အကြီးဆုံးသောအမှား

သုရွင္October 24, 20171min2967

အကြီးဆုံးသောအမှား
*******************

မင်းမှားနေတယ်လို့ သိလိုက်တယ်ဆိုရင် ဒါဟာ အနည်းဆုံး တော့ မင်းအနေနဲ့ အခွင့်အလမ်းတစ်ခုကို ရရှိလိုက်တာပဲဖြစ်ပါတယ်။ အမှန်ကိုစတင်လို့ရပြီဆိုတဲ့ အခွင့်အရေးပါ။

လူတိုင်းဟာ အမှားကို ကြောက်ကြပါတယ်။ အမှားရဲ့နောက်
ဆက်တွဲ ရလာဒ်တွေကို ကြောက်တာဆိုရင်ပိုမှန်ပါတယ်။ ပေးဆပ်ရမှု၊ ဆုံးရှုံးမှု၊ နာကျင်မှု၊ ကြေကွဲဝမ်းနည်းရတာတွေပါ။

ပြောမှား၊ ဆိုမှား စတဲ့ သေးငယ်တဲ့အမှားတွေကနေ အလုပ်မှား မိတာ၊ သွားလာမှားတာ ၊ လမ်းမှားတာ နောက်ဆုံး ဘဝတစ်ခုလုံး ချိုးကွေ့သွားလောက်အောင် ဆုံးဖြတ်ချက်မှား တာမျိုး ရှိတတ်ပါတယ်။

မှားသွားတာကို သိလိုက်ရချိန်မှာ စိတ်ဓါတ်ကျ ပြီး စိတ်ဆင်းရဲရပါတယ်။ မမှားခဲ့ ရင်ကောင်းမှာပဲ ဆိုတဲ့ နောင်တလည်း ရတတ်တယ်။

မှားမှန် စောစောသိတာဟာ ပိုကောင်းပါတယ်။ နောက်ကျမှ သိလေ ပေးဆပ်ရတာ ပိုပြီး တန်ဖိုးကြီးလို့ပါ။ ဒါပေမယ့် မှားမှန်းသိ လိုက်တယ်ဆိုတာကိုက သင့်ကို ပြင်ဆင်ဖို့ နောက်တစ်ကြိမ်အခွင့်အရေးပေးလိုက်တာပါပဲ။

ခရစ်ယာန်ဝါဒ အရ အမှားဝန်ခံခြင်း
*******************************
ခရစ်ယာန်ဝါဒမှ အမှားဝန်ခံခြင်း (သို့မဟုတ်) အပြစ်ဝန်ခံခြင်း ( confession) ဆိုတာရှိပါတယ်။ မိမိရဲ့ အမှားတွေကို ဘုရား သခင်ရှေ့မှောက်မှာ ဝန်ခံဆေးကြောခြင်းပဲဖြစ်ပါတယ်။

ဒါဟာ အမှားတစ်စုံတစ်ခုကြောင့် မိမိကိုယ်ကို ယူကျုံးမရ ဖြစ်နေတဲ့ စိတ်ခံစားချက်ကို ဖြေဆည်ရာ ရှာတာပါ။ ဘုရားသခင်ရဲ့ ခွင့်လွှတ်မှုကို တောင်းဆိုတာပါ။

ဒီလို ဝန်ခံတာဟာ မိမိဘဝ အတွက် နောက်တစ်ကြိမ် ပြန်လည်ကြိုးစား ပြင်ဆင်ပြီး အမှန်ကို ပြန်လုပ်နိုင်ဖို့ စိတ်ဓါတ်ခွန်အား ရယူတာပဲဖြစ်ပါတယ်။

ဗုဒ္ဓဝါဒအရ အမှားများတဲ့လူ ကိုခွင့်လွှတ်ခြင်း
**************************************
အင်္ဂုလိမာလဟာ သေဒဏ် အခါတစ်ရာမက ပေးသင့်တဲ့ လူဆိုးလူမိုက်တစ်ယောက်သာဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကို ဗုဒ္ဓဘုရားက အမှန် ပြန်လည်ပြုပြင်ခွင့် ပေးခဲ့ပါတယ်။

လူကြီးသူမ ဆရာသမား သက်ကြီးရွယ်အို မည်သူ့ကို မဆို မိမိ အမှားကို ဝန်ချတောင်းပန် ရှိခိုးကန်တော့ ပြီးခွင့်လွှတ် ဖို့ ပန်ကြားတာဟာ ဗုဒ္ဓဝါဒကတစ်ဆင့် ပေါ်ပေါက်လာတဲ့ မြန်မာတို့ရဲ့ ကောင်းတဲ့အလေ့အကျင့်တစ်ခုပါ။

မှားမှန်းတကယ်သိရှိလက်ခံပြီး ပြုပြင်ချင်သူတွေအတွက် နောက်တစ်ကြိမ်အခွင့်အလမ်းဆိုတာ အမြဲတမ်းရှိသင့်ပါတယ်။

အမှားတကာထဲမှာ အကြီးမားဆုံးသောအမှားကတော့ မိမိကိုယ်ကို ခွင့်မလွှတ်နိုင်တဲ့အမှား ပဲဖြစ်ပါတယ်။

မေတ္တာဖြင့်
သုရှင်

7 comments

  • kai

    October 24, 2017 at 4:57 pm

    ခရစ်ယန်တွေ.. ကွန်ဖက်စ်လုပ်ရင်.. အခန်းလေးထဲ.. လူသတ်ခဲ့တဲ့အကြောင်းဖွင့်ပြောဦး.. ဟိုမှာဖက်က.. ဘုန်းကြီးကနားထောင်ပြီး အပြစ်တွေခွင့်လွှတ် ဖြေလျှော့ပေးတယ်..။ အင်မတန်ကောင်းတဲ့ ဓလေ့..။

    ဗုဒ္ဓညွှန်ကြားတဲ့. အမှားတောင်းပန်/ကြေအေးတာက… ကမ္ဘာမှာစနစ်တကျနဲ့ အစောဆုံးဖြစ်မယ်ထင်တယ်..။
    ဝိနည်းမှာ ဗုဒ္ဓရဲ့ရည်ရွယ်ချက်နဲ့ အပစ်ဖြေလျှော့နည်းမှန်းကြည့်မြင်နိုင်တာပါ..။ အကြီးအငယ် ၂ဖက်လုံးအတွက်ပါ…။
    သက်ကြီးဝါကြီးက အပြစ်ကျူးရင်လည်း.. အငယ်ကို ခွင့်လွှတ်ဖို့တောင်းပန်ပြီး ကျေအေးစကားယူရပါတယ်..။
    တကယ့်ဗုဒ္ဓဝါဒအစစ်မှာ.. အသက်နဲ့မဆုံးဖြတ်..။ ဝါ ဒါမှမဟုတ်.. လူတဦးစီရဲ့ အရည်အချင်း၊အရည်အသွေးနဲ့ ဆုံးဖြတ်ကြောင်း.။ :k:

    ဖတ်ကြည့်…
    =
    ရဟန်းငယ်က ရဟန်းကြီးထံ ဒေသနာကြားပုံ
    ((အာပတ်)) အပြစ်သို့ရောက်ခြင်း

    အငယ်။ ။ အဟံ ဘန္တေ သဗ္ဗာ အာပတ္တိယော အာဝိကရောမိ။
    အရှင်ဘုရား တပည့်တော်သင့်ရောက်သော အာပတ်အားလုံးကို ထင်စွာပြုပါ၏။

    အကြီး။ ။ သာဓု သာဓု သာဓု။
    ကောင်းပြီ ကောင်းပြီ ကောင်းပြီ။

    အငယ်။ ။ အဟံ ဘန္တေ သမ္ဗဟုလာ နာနာဝတ္ထုကာ သဗ္ဗာ အာပတ္တိယော အာပဇ္ဇိံ၊ တာ တုမှမူလေ ပတိဒေသေမိ။
    တပည့်တော်သည် အကြောင်းအမျိုးမျိုးရှိသော အာပတ်အားလုံးကို သင့်ရောက်ခဲ့ ပါပြီ၊ ထိုအာပတ်အားလုံးကို အရှင်ဘုရားထံ၌ ပြောကြားပါ၏။

    အကြီး။ ။ ပဿသိ အာဝုသော တာ အာပတ္တိယော။
    ငါ့ရှင် ထိုအာပတ်အားလုံးကို အပြစ်ဟုုရှုပါ၏လော။

    အငယ်။ ။ အာမ ဘန္တေ ပဿာမိ။
    မှန်ပါ အပြစ်ဟုရှုပါသည်အရှင်ဘုရား။

    အကြီး။ ။ အာယတိံ အာဝုသော သံဝရေယျာသိ။
    ငါ့ရှင်နောင်ကို စောင့်ထိန်းပါလော့။

    အငယ်။ ။ သာဓု သုဋ္ဌု ဘန္တေ သံဝရိဿာမိ။
    ကောင်းပါပြီအရှင်ဘုရား နောင်ကိုစောင့်ထိန်းပါမည်။

    အကြီး။ ။ သာဓု သာဓု သာဓု။
    ကောင်းပြီ ကောင်းပြီ ကောင်းပြီ။

    ———————————————-

    ရဟန်းကြီးက ရဟန်းငယ်ထံ ဒေသနာကြားပုံ
    ((အာပတ်)) အပြစ်သို့ရောက်ခြင်း

    အကြီး။ ။ အဟံ အာဝုသော သဗ္ဗာ အာပတ္တိယော အာဝိကရောမိ။
    ငါ့ရှင် တပည့်တော်သင့်ရောက်သော အာပတ်အားလုံးကို ထင်စွာပြုပါ၏။

    အငယ်။ ။ သာဓု ဘန္တေ သာဓု သာဓု။
    ကောင်းပါပြီ အရှင်ဘုရား ကောင်းပါပြီ ကောင်းပါပြီ။

    အကြီး။ ။ အဟံ အာဝုသော သမ္ဗဟုလာ နာနာဝတ္ထုကာ သဗ္ဗာ အာပတ္တိယော အာပဇ္ဇိံ၊ တာ တုယှမူလေ ပတိဒေသေမိ။
    တပည့်တော်သည် အကြောင်းအမျိုးမျိုးရှိသော အားပတ်အားလုံးကို သင့်ရောက်ခဲ့ ပါပြီ၊ ထိုအာပတ်အားလုံးကို ငါ့ရှင်ထံ၌ ပြောကြားပါ၏။

    အငယ်။ ။ ပဿထ ဘန္တေ တာ အာပတ္တိယော။
    အရှင်ဘုရား ထိုအာပတ်အားလုံးကို အပြစ်ဟုုရှုပါ၏လော။

    အကြီး။ ။ အာမ အာဝုသော ပဿာမိ။
    မှန်ပါ၏ငါ့ရှင် အပြစ်ဟုရှုပါသည်။

    အငယ်။ ။ အာယတိံ ဘန္တေ သံဝရေယျာထ။
    အရှင်ဘုရား နောင်ကို စောင့်ထိန်းပါဘုရား။

    အကြီး။ ။ သာဓု သုဋ္ဌု အာဝုသော သံဝရိဿာမိ။
    ကောင်းပါပြီငါ့ရှင် နောင်ကိုစောင့်ထိန်းပါမည်။

    အငယ်။ ။ သာဓု ဘန္တေ သာဓု သာဓု။
    ကောင်းပါပြီ အရှင်ဘုရား ကောင်းပါပြီ ကောင်းပါပြီ။

    • ဦးကြောင်ကြီး

      October 25, 2017 at 8:04 am

      အင်း. အင်း.. အနော်လှည်း သဂျီးလည်လာဖြတ်ပီးမှ အပြစ်လျော့အောင် ခွစ်ယံဘာသာထဲဝံ ကွန်ဖက်စ်လုပ်မယ်။ ဘုရားဟောတဲ့ အာပတ်ဖြေတာ ခုခေတ် လုပ်သလို ပြီးစလွယ် ပါးစပ်ထဲ ရွတ်တာမဟုတ်။ ဘာအပြစ် လုပ်မှန်းလဲ အသိမခံ၊ အားလုံးသိမ်းကြုံးပြီး အပြစ်လုပ်မိပါတယ်၊ မှားပါတယ်၊ နောင်မလုပ်တော့ပါနဲ့ မြဗူးဗျို့…။ ရယင် သန်ဆင်ခိုင်လေး လာခိုးပီး မှားပါတယ် ဝန်ခံ အိမ်ပေါ်လာတက်နေမယ်။ ရမား ကြောင်ခထီး မိတ်စာဒိဋ္ဌိ မာမွတ်ခိုင်မ်

      • Kaung Kin Pyar

        October 25, 2017 at 3:30 pm

        ဒီတစ်ခါ အူးကြောင်ပြောတာကိုတော့ လက်ခံပါဒေ….
        အပြစ်တိုင်းကို ကွန်ဖက်စ်ရုံနဲ့ ချေလို့ရမယ်ဆိုရင် လောလောဆယ် သာမီး လူသတ်ချင်နေတယ်… :k:

      • kai

        October 25, 2017 at 4:23 pm

        ထာဝရဘုရားဖန်ဆင်းရှင်ကို ယုံကြည်သူများကတော့ ..အဲလိုမလုပ်ရဲဘူး..။
        ကွန်ဖက်စ်လုပ်ပြီး.. ထပ်ကျူးလွန်… သေလို့.. ဘုရားရှေ့ရောက်ရင်..ဘုရားဒဏ်ခတ်တာ.. ပိုဆိုးမယ်လို့ယုံကြည်တာကိုး..။

        ဗုဒ္ဓတရားစစ်စစ်ကို နားလည်သူများကလည်း.. အဲလိုမလုပ်ရဲဘူး..။
        အပြစ်လို့ဝန်ခံပြီး..နောက်မလုပ်ပါဘူးလို့ပြောရက်နဲ့.. နောက်တခါဆက်လုပ်ရင်.. တမင်လုပ်တာဖြစ်တဲ့အတွက်..အဲဒီညစ်နွမ်းစိတ်က.. တသက်လုံးဒုက္ခပေးသွားမယ်ဆိုတာ.. သိလို့..။

        အဲ..
        ထေရာဝါဒသမားတွေကတော့.. ဟုတ်ပ..။
        .. အေးဆေး.. ဆေးဆေး..။ :i:

  • Shar Thet Man

    October 25, 2017 at 1:17 pm

    အမှားတကာ့အမှားတွေထဲမှာ အမှားကိုပြင်ချင်စိတ်မရှိတာကတော့အမှားဆုံးပဲဖြစ်လိ့မ်မယ်မွန်လေး ထပ်လောင်းပြောချင်ပါတယ်

  • manawphyulay

    October 25, 2017 at 2:12 pm

    ဟုတ်ကဲ့ မှတ်သားစရာများ သိမ်းဆည်းသွားပါတယ်။

  • Thint Aye Yeik

    October 26, 2017 at 8:24 pm

    အမှားဆိုတာထက်….
    အဲဒါတွေဟာ သင်ခန်းစာတွေချည်းပါပဲ
    😆

Leave a Reply