နေပြည်တော် အမျိုးသားစာကြည့်တိုက် ဒစ်ဂျစ်တယ်လ်စနစ် သုံးမည်

toyoSeptember 3, 20101min631

အမျိုးသားစာကြည့်တိုက်ကို နေပြည်တော်တွင် ဒစ်ဂျစ်တယ်လ် စနစ်သုံး စာကြည့်တိုက်အဆင့် ပြုလုပ်၍ ဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း နေပြည်တော် အသိုင်းအဝန်းမှ စုံစမ်းသိရသည်။

Nationlal-Libraryပုဂ္ဂလိကသို့ လက်လွှဲရောင်းလိုက်သည့် အမျိုးသားစာကြည့်တိုက် အဆောက်အအုံ(ရန်ကုန်) (ဓာတ်ပုံ – ဧရာဝတီ)

ဒီဂျစ်တယ်လ်စနစ်သုံး အမျိုးသားစာကြည့်တိုက်(နေပြည်တော်) ကို ဖွင့်လှစ်မည် ဖြစ်သောကြောင့် အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ရှိ စာအုပ်စာတမ်းများ၊ ပေ၊ ပုရပိုက်များ၊ ရည်ညွှန်းစာအုပ်များ၊ သမိုင်းကြောင်းဆိုင်ရာ စာအုပ်စာတမ်းများကို ကွန်ပျု တာတွင် ဖတ်ရှုနိုင်ရန် ဒစ်ဂျစ်တယ်လ်ဖိုင်များအဖြစ် ပြောင်းလဲနေကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ပြော သည်။

“ရန်ကုန်က စာကြည့်တိုက်မှာ မူရင်းစာအုပ်စာတမ်းတွေ အကုန်လုံးကိုထားမယ်။ ဒီတော့ သူက Documentary စာကြည့်တိုက် အနေနဲ့ ဖြစ်သွားမှာပေါ့။ နေပြည်တော် စာကြည့်တိုက်မှာကတော့ ဘာစာအုပ် စာတမ်းမှမရှိဘူး။ ကွန်ပျူတာနဲ့ အကုန်ဖတ်လို့ ရမယ့် ဒီဂျစ်တယ်လ်ဖိုင်တွေ ရှိမယ်”ဟု အဆိုပါ တာဝန်ရှိသူက ဧရာဝတီသို့ ပြောသည်။

၎င်းက ဆက်လက်၍ “နေပြည်တော်က စာကြည့်တိုက်မှာတော့ ဒစ်ဂျစ်တယ်လ်ဖိုင်တွေကို ကူးချင်တယ်ဆိုရင် စာကြည့်တိုက် မှူး ဆီက ခွင့်ပြုချက်ယူပြီး အခကြေးငွေပေး ကူးလို့ရတဲ့ ပုံစံမျိုးလုပ်မယ်”ဟု ပြောသည်။

အမျိုးသားစာကြည့်တိုက်(နေပြည်တော်) ကို ၂၀၁၁ ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန် အဓိကထား ဆောင်ရွက်သွားမည်ဟု သိရသည်။

စာအုပ်စာတမ်းများကို ဒစ်ဂျစ်တယ်လ် ဖိုင်များအဖြစ် ပြောင်းလဲမှုအတွက် နည်းပညာကို Forever Group မှ လုပ်ကိုင်ခွင့် ရရှိထားကြောင်း သိရသည်။

“အခု လောလောဆယ် ဒစ်ဂျစ်တယ်လ် စနစ်ပြောင်းခွင့်ကို Forever Group က တဝက်ရထားပြီး နောက်တဝက်က ဘယ်သူ့ကို ပေးမလဲ မသိဘူး။ ဒီဟာနဲ့ ပတ်သက်ပြီး လုပ်ခွင့် လာတင်တာကတော့ ကုမ္ပဏီ ရ ခု ရှိတယ်”ဟု အမျိုးသား စာကြည့်တိုက်မှ အဆင့်မြင့်ဝန်ထမ်းတဦးက ဆိုသည်။

၁၉၉၅ ခုနှစ်တွင် စတင်တည်ထောင်သော စစ်အစိုးရနှင့် နီးစပ်သည့် Forever Group သည် ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ ကွန်ပျူတာ သင်တန်းများပေးခြင်း၊ မြန်မာစာအုပ်များကို အီးဘုတ်ခ်အဖြစ် ပြောင်းလဲ၍ အွန်လိုင်းမှ ရောင်းချခြင်း၊ MRTY – 4 အစီအစဉ်ထုတ်လွှင့်ရန် တာဝန်ယူ ဆောင်ရွက်ပေးခြင်းများ လုပ်ဆောင်လျက် ရှိသည်။

စာအုပ်စာတမ်းများအား ဒစ်ဂျစ်တယ်လ်ဖိုင် အဖြစ် ပြောင်းလဲပြီးပါက အမျိုးသားစာကြည့်တိုက်(ရန်ကုန်) အဆောက်အအုံကို အမျိုးသားပြတိုက် သို့မဟုတ် အင်ဒိုနီးရှား သံရုံးအနီးရှိ အမျိုးသားမှတ်တမ်းနှင့် မော်ကွန်းတိုက်နေရာသို့ ပြောင်းရွှေ့ရန် အာဏာပိုင်များက ရွေးချယ်ထားကြောင်း အမျိုးသား စာကြည့်တိုက်မှ အဆင့်မြင့်ဝန်ထမ်းက ပြောသည်။

“အမျိုးသားစာကြည့်တိုက် အဆောက်အအုံကို ဦးပိုင်ကို ရောင်းလိုက်ပြီး အဲဒီမှာရှိတဲ့ စာအုပ်စာတမ်းတွေ အကုန်လုံးကို ရန်ကင်းမှာရှိတဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာနစုပေါင်း ရုံးထဲကို ခဏရွှေ့ထားတယ်။ စာအုပ်တွေကို အီးဘုတ်ခ်လုပ်နေတော့ အခုလောလောဆယ် စာကြည့်တိုက်ကို ဘယ်နေရာမှာမှ မဖွင့်ဘဲ ခဏ ပိတ်ထားတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

စာကြည့်တိုက်၊ ပြတိုက်နှင့် သုသေသန ဌာနခွဲမှ အရာရှိတဦးက“ဒစ်ဂျစ်တယ်စနစ်ဖြစ်တော့ ဥပမာ – တချို့ ဂျာနယ်တွေဆို အွန်လိုင်းဝက်ဘ်ဆိုက် မရှိဘူး၊ အပြင်က ဝယ်ပြီး တင်ရမယ်။ ဒီလိုမျိုးဆိုတော့ နေပြည်တော် စာကြည့်တိုက်အနေနဲ့  တရက် လောက် နောက်ကျပြီး ဖတ်ရမယ်။ အာဏာပိုင်တွေက နိုင်ငံတော်ဘတ်ဂျက်နဲ့ လက်ရှိ ထွက်သမျှ ဂျာနယ်တွေကို ဝယ်ပြီး တင်ပေးသွားမယ်။ စာကြည့်တိုက် အဆင့်မြှင့်ဖို့ မလေးရှားကို စာကြည့်တိုက်မှူးတွေ စေလွှတ်ပြီး သင်ယူစေခဲ့တယ်”ဟု ပြော သည်။

စာရေးဆရာကြီးတဦးက “ဟိုးအရင်တုန်းကတော့ ရှေးဟောင်း တန်ဖိုးကြီးတဲ့ စာအုပ်တွေဆို ငှားလို့ မရဘူး။ အခု ဒစ်ဂျစ်တယ်လ်စနစ် ပြောင်းပြီးရင် စာအုပ်တွေ အကုန်လုံး လေ့လာခွင့်ရမယ်ဆိုရင်တော့ ကောင်းတာပေါ့။

အာဏာပိုင်တွေအနေနဲ့ တန်ဖိုးကြီး စာအုပ်တွေ အပြင်ကို မရောက်အောင် ဆက်ထိန်းသိမ်းသွားဖို့တော့ လိုတယ်” ဟု ဆိုသည်။

အမျိုးသားစာကြည့်တိုက် (ရန်ကုန်) သည် ယခု မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ် (ပန်းဆိုးတန်း) နေရာ၊ တာမွေမြို့နယ် အနောက်မြင်းပြိုင်ကွင်းလမ်းနှင့် လေးထောင့်ကန်လမ်းထောင့်နေရာ၊ ၆ ထပ်ရုံးနှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန စုပေါင်းရုံးတို့သို့ စုစုပေါင်း ၄ ကြိမ် ပြောင်းရွှေ့ခဲ့ပြီးဖြစ်သည်။

နိုင်ငံပိုင် အဆောက်အအုံများအား ပုဂ္ဂလိကပိုင် လွှဲပြောင်းရောင်းချရေး အစီအစဉ်အရ  တာမွေမြို့နယ် အနောက်မြင်းပြိုင်ကွင်း လမ်းနှင့် လေးထောင့်ကန်လမ်းထောင့်ရှိ အမျိုးသားစာကြည့်တိုက် အဆောက်အအုံကို  မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်သို့ ကြမ်းခင်းဈေးထက် ၂၅ ရာခိုင်နှုန်းလျှော့ပြီး တန်ဖိုး ကျပ်သန်း ကိုးထောင် ခုနှစ်ရာကျော်ဖြင့် ရောင်းချခဲ့သည်။

အမျိုးသား စာကြည့်တိုက် (ရန် ကုန်) တွင် ၁၉၂ဝ ဝန်းကျင်မှ သတင်းစာများ၊ စာအုပ်စာတမ်းများ၊ ဂျာနယ်များ၊ စာစောင်များ၊ ဝတ္ထုများ၊ မှတ်တမ်းများကို ထိန်းသိမ်းထားကြောင်း၊ စာအုပ်စာတမ်း မျိုးစုံ ရ သိန်းခွဲခန့်ရှိကြောင်း သိရသည်။

One comment

  • လင်းဝေကျော်

    September 3, 2010 at 10:45 am

    ကောင်းပါလေ့။
    ဘာကောင်းမှန်းတော့မသိဘူး။

Leave a Reply