ကျွန်မနှင့် ဉာဏ်ကောင်းခြင်း

ကျွန်မနှင့် ဉာဏ်ကောင်းခြင်း

 

(ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်ဟု ဆိုလျှင် ဤစာကိုရေးသော ကျွန်မသည် မသူတော်တစ်ဦးဖြစ်ကြောင်း ဦးစွာဝန်ခံလိုပါသည်။)

 

ကျွန်မကို ငယ်စဉ်ကတည်းကပင် ဉာဏ်ကောင်းသည် ဟု ဆိုကြသည်။ အထူးသဖြင့် ဆရာ၊ ဆရာမများနှင့် ဆွေမျိုးများက ပြောကြခြင်းဖြစ်သည်။ စာကျက်လျှင် ခဏလေးနှင့် စာရခြင်း နှင့် ဉာဏ်စမ်းမေးခွန်းများကို အများအားဖြင့် မှန်အောင်ဖြေဆိုနိုင်ခြင်းတို့ကြောင့် ဖြစ်မည်ထင်၏။ ထို့ကြောင့် စာမြန်မြန်ရအောင် ဘယ်လိုကျက်သလဲ၊ စာကျက်နည်း ပြောပြပါဟုလည်း မကြာခဏ အမေးခံခဲ့ရဖူးသည်။

 

ကျွန်မကတော့ ကိုယ့်ကိုယ်ကို သူများထက် ဉာဏ်ပိုကောင်းသည်ဟု မထင်မိချေ။ ကျောင်းသားအားလုံးသည် ဉာဏ်ရည်အတူတူပင် ဖြစ်သည်။ သို့သော် စာကို နားလည်သည့်အပေါ်မူတည်၍ စာမြန်မြန်ရခြင်း၊ မရခြင်း ကွဲပြားသွားသည်ဟုသာ ယူဆမိပါသည်။ ထို့ကြောင့် ကျွန်မ ပြန်ဖြေလေ့ရှိသည်မှာ စာကို တကယ်နားလည်သွားလျှင် စာကျက်ရတာ လွယ်သွားပါသည်ဟုပင်။

 

ကျွန်မ နားလည်သမျှ ပြောရလျှင် ဉာဏ်ရည် (၂) မျိုးရှိသည်။ မှတ်ဉာဏ် နှင့် ဖြတ်ထိုးဉာဏ် ဖြစ်သည်။ စာကျက်ခြင်းသည် မှတ်ဉာဏ်ကို အသုံးချခြင်းပင် ဖြစ်၏။ ကျွန်မသည် စာတစ်ပုဒ်ကို နားမလည်ဘဲ စာကျက်၍ မရချေ။ စာတစ်ကြောင်းချင်းစီ၏ အဓိပ္ပာယ်၊ ရှေ့စာကြောင်းနှင့် နောက်စာကြောင်း အဓိပ္ပာယ်ဆက်စပ်မှု၊ စာတစ်ပုဒ်လုံး၏ ဆိုလိုရင်း စသည်တို့ကို မသိသေးဘဲ ကျွန်မ စာမကျက်နိုင်ပါ။ ဆရာများ စာရှင်းပြကတည်းကပင် ကျွန်မ နားမလည်သေးလျှင် ဘဝင်မကျပေ။ တစ်ခါတစ်လေ ကျွန်မအတွေးများက လမ်းလွဲနေတတ်ပြီး ဆရာရှင်းပြသည်ကို နားမလည်နိုင် ဖြစ်နေတတ်၏။ မျက်မှောက်မှုန်ကုပ်က ဝေဝေဝါးဝါးကြည့်နေလျှင် ဆရာများက သိသည်။ ကံကောင်းစွာပင် ကျွန်မနားလည်လက်ခံလာသည့်အထိ ရှင်းပြသော ဆရာကောင်းများနှင့် တွေ့ခဲ့သည်ဟု ဆိုနိုင်ပေသည်။

 

စာကျက်တော့မည်ဆိုလျှင် ပထမဆုံး စာတစ်ပုဒ်လုံးကို နားလည်အောင် အသံတိတ်ဖတ်ကြည့်သည်။ နားလည်ပြီဆိုလျှင် ကျွန်မ၏ စာကျက်ခြင်း စတင်လေပြီ။ စာကြောင်းတစ်ကြောင်းချင်းစီကို အော်ကျက်သည်။ ကိုယ့်အသံကို ကိုယ်ပြန်ကြားရခြင်းသည် စာကို ပိုမှတ်မိစေ၏။ တစ်ကြောင်းရလျှင် နောက်တစ်ကြောင်း၊ ပြီးလျှင် နှစ်ကြောင်းစလုံးပြန်ဆို၊ ရပြီဆိုလျှင် နောက်တစ်ကြောင်း၊ ပြီးလျှင် သုံးကြောင်းစလုံးပြန်ဆို၊ ဤနည်းဖြင့် စာတစ်ပုဒ်လုံးဆုံးအောင် ကျက်ခြင်းဖြစ်သည်။ စာရသွားပြီဆိုလျှင် စာအုပ်ကိုပိတ်ပြီး အလွတ်ရေးကြည့်သည်။ ရေးပြီးလျှင် စာအုပ်နှင့် တစ်လုံးချင်း ပြန်တိုက်စစ်သည်။ အမှားများရှိ၍ မကျေနပ်သေးလျှင် ထပ်ရေးကြည့်သည်။ ကျေနပ်သွားပြီဆိုလျှင် နောက်တစ်ပုဒ်ကို ပြောင်းကျက်ခြင်း စတင်သည်။

 

မည်မျှပင်ပန်းခဲ့သော စာကျက်ခြင်းပါနည်း။ ယခု ပြန်တွေးကြည့်လျှင် ကျွန်မတို့သည် စာကျက်ခြင်းဟူသောအမှုကို အချိန်များစွာအကုန်ခံ၊ အပင်ပန်းများစွာခံကာ နှစ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြသည်။ ထိုသို့ အခေါက်ခေါက်အခါခါ အော်ကျက်ပြီး ရေးခဲ့သောစာများကို ကျွန်မတို့ မှတ်မိကြပါသလော။ ပြန်လည်အသုံးပြုကြပါသလော။

 

ဤနေရာတွင် မှတ်ဉာဏ်အကြောင်းကို ပြန်လည်ပြောလိုပါသည်။ ကျောင်းသားအားလုံးသည် ဉာဏ်ရည်အတူတူပင် ဖြစ်သည်။ သဘောတရားကို မှတ်နိုင်ပုံခြင်း အတူတူပင်။ အတန်းထဲတွင် ဆရာမက သမိုင်းကြောင်းတစ်ခုကို စိတ်ဝင်စားဖွယ် ပြောပြသည် ဆိုပါစို့။ ကျောင်းသားအားလုံးကလည်း ထိုသမိုင်းကြောင်းကို သေချာနားထောင်ပြီး နားလည်သဘောပေါက်သည် ဆိုပါစို့။ စာရှင်းပြခြင်းပြီးလျှင် ကြိုက်သည့်ကျောင်းသားတစ်ယောက်ကိုခေါ်ပြီး ထိုအကြောင်းကို နားလည်သလို ပြန်ပြောပြခိုင်းကြည့်ပါ။ ဆိုလိုရင်းမပျောက် ပြန်ပြောပြနိုင်ပါလိမ့်မည်။

 

သို့သော် ကျွန်မတို့၏ ပညာရေးစနစ်သည်ကား ထိုနေရာတွင် ရပ်မနေပေ။ ထို့ထက် ပိုမိုကြီးကျယ်ခဲ့သည်။ စာမေးပွဲကို ရေးဖြေရသည်။ ဖြေဆိုရာတွင်လည်း ဖတ်စာအုပ်ထဲတွင် ရေးသားထားသည့်အတိုင်း (သို့မဟုတ်) ဆရာပေးထားသည် မှတ်စုအတိုင်း တသွေမတိမ်း ပြန်ရေးပေးရသည်။ သဒ္ဒါပြောင်းခွင့်မရှိ၊ အသုံးအနှုန်း ဖလှယ်ခွင့်မရှိ၊ ယုတ်စွအဆုံး သည်၊ ၏ ပင် လွဲခွင့်မရှိ။ သည် နေရာတွင် ၏ ရေးမိ၍ အမှတ်လျှော့ခံရခြင်းများကို ကျွန်မကိုယ်တိုင်သာမက ကျောင်းသားအများစု ကြုံခဲ့ဖူးသည်မှာ အသေအချာပင်။

 

ထို့ကြောင့်ပင် ဉာဏ်ရည်ကွာခြားခြင်းများ စတင်ဖြစ်ပေါ်လာသည်။ စာကို တစ်သွေမတိမ်း မြန်မြန်ကျက်နိုင်သူ (သို့မဟုတ်) မြန်မြန်ရေးနိုင်သူသည် ဉာဏ်ကောင်းသူ ဖြစ်လာသည်။ ထိုအချိန်မှစ၍ ကျွန်မတို့အားလုံး၏ ရည်မှန်းချက်သည် စာကို နားလည်ရေးထက် တစ်သွေမတိမ်း ပြန်ဆိုနိုင်ရေး နှင့် ပြန်ရေးနိုင်ရေး ဖြစ်လာသည်။ စာရှင်းပြသည်ကိုပင် အချိန်ကုန်သည်ဟု ထင်လာကြသည်။ စာလုံးတိုင်းကို အလွတ်ကျက်ဖို့ ကြိုးစားလာကြသည်။ ဤနည်းဖြင့် မြန်မာ့ပညာရေးသည် ကြက်တူရွေးပညာရေး ဖြစ်ခဲ့သည်မှာ ကျွန်မတို့၏တစ်သက်ပင် ဖြစ်ခဲ့လေပြီ။

 

ကျွန်မတို့သည် မှတ်ဉာဏ်ကို တလွဲအသုံးပြုခဲ့ရသည်။ သဘောတရားကို မှတ်ရမည့်အစား စာတွေကို မှတ်ခဲ့ရ၏။ စာတစ်ပုဒ်ကပေးသော သင်ခန်းစာကို တွေးခေါ်ရမည့်အစား စာလုံးတွေကိုသာ တွေးနေခဲ့ရ၏။ တစ်ခါတစ်လေ အိပ်နေရင်း တစ်ရေးနိုး၍ ညက ကျက်ခဲ့သည့်စာကို ပြန်စဉ်းစားမရလျှင် ကြောက်လန့်တကြားထပြီး စာပြန်ကြည့်ခဲ့ရသည့်အချိန်များ ရှိခဲ့ဖူးသည်။

 

မှတ်မှတ်ရရ (၆) တန်းကလေးတစ်ယောက်ကို သင်္ချာသင်ပေးစဉ် ကျင်း အကြောင်း ရှင်းပြရ၏။ အလျား၊ အနံ၊ အမြင့် (၁) ပေ ပတ်လည်ကို တစ်ကျင်းဟု ခေါ်သည် မှ စ၍ ဘယ်နှစ်ပေပတ်လည်ရှိသော ကန်ကို မြေဖို့ရန် သဲကျင်းမည်မျှလိုပြီး ကုန်ကျငွေမည်မျှ ကျသင့်မည်ကို တွက်ရသည့်ပုစ္စာအထိ ပါဝင်သည်။ ကျွန်မတို့သည်လည်း ထိုစာများကို သင်ခဲ့ရသည်။ သို့သော် လုံးဝမမှတ်မိတော့ချေ။ ကျွန်မအိမ်ရှေ့ကို မြေဖို့ချင်လျှင်တောင် အင်ဂျင်နီယာပညာတတ်ကျွမ်းသူ တစ်ဦးဦးကို တွက်ချက်ပေးရန် အကူအညီတောင်းရပေလိမ့်မည်။

 

ဖြတ်ထိုးဉာဏ်ကို အသုံးချခြင်းပညာဟု ကျွန်မ ဆိုချင်ပါသည်။ ကျွန်မတို့ မှတ်မိထားသမျှ သဘောတရား အကြောင်းအရာများကို အရေးကြုံလျှင် ဆက်စပ်ပြီး ထုတ်သုံးနိုင်ခြင်းသည် ဖြတ်ထိုးဉာဏ်ပင်ဖြစ်၏။ ကျွန်မတို့ ငယ်စဉ်က စာစီစာကုံးရေးလျှင် ဖြတ်ထိုးဉာဏ်ကို အသုံးပြုကြသည်။ သတင်းစာများ၊ စာစောင်များ၊ စာအုပ်များမှ ဖတ်ထားမှတ်ထားသမျှ အကြောင်းအရာပေါင်းများစွာကို စာစီစာကုံးထဲတွင် ထည့်ရေးကြသည်။ စာများများဖတ်ထားနိုင်သူသည် စာစီစာကုံးကောင်းကောင်း ရေးနိုင်သူဖြစ်သည်။

 

သို့သော် ကျွန်မတို့၏ ပညာရေးစနစ်သည်လည်း ဖြတ်ထိုးဉာဏ်ကို ပိတ်ပင်ထားပြန်သည်။ စာစီစာကုံးမှာအစ Essay / Letter များ၊ စကားပြေများတွင် ကျောင်းသားများ၏ ကိုယ်ပိုင်တွေးခေါ်မှုနှင့် အသုံးချခြင်းပညာကို ခွင့်မပြုချေ။ ဆရာများ ရေးပေးသည့်အတိုင်းသာ ရေးခွင့်ရှိသည်။ ကွန့်ညွှန့်ရေးလျှင် အမှတ်လျှော့ခံရ၏။ ကလေးများ၏ ဉာဏ်ရည်ဉာဏ်သွေးတို့ကို ပိတ်လှောင်ထားလိုက်ခြင်းပင်ဖြစ်သည်။

 

ကျွန်မကိုယ်တိုင်သည်လည်း ထိုစနစ်ထဲတွင် ကြီးပြင်းခဲ့သော သားကောင်တစ်ယောက်ဖြစ်ပါသည်။ လျှာရှည်ပြီး အထွန့်တက်ချင်သော၊ သိသမျှကို ရေးချင်သော၊ သူများနှင့်တူရတာကိုမကြိုက်သော ကျွန်မသည်လည်း ရလိုရငြား စမ်းသပ်ကြည့်ဖူးသည်။ သို့သော် အဆင့်ဟူသော အရာက ပြန်ထိန်းကွပ်လိုက်သောအခါ ကျွန်မကိုယ်တိုင်လည်း ပုံစံခွက်ထဲက လူသားတစ်ယောက်ဖြစ်ခဲ့ရသည်။

 

တက္ကသိုလ်တက်သည့်အချိန်မှစ၍ ကျွန်မ၏ ပုံစံခွက်က ဒုက္ခပေးတော့သည်။ တက္ကသိုလ်တွင် စာကို တစ်သွေမတိမ်း ကျက်စရာမလို။ ခွဲထွက်ပြီးရေးနိုင်လျှင် အမှတ်ပိုရသည်။ သို့သော် ကျွန်မ မရေးတတ်တော့။ ရေးတတ်သလောက် ရေးလျှင်တောင် မှားမှာကြောက်နေသည်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိတော့။ ဘွဲ့ရပြီး လုပ်ငန်းခွင်ဝင်တော့ ရန်ကုန်တက္ကသိုလ်ထဲတွင် စီးပွားရေးဆိုင်ရာဥပဒေ ဒီပလိုမာသင်တန်းကို တက်သည်။ ထိုအခါ ပိုဒုက္ခရောက်ပြန်သည်။ ထိုသင်တန်းတွင် စာကျက်သည့်စနစ်မရှိ။ ဖတ်စာအုပ်ထဲက စာများကိုဖတ်၊ ဆရာရှင်းပြသည်များကို လိုက်မှတ်၊ အားလုံးကို ပေါင်းစပ်ပြီး ကိုယ့်အမြင်နှင့်ကို ပြန်ဖြေရခြင်းဖြစ်သည်။ ကျွန်မအတွက် အလွန်ပင်ပန်းသောကာလများပင် ဖြစ်သည်။ အထူးသဖြင့် စာကို ချမရေးလိုက်ရလျှင် စာမရဟု ထင်နေသည့်စိတ်က ဒုက္ခပေးခြင်းပင်ဖြစ်သည်။

 

ကျွန်မတို့က ဖတ်စာအုပ်သေးသေးလေးထဲက စာများကို အော်ကျက်နေရချိန်တွင် နိုင်ငံတကာတွင် စာအုပ်ပေါင်းများစွာထဲကစာကို ဖတ်ပြီး ပြန်လည်ဆွေးနွေးခြင်း၊ အမြင်ဖလှယ်ခြင်းများ ပြုလုပ်နေပြီဖြစ်သည်။ မှတ်ဉာဏ်များနှင့် ဖြတ်ထိုးဉာဏ်များကို အကျိုးရှိရှိ အသုံးချနေကြသည်။

 

ဤနေရာတွင် ၂၀၀ရ ခုနှစ်က စင်ကာပူနိုင်ငံရှိ လူငယ်စခန်းသို့ ကျွန်မသွားရောက်ခဲ့စဉ်က အမှတ်တရတစ်ခုကို ပြောပြလိုပါသည်။ ထိုနေ့က စင်ကာပူအပိုင် ကျွန်းလေးတစ်ကျွန်းပေါ်တွင် လူငယ်အားလုံး ဂိမ်းကစားကြသည်။ အာဆီယံ ၁ဝ နိုင်ငံ၊ တရုတ်၊ ကိုရီးယား၊ အိန္ဒိယ၊ ကာဇက်စတန် စုစုပေါင်း ၁၄ နိုင်ငံမှ လူငယ်ပေါင်း ၁၀ဝ ကျော် ပါဝင်သည်။ တစ်နိုင်ငံလျှင် တစ်ယောက်စီပါဝင်သည့် (အိမ်ရှင် စင်ကာပူက ၅ ဦးခန့်) အဖွဲ့ ၁ဝ ဖွဲ့ခွဲရသည်။ ကျွန်မတို့ လုပ်ရမည့်အလုပ်က ရေပူဖေါင်းဗုံးတစ်ခု ပြုလုပ်ရန်။ ထို့မတိုင်ခင် အဖွဲ့လိုက် ဂိမ်းတစ်ခုဆော့ရသည်။ ပထမရသည့်အဖွဲ့ကစပြီး လိုအပ်သည့်ပစ္စည်းများကို စိတ်ကြိုက်ရွေးချယ်ခွင့်ရှိသည်။ စက္ကူများ၊ သစ်သားများ ကြိုးမာျး၊ သရေကွင်းများ အစရှိသည့် ပစ္စည်းများကို တစ်နေရာတွင် စုပုံထားပေးသည်။ ကြိုက်သလိုစိတ်ကူး၊ ကြိုက်သည့်ဒီဇိုင်းထုတ်၊ ရေပူဖေါင်းဗုံးဖြစ်ရမည်။ ရေပူဗေါင်းကို အဝေးသို့လှမ်းပစ်နိုင်ရမည်။

 

ကျွန်မအတွက်က အလွန်ပင် အလှမ်းကွာလွန်းလှသည်။ ကျွန်မတို့အဖွဲ့ကို ဦးဆောင်သည်က စင်ကာပူ၊ အိန္ဒိယ၊ ဖိလစ်ပိုင်။ အင်္ဂလိပ်စကားလည်း ကောင်းကြသလို တော်လည်းတော်ကြသည်။ ကျန်သူများကတော့ သူတို့လုပ်သမျှကြည့်ပြီး လိုအပ်တာ ကူညီပေးရုံသာ။ တစ်ခြား ကိုးဖွဲ့ကလည်း အားလုံးအလုပ်ရှုပ်နေကြသည်။ နောက်ဆုံးအချိန်စေ့တော့ ရေပူဖေါင်းဗုံး ၁ဝ မျိုး ထွက်လာသည်။ ဒီဇိုင်းမျိုးစုံ၊ ပူဖေါင်းကို ပစ်ပုံမျိုးစုံနှင့် သဘောကျစရာကောင်းသည်။ ကျွန်မအဖို့ ပညာလည်းရခဲ့သည်။ အားလည်းကျခဲ့ရသည်။ ထို့အပြင် ကိုယ့်ကိုယ်ကိုပါ စိတ်ဓာတ်ကျခဲ့ရသည်။

 

ထို့ကြောင့် စာမြန်မြန်ရခြင်း၊ စာမှန်မှန်ရေးနိုင်ခြင်းကို ဉာဏ်ကောင်းသည်ဟု မဆိုလိုပါ။ စနစ်တကျတွေးခေါ်နိုင်ခြင်း နှင့် သိထားသမျှကို ပြန်လည်အသုံးချနိုင်ခြင်းသာ ဉာဏ်ကောင်းခြင်းဖြစ်သည်ဟု ကျွန်မဆိုချင်ပါသည်။ ကျွန်မအပါအဝင် လူငယ်များနှင့် ကလေးများကို တကယ့်ဉာဏ်ကောင်းသူများ ဖြစ်စေချင်သည်။ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။

 

(ကျွန်မဘဝ၏ ဆရာကောင်းများကို ကန်တော့အပ်ပါသည်။)

10 comments

  • သင့်အေးရိပ်

    August 20, 2017 at 8:03 am

    ကဗျာရေးရင်တောင် အကန့်အသတ်ကလေးတွေနဲ့ ရေးမှ ကြိုက်ကြတဲ့လူတွေ နေတဲ့နိုင်ငံလေ။ အနုပညာသမားရဲ့ ဉာဏ်စွမ်း ကွန့်မြူးတီထွင်မှုကိုတောင် အားပေးဖို့ ခက်တဲ့နိုင်ငံ ဆိုတော့ကာ. . . .
    :k:

    ကျနော်လည်း ဉာဏ်ရည်မြင့်တယ်လို့ သတ်မှတ်ခံရဖူးတယ်။
    ဟိုစပ်စပ် ဒီစပ်စပ် အကုန် လုပ်တတ်နေတာရယ်
    ဟိုစပ်စပ် ဒီစပ်စပ် အတော်များများကို လေ့လာမိတော့ ပြောနိုင်ဆိုနိုင်နေတာရယ်ကို ကြည့်ပြီး
    ဉာဏ်ကောင်းတယ် လို့ ပြောကြတယ်။
    အလုပ်ထဲမှာ ကျနော် ပေးတဲ့ အကြံဥဏ်တွေကို သုံးပြီး ပြေလည်သွားတာလေးတွေလည်း ကြုံဖူးတယ်။

    ဒါအယ့် ကိုယ့်ကို ဉာဏ်ကောင်းလိုက်တာ လို့ ချိီးကျူးကြသူတွေက စာမဖတ် ကဗျာမစပ်တဲ့ သာမန်လူတွေ။
    စာရေး စာဖတ်ခြင်းဟာ သူတို့နဲ့ မသက်ဆိုင်သလို နေတတ်တဲ့လူတွေဖြစ်နေတယ်။
    ဉာဏ်ကောင်းတဲ့လူတစ်ယောက်က ဉာဏ်ကောင်းတယ်လို့ လာချီးကျူးမှသာ စိတ်ချလက်ချ ပျော်နိုင်မယ်ကွယ်

    ဒီအရပ် ဒီဇာတ်ထဲမှာတော့ ဒေါ်ဖွားမေတို့ ချီးကျူးတာလောက်ကို မသာယာတတ်သေးဘူး လို့ ကိုယ့်ဘာသာ တွေးမိတယ်။

    မွန်မလေးလုံလုံကတော့ တကယ် ဉာဏ်ကောင်းတာ သေချာပါတယ်။ အကြောင်းသိတွေဆိုတော့ တော်တာ ထက်တာ တာဝန်ယူ လုပ်ကိုင်နေတာတွေ သင်ယူနေတာတွေကို လက်တွေ့မြင်နေရတာပဲလေ
    😆

  • ကထူးဆန်း

    August 20, 2017 at 6:24 pm

    ကေ ျာင်းသားအားလုံး ဉာဏ်ရည် တူတူဘဲ ဆိုတာ လက်ခံပါ ဘူး …:) 🙂

  • weiwei

    August 21, 2017 at 2:22 pm

    ဉာဏ်ဆိုတာကလဲ ဓါးလိုပဲ သွေးနေမှ ထက်လာတာလို့ လူကြီးတွေပြောဖူးတာပဲ ..
    ငယ်ငယ်တုန်းကတော့ မှတ်ဉာဏ်ကောင်းသူဖြစ်ခဲ့ဖူးတယ် .. စာကျက်ရင် အရင်ဆုံးရတတ်လို့ .. ဘယ်လိုကြောင့် အဲလိုမှတ်မိနေမှန်းတော့မသိဘူး .. သမိုင်းစာအုပ်လောက်တော့ အာဂုံဆောင်ထားပစ်လိုက်တာပဲ …
    အခုအချိန်မှာတော့ ဘာတစ်ခုမှ အသစ်ထပ်မှတ်လို့မရ … အကြိမ် ၁၀ဝ လောက် ဆိုတာတောင် အလွတ်မရတဲ့ဘဝ ..

  • ဦးကျောက်ခဲ

    August 21, 2017 at 3:01 pm

    အသက်ငယ်ငယ် ၁၀-တန်း ပထမနှစ်တုန်းက သချင်္ာပုစ္ဆာတစ်ပုဒ်မြင်ရင် အဖြေတင်မက …
    တစ်လက်မခွဲလောက်ထူတဲ့ ပြဌာန်းစာအုပ်ထဲက ပုစ္ဆာနံပါတ်နဲ့ စာမျက်နှာပါ ပြောနိုင်တယ် …
    အဲဒါကလည်း အထူးပြောစရာမရှိ ၊ အချင်းချင်းပြိုင်ချင်လို့ တွက်ယုံတင်မက မှတ်ပါထားတာ …
    အလွန်မှတ်ဉာဏ်ကောင်းတဲ့ သူငယ်ချင်းတစ်ယောက်ရှိခဲ့ဖူးတယ် …
    ဆရာစာသင်ပြီးရင် သူက ကျက်စရာမလို ၄-ပုံမှာ ၃-ပုံလောက် အလွတ်ရနေပြီ …
    “ကျက်စာ” တွေဆို သူ့ကို ဘယ်လိုမှ ယှဉ်မရလို့ အားမလိုအားမရဖြစ်ဖူးတယ် …
    ၁၀-တန်းအောင်တော့ သူက ဂုဏ်ထူး ၂-ခုထွက်ပြီး ရိုးရိုးမေဂျာပဲရတယ် …
    ထူးဆန်းတာက သူ သချင်္ာ ၄၆-မှတ်ပဲရတယ် … သချင်္ာ အလွန်ညံ့…
    ဦးနှောက်မှာ ဘယ်ခြမ်း ညာခြမ်း ကွက်ပြီး သန်စွမ်းတယ်ဆိုတာ လက်တွေ့ပဲ …
    သံဝေဂ ရစရာကောင်းတာက … အတန်းဖော် ကုသလ သူငယ်ချင်း…
    အလွန်ထုံတယ် ၊ ဆရာတွေဆို အော်ရငေါက်ရလွန်းလို့ လက်လန်… ၁၀-တန်း ကပ်အောင်…
    အခု သူက သံလောကမှာ ဆရာကြီးဗျား… အတော်ချမ်းသာတယ်

  • ကျော်လွင်ဖြိုး

    August 21, 2017 at 3:13 pm

    လူတိုင်းမှာ ဉာဏ်ရည် တူတူ ပဲ လို့ တော့ မထင်မိဘူး။
    ပင်ကိုယ်ကိုက ဉာဏ်ကောင်းတဲ့ ကလေး၊ စူးစမ်းလေ့လာတတ်တဲ့ ကလေး ဆိုတာ ရှိတယ်။
    နောက် မိဘ က ပျိုးထောင်တာ ကောင်းလို့ စူးစမ်းရမှန်း လေ့လာရမှန်း သိလာတဲ့ ကလေး တွေ ရှိတယ်။
    အများနည်းတူ ဟိုယောင်ယောင် ဒီယောင်ယောင် ချာတိတ် လေးတွေ ရှိတယ်။
    စိတ်ရှည်ရှည် ထားရတဲ့ ခပ်အူအူ ငတိ တွေ ရှိတယ်။
    ဘယ်လိုမှကို ရှင်းပြ မရတဲ့ သတ္တဝါ တွေ ရှိတယ်။ း)
    ကလေး ၂ ယောက်ကို အကြောင်းအရာ တစ်ခု ကို တူတူ ရှင်းပြရင်တောင် ဒီဟာ ကို လက်ခံ နားလည် သွားပုံခြင်း၊ နားလည်သွားမယ့် လိုအပ်ချိန် ခြင်း က မတူဘူးရယ်။

    ကလေး တစ်ယောက်ချင်းစီ ကို သူ့ လိုအပ်ချက် အတိုင်း သင်ပေးဖို့
    ဒါမှ မဟုတ် ကလေးတွေကို တူရာ တူရာ စုပြီး သင်ပေးဖို့ တွေ ကျရင်လဲ ကုန်ကျ စရိတ် က ကြီးလွန်းမယ် ထင်တယ်။

  • Shar Thet Man

    August 21, 2017 at 6:05 pm

    နင်ဉာဏ်ကောင်းတာငါသိတယ်

  • A mar nyo

    August 23, 2017 at 2:54 pm

    ငယ်ငယ်တည်းကစာသင်ရတာကဒါပဲကျက်ဒါပဲမေးဒါပဲဖြေဆိုတော့ သူများနိုင်ငံကလူတွေနဲ့ယှဉ်ရင်မစဉ်းစားတတ်ကြဘူးဘယ်ဟာကိုဘယ်လိုလုပ်ဘယ်လိုပြောဆိုတာကအစလိုက်ပြောရတယ်

  • •*¨နန်းတော်ရာသူ •*¨

    August 30, 2017 at 10:44 am

    အစ်မတော့ ဆုရရ မရရ။ကျောင်းမယ် တော်လိုက်တာလို့ သတ်မှတ်ခံရရ မရရ အရေးမလုပ်တော့ပါ။
    ကိုယ်ပိုင်အစွမ်းအစနဲ့ လုပ်တာလေးတွေကြည့်နေပေးလိုက်တယ်။

Leave a Reply