အင်္ဂလိပ်သဒ္ဒါတတ်ကျွမ်းလိုသော် – ပါမောက္ခမျိုးကျော်မြင့်

kaiAugust 28, 20173min24134

ယခုလမှာ Adverb clause လေးတွေအကြောင်းကို တင်ပြလိုပါတယ်။ ဦးစွာပထမ time clause လို့ခေါ်တဲ့ adverb clause လေးတွေအကြောင်းကို လေ့လာကြရအောင်။ clause နဲ့ sentence မတူတဲ့
အကြောင်းဖော်ပြခဲ့ဘူးပေမဲ့ ပိုပြီးသေချာသွားအောင် ထပ်မံပြောပြပါရစေ။ Sentence ဆိုတာ ကတ္တား subject ရော ကြိယာ verb ပါပါတဲ့ အဓိပ္ပါယ်ပြီးပြည့်စုံတဲ့ စကားစုကိုဆိုလိုပါတယ်။ ဥပမာ –
“A monk should focus on a monk’s job.”
“ဘုန်းကြီးဆိုရင် ဘုန်းကြီးအလုပ်ကို ဦးစားပေးလုပ်သင့်တယ်ပေါ့ ” ဒီစကားစုလေးမှာ ကတ္တား subject လည်းပါတယ်။ ကြိယာ verb လည်းပါတယ်။ အဓိပ္ပါယ်ကလည်း ပြီးပြည့်စုံတယ်။ ဒီတော့ sentence သို့မဟုတ် ဝါကျတခုပေါ့။ ဒါပေမဲ့ “When a monk becomes involved in affairs of the heart ” ဆိုတဲ့ စကားစုလေးဟာ ကတ္တား Subject နှင့် ကြိယာ verb တို့ပါသော်လည်း အဓိပ္ပါယ်က မပြီးပြည့်စုံပါဘူး ။ “ဘုန်းကြီးက နှလုံးသားရေးရာ ကိစ္စများမှာ စွက်ဖက်ခဲ့ရင် ” ဆိုတော့ အဓိပ္ပါယ်အရ တိုးလို့တန်းလန်းကြီးဖြစ်နေတော့ ဝါကျ sentence လို သတ်မှတ်လို့မရပါ။ clause လေးတခုသာဖြစ်ပါတယ်။ နောက်က –
“It will cast a bad light on Buddhism.”
“ဗုဒ္ဓဘာသာကို တခြားလူတွေက တမျိုးတမည်မြင်သွားစေတယ်” ဆိုတဲ့ Main Clause လေးကိုကပ်ပေးလိုက်မှ ဝါကျတခုဖြစ်လာပါတယ်။ ဒီဝါကျမှာ “It will cast a bad light on Buddhism.” ဆိုတာကို Main Clause လို့ခေါ်ပါတယ်။ Time Clause လေးများကို when, while, as soon as, after, before, until အစရှိတဲ့ စကားလုံးများနှင့် စလေ့ရှိပါတယ်။ ဒီစကားလုံးလေးတွေအနက် When.while,as soon as, after တို့သည် အဖြစ် အပျက်နှစ်ခုရှိသည့်အနက် ပထမအဖြစ်အပျက်ကို ဖော်ပြပါသည်။ Main clause ၌ ဒုတိယအဖြစ်အပျက်ကို တွေ့ရှိနိုင်ပါသည်။ ဥပမာ –
“When I saw him , he smiled at me .”
“While he was driving to work, he saw an accident .”
“As soon as the door poened, he walked in.”
“After he graduated , he got a job at Apple.”
ကျန်သည့် Until နှင့် before တို့ကမူ ဒုတိယအဖြစ်အပျက်ကို ဖော်ပြပြီး ၎င်းတို့နှင့်တွဲထားသည့် main clause ၌ ပထမအဖြစ်အပျက်ကို တွေ့ရှိနိုင်မည် ဖြစ်ပါသည်။ ဥပမာ –
“Before he got a job at Apple, he graduated from Harvard .”
“Until he married Sue , he didn’t know the joy of marriage .”
အခြေခံအားဖြင့် Time clause နှစ်မျိုးနှစ်စားရှိပါသည်။ အတိတ်၌ ဖြစ်ပျက်ခဲ့သောကိစ္စများကို ပြသော Time Clause နှင့် အနာဂတ်တွင် ပြုမည့်ကိစ္စများကို ဖော်ပြနိုင်သော time clause ဟူ၍ ရှိပါသည်။ အတိတ်၌ ဖြစ်ပျက် ခဲ့သော အဖြစ်အပျက်များကို အထက်၌ဖော်ပြခဲ့သည့် When , While, as soon as, after , before, until တို့နှင့် simple past သို့မဟုတ် past progressive တို့ကို တွဲ၍သုံးပြီး ဖော်ပြနိုင်ပါသည်။
ဥပမာ – “When I saw him, he was having lunch.”
“While he was having lunch, the phone rang.”
“As soon as the phone rang , he got up to answer it.”
“After he got up to answer the phone, he had a glass of water”
“Before he married Sue , he was in love with Sarah.”
“Until she reached the age of 18 , she lived with her parents .”
အင်္ဂလိပ်စာလေ့လာသူအများစုသည် အထက်၌ဖော်ပြခဲ့သည့် Time clause ကိုသုံးစွဲရာ၌ မှားလေ့မှားထမရှိပါ။ အတိတ်၌ဖြစ်ပျက်ခဲ့သည့် ကိစ္စများကိုဖော်ပြသည့်အခါ When, While, as soon as,after, before, until တို့နှင့်တွဲပြီး Simple past သို့ Past progressive တို့ကို သုံးရသည်မှာ မှတ်ရလည်းလွယ်ကူပါသည်။ အဓိပ္ပါယ်လည်းရှိပါသည်။ ထို့ကြောင့် မှားသည့်သူမရှိသလောက်ပါ။ သို့သော်အနာဂတ်၌ ဖြစ်ပျက်မည့် ကိစ္စများကို ပြလို ၍ အသုံးပြုသော time clause ကိုမူ မှားယွင်းစွာသုံးမိသူများလှပါသည်။ အဘယ်ကြောင့်ဆိုသော် ထို time clause ၌ when, while, as soon as, after, before, until တို့နှင့်တွဲ၍ Simple future ကို သုံးရမည့်အစား မထင်မှတ်ဘဲ simple present ကိုသာသုံးရသည်ကို တွေ့ရပါသည်။ Grammer ကိုလေ့လာသည့်အခါ ဤကဲ့သို့အဖြစ်များ မကြာခဏတွေ့ရတတ်ပါသည်။ grammer ကို logical ဖြစ်ရမည်။ တနည်းအားဖြင့် အဓိပ္ပါယ်ရှိရ မည်ဟု ထင်မှတ်လို့ မရပါ။ ယခုလည်း အနာဂတ်အကြောင်း ပြောမည့်အခါ Simple future ကိုသုံးမည့်အစား ဘာမျှမဆိုင်သော simple present ကိုသုံးရပါသည်။ ဥပမာ –
“When the class is over, he will go home.”
“After he graduates , he will look for a job.”
“As soon as he cleans his room, she will give him lunch.”
အထက်ပါဝါကျများ၌ Time clause သည် ပထမဖြစ်မည့်အဖြစ်အပျက် ကိုဖော်ပြပြီး main clause ၌ ဒုတိယဖြစ်မည့်ကိစ္စကို ဖော်ပြထားပါသည်။ သို့သော်
“Before he gets married, he will save up some money.”
“Until he finds a job, he will keep on looking.”
စသည့်ဝါကျများ၌ main clause သည် ဒုတိယဖြစ်မည့် အဖြစ်အပျက် ကိုဖော်ပြထားပြီး ပထမအဖြစ်အပျက်ကို Time clause ၌ ပါပါသည်။ ဖော်ပြပါ Time clause လေးများကို main clause နှင့်တွဲ၍သာ သုံးရပါသည်။
သို့သော် Time clause သည် main clause ၏ အရှေ့၌၎င်း အနောက်ဖက်၌၎င်း ကပ်၍ထားရပါသည်။
ဥပမာ – “When I go back to Burma , I will see all my friends .”
“I will see all my friends when I go back to Burma.”
အထက်ပါဝါကျနှစ်ခု၏ ကွာခြားချက်ကို သတိပြုမိပါစေ။ time clause ကိုရှေ့၌ထားလျှင် comma လေးနှင့် clause နှစ်ခုကို ဆက်ပေးရပါသည်။ comma ကို မသုံးလိုတော့လျှင် Time clause ကိုနောက်မှာ ထားရပါသည်။ ဤ comma လေးကိစ္စကလွဲ၍ အထက်ပါဝါကျနှစ်ခုသည် အဓိပ္ပါယ်အတူတူပင်ဖြစ်ပါသည်။ နိဂုံးအနေဖြင့် စာဖတ်သူအားလုံးအတွက် အောက်ပါဝါကျလေးကို လက်ဆောင်ပါးလိုက်ပါရစေ –
“When you find yourself in times of trouble,
Your faith in the Lord Buddha will protect you from harm.”

4 comments

  • သင့်အေးရိပ်

    August 28, 2017 at 2:45 pm

    “A monk should focus on a monk’s job.”
    ဦးဝီရသူကို အခါ ၁သိန်းလောက် သွားပြောချင်တာ…
    :k:

  • manawphyulay

    August 28, 2017 at 3:17 pm

    “When you find yourself in times of trouble,
    Your faith in the Lord Buddha will protect you from harm.”

    စာဖတ်သူအတွက် လက်ဆောင်လေးကိုလည်း အသေအချာ သိမ်းဆည်းသွားပါတယ်။ အင်္ဂလိပ်စာလေ့လာနေသူ မနောတို့လိုအတွက် အရမ်းတန်ဖိုးရှိပါတယ်။

  • ko six

    September 4, 2017 at 4:54 pm

    ဖတ်ပါသည်။မှတ်ပါမည်

Leave a Reply