မှတ်သားသင့်သော စကားပုံများ

etoneSeptember 3, 20101min814

၁။ မင်းမရှိသောပြည်၊ အမှုမရှိသောတရား၊ စကားမတတ်သောရှေ့နေ၊ မပြေပြစ်သောသံတမန်၊
ကျမ်းဂန်မတတ်သောရဟန်း၊ တိုင်တန်းသူမရှိသော ကြွေးရှင်ယောကျာ်းကဲ့သို့အမှားမှား အယွင်းယွင်း
လစ်ဟင်းရာသည်။

၂။ အဘမရှိ အမိမဲ့သား၊ လင်မဲ့သည့်မိန်းမ၊ မယားမဲ့သည့် ယောက်ျား၊
အရှင်မဲ့သည့်ကျွန်၊
တံခွန်မဲ့သည့်ရထားကဲ့သို့ စီးပွားမတွင်၊ပြင်လွင်စကားသာဖြစ်ရာသည်။

၃။ ဖွဲပုံ၌နှက်သောတံသင်း၊မြင်းကျောက်ကုန်း၌တင်သော ဖရုံသီး၊
သူကြီးမအုပ်သောငယ်သား၊ အထိန်းမထားသောချည်ခင်ကဲ့သို့ အရှည်မမြဲ
ဘောက်လွဲရာသည်။

၄။ အဘရှိ အမိမဲ့သည့်သား၊ ချွန်းဖျားမအုပ်သောဆင်၊ မျဉ်းမတင်သောလွှ၊
တက်မရှိသောလှေ၊ရှေ့နေခုံမအုပ်သောတရား၊ အနားစုတ်ပြတ်သော ယပ်ပုဆိုး၊
ဆက်ကြိုးမရှိသောမြင်း၊ ကန်သင်းမရှိသောလယ်၊ကြိမ်နွယ်လျှော်မရှိသောကြမ်းကဲ့သို့
ပရမ်းပတာရှိရာသည်။

၅။ဆားမရှိသောဟင်း၊ အရင်းမရှိသောကုန်၊အမှုန်အနည်များသောရေ၊
လူလေပေါသောရွာ၊သဒါ္ဓတရားမရှိသောသူ၊ အလှူပေးလျက်သီလပျက်သောအမျိုး၊
ပိုင်စိုးပါငြား တရားမတတ်သောသူကြီးကဲ့သို့ဟူးရီးဟူးရား၊စကားမလေး၊
ဂွမ်းမွေးပမာပေါ့ရာသည်။

၆။ပဲသွန်ကြက်ပြေး၊သဲထဲရေပေါက်၊ပေါက်ထဲရေဝင်၊ ဆင်တွင်ယင်နားဆိုသကဲ့သို့
အရာမထင်လွင်စကားသာဖြစ်ရာသည်။

၇။ယုန်တောင်ပြေး၊ခွေးမြောက်ကိုလိုက်၊ပိုက်တန်းသူကအရှေ့ ဝှေ့ခြောက်သူကအနောက်
ဆိုသကဲ့သို့ ခုံယူတခြား တရားတထွေ၊ ဆင်ခြေလိမ်လည်၊ အမှုသည်ပြောင်းပြန် ရှိဟန်ဆိုမိသည်။

၈။ပန်းကိုအပွင့်၊လူကိုအကျင့်၊ ရှင်ကိုအတင့်၊သွားမည်ဆိုလျှင်အသင့်၊ပညာကိုအချင့်။

၉။လူကိုအမျိုး၊ မြင်းကိုဆက်ကြိုး၊ရေကိုအရိုး၊ လှေကိုဝါးထိုး။

၁၀။ပျော့ရာမှာဖယောင်း၊မာရာမှာသံချောင်း၊ထက်ရာမှာရေစောင်း၊နံရာမှာထနောင်း၊
ပေါ့ရာမှာဗူးတောင်း၊တုံးရာမှာ ဓါးမဟောင်း။

၁၁။ကြောင်သွား၍ဆီးနှင်းမကြွေ၊ ခွေးဟောင်၍ပိုးမပြေး၊
လေလာ၍ကျောက်တိုင်မရွေ့၊ဆီးစေ့နှင့် ပစ်၍မြင်းမိုရ်တောင်မယိမ်းမယိုင်သကဲ့သို့ဖြစ်ရာ၏။

၁၂။မာတန်သောအရေးတွင်သံချောင်း၊ ပျော့တန်သောအရေးတွင်ဖယောင်း၊
မြင့်တန်သောအရေးတွင်နေ-လ၊ နိမ့်တန်သောအရေးတွင်ကြက်မ။

၁၃။ရေရိုးကိုကျင်လည်သော် ရေတိမ်ရေနက်ကိုသိလွယ်၏ ၊
မင်း၌ခယမ်း၍ မင်းရိပ်မင်းခြေကို သိခက်သည်။

၁၄။ချီးမွမ်းလွန်းသော် မချေငံ၊ အပြစ်တင်လွန်းသော် မကျိုးနွံ။

၁၅။သစ်ပင်ကြီးအရိပ်ကိုခိုသော် အပူပျောက်၏ ၊ သစ်ပင်ပိသောဘေးရောက်၏။

၁၆။စာသူငယ်ဆင်ပြောင်ကိုမလေး ၊ မြေခွေးကျားကိုမခန့်။

၁၇။အဝင်လွန်သော် အထွက်ခက်၏ ၊ အချစ်လွန်သော် အတင့်ရဲ၏။

၁၈။ကြက်ကန်းအစာကောက်သည်ကား ကျောက်ခဲသလဲစားမိ၏ ၊
ထက်မြန်လွန်းသောမြင်း၊ဆင်သည် ခလုတ်ကန်သင်းထိမိ၏။

၁၉။သဒ္ဓါလွန်သော် အပေးအကမ်းကျွံသည်၊ ပညာလွန်သော် အပေးအကမ်းဆွံသည်၊
သမာဓိလွန်သော် အမှုမတွင်၊ ဝီရိယလွန်သော် အပြစ်မမြင်။

၂၀။ကျွန်လိမ်မာကို အလိုလိုက်သော်ခန့်ညားသည်၊ကျွန်မိုက်ကို အလိုလိုက်သော်စော်ကားသည်။

၂၁။မြင်ပါများတော့ငယ်၏ ၊ နမ်းပါများတော့ ပြယ်၏၊

၂၂။ဝရဇိန်လက်နက်မိုးကြိုးစက်ကား တချက်သာသေစေသည်၊ အရှင်စိုးမင်းမျက်သော်ကား ဆွေခုနှစ်ဆက်ပျက်ကြေသည်။

၂၃၊ ယုံကားယုံ၏၊အမှုမကုန်၊ အမှုကားကုန်၏၊မယုံ။

၂၄။မစွမ်းသည့်ဝန် ညဉ်ကလွန်၊စွမ်းသန်သောသူနှင့်ပြိုင်မူကားမခံနိူင်။

၂၅။မနိူင်အံ့သို့ကျသော် မခံဝံ့၊ မလေးအံ့ပေ့ါလျော့သော်မနိူင်။

၂၆။လိမ်မာမှစကားတတ်သည်၊ပညာရှိမှခွင့်သိသည်။

၂၇။စားခြင်း၌လက်တဆစ်၊ဆိုခြင်း၌ မှိုကိုးနှစ်။

၂၈။သစ်ပင်ထီးသော် လေညှင်းသည်၊လူထီးသော် ရန်ညှင်းသည်။

၂၉။ချစ်သော်မခြားနား၊မုန်းသော်ကစဉ့်ကလျား။

၃၀။ကြောင်လက်သည်းကားအခါမဲ့ကိုဝှက်သည်၊အရေးရှိမှထွက်၏။
လူလိမ်မာကား အခါမဲ့ကိုဝှက်သည်၊အရာရောက်မှထွက်သည်။

၃၁။သားမရိုသေက ကျွန်မရိုသေ၊ ကျွန်မရိုသေကဗိုလ်ခြေမခိုင်းမနှိုင်း။

၃၂။ကျွန်မိုက်ကိုအရောဝင်သော် အရှင်ကိုအရိုအသေတန်သည်။
ကျွန်လိမ်မာကို အလျောဝင်သော် အရှင်သခင်ကိုကျိုးနွံသည်။

၃၄။မြွေအစွယ်ကားဒဏ်ချက်ငယ်သည်ဟူ၍မလေးသော် အသက်သေဆုံးတတ်၏။
မင်းမျိုးမင်းနွယ်ငယ်သည်ဟူ၍မလေးမခန့်သော်ပျက်စီးပြုန်းတီးတတ်သည်။

၃၅။တံငါကိုအိမ်ဘက်ပြုသော် အိမ်ပျက်၏။ လူမိုက်အယူကိုနှစ်သက်သော် အမှုထွက်၏။

၃၆။လူလိုမှနတ်လိုသည်။ နတ်လိုမှစီးပွားများသည်။

၃၇။ယာယီအိမ်ကိုမခိုင်စေနှင့်၊ အသိမ်းကိုမပိုင်စေနှင့်၊မယားကိုမနိူင်စေနှင့်။

၃၈။ဆင်အစွယ်ကားဒဏ်ချက်ကြီး၏၊အနီးမခန့်မငြား။
မြွေစွယ်ကား စဉ်းငယ်ထိသော်အသက်သေသည။

၃၉။ကျွန်မိုက်ကိုအရောဝင်သော် အရှင်တို့အကျိုးယုတ်သည်။

၄၀။အနာကိုဆေးကုလွန်သော်ဓါတ်ပျက်သည်၊အခါမဲ့ကိုတန်ဆာဆင်လွန်းသော်အမြင်ခက်သည်။

၄၁။ဈေးစပါးကိုမျိုးပြု၍အကျိုးမရှိ၊လူမိုက်ကိုအစဉ်သုံးသော်အကျိုးအပြစ်ကိုမသိ။

၄၂။ဆရာကိုလွန်သော်ရူးသည်၊မြင်းကိုလွန်သော်မူးသည်။

၄၃။ကျားချင်းကိုက်ရာမှာသမင်ကူမှားသည်။

၄၄။မြွေနေသောတွင်းကိုခွေးအရှုုမှားသည်။

၄၅။အမှိုက်ကိုမွှေသေယ်မြွေတွေ့သည်။

၄၆။အရာကောင်းသော်တသက်၊ အနေကောင်းသော်တချက်။

၄၇။လူမိုက်ကိုစေသော်ရန်တွေ့သည်၊ အရှင်စိုးမင်းမျက်သော် တနေ့ချင်းပျက်စီးသည်။

၄၈။လူသတင်းကိုလူချင်းဆောင်သည်၊ပန်းသတင်းကိုလေညှင်းဆောင်သည်။

၄၉။သားမကောင်းသော် အမိအဘအကျိုးယုတ်သည်၊ကျွန်မကောင်းသော် အရှင်သတင်းပုပ်သည်။

၅၀။ရေတိမ်ရေနက်ကိုသိလိုသော် ကြာရိုးကြာစွယ်ကိုမြင်သဖြင့်သိလွယ်၏။

၅၁။ဆိပ်တည်းဘွယ်မကောင်းသည်ကို ကုန်သည်ပြောသည်၊ကင်းမကောင်းသည်ကြိလှေသားတို့ပြောသည်။

မယားမကောင်းသည်ကိုကျွန်အစေခံတို့ပြောသည်၊တရားသူကြီးမကောင်းသည်ကိုအမှုသည်တို့ပြောသည်။
ပြည်ရွာကွပ်မကောင်းသည်ကိုရွာသားတို့ပြောသည်။

၅၂။ရဟန်းသည်မင်းကျင့်ကိုကျင့်သော် သီလညစ်နွမ်းသည်၊ မင်းသည်ရဟန်းအကျင့်ကိုကျင့်သော်စီးပွားလစ်ဟင်းသည်။

၅၃။မိန်မကောင်းပြည့်တန်ဆာမကဲ့သို့ကျင့်သော်လင်ကောင်းမရ၊ပြည့်တန်ဆာမ မိန်းမကောင်းကဲ့သို့ကျင့်သော်လာဘ်မရ။

၅၄။ခလုတ်ထိမှအမိတသည်၊ အလုပ်ရှိမှသတိရသည်။

၅၅။သားရေးပေါ်တွင်အိပ်သောခွေးသားရေနားကိုစားသည်၊ငှက်ပျောပင်ရိပ်တွင်ချုသော်ကျွဲ ငှက်ပျောပင်ကိုခတ်လှဲသည်၊
ညောင်ပင်ရိပ်တွင်နေသောဆင်သည်ညောင်ပင်ကိုဖျက်ဆီးသည်။

၅၆။တောမျောက်ကိုသန်လျက်ပေး၍အိပ်ယာစောင့်ထည့်မှားသည်။

၅၇။ရွှေမရှိသောဘုရားကိုလူမရိုသေ။

၅၈။အဝတ်တန်ဆာညစ်သောမင်းတို့သည်ကျက်သရေမရှိ။

၅၉။အဆွေခင်ပွန်းနည်းသောသူတို့သည်အကြံမရှိ။

၆၀။ယောက်ျားကိုစေသော်မပြီးနိုင်၊ မိန်းမကိုစေသော်မခံနိူင်။

၆၁။တသောင်းအားနှင့်ယူသော်မရ၊တယောက်အားနှင့်ယူသော်ရသည်။

၆၂။လာမည့်ဘေးကိုအဝေးကမြင်မှအသက်ချမ်းရှည်ရာသည်။

၆၃။မခေါ်ခင်ကရောက်နှင့်သည်၊မဆိုခင်ကကြောက်နှင့်သည်။ မမေးခင်ကထောက်နှင့်သည်၊မငေါက်ခင်ကငိုနှင့်သည်။

၆၄။နီးသော်တကျက်ကျက်၊ဝေးသော်တသက်သက်။

၆၅။အမျိုးဆယ်ပါး၊အရပ်ဆယ်ပါး၊သားချင်းတောက်ဆပ် မသင့်တတ်သော်စုတ်ပြတ်ချုပ်လွယ်ပုဆိုးနှယ်။

၆၆။အနီးတရှည်း၊အဝေးဆယ်ရှည်း။

၆၇။လူမိုက်နိဗိ္ဗာန်ချမ်းသာကိုကြောက်မှားသည်၊ကြောင်ရှေ့တွင်ကြွက်မြူးစားမှားသည်၊
ကျောက်ဖျာမှာ ဝက်တူးစားမှားသည်၊နွားသူငယ်ကျားမကိုအမိမှတ်၍ကပ်မှားသည်။

၆၈။သူ့သားကိုချစ်မှားသော်မုန့်ကုန်သည်၊ သူမယားကိုချစ်မှားသော်ကွမ်းကုန်သည်။

၆၉။အပ်သွားရာကို ပုဆိန်မဝင်၊ပေါက်ဆိန်ရာမှာ အပ်သွားမရောက်။

၇၀။မိကျောင်းမင်းကိုရေကူးသင်သည်၊တံငါကိုပိုက်ထိုးသင်သည်၊မုဆိုးကိုသားထိုးသင်သည်။

၇၁။မြေဖြူကိုထုံးပြု၍ကွမ်းနှင့်စားသော်ကွမ်းရေးမလှ၊တေးခပ်ပျားကိုရွှေနေရာမှာသုံးသော်အရောင်မလှ၊
လူမလိမ်မာကိုအရာအခွင့်ပေးသော်အရေးမရ။

၇၂။ချစ်ယောင်ဆောင်၍သေအောင်ကြံသည်။

၇၃။ဆံချည်နှင့်လည်ပင်းပြတ်သည်။

၇၄။ပျားရည်နှင့်ဝမ်းချသည်။

၇၅။လည်ကိုဖက်၍ပတောက်ကိုနှိုက်သည်။

၇၆။သူခိုးကိုတိုက်စိုးထဲထည့်သည်။

၇၇။တောသားကိုလိုသော်အိမ်နှင့်ရင်းသည်။

၇၈။တောသစ်သီးကိုလိုသော် တောအုတ်ခဲနှင့်ပစ်သည်။

၇၉။တောဟင်းရွက်ကိုလိုသော် တောသစ်ခက်နှင့်ချူသည်။

၈၀။တောစပါးကိုလိုသော် အိမ်စပါးနှင့်ရင်းသည်။

၈၁။လှေမျောလျှင်လှေချင်းလိုက်သည်။

၈၂။တောကြက်ကိုလိုသော် ခါတိန်ညင်နှင့်တည်မှရသည်။

၈၃။ဆင်ချည်သောကြိုးနှင့်ကြက်ကိုချည်သော်မမြဲ၊ ကြက်ချည်သောကြိုးနှင့်ဆင်ချည်သော်မခိုင်။

၈၄။အားမရှိပဲဆားလျက်သော်ရင်ဆာသည်။

၈၅။အနှောင့်နှက်သော်အသွားနာသည်။

၈၆။မယားရှက်ကိုဝိပါတ်ပါသည်။

၈၇။ပညာရှိသည်ဟူ၍ကိုယ်တည်းမကြံရာ။

၈၈။မနာလိုသော်မဆိုနှင့်၊မဝင်လိုသော်မမျိုနှင့်။

၈၉။ကျီစားသန်လျှင်ရန်ဖြစ်သည်။

၉၀။အလိုကြီးကအရနည်းသည်၊ အရနည်းကလက်ချည်းရှိသည်။

4 comments

  • char too lan

    September 3, 2010 at 9:47 am

    မှန်လိုက်တဲ့ စကားပုံတွေ ရှာရှာဖွေဖွေဘယ်ကရခဲ့ပါလိမ့်
    မှတ်သားထားပါ့တယ်ဗျာ….
    ဒါနဲ ့ ၁၀၀၀၀ဝ ပြည့်ရင်မှန် ့ကျွေးရမယ်နော်!!
    😀 😀

  • yokesoelay

    September 3, 2010 at 9:49 pm

    ဖတ်ရတာပျင်းစရာကြီး…ဟီးဟီး
    စေတနာစော်ကားတာတော့မဟုတ်ပါဘူး…

  • Nay Kha

    September 4, 2010 at 7:50 am

    ချီးကျူးပါတယ်ဗျာ……….
    တော်တော်လေ့လာထားတယ်နော်…………

  • lovesickkalay

    September 4, 2010 at 10:10 am

    မသိတဲ့စကားပုံတွေများကြီးသိလိုက်ရပါတယ်.. ကျေးဇူး..

Leave a Reply