သံသရာကွေ့ ပြန်ကာတွေ့ရင်ဖြင့်

ko sixOctober 22, 20171min2666


:::::::::::::::::::::
နှုတ်ဆက်ခြင်းမှာ နှစ်မျိုးနှစ်စားရှိကြောင်းနှင့် တစ်ခုသော နှုတ်ဆက်ခြင်းတွင် အနက်အဓိပ္ပာယ်အရ ဖြေဆည်နှစ်သိမ့်နိုင်ရန် အလွန်ခက်ခဲသော ဒြပ်မဲ့တို့ ကိန်းအောင်းနေကြောင်းကို ဒီမနက်မှ ကျွန်တော် သိလိုက်ရပါပြီ။
ဟုတ်ပါသည်။
လွန်ခဲ့သော ၂၀၀၂ခုနှစ်က ကျွန်တော့်နာမည်ကို တွင်တွင်ခေါ်ကာ အားပါးတရ လာရောက်နှုတ်ဆက်ခဲ့ဖူးသူသည် ဒီကနေ့ မနက်ပိုင်းတွင်ကျတော့ နှုတ်စကားတို့ ဘာတစ်ခုမှ ဖွင့်ဟပြောဆိုခြင်း အလျင်းမရှိပါဘဲ ကျွန်တော့်ကို လူ့ဘဝမှ ပြန်ထွက်သွားပြီဖြစ်ကြောင်း နှုတ်ဆက်လာခဲ့ပြန်ပါသည်။
တွေ့ဆုံ၍ နှုတ်ဆက်ခြင်းနှင့် ခွဲခွာခါနီး၍ နှုတ်ဆက်ခြင်းတို့တွင် နံပါတ်နှစ်မြောက် နှုတ်ဆက်ခြင်းက အံ့ဩစရာကောင်းလောက်အောင် နှစ်မျိုးနှစ်စား ရှိနေပြန်သည်က ရင်ထဲ နင့်ကနဲ ဖြစ်သွားစေတော့သည်။
ဟုတ်ပါသည်။
ကျွန်တော့်ကို နှုတ်ဆက်လာသည့် ဒီနေ့လိုမျိုး နှုတ်ဆက်ခြင်းအား ဘယ်လို ခွန်အားမျိုးနှင့် ရင်ဆိုင်ရပါမည်လဲ။
(a)
အလုပ်ကို ရောက်လိုဇောဖြင့် ဆိုင်ကယ်ကို အရှိန်မြင့်ကာ မောင်းလာခဲ့သည်။ ကျွဲရှင်းတံတားနားအရောက်တွင် အရှိန်လျှော့ကာ ဘယ်ဘက်သို့ ကွေ့ရန် အချက်ပြမီးပြလိုက်သည်။ ကျွန်တော်မောင်းနှင်လာသော ယဉ်ကြောမှာ မြောက်မှ တောင်ဘက်သို့ လာနေခြင်းဖြစ်၍ ရှေ့တူရှုတွင် အရှေ့အနောက်လမ်းထဲသို့ ဝင်ရောက်မည်ဖြစ်သည်။ သို့သော် ကျွန်တော့်ရှေ့မှ လမ်းထဲသို့ မဝင်မီ လမ်းလယ်ကြိဂံတစ်ခုရှိနေ၍ ယဉ်ကြော ရှင်းမရှင်း သတိထားမောင်းနေစဉ်
မထင်မှတ်ဘဲ သူငယ်ချင်းဖြစ်သူ Gyi Phyo ကို တံတားထိပ် ဘယ်ဘက် ပလက်ဖောင်းဘေးနားမှာ ရပ်နေသည်ကို တွေ့လိုက်ရ၍ ဆိုင်ကယ်ကို သူ့ဆီ မောင်းချလိုက်လိုက်ပါသည်။
သူ့နားရောက်မှ ဆရာစောတို့ လက်ဘက်ရည်ဆိုင်ရှေ့တွင် မဏ္ဍပ်တစ်ခု ထိုးထားသည်ကို သတိထားမိသွားသည်။
“ သူငယ်ချင်း ဒီမဏ္ဍပ်က ဘာတုန်းကွ´´
“ အေး သူငယ်ချင်း…… ဆရာစော ဆုံးသွားတာ။ ဒီမနက်ကပဲ´´
“ ဟင် ! ´´
ထင်မှတ်မထားသည့် စကားဖြစ်နေသောကြောင့် ကျွန်တော် အလွန်အံ့ဩမိသွာသည်။
လွန်ခဲ့သော တစ်ပတ်ကမှ ဆရာစောနှင့် ကျွန်တော် ဝိပဿနာ တရားတော်အကြောင်းတွေ ဆွေးနွေးဖြစ်ခဲ့ကြသေးသည်။
ခုတော့ ဆရာစော ဆုံးပြီဆိုပါ့လား။
ဪ…… အနိစ္စတို့၏ လက်နက်ကြီးတစ်ခု အထိအမှန် ခံရချေပြီကိုး။
ကျွန်တော် ဦးခေါင်းငိုက်ကျသွားကာ ဘာတစ်ခုမှ ပြန်မပြောနိုင်လိုက်တော့။
ဆရာစောနေထိုင်ခဲ့ဖူးသော အိမ်ကိုသာ တွေတွေကြီး စိုက်ကြည့်နေမိတော့သည်။
ဆရာစောသည် ထိုအိမ်ရှေ့မှ ကျွန်တော့်ကို အကြိမ်ကြိမ် နှုတ်ဆက်ခဲ့ဖူးသည်။ ကျွန်တော့်ကိုမြင်လိုက်တိုင်း နှုတ်မဆက်ဘဲ နေခဲ့သည်ဟူ၍ တစ်ခါဖူးမျှ မရှိခဲ့။ ဘယ်တော့မဆို တွေ့မြင်လိုက်တိုင်း နှုတ်ဆက်ခဲ့သည်ချည်း။
ဆရာစောတို့ အိမ်သည် ကျွဲရှင်းတံတားထိပ်တွင် ရှိနေသောကြောင့် လက်ဘက်ရည်ဆိုင်လေး ဖွင့်၍ ရောင်းနေသည်မှာလည်း မကြာသေး။
ဆရာစောကပြောခဲ့ဖူးသည့်အတိုင်း သူပင်စင်ယူပြီးရင် အေးအေးချမ်းချမ်းဖြစ်အောင် ဆိုင်ကနားလေး၊ ခြံဥယျာဉ်လေးနဲ့ နေမယ်ဆိုသည့်အတိုင်း ဆိုင်ဖွင့်သည်။ ဥယျာဉ်တွေ ပျိုးနေသည်။
ဒီနှစ် နိုင်ငံခြားလိဒ်ပြိုင်ပွဲတွေ စ တဲ့ ၈ လပိုင်းကမှ လက်ဘက်ရည်ဆိုင်ကို သပ်သပ်ရပ်ရပ်လေး ဖွင့်လှစ် ရောင်းချလာခဲ့ခြင်း ဖြစ်၍ ဘာမျှ ကြာသေးမဟုတ်။ ရက်တစ်ရာပင် မပြည့်သေး။
ဆရာစောက ဘောလုံး ဝါသနာကြီးသူပီပီ ဘောလုံးပွဲဟေ့ဆိုတာနဲ့ လမ်းကြားတွေထဲမှာ စမေားဂိုး ကစားတာက အစ ရပ်ကွက်ပွဲ၊ နိုင်ငံပွဲ၊ ပရီးမီးယား ၊ လာလီဂါ၊ စီးရီးအေ အဆုံး ကြိုက်သည်။ ကြည့်လည်း ကြည့်သည်။
သူ၏ လက်ဘက်ရည်ဆိုင်တွင် ဘောလုံးပွဲများကို အားရပါးရ ကြည့်ရလေအောင် ပရော့ဂျက်တာဖြင့် ပြသလေသည်။
ဆရာစော ဘောလုံးဝါသနာ ကြီးလွန်းပုံက ချစ်စရာကောင်းလှသည်ဟု ပြောချင်ပါသည်။ သူ၏ ဘောလုံးဝါသနာပါမှုကြောင့်ပါပဲ ဆရာစောနှင့်ကျွန်တော် မိတ်ဆွေတွေ ဖြစ်လာခဲ့ကြသည်က ဒီတစ်သက် မေ့လို့မရသော အမှတ်တရတွေပင် ဖြစ်ပါသည်။
ဟုတ်ပါသည်။
ဆရာစော ဘောလုံးကို ချစ်မြတ်နိုး၍ ဝါသနာကြီးပုံက အတ္တမရှိ။ အသင်းစွဲမရှိ။ တစ်ခုတော့ ရှိသည်။ ရေသာခို အသုံးမကျ ညစ်ပတ် လူချ ညံ့ဖျင်းလွန်းသော အားကစားသမားများဆိုလျှင် အလွန်မုန်းတတ်သည်ဟု သူက ကျွန်တော့်ကို ပြောဖူးသည်။
ဤအချက်ကို ပေါ်လွင်အောင် ပြောပြရလျှင် လွန်ခဲ့သော ၂၀၀၂ မှ ၂၀၀ရ ခုနှစ်အတွင်း တောင်ညိုဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲတွေ(၅-ကြိမ်)တုန်းက ဆရာစောနှင့် ပတ်သက်ရာ ပတ်သက်ကြောင်းတွေကို ပြန်ကောက်ရပေလိမ့်မည်။
(b)
ဆရာစော၏ ကံဘောဇရုပ်ချုပ်ငြိမ်း၍ ကျန်ရစ်နေသော ဥတုဘောဇနရုပ်ကို ဝင်ကြည့်မနေတော့ဘဲ အလုပ်ရှိရာကို အမြန်ထွက်သွားမိပါသည်။ ဆရာ့ရဲ့ရုပ်ကလပ်ကိုတွေ့ရင် ကျွန်တော် တောင့်ခံနိုင်မှာ မဟုတ်ခဲ့သည့်အတွက်ကြောင့် ဖြစ်ပါသည်။
ဝန်ခံပါသည်။
ခု ဒီစာစုကို ဖန်တီးနေစဉ်မှာပဲ ဘယ်ညာဘက်ပါးပြင် နှစ်ဖက်စလုံးပေါ် နွေးကနဲ အရာတွေ စီးဆင်းလာကြပါပြီ။
ဟုတ်ပါသည်။
ကျွန်တော် ငိုနေမိပြီ ဖြစ်ပါသည်။
တကယ်ကိုပဲ ငိုကြွေးလိုက်မိပါသည်။
…… ……… ………။
(c)
ဆိုင်ကယ်စီးနေရင်းမှ ဆရာစောအကြောင်းတွေကို အလိုလို ပြန်လည်တွေးတောနေမိပါသည်။
လွန်ခဲ့သော သက္ကရာဇ် ၂၀၀၂ ခုနှစ်။ ဒီဇင်ဘာ အားကစားလ။ ဆောင်းရာသီ ဘောလုံးပြိုင်ပွဲ။ တောင်ညို အားကစားပြိုင်းကွင်းထဲမှ ပြုံးရွှင်နေသော မျက်နှာကလေးဖြင့် ကျွန်တော့်ဆီကို ဦးတည်လာနေသာ ဆရာစော၏ ပုံရိပ်။
ဟော
ဝဲဘက် ရင်အုံထဲမှာ နွေးကနဲ။
ဆရာစောနှယ်ဗျာ။
(d)
မှတ်မှတ်ရရ ပဲဖြစ်ပါသည်။ အဲဒီနေ့က ၂၁ သစ်စက် ကျွဲရှင်းဘောလုံး အသင်းနှင့် ကျွန်တော်ပါဝင်သော ကျောင်းစု ဘောလုံးအသင်းတို့ အုပ်စုတွင်း ဘောလုံးပြိုင်ပွဲအပြီးတွင် ဖြစ်ပါသည်။
ပြိုင်ပွဲတွင် ကျောင်းစု (၂-၀) 21 သစ်စက် ဖြင့် ပြီးခဲ့သည်။
လူတစ်ယောက်သည် ကျွန်တော့်ဆီကို ဦးတည်ရောက်လာကာ
“ ကောင်းလိုက်တာကွာ။ မင်းလို ကြိုးစားအားထုတ်တဲ့ ဘောလုံးသမားမျိုး ငါသိပ်သဘောကျတာကွ ´´
ဟု အစချီ ချီမွှန်းပြောဆို၍ လက်ဆွဲနှုတ်ဆက်လေသည်။
ထိုသူကို အခု စာဖတ်သူတွေ ဘောလုံးပွဲလာကြည့်ရင်း သာမန်ပရိတ်သတ်က နှစ်သက်သဘောကျ၍ လာနှုတ်ဆက်တာပဲဟု သင်ယူဆခဲ့ပါက မှားချေမည်။
ထိုသူသည် အမှတ် ၂၁ သစ်စက် ကျွဲရှင်းဘောလုံးအသင်းကို ဦးဆောင်ချီတက်လာခဲ့သော အသင်းအုပ်ချုပ်သူ ဘိုစော(ဆရာစော)သာ ဖြစ်လေသည်။
အစတွင် ကျွန်တော် ကြောင်သွားခဲ့သည်။
ဘာလဲဟ ပေါ့။ မိမိအသင်းရဲ့ပြိုင်ဘက် ကစားသမားကို ဒီလို အားပေးအားမြောက်ပြုတာမျိုး တစ်ကြိမ်မှ မမြင်တွေ့ခဲ့ဘူး၍ ဖြစ်သည်။
အစဉ်အလာအတိုင်း ပြိုင်ပွဲတစ်ပွဲချင်းစီကို အကောင်းဆုံး အားကစားသမားဆု တစ်ဆု ပေးလေ့ရှိရာ ထို့နေ့ပွဲစဉ်တွင် ကျွန်တော်က အကောင်းဆုံးကစားသမားဆု ဆွတ်ခူးခဲ့သည်။ ထိုဆုငွေအား ဆရာစောကပင် ထောက်ပံ့ကာ ကျွန်တော့်အား ကိုယ်တိုင်ကိုယ်ကျ ဆုချီးမြှင့်သည်။ ဒုတိယအကြိမ်မြောက် ဆရာစောက ကျွန်တော့်ကို လက်ဆွဲနှုတ်ဆက်ပြန်လေသည်။
ထို့ကြောင့် ဆရာစောနှင့် ကျွန်တော့်ကြားတွင် နှုတ်ဆက်ခြင်းဖြင့် စ တင်ခဲ့ပါသည်ဟုဆိုပါက အလုံးစုံ မှန်ကန်နေခဲ့ပါသည်ဟုသာ။
(e)
“ ဒါနဲ့ ။ မနက်ဖြန် ၂ း ၃ဝ မှာ သင်္ဂြု ိလ်မှာဆို´´
“ ဟုတ်တယ် ´´
အော် ဆရာစောရဲ့ တစ်ခန်းရပ် ပြဇာတ်ကတော့ ကားလိပ်ချသွားပါပြီ။ ကျွန်တော်တို့မှာသာ နရံလိုလို သံသရာလိုလိုနဲ့ ဘဝခြား ကျန်ရစ်နေခဲ့ရသည်။လေးလံလှတဲ့ သက်ပြင်းတစ်ခုကို မှုတ်ထုတ်လိုက်မိပါသည်။
ဘယ်တော့မှ မှုန်ဝါးမနေတဲ့ ဆရာစောရဲ့ ပုံရိပ်တွေက ကျွန်တော့်ထံ အပြေးအလွှား ရောက်လာကြပြန်ရော။
(f)
“ ဟေး ငါ့ကို တစ်ခုလောက် ကူညီစမ်းပါဦးကွာ´´
မိုးလင်းလင်းချင်း ဆိုင်ကယ်စီး၍ ကျွန်တော့်အိမ် ရောက်လာသောဆရာစောက အထူးအဆန်းနဲ့ အကူအညီ လာတောင်းနေပါသည်။
“ ဟုတ်ကဲ့ ။ ပြောပါ ဆရာ ´´
“ ဒီလိုကွာ ။ ခု အသက် ၁၃ နှစ်အောက် ဘောလုံးပြိုင်ပွဲမှာ ငါ့အသင်းပါတယ်ကွ။ အဲဒါ မင်းလာကူညီပေးဦး။ ဒီနေ့ ကွင်းဖွင့်ပွဲနေ့ပဲ´´
အဲလိုပြောခဲ့သော နေ့သည် 2008 ခုနှစ်တုန်းကပေါ့။
ပြိုင်ပွဲကာလတစ်လျှောက် ဆရာစောအသင်းက ကစားကွက်သိပ်လှသည်ဟု ပြောလျှင်မလွန်လှပါ။ (ခု ဒီစာဖတ်နေသူများထဲတွင် ဤအကြောင်းများကို သိမီသူ အများကြီးရှိပါသည်)
“ ဆရာစောအသင်းက ကောင်းလှချေလားဗျ´´
ဆိုလိုက်တော့။
“ မျိုးဆက်သစ်တွေကို ပြုစုရမယ်လေကွာ။ မင်းတို့တောင် နည်းနည်းကြီးသွာကြပြီ´´
ဟုတ်တော့လည်း ဟုတ်ပါသည်။
ဆရာစောက မြန်မာဘောလုံးလောကကို အားမရကြောင်း များစွာပြောခဲ့ဖူးသည်။
သူ့ရဲ့ မျိုးဆက်သစ်ကလေးတွေက ခု မျိုးဆက်တစ်ခုကိုပင် ထောင်နေပြန်ပါပြီကော။
(g)
မတော်တဆဖြစ်စေ၊ တမင်ဖြစ်စေ ကျွန်တော့်အိမ် ဆရာစောရောက်လာတိုင်း ကျွန်တော့်အိမ်က ဘုရားခန်းသို့ အရင်ဝင်ရောက် ဖူးမျှော်လေ့ရှိပါသည်။
ဖူးမျှော်ပြီးတိုင်းလည်း
“ ဒီလိုလေဆိုတော့ စိတ်ချမ်းတာလိုက်တာကွာ´´
တဝကြီးဖူးမျှော် ကြည်ညိုပြီးမှ ကျွန်တော်နှင့် စကားပြောလေ့ရှိပါသည်။ ဆရာစောက ရေနွေး ကြိုက်တတ်သူပီပီ ရေနွေးလေးတော့ ရှိလားမေးလေ့ရှိတတ်သည်။ ရေနွေးလေးတစ်ခွက်ဖြင့် ဧည့်ခံလိုက်ရင်ကိုပဲ လွန်စွာကျေးဇူးတင်တတ်သော ဆရာစောပင် ဖြစ်လေသည်။

(h)
ဆရာစောနှင့်ကျွန်တော်က ဆရာတပည့်တွေ မဟုတ်ခဲ့ တခြားသူတွေခေါ်သလိုမျိုး ဆရာစောဟုသာ ကျွန်တော် ခေါ်ဝေါ်နေခဲ့မိပါသည်။ ဆရာစောသည် ပြည်သူ့ရဲဝန်ထမ်းတစ်ဦး ဖြစ်ပြီး ကွမ်း၊ ဆေး၊ အရက် ဆိုတာတွေကို လုံးဝကင်းရှင်းနေသည်ကလည်း တမူထူးခြားလှသည်။
သူက ကင်းသလို အများသူငှါကိုလည်း ကင်းစေချင်သည့် ဆန္ဒသူ့မှာ ရှိနေမှာ မလွဲ။ သို့သော်လည်း တစ်ဖက်သားအပေါ် ကွမ်းဖြတ်ပါ။ ဆေးဖြတ်ပါ။ အရက်မသောက်ပါနဲ့ဆိုတာမျိုးတွေနဲ့ ဆရာလိုလို ဆုံးမတာလိုလို ထုတ်ပြောလေ့ မရှိတာတော့ သတိထားမိခဲ့ပါသည်။
တစ်ခါက ကျွန်တော်က ကွမ်းဖြတ်ချင်တာဗျာဟု ပြောမိသောအခါ သူက အဲလိုတွေးမိတာ ကောင်းတာပေါ့ကွာ တဲ့။ ဒီလောက်ပဲ ပြောခဲ့ဖူးသည်။
ဆရာစော ခင်မင်ခဲ့သော ကာလတစ်လျှောက်မှာ ကျွန်တော့်အပေါ် မကောင်းသောအတတ်ပညာတို့ကို ဘာတစ်ခုမှ နည်းပေးလမ်းပြ လုပ်မပေးခဲ့။
ဆရာစောသည် သူငယ်ရွယ်စဉ်အခါက ကမ်းကုန်အောင် မိုက်တွင်းနက်ခဲ့ဖူးကြောင်း တစ်ခါသားမှာ စိတ်လိုလက်ရ ကျွန်တော့်ကို ပြောပြခဲ့ဖူးသည်။ ဖဲကစားနည်းကိုလည် မှော်ဆန်စွာ ကစားနိုင်စွမ်းရှိကြောင်းလည်း နာမည်ကြီးလှပါသည်။ သို့သော်လည်း ကျွန်တော်နှင့် ခင်မင်ရင်းနှီးခဲ့သည့် ကာလတွေမှာတော့ တစ်ကြိမ်တစ်လေမှ ဖဲကစားနေသည်ဟု မမြင်ခဲ့။ မကြားခဲ့။ မသိခဲ့ဘူးချေ။

(i)

“ ဟာ မင်းကိုတွေ့တာ အတော်ပဲကွာ။ အလုပ်အားရင် အိမ်လိုက်ခဲ့ပါဦးဟ။ ငါ့ ကွန်ပျူတာထဲကို DVD က တရားတော် ထည့်ပေးစမ်းပါဦးကွာ ´´
“ ညနေမှ လာခဲ့မယ်ဗျာ ဆရာစော။ ကွန်ပျူတာထဲက Rom က R/W လားဗျ ´´
“ ငါ့ကို ဘာမှ မေးမနေနဲ့ကွာ။ ကွန်ပျူတာတောင် သားကြီးက ပို့ထားလို့ မြင်ဖူးတာဟ ´´
ဒီလိုပါပဲ။
ဆရာစောသည် ပွင့်လင်းစွာ ပြောဆိုတတ်သူပီပီ ဘွင်းဘွင်းရှင်းရှင်း ပြောလေ့ရှိသည်။
အသက်အရွယ်ရလာတော့ တရားဓမ္မဘက် ဦးညွှတ်သွားတာ ဝမ်းသာမိပါသည်။
တရားအသစ်တစ်ပုဒ် နာကြားမိတိုင်း ကျွန်တော့်ကို ပြန်လည်မျှဝေပေးသည်က ကြီးမားလှသော ကျေးဇူးတရားတွေနှင့် မဟုတ်ပါလော။
ဆရာစောနှင့်ကျွန်တော့်ကြားမှာ ဘောလုံးကိစ္စရယ်၊ ဝိပဿနာတရားတွေက လွဲရင် တခြားဆက်စပ်မှုက သိပ်မရှိလှ။

( j )

ခုတော့… … …
မနက်ဖြန်ဆိုလျှင် ဩကာသ လောကကြီးထဲတွင် ဆရာစော၏ ဥတုဘောဇနရုပ်သည်ပင် ကွယ်ပျောက်သွားပေတော့မည်။
ဒါ သင်္ခ ါရသဘော၏ သီအိုရီ တစ်ခုပဲ မဟုတ်လား။
လွန်ခဲ့သော ရက်တစ်ပတ်ခန့်က ဆရာစောနှင့် ဆုံတွေ့ခဲ့ခြင်း ဒီလောကဇာတ်ခုံပေါ်၌ နောက်ဆုံးပြောခဲ့ရသော ဒိုင်ယာလော့များသာ ဖြစ်ခဲ့မည်မှန်း ကြိုသိနေခဲ့လျှင်ဖြင့် ဆရာစောနှင့် ဝိပဿတရားစကားတို့ကိုသာ ဆွေးနွေးပြောဆိုဖြစ်လိမ့်မည်သာ။
ခုတော့ အနိစ္စသဘောကို မေ့နေစေသည့် သာကြောင်းမာကြောင်းများကို မေးမြန်းစုံနေခဲ့မိ။
ဆရာစောရေ
လူ့ဘဝတစ်ခု အဆုံးသတ်စေဖို့ ကင်ဆာမှ မဟုတ်ရပါဘူးဗျာ။ အရာအားလုံးက ကျွန်တော်တို့တစ်တွေကို ချောင်းမြောင်းတိုက်စစ်ဆင်နေကြတာပါ။
ဆရာစောက မနေ့က ထွက်ခွာသွားသလို ကျွန်တော်တို့တစ်တွေကလည်း နောက်က အနှေးနဲ့အမြန်ဆိုသလို လိုက်ရမှာပါ။
မြတ်ဗုဒ္ဓ၏ စကားတော်တွေအရဆိုလျှင် ကွေးသောလက်မဆန့်မီ ဆန်သောလက်မကွေးမီ သေကြ၊ ကြေကြ၊ ပျက်စီးကြရမှာပါလေ။
ဒါပါပဲ ဘဝဆိုတာ။
တကယ့်ကို ဒါလောက်ပါပဲ။
ရှာဖွေ စုဆောင်းထားခဲ့တာ ဘာကိုမှ ဆုပ်ကိုင်ယူဆောင်သွားနိုင်ခြင်း မရှိပါဘူး။
ဆရာစောရေ… …
ကျွန်တော် မငိုပါဘူး။
ဟုတ်ကဲ့ ။ တကယ့်ကို မငိုပါဘူး။
ဒါပေမယ့်ဗျာ
ပုထုစဉ်ပီပီ မျက်ရည်လေးလောက်တော့ ဝေ့ဝဲမိပါရစေ။ မနက်ဖြန်ဟာ ဆရာစောကို နောက်ဆုံး နှုတ်ဆက်ခွင့်တစ်ခုဖြင့်သာ ဒီဘဝ ဒီဇာတ်ရပ်ရတော့မည်။ သံသရာတစ်ကွေ့ကွေ့မှာ ပြန်ကာတွေ့ကြရင်ဖြင့်
ကိုစစ်

17 october 2017 က ကွယ်လွန်သွာသော ဆရာဦးစောဝင်းသို့

6 comments

  • aye.kk

    October 22, 2017 at 2:01 pm

    ရေးသူနဲ ့အတူ
    စိတ်မကောင်းဖြစ်မိရပါတယ်။
    ဝိပဿနာဘာဝနာကိုပွားများကျင့်ကြံခြင်းဖြင့်
    အိုခြင်း,နာခြင်း,သေခြင်းကင်းရာ
    နိဗ္ဗာန်သို ့မျက်မှောက်ပြုနိုင်ပါစေ။။

    • ko six

      October 22, 2017 at 9:23 pm

      ကျေးဇူးများစွာတင်မိပါတယ်။
      ကလျာဏမိတ္တ တစ်ယောက်နဲ့ ခွဲခွာလိုက်ရတာမို့ ရင်ထဲ နင့်ကနဲပါပဲ။
      ဒါပေမယ်လည်း ဒါကိုက လောကနိယာမပေကိုး

  • Shar Thet Man

    October 23, 2017 at 2:05 pm

    ဟုတ်တယ်နော်

    • ko six

      November 12, 2017 at 6:30 pm

      ဟုတ်ပါတယ်

    • ko six

      November 12, 2017 at 6:30 pm

      တကယ့် အနိစ္စ

Leave a Reply