယ်

  • Shar Thet Man

    August 15, 2017 at 9:03 am

    တရားသဘောပါပဲ..ဘယ်အရာမှမမြဲပါ ထာဝရဆိုတာမရှိ

  • manawphyulay

    August 15, 2017 at 2:54 pm

    အင်း တစ်ချိန်ချိန်မှာ ဒါတွေဟာ အမှတ်တရနဲ့ မှတ်တမ်းတွေ ဖြစ်လာမှာပါ…

Leave a Reply