“မတုစကောင်း တုစကောင်း”

တစ်ရက် ထိုင်နေကျလက်ဖက်ရည်ထဲကို ဝင်လို်က်တဲ့အချိန် “ဟေ့ပေါက်တို .ဒီကိုလာ “ဆိုပြီးလှမ်းခေါ်လိုက်တဲ့အသံကြားလို့ လိုက်ရှာလိုက်တော့ ငယ်သူငယ်ချင်းတွေဖြစ်တဲ့
“ဗျတ်စုတ်”ရယ် “ပေါက်ရှည် “ရယ် “ကျွဲကြီး “ရယ်ကို တွေ့လိုက်ပါတယ်။
ဘော်ဒီတောင့်တောင့် မဲမဲ တုတ်တုတ်ခိုင်ခိုင် ကောင် “ကျွဲကြီး “ကတော့ ဘိနပ်ထောင်လုပ်ပါတယ်။
အမွှာညီနောင် နှစ်ကောင်ဖြစ်တဲ့ “ဗျတ်စုတ် ” နဲ့ “ဗျတ်ပဲ့ “ကတော့ စားသောက်ဆိုင်လုပ်ငန်းလုပ်ကြပါတယ်။
အဲထူးခြားတာကတော့ သူငယ်ချင်းတွေထဲမှာ ” ကိုပေါက်”နှစ်ယောက်ရှိပါတယ်။
အရပ်ရှည်သလိုစိတ်လည်းရှည်တဲ့တစ်ယောက်ကတော့ “ပေါက်ရှည် “သူက လမ်း80ပေါ်မှာဘိနပ်အရောင်းဆိုင်လေးဖွင့်ထားပါတယ်။
သူ့ထက်အရပ်ပုပြီးထစ်ကနဲ့ရှိစိတ်တိုတတ်တဲ့ကျနော်က တော့ ” ပေါက်တို”ပေါ့။
ကျနော်သူတို့ဝိုင်းထိုင်ပြီးလက်ဖက်ရည်မှာပြီးတော့မှာ ” ပေါက်ရှည်”ကပြောလက်စ စကားကိုဆက်ပြောပါတယ်။
သူက “ကျွဲကြီး “ထုတ်တဲ့ကိုယ်ပိုင် တံဆိပ်နဲ့ဘိနပ်ကို အဓိကထားပြီးရောင်းပါတယ်။
အခုရက်ကတောင်ပြုံးလာတဲ့ဧည့်သည်တွေများပါတယ်၊ သူ့ဆိုင်ကလဲ လမ်းမကြီးပေါ်မှာဆိုတော့ ဖြတ်သွားဖြတ်လာတွေလဲ ဝင်ဝယ်တတ်တာရှိပါတယ်။
အဲဒီနေ့က တောင်ပြုံးပြန်ဧည့်သည်တစ်ဖွဲ့က ဘိနပ်ဝယ်ဘို့ဆိုင်ထဲကို အမျုးိသမီး နှစ်ယောက်ဝင်လာပါတယ်။
အဲဒါနဲ့မိန်းမစီးသားရေဘိနပ်ဆိုတော့ “ကျွဲကြီး “ထုတ်တဲ့ဘိနပ်ကိုပြတော့ တစ်ယောက်က
” အဲဒီတံဆိပ်က ကြာကြာမခံဘူး ဟိုတစ်ရက်က စီးပြီးတပါတ်ရှိသေးတယ် ခါးလယ်ကကျိုးသွားတာ”လို့ပြောတော့ စိတ်ထဲမှာတစ်ခုခုတော့ မှားနေပြီဆိုတာနဲ့
ယောက်ျားစီးနဲ့ မိန်းမစီး ဘိနပ်အသစ်နှစ်ရံကိုထုတ်ပြီး
“အမရေ ဝယ်တာမဝယ်တာ အပထား ဒါလေးတော့တစ်ချက်ကြည့်ပေးပါအုံး”လို့ပြောလိုက်လို့ သူတို့ ကောင်တာနားလဲရောက်လာရော
“အမဝယ်လိုက်တဲ့ ဘိနပ်မှာ ဒီ ဟိုလိုဂရမ်လို့ခေါ်တဲ့ ငွေရောင်ပြားလေး ပါလား နောက် ပန်းပွင့်အောက်က သစ်ရွက်လေးသုံးရွက်က အခုလိုဘယ်ဘက် ကနှစ်ရွက် ညာဘက်ကတစ်ရွက်ရောဟုတ်ပါသလား နောက် ဘိနပ်လေးကိုလဲ တစ်ချက်လောက်ကိုင်ကြည့်ပါ အမရေ ဒီလို မာတောင့်တောင့်လေး ဟုတ်ရဲ့လား “လို့ပြောတော့မှ
အဲဒီအမျိုးသမီးကဘိနပ်ကိုသေသေချာချာ ကိုင်ကြည့်ပြီးမှ “အေး ဟုုတ်ပါအေ ငါ အတုနဲ့မိလာတာ “လို့ပြောပါတယ်။
သူကဆက်ပြီး”ခင်ဗျားဘိနပ်ကရော အာမခံလား အတုနဲ့ထပ်မိမှာကြောက်လို့”ဆိုပြီးမေးတော့
“အမ ပင်ရင်းက ကျနော်သူငယ်ချင်းပါ စိတ်ချက်လက်ချယူသွား တစ်လအတွင်း ခါးမကျုးိ သဲကြိုးမပြတ်စေရဘူး
ဒါပေမယ့် သားရေဘိနပ်ဆိုတော့ ရေထိမခံဘူး မိုးမိရင်ဆက်မစီးနဲ့ရေခြောက်အောင်ထောင်ထားခြောက်သွား ပြီးရင်ပြန်စီး ဘာမှမဖြစ်စေရဘူး”လို့ ပြောလိုက်တော့မှ သူတို့တင်မကဘူး
ကားပေါ်မှကျန်နေတဲ့သူတွေကိုပါ ခေါ်ပြီးဝယ်လိုက်ကြတာ ကျားစီးမစီးစုစုပေါင်းအရံနှစ်ဆယ်လောက်ရောင်းလို်က်ရပါသတဲ့။
ရန်ကုန်ကနေတောင်ပြုန်းကိုလာကြတဲ့ဘုရားဖူးအဖွဲ့တွေပါတဲ့ ကားကိုးဗျ။
“ပေါက်ရှည်”စကားဆုံးတော့ “ဗျတ်စုတ် “က “ကျွဲကြီး “ကို “မင်းတို့ ဘိနပ်ကို အတုလုပ်နေတာကို ဖမ်းပြီးတရားမစွဲဘူးလား”လို့ပြောတော့
“ငါတို့ကတော့ ပြောတာပေါ့ကွာ ဒါပေမယ့်အဖေက (သူတို့မရှက်လို့ အတုလုပ်စားတာ လုပ်ပါစေ သူများထမင်းအိုးသွားမခွဲပါနဲ့)လို့ဆိုပြီး တားထားလို့ဒီအတိုင်းကြည့်နေရတာပေါ့”
လို့ပြောပါတယ်။
အဲတော့ “ဗျတ်စုတ် “ကဆက်ပြီး “ဒါဆိုရင် မင်းဘိနပ်မှတ်လို့ အတုဝယ်မိတဲ့သူ နစ်နာတာပေါ့”လို့ပြောတော့
“ကျွဲကြီး “က “မှားလဲတစ်ခါပေါ့ကွာ မင်းသိတဲ့အတိုင်းတရားစွဲပြန်ရင်လဲ အချိန်ကုန်လူပန်းငွေထပ်လိုက်ရအုံးမှာ “လို့ပြောပါတယ်။
သူတို့နဲ့လမ်းခွဲပြီးပြန်လာတော့ ဒီအတုအကြောင်းက ခေါင်းထဲမှာပျောက်သွားပြန်ပါတယ်။
နောက်တစ်ရက်နှစ်ရက်လောက်နေတော့ သူ့တို့ထုတ်လုပ်တဲ့ ဘိနပ် အတုအပလုပ်ရင် တရားစွဲမယ်ဆိုတဲ့ လုပ်ငန်းရှင်တစ်ဦးက သတင်းစာမှာ ကြေငြာတာလေး ပါလာတာကိုဖတ်ရတော့
ကို်ယ်ဦးနှောက်နဲ့ကိုယ့်ဉာဏ်နဲ့လုပ်မစားချင်ဘဲ သူများအပင်ပန်းခံလုပ်ထားကိုမှ အညွန့်ခူးပြီး အတုလုပ်ကြတဲ့ စက်ဆုပ်စရာကောင်းလှတဲ့လူတွေကို
အမြစ်ပြတ်အောင်နှိမ်နှင်းဘို့ကောင်းတယ်ဆိုတာကိုတွေးမိပါတယ်။
နောက်သိပ်မကြာပါဘူး ဘိနပ်အတုလုပ်စားတဲ့လူတစ်ယောက်က သူအတုလုပ်မိတဲ့ဘိနပ်တံဆိပ်ပိုင်ရှင် ကို သူနောက်အတုမလုပ်တော့ပါဘူး ဆိုတဲ့ကတိပေးလို့ မှားပါတယ်ဆိုပြီးဝန်ချတောင်းပန်တာကိုမန်းလေးထုတ်သတင်းစာထဲမှာဖတ်လိုက်ရပါတယ်။
ဒီအတုလုပ်တဲ့သူတွေက တော်တော်ဉာဏ်များပြီး ကောက်ကျစ်တယ်ဘဲပြောရမှာပါ။
သူတို့က သူအတုလုပ်မယ့် တံဆိပ်ပိုင်ရှင်ဆီက လည်း ဟန်ပြသဘောလောက် နည်းနည်းဝယ်ပါတယ်။
သူ့အရောင်းဆိုင်မှာခင်းထားတာက အစစ်တွေပါ။
နောက်သူ့ဆိုင်လာဝယ်တဲ့သူက ဘိနပ်မှာပြီဆိုတော့မှအတုတွေရောထည့်ပေးတော့တာပါဘဲ။
ဘိနပ်မကောင်းလို့နာမယ်ပျက်ပြီဆိုတော့ မူရင်းပိုင်ရှင်အစစ်ကခံပေါ့။
တံဆိပ်အမှန်အကန်နဲ့သားရေဖိနပ်အစစ်က အောက်ခံရာဘာဆိုးလ်ပြား၊သားရေသား၊သဲကြိုး ကုန်ကြမ်းအကောင်းတွေသုံးပါတယ် ဘိနပ်ကလေးတောင့်နေအောင် မိုးကာသားခံပေးထားပါတယ်။ပြီးရင် ခိုင်အောင်ချုပ်ကော်အကောင်းကိုသုံးလို့ အတွင်းက ကပ် ချည်အကောင်းကိုသုံးလို့ ဘေးပါတ်ပါတ်လည်ကသေချာချုပ်တော့ ခိုင်ပါတယ်။
ီအတုလုပ်တဲ့သူကတော့ အားလုံးဈေးပေါတာကိုရွေးသုံးပါတယ် အလယ်က ဂျဒ်ပြားခံပါတယ်။ဒီတော့ခဏလေးနဲ့ခါးကျိုးရော။
ချုပ်ချည်အဆွေးကော်အပေါ်စားနဲ့အဖြစ်လုပ်တော့ ခဏလေးနဲ့ပျက်ပါတယ်။
ဒီတုတာနဲ့ပါတ်သက်ပြီးပြောရရင်ကျနော်တို့မြန်မာနိုင်ငံမှာ မင်းသား ခင်မောင်ရင်နဲ့ဒါရိုက်တာရွှေဒုံးဘီအောင်ရဲ့ ဗိုလ်အောင်ဒင်ဇာတ်ကား
ထဲက ဇာတ်ဝင်စကားလေး တစ်ခုဖြစ်တဲ့ ” ဖားတုလို့ ခရုခုန် အိုင်ပျက်ရုံသာ ရှိတော့မပေါ့ကွာ ရာမရာ”ဆိုတဲ့ မင်းသားဗိုလ်အောင်ဒင်က သူ့တပည့် ရာမကိုပြောတဲ့စကားလေးကတော့ မမေ့နိုင်စရာစကားလေးပါ။
ဒါပေမယ့် အပြင်စီးပွားရေးလောကမှာ အတုတွေနဲ့လုပ်စားနေကြသူတွေတော်တော်များများ အို်င်မပျက်ဘဲ ဂွင်တွေကောင်းပြီး ကြီးပွားခဲ့ကြဘူးပါတယ်။
မြန်မာစကားပုံမှာ “မတူရင် မတုနဲ့”တို့ “တူနိုင်မယ်မထင်ကြနဲ့ ကိုးဆယ်ဆကွာလိမ့်မယ်” တို့ဆိုပြီးလာတုတဲ့လူကိုကြုံးဝါးကြတာလေးတွေရှိပါတယ်။
ဘယ်လောက်ပြောပြော တုကြတာပါဘဲ။
ကျနော်တို့ကျောင်းသားဘဝကဆိုတော့ နည်းနည်းကြာပြီပေါ့နော်။
တစ်ရက် ညကြီးမင်းကြီးမှာ တစ်ယောက်တစ်ပေါက်နဲ့ဆူဆူညံညံနဲ့စကားပြောတဲ့ အသံတွေကြားလို့မေးကြည့်တော့မှကျွန်တော်တို့အိမ်ရဲ့တောင်ဘက်လေးအိမ်ကျော်မှာနေတဲ့
ကိုဆန်းအောင်ကို လာဖမ်းသွားတာပါတဲ့။
သူကအရက်အတုတွေလုပ်လို့ပါတဲ့။
နောက်သူထောင်ကျသွားပါတယ်။
သူလဲပြန်ထွက်လာရော အိမ်နီးချင်းတွေက သူတို့မိသားစုကို သိပ်အရောမဝင်တော့ပါဘူး။
အဲဒါဟိုတုန်းက ရှေးရှေးတုန်းကပေါ့။
အခုခေတ်ကတော့ မင်းဘာသာမင်းဘာလုပ်စားစား ဝိုင်းပယ်တယ် ကင်းအောင်နေတယ်ဆိုတာကိုမရှိတော့ပါဘူး။
အတုလုပ်ပြီး ကြီးပွားနေတာမှန်းသိရက်နဲ့တောင် အားကျချင်တဲ့လူက “ဒီကောင်အုံးပြေးတယ်”ဆိုပြီးမမှန်တဲ့သူကိုတောင်ချီးမွမ်းနေတဲ့ခေတ်ပါ။
ရီစရာပြောရရင် ကျနော်တို့ငယ်ငယ်က အရက်နဲ့ပါတ်သက်ရင် အခုခေတ်ကလူတွေလိုကံမကောင်းဘူးလေ။
အရင်ကသာမန်လူတန်းစားသောက်တာက အာမီရမ် သူ့ထက်နည်းနည်းလေးနိမ့်ရင် ဘီအီးဒီစီ ဆိုတဲ့အရက်ဖြူ ထပ်နိမ့်သွားမယ်ဆိုရင်တော့ “ထွေးညို”(ခ)ဖောရှော(ခ)တော(ခ)ချက်အရက်ပေါ့။
ပိုက်ဆံရှိသူတွေကတော့ ဝီစကီတို့ ဘရန်ဒီ တို့ကိုနှိပ်ကြတာပေါ့။
(ဝီတို့ အပျိုမဟုတ်တဲ့ ဘရန်ဒီတို့ ဂျော်နီလမ်းလျှောက်တို့ဆိုတာ သော်တာဆွေတို့ ဆွေလှိုင်ဦးတို့လို စာရေးဆရာကြီးတွေရေးတဲ့စာတွေကိုဖတ်ပြီး သွားရေကျရတာပါ)
အပြင်မှာ ရမ်လောက်ဆော်နိုင်ရင်ကိုတော်တော်ဟုတ်နေ ဇိမ်ရှိနေပါပြီ။
ကိုဆန်းက တော့ အများသုံးတဲ့ အရောင်းသွက်တဲ့ ရမ်အတုလုပ်တာပေါ့။
လုပ်ပုံလုပ်နည်းက တော့ သကြားကို ကြိုလို်က်ရင် နီညိုရောင်လေးပေါက်လာပါတယ်။အချိန်အဆမှန်အောင်ကြိုနို်င်ဘို့ကတော့လိုအပ်တာပေါ့။ဒါကလဲ ပညာတစ်ခုပါတဲ့။
အဲဒါကိုပေါပေါလောလောရတဲ့ထွေးညို နဲ့ရောတော့ရမ်ဖြစ်သွားတာပေါ့။
(ကြားဘူးတာလေးပြောရရင် တစ်ချို့များရမ်အတုကို အစစ်မှတ်လို့သောက်တာကြာလာတော့ အစစ်ကိုများမှားသောက်မိရင် ပေ့ါရွှတ်ရွှတ်နဲ့ခေါင်းတောင်ကိုက်ပါသတဲ့ ဖြစ်ပုံများနော်)
ပုလင်းအခွံကတော့ ရွှေတစ်ချောင်းအနောက်ဘက်ခြင်္သေံကြီးနှစ်ကောင်ရဲ့မြောက်ဘက်မှာ ဘယ်ပုလင်းလိုချင်သလဲ အားလုံးရတယ်ပါဘဲ။
ဒါကရှေးတုံးကပါ။ခုခေတ်များ အရက်တွေကလဲ တံဆိပ်အမျုးိမျုးိ ဘီယာတွေကလဲ တံဆိပ်အမျုးိမျိုးပေါမှပေါပါ။
နောက်အရင်ကဆိုတံဆိပ်အတုလုပ်ရတာခက်ပါတယ်။နည်းပညာမတိုးတက်သေးဘူးကိုးဗျ။
အခုခေတ်ဘယ်တံဆိပ်ကိုလိုချင်သလဲ ကွန်ပြူတာထဲထည့်လိုက် ပုံစံတူထွက်လာစေရမယ် အာမခံတယ်။
အရောင်အနံ့ ကြိုက်တာပြော တူစေရမယ်ဆိုအောင်ကို နည်းပညာတွေကို တိုးတက်လာတော့ လိုချင်တာအကုန်ဖြစ်စေသတည်းပေါ့။
အဲဒီတော့ အတုလုပ်တဲ့သူကိုအားပေးအားမြောက်လုပ်ပေးသလိုဖြစ်ကုန်ပါတယ်။
ုခေတ်မှာဆိုပိုတောင်လွယ်ပါသတဲ့။အရက်ဆီကလဲလိုချင်သလောက်ဝယ်ရနေတော့ အဆင်ပြေတာပေါ့။
အရင်ခေတ်ကလို အရက်အတုအစစ်ခွဲတဲ့နည်းတွေဖြစ်တဲ့ ပုလင်းကိုပြောင်းပြန်ထောင်တာတို့ ပုလင်းဖုံးအရစ်တို့ကြည့်လဲ အလကားပါဘဲတဲ့ ။
အစစ်အတိုင်းတစ်သဝေမတိမ်းတူအောင်လုပ်နိုင်ပါသတဲ့။
အရက်အတုကြော်ငြာပေးတာ မဟုတ်ပါဘူး မြန်မာတွေ တော်လာတဲ့အကြောင်းကိုချီးမွမ်းပေးတာပါနော်.။
ကျနော်တို့နိုင်ငံမှာ အတော်များများ ကကိုယ်ပိုင်ဦးနှောက်နဲ့စဉ်းစားပြီးကောင်းအောင်လုပ်ဘို့ထက် သူများလုပ်လိုက်လို့ ကောင်းပြီဆိုရင်နောက်ကလိုက်လုပ်ကြတော့တာပါဘဲ။
အမှန်ကတော့ ကိုယ်ချင်းစာတရားခေါင်းပါးတယ်လို့လဲပြောနိုင်ပါတယ်။
စတင်လို့ထုတ်လုပ်သူခဗျာမှာ နာမယ် တံဆိပ် သုံးမယ့် ကုန်ကြမ်း ပုံစံဒီဇိုင်းတွေကို ဦးနှောက်အခြောက်ခံပြီးစဉ်းစားရသလို ထုတ်လုပ်ပြီးပြန်ရင်လဲဈေးကွက်ထဲရောက်အောင်
သုံးစွဲမယ့်သူကြိုက်အောင် အတော်ကိုကြိုးစားယူရပါတယ်
အချိန်ငွေကြေး လုံ့လဝီရိယ အားလုံးကို စုပုံအောပြီး ရင်းတာတောင်မှကိုယ့်ဘက်မှာ ကံတရားလေးပါတယ်ဆိုမှ အောင်မြင်လာလူလက်ခံလာပါတယ်။
အဲလိုလဲ အောင်မြင်လာရော နောက်ကအချောင်သမားက အတုလိုက်လုပ်တော့ “သေပြီဆရာ”အော်ရုံကလွဲပြီးဘာမှမတတ်နိုင်တော့လက်ပိုက်ကြည့်နေရပါတယ်။
အတုလိုက်လုပ်တဲ့ကောင်ကတော့ လောလောဆယ်ကောင်းစားလို့ပေါ့။
အတုလုပ်တဲ့ကောင်က အစစ်ထုတ်လုပ်တဲ့သူထက်ပိုပြီး အမြတ်အစွန်းကြီး ပိုပြီး အမြတ်ကြမ်းတာကိုးဗျ။
ပစ္စည်းလေးတစ်ခု အောင်မြင်လာပြီဆိုရင် နောက်က အတုလုပ်တဲ့သူကနောက်ကလိုက်လာတာပါဘဲ။
ပစ္စည်းအစစ်နဲ့ လိုဂိုတံဆိပ် နာမယ် ဆင်တူယိုးမှာ ထင်ရောင်ထင်မှားဖြစ်အောင်လုပ်တယ်။
ဝယ်တဲ့သူက အမှတ်တမဲ့ကြည့်လိုက်ရင် တူတယ်လို့ထင်ရအောင်လုပ်တယ်။
သေချာမကြည့်ဘဲမှားဝယ်မိတော့ခံပေါ့ ဝယ်တဲ့သူ။
ဒါက အောင်မြင်ပြီးသား တံဆိပ်မှန်သမျှကို တစ်ချို့ကပေါ်ပေါ်တင်တင် အတုလုပ်တယ်။
တစ်ချို့က ပုံမှားရို်က်ပြီးဆင်တူရိုးမှား အတုလုပ်တယ်။
ဒီအတုနဲ့ပါတ်သက်ပြီး ဥပဒေတွေကလဲ တိတိကျကျရှိပါတယ်။
ဒါပေမယ့် အချိန်ကုန်ငွေကုန်ခံပြီး အတုနောက်မလိုက်နိုင်မဖမ်းနိုင်ဘူး။
ဒါနဲ့ပါတ်သက်လို့လုပ်ငန်းရှင်တစ်ယောက်ပြောဘူးတာက”တကယ်လို့ အတုလုပ်သူကလိုက်ဖမ်းပြီး ဥပဒေကြောင်းအရလုပ်မယ်ဆိုရင်တောင် ရှေ့နေငှားရမယ် ကျန်တဲ့စရိတ်ကရှိတယ်
ရုံးချိန်းဆိုရင် အလုပ်ကပျက်အုံးမယ် ကိုယ်က ကိုယ်အိတ်ထဲကစိုက်လုပ်ရမှာ အတုလုပ်တဲ့ကောင်က ခိုးလုပ်ထားတဲ့ပိုက်ဆံနဲ့ ငါးကြင်းဆီနဲ့ငါးကြင်းပြန်ကြော်တာဆိုတော့ စကတဲကိုက ကျုပ်တို့ကရှုံးပြီးသား ဒီတော့အလုပ်ရှုပ်မခံတော့ဘူးလွှတ်ထားလို်က်တော့တယ်”လို့စိတ်ပျက်လက်ပျက်ပြောဘူးပါတယ်။
နေရာတိုင်းမှာ အတု အတု အတုတွေက ခေါင်းထောင်ထနေတာပါ၊
နာမယ်ကြီးတံဆိပ်မှန်သမျှဘယ်ပစ္စည်းမဆို အတုလိုက်လုပ်ကြတယ်။
ဘိနပ်တံဆိပ်အတု။ထုးိမုန့်အတု၊အကျီတံဆိပ်အတု၊အောင်လက်မှတ်အတု။ပစ္စည်းတိုင်းအတွက် အတုရှိပါတယ်။
အဆိုးဆုံးကတော့ဆေးအတုလုပ်တာပါ။
ဒီလိုအတုလုပ်သူကတော့ မိရင်သေဒဏ်တောင်ပေးသင့်တယ်လို့ထင်ပါတယ်။
ဒီအတုတွေအကြောင်းပြောရင်းက နေ လတ်တလောဖြစ်နေတဲ့ရီစရာလေးကို သွားသတိရပါတယ်။
ကမ္ဘာဖလားဘော့လုံးပွဲအတွက် အဆိုတော်ရှကီယာရဲ့ ဝပ်ကာဝပ်ကာ ကတော့လူတိုင်းပါးစပ်ဖျားရောက်လို့ နာမယ်ကြီးသွားပါသဗျာ။
ကောင်းလဲကောင်း တာကိုးဗျ။
မဆီမဆိုင်ကျနော်တို့မြန်မာပြည်က တေးထုတ်လုပ်သူရယ် အဆိုတော်ရယ် ဘာသာပြန်ရေးပေးတဲ့တေးရေးဆရာရယ်မှာ ပြဿနာတွေတက်လို့ အပြန်အလှန်ကြေငြာလိုက်ကြ
ဖြေရှင်းလိုက်ကြ တိုင်တယ်လိုက်ကြနဲ့ ဇာတ်တွေကိုရှုပ်လို့ ။
စာစောင်ထဲမှာပါတာ သူများဦးနှောက်ကနေထုတ်ထားတဲ့သံစဉ်နဲ့စာသားကို သီချင်းဘာသာပြန်ခကိုက ငါးသိန်းတဲ့။
မိုက်မှမိုက်ပါဘဲ၊
မူရင်းတေးရေးဆရာကိုကော ဒီသီချင်းလေးကို ကျနော်ကဘာသာပြန်ရေးချင်ပါတယ် ကျမကဆိုချင်ပါတယ် ကျမကလဲ ဒီသီချင်းလေးကို ထုတ်လုပ်ချင်ပါတယ် ဆိုပြီးခွင့်တောင်းကြပါသလား။
သူတို့ကတော့ အလကားလုပ်မှမဟုတ်ဘူးနော်တန်ရာတန်ကြေးရမှလုပ်ကြမှာ၊။
ဒီကိစ္စလေးကို တွေးကြည့်ရင် သူတို့လဲ အတုလုပ်တာပါဘဲ။
တွေးကြည့်ရင်ရှက်စရာကြီးပါဗျာ။
ဆက်ပြောရအုံးမယ် ကျနော်ကတော့ အတုမဟုတ်ဘူးနော် မန္တလေးမှာမွေး မန္တလေးမှာကြီးတဲ့ အားရင်ပေါက်တတ်ကရစာတွေရေးတတ်တဲ့ ကိုပေါက်အစစ်ပါဗျာတို့ရေ………………..

5 comments

  • kai

    September 4, 2010 at 10:03 pm

    ဥပမာပေါ့။ တကယ်လည်းဖြစ်ချင်ဖြစ်လာမှာပေါ့။
    ကိုပေါက်က ကမ္ဘာကျော်တဲ့ “…စကောင်း” စာဆိုတော်ကြီးဖြစ်လာပြီဆိုပါစို့..။

    တယောက်ယောက်က http://www.KoPauk.com ဆိုတဲ့ ဒိုမိန်းကိုဝယ်ပြီး ကိုပေါက်(မန္တလေး)နာမယ်နဲ့ စာတွေတင်၊ ကော်ပီကိုပေါက်လုပ်လာရင် ဘယ်လိုလုပ်မလဲ..။
    လူတွေက အတု၊အစစ် ဘယ်လိုခွဲမလဲ။ လူတွေသိအောင်ဘယ်လိုလုပ်ရမလဲ။
    အဲဒါတွေဖြေရှင်းဖို့ဘယ်သူ့အလုပ်လဲ။
    🙂

  • chitsayar

    September 4, 2010 at 11:22 pm

    အောင်မာ အောင်မာ
    လက်စသတ်တော့ ရတနာပုံ နေပြည်တော်ထဲက ဒုတိယကမ္ဘာစစ်လက်ကျန်
    စိန်ပြောင်းတိုကြီးကို ကြော်ငြာနေတာကိုး

  • kopauk mandalay

    September 5, 2010 at 2:09 am

    chitsayar ရေ အထင်တော်မလွဲလို်က်ပါနဲ့ ကြော်ငြာတယ်ဆိုတာ မဟုတ်ရပါဘူးဗျာ။
    တကယ်လို့များကော်ပီကိုပေါက်(မန္တလေး)သာပေါ်လာရင်
    အမှန်တကယ်စတင်ရေးသူရဲ့ထားရှိတဲ့စေတနာနဲ့ နောက်ကော်ပီလုပ်တဲ့သူရဲ့စေတနာကွာတာအရေးအသားကွာတာ စဉ်းစားပုံကွာတာတွေကို ဖတ်တဲ့လူ ကဖတ်ရင်းဖတ်ရင်းနဲ့သိလာမှာပါ။
    တကယ်လို့များပေါ်ခဲ့ရင် ကျနော်ကတော့ အဲဒီလူကို လူအများကြီးရှေ့မှာခေါ်နှစ်ယောက်လုံးစင်ပေါ်တက်
    ပြီးရင်လက်တန်းစာတပုဒ်စီရေးဘို့စိန်ခေါ်လိုက်မှာပေါ့။
    ကဲခုရှုပ်မှနောက်ရှင်း ကိုပေါက်(မန္တလေး)အစစ်ရဲ့ သန့်သန့်ခန့်ခန့် ဓါတ်ပုံကြီးကို တင်ဘို့ဆုံးဖြတ်လိုက်ပြီဗျာ.။
    ဒီပုံက လူတစ်လုံးတင်ပေးတဲ့ပုံထက်တော့လှမှာသေချာပါတယ်။

    • zawana

      September 5, 2010 at 7:17 pm

      ကိုပေါက် ဓါတ်ပုံတင်မယ်ဆိုတာတော့ ကြိုဆိုပါတယ်။ ဒါပေမဲ့ မဒမ်ပေါက်နဲ့လည်း တိုင်ပင်ပါဦး။ ကျနော်တောင် ခွင့်ပြုချက်မရလို့ Thinker ပုံနဲ့ပဲ စခန်းသွားနေရတယ်။
      သိတယ်နော် … သူတို့က အူနည်းနည်းတိုတယ်…..

  • zawana

    September 5, 2010 at 7:13 pm

    မူပိုင်ခွင့်နဲ့ ဆိုင်တဲ့ ဥပဒေတွေ၊ အရေးယူမှုတွေ နဲ့ တင်းတင်းကြပ်ကြပ် လုပ်နိုင်ရင် ကောင်းမယ်လို့ ထင်တယ်ဗျာ။ နိုင်ငံခြားမှာတော့ အဲဒါမျိုးမိရင် လျော်ကြေးကို နင့်နေအောင် ပေးရတယ်လို့ ကြားဖူးပါတယ်။ ကျနော်တို့ဆီမှာတော့ သက်သေ ခိုင်လုံနေတာတောင် တရားစွဲရမှာ ဝန်လေးနေကြတာ စဉ်းစားစရာပဲ။ အမှန်ဆို ဒါမျိုးတွေကို် ပြင်းပြင်းထန်ထန် တိုက်ဖျက်နိုင်မှ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေလည်း ပိုပြီး ပေါ်ထွက်လာနိုင်မှာပါ။ အခုဆို ကိုယ်စဉ်းစားထားတဲ့ လုပ်ငန်းလေးကို အောင်မြင်လာတာနဲ့ ငွေအရင်းအနှီးများများနဲ့ ပုံအောပြီး လိုက်လုပ်မဲ့ သူတွေကို ကြောက်နေရတာနဲ့ပဲ စွန့်ဦးတီထွင်သမားတွေက နောက်တွန့်ကုန်ကြရော။

Leave a Reply